လင်းမူ၏ လက်ရှိ ခွန်အားက ကီလိုဂရမ် တစ်ရာကို အားစိုက်ထုတ်စရာမလိုဘဲ လွယ်ကူစွာ မ,မနိုင်ရန် လုံလောက်နေပြီ ဖြစ်၏။ အကယ်၍ သူ အသက်စွမ်းအင်နှင့် စိတ်ဝိညာဥ်ချီကို တစ်ပြိုင်နက်တည်း အသုံးပြုပြီး ခွန်အားကို မြှင့်တင်လိုက်မည်ဆိုပါက ကီလိုဂရမ် တစ်ထောင်ကို မ,ဖို့လည်း ပြဿနာ ရှိမည် မဟုတ်ချေ။
သို့တိုင်အောင် လက်နက်တစ်ခုကို အသုံးပြုသည့်အခါ ထိုအလေးချိန်က လုံးဝ ကွဲပြားခြားနားသော အချက်တစ်ခု ဖြစ်လာပေသည်။ အလေးချိန်က အရေးကြီးသော အချက်တစ်ချက် ဖြစ်ပြီး တူများ၊ သံတင်းပုတ်များ ကဲ့သို့သော လက်နက်အချို့အတွက် အတော်လေး အကျိုးရှိသော်လည်း ဓားများနှင့် လှံများကဲ့သို့ ကျင့်စဥ်အပေါ် ပိုမို အခြေခံရသော လက်နက်များအတွက်မူ တခြားစီ ဖြစ်ပေသည်။
ထိုနေရာတွင် အလေးချိန် ပိုများခြင်းက လက်နက်ကို ပိုမို စွမ်းအားကြီးမားစေမည်ဟု မဆိုလိုချေ။ အမှန်တကယ်တွင် ပိုမို လေးလံသော အလေးချိန်ကြောင့် အသုံးပြုသူ၏ လက်နက်အသုံးပြုမှု အပြည့်အဝ စွမ်းရည်ကိုပင် ကန့်သတ်ထားနိုင်ပေသည်။ ထို့ကြောင့် လက်နက်တစ်ခုအတွက် ဟန်ချက်ညီမှု ရှိရန်မှာ အရေးကြီးလှ၏။
လင်းမူ ယခုအချိန်တွင် ထိုအရာကိုပင် ခံစားနေရ၏။ သူ့လက်ထဲရှိ ရွှေရောင်လှံမှာ လေးလံသော်လည်း ဟန်ချက်ညီလှပေသည်။ ယင်း၏ အလေးချိန်ကို ညီမျှစွာ ဖြန့်ဝေထားပြီး လှံရိုး၏ အလယ်ဗဟိုမှ ကိုင်လိုက်သောအခါ ဖြောင့်တန်းစွာ တည်ရှိနေ၏။
လှံက အလေးချိန် ကီလိုဂရမ် ငါးဆယ်ခန့် ရှိမည်ဟု လင်းမူ ခန့်မှန်းလိုက်ပြီး ရိုးရိုးသားသား ပြောရလျှင် အတော်လေး လေးလံလှပေသည်။ သူ့ဓားတိုမှာ ၄ ကီလိုဂရမ်ခန့်သာ ရှိပြီး ယခင်က သူ အသုံးပြုခဲ့သော လှံမှာ အများဆုံး ၂၀ ကီလိုဂရမ်သာ ရှိပေသည်။
သို့တိုင်အောင် လင်းမူ လှံကို စတင် အသုံးပြုပြီး ဟိုဟိုဒီဒီ ဝှေ့ယမ်းကြည့်လိုက်၏။ လှံတွင် ထူးခြားချက် တစ်ခုခု ရှိနေသေးကြောင်း သူ အာရုံခံမိပြီး သူ့စိတ်ဝိညာဥ်ချီများကို လှံထဲသို့ စီးဆင်းစေလိုက်သည်။ ထိုသို့ ပြုလုပ်လိုက်သည်နှင့် လှံရိုးတွင် ထွင်းထုထားသော အင်းစာလုံးများ လင်းလက်လာပြီး လှံ၏ ချွန်ထက်သော အစွန်းမှာ တောက်ပလာတော့သည်။
လင်းမူ ရှေ့သို့ ထိုးစိုက်လိုက်ရာ လှံသွားထိပ်ဖျားမှ အဝါရောင် အလင်းတန်းတစ်ခု ပစ်ထွက်သွား၏။ အလင်းတန်းမှာ ဆယ်မီတာခန့် ရွေ့လျားသွားပြီးနောက် မှေးမှိန်ပျောက်ကွယ်သွားသည်။ ထို့နောက် လင်းမူ လှံကို လေထဲတွင် ခုတ်ပိုင်းလိုက်ရာ စွမ်းအင် လခြမ်းကွေးများ ဖြစ်ပေါ်လာပြီး လေးမီတာခန့် ရွေ့လျားသွားပြီးနောက် ပျောက်ကွယ်သွားလေသည်။
"လှံကောင်းပဲ..." လင်းမူ သဘောကျသွားပြီး ရေရွတ်လိုက်၏။
"အမှန်ပဲ... ဒီလှံက မင်း အရင်က သုံးခဲ့တဲ့ လှံသုံးချောင်းနဲ့ မတူဘူး... သူ့ကို ဖန်တီးရာမှာ မတူညီတဲ့ သွန်းလုပ်ခြင်း ကျင့်စဥ်တွေကို သုံးထားပြီး သူ့အမျိုးအစားကလည်း တခြားဟာတွေနဲ့ ကွဲပြားတယ်..." ကျင်းဝေ ပြောလိုက်၏။
လင်းမူ ထိုသတင်းအချက်အလက်ကြောင့် စိတ်ဝင်စားသွားပြီး ပိုမို သိရှိလိုလာသည်။
"ဟုတ်လား... ဘယ်လို အမျိုးအစားတွေ ရှိလို့လဲ..." လင်းမူ မေးလိုက်၏။
"ဝိညာဥ်လက်နက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ သွန်းလုပ်နိုင်ပေမယ့် ယေဘုယျအားဖြင့် အမျိုးအစား သုံးမျိုး ခွဲခြားထားတယ်... သန့်စင်သော သွန်းလုပ်ခြင်း ဆိုတာက လက်နက်ရဲ့ အရည်အသွေးနဲ့ ခွန်အားက ကုန်ကြမ်းပစ္စည်းတွေကနေ တိုက်ရိုက် လာတာကို ခေါ်တယ်... အဲဒီလို လက်နက်မျိုးတွေမှာ အစီအရင်တွေ ထည့်သွင်းထားတာ မရှိဘူး... မင်း အရင်က သုံးခဲ့တဲ့ လှံသုံးချောင်းက ဒီအမျိုးအစားပဲ...”
“မှော်သွင်းခြင်း ဆိုတာကတော့ လက်နက်တွေရဲ့ ခွန်အားက လက်နက်ပေါ်မှာ ချထားတဲ့ အစီအရင်တွေကနေ လာတာကို ခေါ်တယ်... အဲဒါတွေကို ပြုလုပ်ဖို့ သုံးတဲ့ ပစ္စည်းတွေက သန့်စင်သော သွန်းလုပ်ခြင်းမှာ သုံးတဲ့ ပစ္စည်းတွေလောက် မခိုင်ခံ့တာ ဒါမှမဟုတ် မမာကျောတာ ဖြစ်နိုင်ပေမယ့် မင်း မြင်ခဲ့ရသလိုမျိုး အထူး အကျိုးသက်ရောက်မှုတွေနဲ့ စွမ်းရည်တွေကို ပေးစွမ်းနိုင်တယ်... အဲဒီ ရွှေရောင်လှံက အဲဒီအမျိုးအစား ဝိညာဥ်လက်နက် ဖြစ်ပြီး သူ့ပေါ်မှာ ချထားတဲ့ အစီအရင်ထဲကို စိတ်ဝိညာဥ်ချီ ထည့်သွင်းလိုက်တဲ့အခါ စွမ်းအင်တွေ ထုတ်လွှတ်ပေးနိုင်တာပဲ...”
