တွမ်ခယ်၏ မေးခွန်းကြောင့် လင်းမူ အတွေးထဲမှ ရုန်းထွက်လာသည်။
ဟူး
လင်းမူ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့မျက်နှာပေါ်တွင် ပြတ်သားသော အမူအရာ ပေါ်လာ၏။
"ဟုတ်ကဲ့... တကယ်တော့ လိုအပ်ပါတယ်... ကျွန်တော် အရင်းအမြစ်တွေ လိုအပ်နေပြီး ပစ္စည်းတချို့ ရောင်းချင်လို့ပါ... ခင်ဗျားတို့ ကူညီပေးနိုင်ရင် အရမ်း ကျေးဇူးတင်မှာပါ..." လင်းမူ အကူအညီ တောင်းခံသော လေသံဖြင့် ပြောလိုက်၏။
တွမ်ခယ် သူမအဘိုးကို ခဏတာ လှမ်းကြည့်လိုက်ရာ သူက သဘောတူကြောင်း ခေါင်းညိတ်ပြပြီး စကားပြောလိုက်သည်။
"ကူညီပေးနိုင်တာပေါ့... အခု မင်းက လောကကြီးရဲ့ ဆန္ဒအရ ရွေးချယ်ခံရသူ ဖြစ်သွားပြီဆိုတော့ မင်းကို ကူညီဖို့က ငါတို့ရဲ့ တာဝန်ပဲ... ငါတို့ မိသားစုက တားမြစ် ကုန်းမြေတိုက်ကြီးက မျိုးနွယ်စုတွေနဲ့ ကျူးကျော်သူတွေကို တိုက်ခိုက်လာတာ နှစ်ထောင်ပေါင်းများစွာ ရှိနေပြီ... သူတို့ကို ရန်သူအဖြစ် သတ်မှတ်ထားတဲ့ ဘယ်သူ့ကိုမဆို ငါတို့ ကူညီပေးမှာပါ..." ကျင်းဝေ တက်ကြွသော လေသံဖြင့် ပြောလိုက်၏။
"မင်းဆီမှာ ဘာတွေ ရှိလဲ ပြပါဦး... ပြီးမှ မင်း ဘာလိုအပ်လဲ ဆိုတာ ကြည့်ကြတာပေါ့..." တွမ်ခယ် ဝင်ပြောလိုက်၏။
လင်းမူ၏ မျက်နှာပေါ်တွင် ကျေနပ်အားရသော အမူအရာ ပေါ်လာပြီး လက်စွပ်ထဲတွင် သိုလှောင်ထားသော ဝိညာဥ် အမြုတေများနှင့် သားရေများ အားလုံးကို ထုတ်ယူလိုက်သည်။ ယခုအချိန်အထိ သူ စားသောက်ခဲ့သော သားရဲများ၏ အရိုးများကိုပင် ထုတ်ယူလိုက်၏။ မကြာမီ အခန်းထဲတွင် အပုံလေးပုံ ပေါ်လာတော့သည်။
ပထမ အပုံမှာ ဝိညာဥ် အမြုတေ အပုံငယ်လေး ဖြစ်ပြီး အများစုမှာ ပဲစေ့အရွယ်အစားခန့် ရှိကာ တစ်ခုတည်းသာ သံလွင်သီး အရွယ်အစားခန့် ကြီးမားလေသည်။ ပဲစေ့အရွယ် ဝိညာဥ် အမြုတေများမှာ ယခုအချိန်အထိ သူ အမဲလိုက်ခဲ့သော ချီစုဆောင်းခြင်း အဆင့် သားရဲများထံမှ ဖြစ်ပြီး သံလွင်သီး အရွယ်အစား ဝိညာဥ် အမြုတေမှာ အမြုတေ ဖွဲ့စည်းခြင်း အဆင့် သားရဲ ဖြစ်သော ခေါင်းဆောင် သံမဏိကျောရိုး ဝံပုလွေထံမှ ဖြစ်ပေသည်။
ထိုအပုံတွင် ဝိညာဥ် အမြုတေ ၂၀၀ ကျော် ပါဝင်ပြီး အခန်းထဲရှိ မီးအိမ်များ၏ အလင်းရောင်အောက်တွင် တောက်ပနေ၏။ ဒုတိယ အပုံမှာ တောင်ပို့ငယ်လေး တစ်ခုနှင့် ပိုတူပြီး သားရဲများထံမှ ရရှိခဲ့သော သားရေများ အားလုံး ပါချေသည်။ ဝိညာဥ် အမြုတေများနှင့် မတူဘဲ သာမန် သားရဲများလည်း ပါဝင်သဖြင့် အရေအတွက် အများကြီး ပိုများပြားလေသည်။
တတိယ အပုံမှာ ယခုအချိန်အထိ သူ စားသောက်ခဲ့သော သားရဲများ၏ အရိုးများ ဖြစ်ပြီး ယခင် အပုံထက်ပင် ပိုမို ကြီးမားလေသည်။ စတုတ္ထနှင့် နောက်ဆုံး အပုံမှာ သားရဲများ၏ ကျန်ရှိသော အခြား အစိတ်အပိုင်းများ ပါဝင်ပြီး ဦးချိုများ၊ အစွယ်များ၊ အမွှေးအတောင်များ စသည့် အထွေထွေ ပစ္စည်းများ ပါဝင်ပေသည်။
အပုံလေးပုံကို ကြည့်ပြီး တွမ်ခယ် အလွန်အမင်း အံ့သြသွားမိ၏။ သို့သော် လင်းမူ ချထားသော ဝိညာဥ် အမြုတေ အရေအတွက်ကြောင့် ပိုမို တုန်လှုပ်သွားရသည်။ သူမ၏ အာရုံက အညိုရောင် အစင်းရာများ ပါရှိသော သံလွင်သီး အရွယ်အစား မီးခိုးရောင် အမြုတေဆီသို့ ရောက်ရှိသွား၏။
လင်းမူ ခေါင်းဆောင် သံမဏိကျောရိုး ဝံပုလွေကို မည်သို့ အမဲလိုက်ခဲ့ကြောင်း တွမ်ခယ် ကြားသိထားပြီး ဖြစ်ရာ ထိုအမြုတေကို ရရှိထားမည်ဟု သိထားပေသည်။ သို့သော် ယင်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည့်အခါ အနည်းငယ် အံ့သြနေမိဆဲပင်။
“ဟားဟား... ကြည့်ရတာ မင်းဆီမှာ ပစ္စည်းတွေ အများကြီး ရှိနေတာပဲ..." ကျင်းဝေ သဘောကျစွာ ပြောလိုက်၏။
ထို့နောက် လင်းမူကို ရွှေဒင်္ဂါးပြား အများအပြား ပေးခဲ့သည်ကို သတိရသွားပြီး သူ့မျက်နှာထား တည်ငြိမ်သွားသည်။ သို့သော် သူ ဘယ်လောက် ပေးခဲ့မိမှန်း ဆိုတာ အတိအကျ မသိကြောင်း သတိပြုမိလိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က သူ တွေဝေငေးမောနေစဉ် ဟင်းလင်းပြင် သိုလှောင်ရတနာထဲမှ ဒင်္ဂါးအိတ် တစ်အိတ်ကို ကျပန်း ဆွဲထုတ်ပေးလိုက်ခြင်း ဖြစ်သောကြောင့် ဖြစ်ပေသည်။
'အင်း... သူ့ဆရာက သူ့ကို ကိုယ်ပိုင် အရင်းအမြစ်တွေ ရှာဖွေခိုင်းပြီး သူ့စိတ်ဓာတ်ကို ရင့်ကျက်အောင် လေ့ကျင့်ပေးနေတာ ဖြစ်လောက်တယ်... အဲဒါပဲ ဖြစ်ရမယ်... ဒါပေမဲ့ ငါပေးလိုက်တဲ့ ရွှေဒင်္ဂါးပြားတွေ ကုန်သွားပြီ ထင်တယ်... ငါ သူ့ကို ဘယ်လောက် ပေးလိုက်မိတာလဲ... တစ်သိန်းလား... ဒါမှမဟုတ် တစ်သန်းလား...' ကျင်းဝေ ကိုယ့်ဘာသာ တွေးတောနေမိ၏။
ကျင်းဝေ အတွေးလွန်နေစဉ် တွမ်ခယ်က လင်းမူ ယခုလေးတင် ချထားသော ပစ္စည်းများ အားလုံးကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။ တစ်မိနစ် အကြာတွင် ကျင်းဝေ မေးစေ့ကို ကုတ်ရင်း ပြောလိုက်၏။
"လင်းမူ... အဲဒီနေ့က မင်းကို ငါ ရွှေဒင်္ဂါးပြား ဘယ်လောက် ပေးလိုက်မိလဲ..." ကျင်းဝေ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
လင်းမူ စကားပြောလိုက်သော ကျင်းဝေဘက်သို့ လှည့်ကြည့်လိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို ရွှေဒင်္ဂါးပြား ငါးထောင် ပေးခဲ့တာပါ... အဲဒီအတွက် အရမ်း ကျေးဇူးတင်ပါတယ်..." လင်းမူ ကျေးