လင်းမူ ကျင်းဝေနှင့် တွမ်ခယ်တို့နောက်မှ ဝင်ရောက်လာပြီးနောက် အခန်း၏ ညာဘက်ခြမ်းတွင် အခြား အစိတ်အပိုင်း တစ်ခု ရှိနေသေးမှန်း တွေ့လိုက်ရ၏။ ထိုနေရာကို လင်းမူ ကြည့်နေသော ထောင့်မှ ကွယ်နေသဖြင့် မသိခဲ့ခြင်း ဖြစ်သည်။ သို့သော် မြင်လိုက်ရသည့်အခါ သူ အလွန်အမင်း အံ့သြသွားမိသည်။
ထိုနေရာတွင် လက်နက် ရာပေါင်းများစွာ ရှိနေ၏။ အချို့ကို စင်ပေါ်တွင် တင်ထားပြီး အချို့ကို ချိတ်ဆွဲထားကာ အချို့ကိုမူ ကြမ်းပြင်ပေါ်တွင် ဒီအတိုင်း ချထားသည်။ အခြား ပန်းပဲဆိုင်များတွင်လည်း ထိုကဲ့သို့ မြင်ကွင်းမျိုးကို လင်းမူ မြင်ဖူးသဖြင့် သိပ်မထူးဆန်းသော်လည်း ကွာခြားသွားစေသည့် အချက်မှာ ထိုနေရာရှိ စိတ်ဝိညာဥ်ချီ ပမာဏ အများအပြားပင် ဖြစ်ပေသည်။
"ဒါတွေ အားလုံးက ဝိညာဥ်လက်နက်တွေလား..." လင်းမူ အံ့သြတကြီး ရေရွတ်လိုက်၏။
ဓား၊ ပုဆိန်၊ လှံ ကဲ့သို့သော အသုံးအများဆုံး လက်နက်များမှစ၍ ချိတ်တပ်လှံရှည်၊ သံကြိုးကြာပွတ်၊ ကွင်းတပ်ဓားပြားနှင့် ချွန်ထက်သော စက်ဝိုင်းပြား ကဲ့သို့သော သမားရိုးကျ မဟုတ်သည့် လက်နက်များအထိ လက်နက် အမျိုးအစား စုံလင်စွာ ရှိလေသည်။ ဟွေ တပ်မဟာထံမှ ရရှိခဲ့သော လက်နက်များမှလွဲလျှင် ထိုမျှ များပြားစုံလင်သော လက်နက်များကို လင်းမူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။
ထိုနေရာတွင် ဓားတစ်ထောင်ကျမ်း၏ သတ်မှတ်ချက်များနှင့်အညီ ဒီဇိုင်းထုတ်ထားသော လက်နက်အချို့ကိုပင် လင်းမူ မြင်တွေ့နေရ၏။ သို့တိုင်အောင် ဓားတစ်ထောင်ကျမ်းကို အသုံးပြုရန်အတွက် လက်နက်တိုင်း လိုအပ်သည်ဟု လင်းမူ မခံစားရချေ။ အဘယ်ကြောင့်ဆိုသော် ယင်းက အဓိက ရည်ရွယ်ချက် မဟုတ်သောကြောင့် ဖြစ်ပေသည်။
ဓားတစ်ထောင်ကျမ်း၏ အဓိက ရည်ရွယ်ချက်မှာ လက်နက် အမျိုးအစား အများအပြား၏ စွမ်းရည်များကို ရယူပြီး ဓားသိုင်းတစ်ခုအဖြစ် ပေါင်းစပ်ရန် ဖြစ်သည်။ လင်းမူ ဓားတစ်ထောင်ကျမ်းကို သင်ယူရာတွင် ၁၀ ရာခိုင်နှုန်းပင် မပြည့်သေးမှန်း သိသောကြောင့် မနိုင်ဝန် မထမ်းသင့်ကြောင်း နားလည်ထား၏။
လင်းမူ၏ အာရုံ မှိုင်းများ ဖုံးလွှမ်းနေသော မီးပြင်းဖိုဆီသို့ ပြန်ရောက်သွားသည်။ မီးပြင်းဖိုကို အသုံးမပြုသည်မှာ ကြာမြင့်နေပြီ ဖြစ်ပြီး အချိန်အတော်ကြာကတည်းက အနားပေးထားကြောင်း ပြောနိုင်ပေသည်။ သန့်ရှင်းရေးပင် မလုပ်ထားသဖြင့် ယင်း၏ ရည်ရွယ်ချက်ကို မေ့လျော့နေသည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း ပြသနေ၏။
လင်းမူ စူးစမ်းလိုစိတ်ဖြင့် မီးပြင်းဖိုကို စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်ရာ သာမန် ကျောက်တုံးများနှင့် အုတ်ခဲများဖြင့် ပြုလုပ်ထားသကဲ့သို့ ရိုးရှင်းပုံရသော်လည်း ထိုသို့ မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။ ယင်း၏ ဖွဲ့စည်းပုံအတွင်းတွင် အစီအရင် အစုအဝေးများစွာ ဖုံးကွယ်နေပြီး လင်းမူ စိတ်ဝိညာဥ်အာရုံဖြင့် အာရုံခံနိုင်ပေသည်။ ယင်းတို့၏ ရည်ရွယ်ချက်ကို မသိသော်လည်း ရှုပ်ထွေးကြောင်းတော့ သူ သိထား၏။
"ကဲ... မင်းနဲ့ သင့်တော်မယ့် ဝိညာဥ်လှံ တစ်ချောင်း သွားရှာကြတာပေါ့..." ကျင်းဝေ တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး ပြောလိုက်၏။
လင်းမူ ချက်ချင်းပင် စကားပြောလာသော ကျင်းဝေထံ အာရုံစိုက်လိုက်သည်။
"အာ... ဟုတ်ကဲ့... ကျေးဇူးပြုပြီး..." လင်းမူ ပြန်ဖြေလိုက်၏။
ကျင်းဝေ ခေါင်းညိတ်ပြီး ဝိညာဥ်လက်နက်များ ထားရှိသော အပိုင်းသို့ သွားလိုက်သည်။ ထိုနေရာမှ လှံငါးချောင်းကို ရွေးချယ်ယူဆောင်လာ၏။ အချို့ကို နံရံတွင် ချိတ်ဆွဲထားပြီး အချို့ကို စင်ပေါ်တွင် တင်ထားခြင်း ဖြစ်ပေသည်။ ထို့နောက် ထိုလှံများကို အခန်းဘေးရှိ အလုပ်စားပွဲကြီး တစ်ခုပေါ်သို့ ယူဆောင်လာ၏။
မီးပြင်းဖိုနှင့် မတူဘဲ ထိုစားပွဲမှာ သန့်ရှင်းနေပြီး သတ္တုပြား တစ်ချပ်တည်းဖြင့် ပြုလုပ်ထားပုံ ရလေသည်။ ကျင်းဝေ ဝိညာဥ်လှံ ငါးချောင်းကို စားပွဲပေါ် တင်လိုက်ပြီး လင်းမူကို ပြသလိုက်၏။
"မင်းရဲ့ တိုက်ခိုက်ဟန်နဲ့ စောစောက တွမ်ခယ်ကို ဘယ်လို တိုက်ခိုက်ခဲ့လဲ ဆိုတာကို လေ့လာပြီးတဲ့နောက် ဒါတွေက မင်းနဲ့ သင့်တော်မယ်လို့ ငါ ထင်တယ်..." ကျင်းဝေ လှံများကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
လင်းမူ စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျက်ပြီး လှံငါးချောင်းကို လေ့လာကြည့်လိုက်သည်။ သုံးချောင်းမှာ အတော်လေး ရိုးရှင်းသော ဒီဇိုင်းများ ရှိပြီး သူ့ဓားတိုကဲ့သို့ပင် သိပ်ပြီး ထူးခြားပုံ မရချေ။ ကျန်နှစ်ချောင်းမှာမူ ကွဲပြားနေသည်။ တစ်ချောင်းမှာ အတော်လေး တောက်ပနေပြီး ရွှေရောင် လှံသွားနှင့် သစ်သားတစ်မျိုးဖြင့် ပြုလုပ်ထားသော အညိုရင့်ရောင် လှံရိုး ပါရှိလေသည်။ လှံရိုးတွင် အင်းစာလုံးများ ထွင်းထုထားပြီး စိတ်ဝိညာဥ်ချီ ထည့်သွင်းလိုက်ပါက အသက်ဝင်လာမည့်ပုံ ရ၏။
အခြား လှံတစ်ချောင်းမှာမူ တောက်ပနေသော ရွှေရောင်လှံနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။ ယင်း၏ လှံသွားမှာ မီးခိုးရင့်ရောင် ဖြစ်ပြီး အမည်းရောင်နီးပါး ဖြစ်နေကာ လှံရိုးကိုလည်း အလားတူ အရောင်ရှိသော သတ္တုဖြင့် ပြုလုပ်ထားသည်။ လှံတစ်ချောင်းလုံးကို သတ္တုတစ်တုံးတည်းမှ ထွင်းထုထားသကဲ့သို့ ထင်ရသော်လည်း ထိုသို့ မဟုတ်ချေ။ လင်းမူ ဝိညာဥ်လှံ၏ အတွင်းပိုင်းမှာ ရှုပ်ထွေးပြီး သူ ထင်ထားသည်ထက် အစိတ်အပိုင်းများ ပိုမို ပါဝင်နေကြောင်း အာရုံခံမိလိုက်၏။
သို့တိုင်အောင် လင်းမူ သူ့ဓားတိုနှင့် နှိုင်းယှဉ်ကြည့်ခြင်းဖြင့် လှံတစ်ချောင်းစီတိုင်းမှာ အဆင့်မြင့် ဝိညာဥ်လက်နက်များ ဖြစ်ကြောင်း ပြောနိုင်ပေသည်။
"ကဲ... စမ်းကြည့်လေ... ဘယ်တစ်ခုကို အကြိုက်ဆုံးလဲ ကြည့်ပြီး အဲဒါကို ယူလို့ရတယ်..." ကျင်းဝေ လင်းမူကို လက်ဟန်ပြရင်း ပြောလိုက်၏။
လင်းမူ ရိုးရှင်းသော လှံသုံးချောင်းကို အရင် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ လှံသုံးချောင်းမှာ ဒီဇိုင်း ဆင်တူသော်လည်း တစ်ခုနှင့်တစ်ခု ခွဲခြားနိုင်သော အသေးစား ကွာခြားချက်များ ရှိလေသည်။ လှံတစ်ချောင်းမှာ အခြားလှံများထက် ပိုရှည်သော လှံသွား ပါရှိပြီး ဒုတိယ တစ်ချောင်းမှာ ပိုတုတ်သော လှံရိုး ပါရှိကာ တတိယ တစ်ချောင်းမှာမူ လှံသွားနှင့် လှံရိုး အထူ တူညီလေသည်။
ယင်းတို့ အားလုံး၏ လှံသွားများမှာ သံမဏိကဲ့သို့ ငွေရောင်ရင့်ရင့် ဖြစ်ပြီး လှံရိုးများကို ညီညာစွာ အရောင်တင်ထားသော အညိုရောင်ဖျော့ဖျော့ သစ်သားဖြင့် ပြုလုပ်ထားသည်။ လှံရိုးများတွင် သေးငယ်သော မြောင်းလေးများ ထွင်းထုထားသဖြင့် အသုံးပြုသူကို ပိုမို ကောင်းမွန်စွာ ဆုပ်ကိုင်နိုင်ပေသည်။
လှံရိုးများ၏ အောက်ခြေအစွန်းကို တုံးတိတိ သတ္တုဖြင့် ဖုံးအုပ်ထားသဖြင့် လှံရိုး ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။
