လီကျစ်သည် ကျန်းခိုင်ချန်၏ စကားရွေးချယ်အသုံးပြုပုံကို အလွန်ပင်ကျေနပ်သွားပြီး ကျန်းခိုင်ချန်အား အစ်ကိုကြီးဟု မခေါ်တော့ဘဲ ခိုင်ချန်ဟုသာ တိုက်ရိုက်ခေါ်ဆိုလိုက်သည်။
"ခိုင်ချန်... မင်းမှာ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး အတော်လေး အလားအလာရှိတာပဲ"
"အရှေ့အိမ်တော်သခင်ရဲ့ အမြော်အမြင်ကြီးမားမှုနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ"
ကျန်းခိုင်ချန်က သူ့အား ချီးကျူးလိုက်သည်ကို မြင်သောအခါ လီကျစ်မှာ စိတ်ဝင်စားသွားသည်။ သူက ပြုံးလိုက်ပြီး မျက်လုံးများကို ကျဉ်းမြောင်းကာ…
"ငါက ဘယ်လို အမြော်အမြင်ကြီးမားနေလို့လဲ"
လီကျစ်က အတင်းအကျပ်မေးခွန်းထုတ်နေသည်ကိုမြင်သောအခါ ကျန်းခိုင်ချန်က နှုတ်ခမ်းကိုသပ်လျက်…
"အရှေ့အိမ်တော်သခင်... ကျွန်တော်ပြောရမယ်ဆိုရင် သိပ်ပြီးပြည့်စုံမှာမဟုတ်လို့ စိတ်တော့မဆိုးပါနဲ့"
လီကျစ်က တည်ငြိမ်စွာဖြင့်…
"ရဲရဲသာပြောပါ… မင်းပြောတာမှားနေရင်တောင် ငါ အပြစ်မတင်ပါဘူး
ထိုအခါမှသာ ကျန်းခိုင်ချန်က ခေါင်းညိတ်လိုက်ပြီး သွက်လက်စွာဖြင့်
"ကျွန်တော့်အမြင်အရတော့ အရှေ့အိမ်တော်သခင် ဖန်တီးထားတဲ့ အထည်အလိပ်စက်ရုံက စက်တွေဟာ အလွန်ကိုထူးခြားပြီး ငွေသျှူးတွေ အများကြီးရှာပေးနိုင်မှာ သေချာပါတယ်။ အကယ်၍ အရှေ့အိမ်တော်သခင်သာ အမြော်အမြင်မကြီးဘဲ မျက်စိစုံမှိတ်ပြီး လုပ်ငန်းတွေကို ချဲ့ထွင်လိုက်မယ်ဆိုရင် ချည်ထည်တွေ အလွန်အကျွံထွက်ရှိလာတဲ့အခါ ဈေးပေါတဲ့ ချည်ထည်တွေက ပြည်သူတွေကို ဒုက္ခပေးလိမ့်မယ်။ ထန်းကျင်းမြို့အနီးတစ်ဝိုက်က ရက်ကန်းရက် ဗိုင်းငင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ သာမန်အရပ်သားတွေအတွက် ဘဝရပ်တည်ဖို့ ခက်ခဲသွားစေလိမ့်မယ်"
ကျန်းခိုင်ချန် ပြောဆိုသွားသည်မှာ အမှန်တကယ်ပင် မှန်ကန်လှပေသည်။ မင်မင်းဆက်ခေတ်မှာ ယောက်ျားတွေလယ်ထွန် မိန်းမတွေ ရက်ကန်းရက်သည့် သဘာဝစီးပွားရေးစနစ်ကို ကျင့်သုံးနေဆဲဖြစ်သည်။ အကယ်၍ လီကျစ်ကသာ ရက်ကန်းရုံကို အပြည့်အဝတိုးချဲ့လိုက်ပါက အမြတ်အစွန်းများမှာ တဟုန်ထိုး တက်လာမည်ဖြစ်သော်လည်း သဘာဝစီးပွားရေးစနစ်အောက်တွင် အိမ်၌ ရက်ကန်းရက် ဗိုင်းငင်လုပ်ကိုင်နေကြသော အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သလိုဖြစ်သွားပေမည်။ ဤသည်မှာ ထိုပြည်သူများကို ဆင်းရဲမွဲတေမှုတွင်းသို့ တွန်းပို့လိုက်ရုံသာမက နိုင်ငံရေးပြဿနာများကိုပါ ဖန်တီးသလို ဖြစ်သွားပေလိမ့်မည်။
ကျန်းခိုင်ချန်က သွက်လက်စွာဆက်၍ …
"အရှေ့အိမ်တော်သခင်က ရက်ကန်းရုံကို အလျင်စလိုမချဲ့ထွင်ဘဲ လွန်းပျံဗိုင်းငင်စက်တွေကို တည်ထောင်ခဲ့တယ်။ ဒါက ချည်ထည်ဈေးနှုန်းတွေကို အလွန်အမင်း ထိုးကျသွားစေမှာမဟုတ်ဘူး။ အရှေ့အိမ်တော်သခင်က ကုန်သည်တွေဆီကနေ အကျိုးအမြတ်ယူနေဆဲလို့ထင်ရတယ်။ ဒီကုန်သည်တွေဆိုတာကလည်း လူနည်းစုပဲလေ… ပြီးတော့ သူတို့က ဈေးနှုန်းအတက်အကျတွေကို အသားကျနေပြီးသားသူတွေပါ။ သူတို့ဆီက အကျိုးအမြတ်တချို့ကို ယူလိုက်တာက သိသာထင်ရှားတဲ့ သက်ရောက်မှုမျိုး ဖြစ်လာစေမှာ မဟုတ်ပါဘူး"
ကျန်းခိုင်ချန် ပြောဆိုသွားသည်များမှာ လီကျစ် တွေးတောနေခဲ့သည်များနှင့် တစ်ထပ်တည်းကျနေပေသည်။
လီကျစ်သည် မင်မင်းဆက်နှောင်းပိုင်းကာလ၏ သဘာဝစီးပွားရေးစနစ်အပေါ် သက်ရောက်မှုမရှိစေလိုသောကြောင့် အထည်အလိပ်စက်ရုံ၏ အရွယ်အစားကိုတိုးချဲ့ရာတွင် သတိထားနေခဲ့ခြင်းဖြစ်သည်။
ကျန်းခိုင်ချန်၏ စကားများကို ကြားသောအခါ လီကျစ်က ခေါင်းညိတ်လိုက်ပြီး…
"အမြင့်မှာရပ်ပြီး အဝေးကို မြင်နိုင်စွမ်းရှိတဲ့ ခိုင်ချန်က တကယ့်ကို ပညာတတ်တစ်ယောက်ပဲ" ဟု ပြောလိုက်သည်။
လီကျစ်၏ ချီးကျူးစကားကို ကြားသောအခါ ကျန်းခိုင်ချန်မှာ အနည်းငယ် ရှက်ရွံ့သွားပြီး သူ၏ နောက်စေ့ကို ပွတ်နေမိသည်။
ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လီကျစ်က…
"ခိုင်ချန်... မင်းကို အုပ်ချုပ်သူတစ်ယောက်အနေနဲ့ပဲ ထားတာက မင်းရဲ့ အရည်အချင်းတွေကို အလဟဿ ဖြစ်စေသလိုများဖြစ်နေမလားပဲ။ မင်းကို ဆပ်ပြာလုပ်ငန်းရဲ့ စီမံခန့်ခွဲရေးမှူးအဖြစ် ခန့်လိုက်ရင်ရော ဘယ်လိုလဲ" ဟု မေးလိုက်သည်။
ကျန်းခိုင်ချန်မှာ အံ့သြသွားပြီး…
"အရှေ့အိမ်တော်သခင်... ဆပ်ပြာလုပ်ငန်းတစ်ခုလုံးကို ကျွန်တော့်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ထားမယ်လို့ ဆိုလိုတာလား"
"ဟုတ်တယ်လေ။ ဆပ်ပြာလုပ်ငန်းတစ်ခုလုံးကို စီမံခန့်ခွဲဖို့အတွက် မင်းကို တစ်လ ငွေရှစ်သျှူး ပေးမယ်"
မည်သို့ပင်ဆိုစေ ကျန်းခိုင်ချန်သည် လူငယ်တစ်ဦးသာဖြစ်ရာ လီကျစ်၏ ဤမျှအလေးအနက်ထားမှုကို ခံရသောအခါ အလွန်စိတ်လှုပ်ရှားသွားပြီး မျက်နှာတစ်ခုလုံး ပြုံးဖြီးလျက်
"သိပ်ကောင်းတာပေါ့ဗျာ… ကျွန်တော် လုပ်ပါ့မယ်"
လီကျစ်က ပြုံးလျက်တည်ငြိမ်စွာဖြင့်…
"မနက်ဖြန် မင်း ငါနဲ့အတူ ဆပ်ပြာလုပ်ငန်းကိုလိုက်ခဲ့။ လီရှင်းက အထည်အလိပ်စက်ရုံကို ရောက်လာကတည်းက ဟိုဘက်မှာ အစီမံခန့်ခွဲရေးမှူးချုပ်မရှိတာ ရက်အနည်းငယ်ကြာနေပြီ"
***
လွန်းပျံဗိုင်းငင်စက်ကိုအသုံးပြု၍ ဗိုင်းငင်ထားသော ချည်မျှင်များဖြင့် ရက်လုပ်ထားသည့် ချည်ထည်များမှာ အလွန်ချောမွေ့ပြီး ညီညာလှသည်။ ဈေးကွက်အတွင်းသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အရပ်ရပ်မှ ချီးကျူးသံများကို ချက်ချင်းပင် ရရှိလာတော့သည်။
ထန်းကျင်းမြို့မြောက်ပိုင်းရှိ စာရေးတံနှင့် မှင်စာ လမ်းကြားမှ ဖုန်းမိသားစု၏ သားအကြီးဆုံးဖြစ်သူ ဖုန်းကျိရှန်း သည် ပညာရှိလေးတစ်ဦးဖြစ်သည်။ သူ့တွင် ထုံရှန်း (ပြည်နယ်စာမေးပွဲအောင်မြင်သူ) ဟူသော ဘွဲ့ရှိသော်လည်း ဤဘွဲ့မှာ ရှို့ချိုင် (ခရိုင်စာမေးပွဲအောင်မြင်သူ) ဘွဲ့လောက် တန်ဖိုးမရှိသလို ငွေကြေးလည်း များများစားစားမရနိုင်သဖြင့် သူ၏မိသားစုမှာ ဆင်းရဲနွမ်းပါးနေဆဲဖြစ်သည်။ တစ်နေ့တွင် သူ၏အိမ်သို့ ဧည့်သည်တစ်ဦး ရောက်လာခဲ့သည်။ ဧည့်သည်မှာ ဖုန်းကျိရှန်းနှင့် တစ်ချိန်တည်းမှာပင် ထုံရှန်းဘွဲ့ရရှိခဲ့သော ပညာတတ်တစ်ဦးဖြစ်သည့် ကျန်းကျိုကျဲ့ ပင်ဖြစ်သည်။
ဖုန်းကျိရှန်းသည် မိသားစုပိုင် ဆိုင်ခန်းထဲတွင် ကျန်းကျိုကျဲ့ကို စောင့်ကြိုနေစဉ် ကျန်းကျိုကျဲ့ ဝတ်ဆင်လာသော အပြာရောင်လည်ဝိုင်းဝတ်ရုံသစ်ကြီးကို ချက်ချင်း သတိပြုမိသွားသည်။
မည်သည့်ချည်ထည်အမျိုးအစားမှန်းမသိရသော ထိုဝတ်ရုံကြီးမှာ အလွန်ပေါ့ပါးပြီး ချုပ်ရိုးများမှာလည်း ညီညာချောမွေ့လှသည်။ ဈေးကွက်အတွင်းရှိ သာမန်ချည်ထည်များမှာ အလျားလိုက်နှင့် ဒေါင်လိုက်ချည်မျှင်များကြားတွင် မညီညာမှုများရှိတတ်ပြီး အချို့ချည်မျှင်များမှာ ထူကာ အချို့မှာပါးလွှာတတ်သဖြင့် ထူသောချည်မျှင်များ စုဝေးရာနေရာများတွင် အထုံးအဖုများ ရှိနေသကဲ့သို့ ထင်ရတတ်သည်။ သို့သော် ကျန်းကျိုကျဲ့ ဝတ်ဆင်ထားသော ဝတ်ရုံတွင် ထိုကဲ့သို့သော ပြဿနာများ လုံးဝမရှိဘဲ တစ်ထည်လုံး ညီညာချောမွေ့နေလေသည်။
ဈေးကွက်အတွင်းရှိ ချည်ထည်များမှာ မည်သည့်ဒေသမှထွက်ရှိသည်ဖြစ်စေ ဤမျှ သေသပ်လှပသော လက်ရာမျိုးမရှိကြပေ။ ဤမျှကောင်းမွန်သော ချည်ထည်ရရှိစေရန် ရက်လုပ်စဉ်အတွင်း ချည်မျှင်များကို မည်သို့မည်ပုံစနစ်တကျ ရွေးချယ်အသုံးပြုထားသည်ကို မသိနိုင်ပေ။
ဤချည်ထည်အမျိုးအစားနှင့် နှိုင်းယှဉ်လိုက်ပါက ဈေးကွက်အတွင်းရှိ သာမန်ချည်ထည်များမှာ အတော်လေးကြမ်းတမ်းနေပုံရသည်။ ကျန်းကျိုကျဲ့တစ်ယောက် ဤကဲ့သို့သောချည်ထည်မျိုးကို ဘယ်ကများဝယ်ယူလာခဲ့သနည်း… ဤဝတ်စုံတစ်စုံလုံးချုပ်လုပ်ရန် ငွေဘယ်လောက်များ ကုန်ကျခဲ့သနည်းဟု ဖုန်းကျိရှန်း တွေးတောနေမိသည်။
မူလက သာမန်ရုပ်ရည်သာရှိသော ကျန်းကျိုကျဲ့မှာ ယခုအခါ ဤကဲ့သို့ တင့်တယ်လှပသော ချည်ထည်လည်ဝိုင်းဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် ပညာတတ်တစ်ဦး၏ဂုဏ်ကျက်သရေနှင့် ယဉ်ကျေးသိမ်မွေ့သော အငွေ့အသက်များဖြာထွက်နေလေသည်။ ကျန်းကျိုကျဲ့၏ မိသားစုမှာ ကြေးထည်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်ကြသဖြင့် အနည်းငယ် ပိုမိုချမ်းသာကြွယ်ဝသည်။ ငွေရှိခြင်းက ကောင်းလှပေသည်။ ဤမျှတင့်တယ်သော ဝတ်ရုံတစ်စုံအတွက် ကောင်းမွန်သော ချည်ထည်များကို ဝယ်ယူနိုင်စွမ်းရှိသည်မဟုတ်လောဟု ဖုန်းကျိရှန်း တိတ်တဆိတ် တွေးလိုက်မိသည်။
ဖုန်းကျိရှန်းကို မြင်သောအခါ ကျန်းကျိုကျဲ့က ဦးညွှတ်နှုတ်ဆက်ရင်း
"အစ်ကိုဖုန်း... နေကောင်းကျန်းမာရဲ့လား" ဟု နှုတ်ခွန်းဆက်လေသည်။
ကျန်းကျိုကျဲ့ထံမှ လက်ဖက်ခြောက်ထုပ်ကိုလှမ်းယူရင်း ဖုန်းကျိရှန်းက လက်ကာပြကာ
"ညီလေး... မင်းက သိပ်အားနာတတ်တာပဲ။ အထဲကို ဝင်ပါဦး"
သူတို့နှစ်ဦး ဧည့်ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ကာ အိမ်ရှင်နှင့် ဧည့်သည်အဖြစ် နေရာယူထိုင်လိုက်ကြသည်။ ဖုန်းကျိရှန်းက ပြင်ဆင်ထားသောလက်ဖက်ရည်ကို ငှဲ့ပေးရင်း ကျန်းကျိုကျဲ့နှင့် စတင်စကားစမြည် ပြောဆိုကြလေသည်။ ပညာတတ်များ၏ စကားဝိုင်းဆိုသည်မှာ သူတို့နှင့် တစ်ချိန်တည်းမှာပင် ခရိုင်စာမေးပွဲအောင်မြင်ခဲ့ကြသော အခြားပညာရှိလေးများ၏ အချစ်ရေးဇာတ်လမ်းများ ခြေရှစ်ချောင်းကဗျာရေးဖွဲ့ခြင်းနှင့်ပတ်သက်၍ သူတို့၏ လတ်တလော အမြင်များ လာမည့်ပညာရှိစာမေးပွဲအတွက် ပြင်ဆင်မှုများအကြောင်းစသည်တို့သာ ဖြစ်ပေသည်။ သူတို့ စကားပြောဆိုနေစဉ်အတွင်း ကျန်းကျိုကျဲ့ ဝတ်ဆင်ထားသော သေသပ်လှပစွာ ရက်လုပ်ထားသည့် လည်ဝိုင်းဝတ်ရုံကြီးမှာ သူ၏လှုပ်ရှားမှုတိုင်းတွင် အလွန်ထင်ရှားပေါ်လွင်နေပြီး လူငယ် ပညာရှိလေးအား ယဉ်ကျေးသိမ်မွေ့မှု အငွေ့အသက်များကို ပိုမိုတိုးပွားလာစေရာ ဖုန်းကျိရှန်းမှာ အတော်လေး အားကျနေမိသည်။
ဖုန်းကျိရှန်း တစ်ယောက် သူ၏ ချည်ထည်လည်ဝိုင်းဝတ်ရုံကို ခဏခဏစိုက်ကြည့်နေသည်ကို မြင်သောအခါ ကျန်းကျိုကျဲ့က ပြုံးလိုက်သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက်…
"အစ်ကိုဖုန်း... ကျွန်တော့်ရဲ့ ဒီချည်ထည်လည်ဝိုင်းဝတ်ရုံကို ဘယ်လိုမြင်လဲ" ဟု မေးလိုက်သည်။
ကျန်းကျိုကျဲ့၏ အမေးကို ကြားသောအခါမှ ဖုန်းကျိရှန်းမှာ တစ်ဖက်လူ၏ဝတ်ရုံသစ်ကို စိုက်ကြည့်နေမိကြောင်း သတိပြုမိသွားပြီး အနည်းငယ်ရိုင်းစိုင်းရာကျသွားသဖြင့် အနေရခက်သွားသည်။ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဖုန်းကျိရှန်းက ရှက်ရယ်ရယ်လျက်…
"ညီလေး... ဒီလည်ဝိုင်းဝတ်ရုံသစ်ကြီးက ရက်လုပ်ထားတာအရမ်းညီညာပြီး သိပ်ကို တင့်တယ်တာပဲ။ ညီလေးကို ပိုပြီး ယဉ်ကျေးသိမ်မွေ့သွားစေတယ်" ဟု ပြန်ဖြေလိုက်သည်။
ဖုန်းကျိရှန်း၏ ချီးကျူးစကားကိုကြားသောအခါ ကျန်းကျိုကျဲ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး …
"ရိုးရိုးသားသားပြောရရင် အစ်ကိုဖုန်း... ခင်ဗျားက အဲဒီလိုပြောတဲ့ ခြောက်ယောက်မြောက်လူပဲ။ ကျွန်တော် ဒီဝတ်ရုံသစ်ကိုဝတ်မှပဲ တကယ့်ပညာတတ်တစ်ယောက်နဲ့ ပိုတူသွားတယ်လို့ လူတိုင်းက ပြောကြတယ်ဗျ"
ဖုန်းကျိရှန်းက ခေါင်းညိတ်လိုက်ပြီး…
"ဒီဝတ်စုံက တကယ်ကို တင့်တယ်လှပါတယ်။ ညီလေး... ဒီဝတ်စုံအတွက် ငွေအများကြီး ကုန်ကျမှာပဲနော်"
ဖုန်းကျိရှန်း၏ စကားကိုကြားသောအခါ ကျန်းကျိုကျဲ့က သူ၏ လက်ညိုးတစ်ချောင်းကို လျှို့ဝှက်ဆန်းကြယ်စွာ ယမ်းပြလိုက်သည်။
ဖုန်းကျိရှန်းမှာ သိချင်စိတ်ပြင်းပြသွားပြီး "ဘယ်လိုလဲ" ဟု မေးလိုက်သည်။
"ဒီလည်ဝိုင်းဝတ်ရုံက လုံးဝမဈေးကြီးပါဘူးဗျာ"
ဖုန်းကျိရှန်းမှာ အံ့အားသင့်သွားပြီး သိချင်စိတ်ဖြင့်…
"ညီလေး... ဒီဝတ်ရုံသစ်က သေသပ်လှပပြီး ညီညာတယ်။ အသုံးပြုထားတဲ့ အထည်စကလည်း သေချာပေါက် ထူးခြားကောင်းမွန်မှာပဲ။ ဘယ်လိုလုပ် မဈေးကြီးဘဲနေပါ့မလဲ။ အစ်ကိုကြီး သိသလောက်တော့ မြောက်ပိုင်းမှာရော တောင်ပိုင်းမှာပါ ဘယ်ဒေသကထွက်တဲ့ချည်ထည်မှ ဒီလောက်ကောင်းမွန်တဲ့ အရည်အသွေးမျိုးမရှိပါဘူး။ ဒီလိုချည်ထည်မျိုးရဖို့ဆိုရင် ချည်မျှင်တွေကို စနစ်တကျ ရွေးချယ်ရမှာဖြစ်ပြီး အထူးသဖြင့် အထူအပါးညီညာတဲ့ ချည်မျှင်အနုစားတွေကို သေချာရွေးချယ်မှသာ ဒီလိုရလဒ်မျိုးရနိုင်မှာပါ။ အစ်ကိုကြီး ခန့်မှန်းရသလောက်တော့ ဆုန့်ကျန်းခရိုင်က ရက်ကန်းရုံကြီးတွေကပဲ ဒီလိုချည်ထည်အနုစားမျိုးကို ထုတ်လုပ်နိုင်မှာဖြစ်ပြီး ဈေးလည်း အတော်ကြီးမှာ သေချာတယ်"
ကျန်းကျိုကျဲ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး "အစ်ကိုဖုန်း... ခင်ဗျား ခန့်မှန်းတာ မှားသွားပြီ။ ဒီချည်ထည်က ထျန်းကျင်းမှာပဲ ထွက်တာဗျ" ဟု ပြန်ဖြေလိုက်သည်။
"ဒီမှာပဲ ထွက်တာ"
"တုန်းမိသားစု အထည်ဆိုင်ကနေဝယ်လာတဲ့ လီမိသားစုရဲ့ ချည်ထည်အနုစားလေ။ တခြားချည်ထည်တွေက တစ်လိပ်ကို တစ်သျှူးနဲ့ရောင်းသလိုပဲ ဒီလီမိသားစုရဲ့ ချည်ထည်အနုစားကလည်း တစ်လိပ်ကို တစ်သျှူးပဲ ရောင်းတာဗျ"
ကျန်းကျိုကျဲ့၏ စကားကိုကြားသောအခါ ဖုန်းကျိရှန်းက စကားထစ်အလျက်…
"ငါတို့ ထန်းကျင်းမှာလည်း ဒီလောက်သေသပ်တဲ့ ရက်ကန်းရုံရှိပြီး ဒီလောက်ကောင်းတဲ့ ချည်ထည်တွေထုတ်လုပ်နိုင်လိမ့်မယ်လို့ အစ်ကိုကြီး လုံးဝ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ ဒီလိုချည်ထည်မျိုးရဖို့ ချည်မျှင်တွေကို စနစ်တကျ ရွေးချယ်ရမယ်ဆိုရင် ဘာလို့ ဒီလောက်ဈေးပေါပေါနဲ့ ရောင်းနေရတာလဲ"