“နောက်ဆုံး တစ်ခုကတော့ စပ်ယှက် အမျိုးအစား ဖြစ်ပြီး အဲအမျိုးအစား နှစ်ခုကို ပေါင်းစပ်ထားတာပဲ... အဲဒါတွေက သွန်းလုပ်ဖို့ အများကြီး ပိုခက်ခဲပြီး သေချာတဲ့ အစီအစဉ်ဆွဲမှုနဲ့ ကိုက်ညီတဲ့ ပစ္စည်းတွေ လိုအပ်တယ်... မင်းရဲ့ ဓားတိုက အဲဒီအတွက် ဥပမာ တစ်ခုပဲ... မင်း အဲဒါကို သုံးတုန်းက ခံစားမိမှာပါ... မဟုတ်ဘူးလား..." ကျင်းဝေ ဖြေလိုက်၏။
လင်းမူ ခေါင်းညိတ်လိုက်ပြီး ဓားတိုတွင် ပုံမှန်ထက် အနည်းငယ် ကွဲပြားသော အကျိုးသက်ရောက်မှု ရှိကြောင်း သတိရသွား၏။ ရွှေရောင်လှံလောက် မသိသာသော်လည်း ဓားတိုတွင် ရှိသော အကျိုးသက်ရောက်မှုမှာ စွမ်းအား မြှင့်တင်ပေးခြင်းပင်။ လင်းမူ ဓားတိုထဲသို့ စိတ်ဝိညာဥ်ချီများ ထည့်သွင်းလိုက်တိုင်း ပုံမှန်ထက် အများကြီး ပိုမို အားကောင်းသော စွမ်းအား မြှင့်တင်မှုကို ရရှိပေသည်။ သူ့ဓားတိုတွင် ဓားသွား၏ ခိုင်ခံ့မှုနှင့် ထက်မြက်မှုကို မြှင့်တင်ပေးသော အစီအရင်များလည်း ပါရှိလေသည်။
လင်းမူ ကျေနပ်သွားပုံရသည်ကို မြင်သောအခါ ကျင်းဝေ ထပ်ပြောလိုက်၏။
"ကဲ... နောက်ဆုံး လှံကို စမ်းကြည့်ပါဦး... အဲဒါလည်း စပ်ယှက် အမျိုးအစားပဲ... ဒါပေမဲ့ တော်တော်လေး ထူးခြားတယ်..."
လင်းမူ နောက်ဆုံး လှံကို ကောက်ယူလိုက်ရာ အတော်လေး ပေါ့ပါးနေကြောင်း တွေ့ရှိလိုက်ရ၏။ သို့သော် ယင်း၏ အလေးချိန်မှာ လှံသွားထိပ်ဖျားဘက်သို့ အနည်းငယ် ပိုမို စုစည်းနေကြောင်း သူ ပြောနိုင်ပေသည်။ လင်းမူ ဓားတစ်ထောင်ကျမ်းကို အသုံးပြုကြည့်ရာ ထိုလှံကို အသုံးပြုနေစဉ် သူ အများကြီး ပိုမို မြန်ဆန်နေကြောင်း တွေ့ရှိလိုက်ရသည်။
ထို့နောက် အကြီးမားဆုံး အရာကို ထုတ်ဖော်ပြသရန် အချိန်ရောက်လာပြီ ဖြစ်ရာ ထိုလှံပေါ်ရှိ အစီအရင်များက မည်သို့သော အကျိုးသက်ရောက်မှု ရှိမည်ကို လင်းမူ သိချင်နေ၏။ လှံ၏ မျက်နှာပြင်ပေါ်တွင် မည်သည့် အင်းစာလုံးမျှ မရှိသကဲ့သို့ လှံက အတွင်းဘက်မှ အနည်းငယ် အခေါင်းပေါက် ဖြစ်နေကြောင်း လင်းမူ ပြောနိုင်ပေသည်။
သူ စိတ်ဝိညာဥ်ချီများကို လှံထဲသို့ စီးဆင်းစေလိုက်ရာ ယင်းတွင် ပြောင်းလဲမှု အချို့ ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ လှံက ညင်သာစွာ တုန်ခါသွားပြီး လှံသွားအခြေတွင် သေးငယ်သော အပေါက်လေးခု ပေါ်လာသည်။ ထိုအပေါက်များမှ မီးခိုးရောင် ရုပ်ဝတ္ထုစွမ်းအင်များ ထွက်ပေါ်လာပြီး လှံသွားထိပ်ဖျားကို ရစ်ပတ်သွား၏။
သို့သော် ထိုမျှနှင့် မရပ်တန့်သွားချေ။ စွမ်းအင်များက အထပ်ထပ် အလွှာလွှာ ဆက်လက် ဖုံးအုပ်လာရာ လှံသွားထိပ်ဖျားသည် ယခင်ကထက် အများကြီး ပိုမို ကြီးမားလာ၏။ ယခု လှံသွားထိပ်ဖျားမှာ ပြားချပ်မနေတော့ဘဲ အစွန်းလေးခု ယှက်သွားပြီး ကြက်ခြေခတ် ပုံစံ ဖြစ်ပေါ်နေလေပြီ။ ထိုအရာကြောင့် လှံ၏ အလေးချိန်သည်လည်း သုံးဆခန့် တိုးလာ၏။
လင်းမူ ယခု ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် ကောင်းသည့် လှံသွားထိပ်ဖျားကို ကြည့်ပြီး အလေးချိန် ပြောင်းလဲသွားမှုကို ခံစားလိုက်ရသည်။ သူ ရှေ့သို့ ထိုးစိုက်လိုက်ပြီး ယင်း၏ အကျိုးသက်ရောက်မှုကို ကြည့်ရှုလိုက်၏။
ဝှီး
ခွမ်း
သူ့ခြေဆောင့်နင်းလိုက်ပြီး လှံ၏ တိုးလာသော အလေးချိန်တို့ကြောင့် သူ့အောက်ရှိ ကြမ်းပြင် ကွဲအက်သွား၏။ လှံက လေထုထဲသို့ ထိုးစိုက်ဝင်သွားပြီး လှိုင်းများ ပျံ့နှံ့သွားပေသည်။ နောက်ဆုံးတွင် တိုက်ခိုက်မှု အဆုံးသတ်၌ လှံသွားထိပ်ဖျားကို ရစ်ပတ်ထားသော မီးခိုးရောင် စွမ်းအင်များက ချွန်ထက်သော ဓားသွားများ ပုံစံဖြင့် ဘေးသို့ ဖြာထွက်သွားကြ၏။
ဂလု
အကယ်၍ ထိုအရာကို လူတစ်ယောက် သို့မဟုတ် သားရဲတစ်ကောင်ထဲသို့ ထိုးစိုက်ပြီးနောက် စွမ်းရည်ကို အသက်သွင်းလိုက်ပါက မည်သို့သော အကျိုးသက်ရောက်မှု ရှိလာနိုင်မည်ကို လင်းမူ စိတ်ကူးကြည့်နိုင်ပေသည်။ ထိုအကျိုးသက်ရောက်မှုက လူ သို့မဟုတ် သားရဲကို အတွင်းပိုင်းမှနေ၍ အပိုင်းပိုင်း ဆွဲဖြဲပစ်မည် ဖြစ်ပြီး ဒဏ်ရာ ကြီးကြီးမားမား ရသွားမည်မှာ အသေအချာပင်။
"ဒါ အကုန်မဟုတ်သေးဘူး... အလေးချိန် ကွာခြားသွားတာကို မင်း ခံစားမိတယ် မဟုတ်လား... ဒီလှံက အခြေခံအားဖြင့် မတူညီတဲ့ လှံနှစ်ချောင်းကို တစ်ချောင်းတည်း အဖြစ် ပေါင်းစပ်ထားတာပဲ... အခြေခံပုံစံက မြန်ဆန်ပြီး ထိရောက်ပေမယ့် အသက်သွင်းလိုက်တဲ့ ပုံစံကတော့ လေးလံပြီး စွမ်းအားကြီးမားတယ်... အဆုံးသတ် စွမ်းရည်ကတော့ မင်းရဲ့ ရန်သူတွေကို အံ့သြသွားအောင် တိုက်ခိုက်ဖို့ ဝှက်ဖဲ အနေနဲ့ သုံးနိုင်တဲ့ အပို စွမ်းရည် တစ်ခုပဲ..." ရွှီခုန်း သုံးသပ်ပြလိုက်၏။
အခန်း ၂၁၄ ပြီး
***