လင်းမူ ယင်းတို့ထဲမှ တစ်ချောင်းကို ကျပန်း ရွေးချယ်ပြီး စမ်းသပ်ကြည့်လိုက်၏။ သူ ဓားတစ်ထောင်ကျမ်း၏ လှုပ်ရှားမှုများကို အသုံးပြုကြည့်ရာ ထိုလှံက ယခင်က ကျင်းဝေထံမှ ဝယ်ယူခဲ့သော လှံထက် အများကြီး ပိုကောင်းကြောင်း ကောက်ချက်ချလိုက်သည်။ ယင်း၏ စွမ်းဆောင်ရည်က ဟွေ တပ်မဟာထံမှ ရရှိခဲ့သော လှံများထက်လည်း အများကြီး ပိုကောင်းမွန်ပေသည်။
လင်းမူ လှံကို ထိန်းချုပ်ရန် စိတ်ဝိညာဥ်အာရုံကို အသုံးပြုချင်သော်လည်း အကြောင်းပြချက် တစ်ခုခုကြောင့် အသုံးပြု၍ မရကြောင်း တွေ့ရှိလိုက်ရ၏။
"မင်းရဲ့ စိတ်ဝိညာဥ်အာရုံ အမျှင်တန်း တစ်ခုကို အဲဒီအပေါ် မတင်ထားဘဲနဲ့ သုံးလို့ရမှာ မဟုတ်ဘူး... ဒါပေမဲ့ အခုလောလောဆယ် မင်း အဲဒီလို လုပ်လို့ မရသေးဘူး... ဘာလို့လဲဆိုတော့ ဒါက အဆင့်မြင့် ဝိညာဥ်လှံမို့လို့ပဲ... မင်းရဲ့ လက်ရှိ စိတ်ဝိညာဥ်အာရုံက ဝိညာဥ်လက်နက် နှစ်ခုကို ကိုင်တွယ်ဖို့ မလုံလောက်သေးဘူး...”
“နောက်ပိုင်းကျရင် မင်းရဲ့ စိတ်ဝိညာဥ်အာရုံနဲ့ သုံးလို့ရလာမှာ မှန်ပေမယ့် အခုချိန်မှာ အဲဒီအတွက် အချိန်မဖြုန်းတာ ပိုကောင်းမယ် ထင်တယ်... ဘာလို့လဲဆိုတော့ မင်း အဲဒါကို ရွေးချယ်ချင်မှလည်း ရွေးချယ်မှာလေ..." ရွှီခုန်း လင်းမူကို ရှင်းပြလိုက်၏။
"နားလည်ပါပြီ စီနီယာ..." လင်းမူ ခေါင်းညိတ်ပြီး စိတ်ထဲမှ ပြန်ဖြေလိုက်၏။
ထို့နောက် သူ ထိုလှံကို ချထားပြီး အခြား ရိုးရှင်းသော လှံနှစ်ချောင်းကိုလည်း ထိုနည်းတူ စမ်းသပ်ကြည့်လိုက်သည်။ အတော်အတန် ကောင်းမွန်သော နှိုင်းယှဉ်ချက် တစ်ခု ရရှိစေရန် ပထမလှံဖြင့် အသုံးပြုခဲ့သော လှုပ်ရှားမှုများနှင့် ကျင့်စဥ်များအတိုင်း ထပ်မံ ပြုလုပ်ကြည့်လိုက်၏။
နောက်ဆုံးတွင် ယင်းတို့ အားလုံးက စွမ်းဆောင်ရည်ပိုင်းတွင် အတော်လေး ဆင်တူပြီး သူ့အတွက် အတော်လေး သက်သောင့်သက်သာ ရှိကြောင်း ကောက်ချက်ချလိုက်သည်။ သို့တိုင်အောင် ယင်းတို့သည် သက်သောင့်သက်သာ ရှိသော်လည်း သိပ်မထူးခြားလှပေ။ ထို့နောက် လင်းမူ၏ အာရုံက တောက်ပနေသော ရွှေရောင်လှံဆီသို့ ရောက်ရှိသွား၏။
သို့သော် သူ ကောက်ယူရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။
'တော်တော် လေးတာပဲ...' လင်းမူ တွေးလိုက်၏။
လှံသည် ကြည့်ရသည်ထက် အများကြီး ပိုလေးနေပြီး လင်းမူ မနိုင်မနင်း မဖြစ်သော်လည်း သူ အသုံးပြုခဲ့သော အခြား လှံသုံးချောင်းထက် အနည်းဆုံး သုံးဆခန့် ပိုလေးနေပေသည်။ အမှန်တကယ်တွင် ထိုသည်မှာ ယခုအချိန်အထိ သူ အသုံးပြုဖူးသမျှ အလေးဆုံး လှံပင်။
အခန်း ၂၁၃ ပြီး
***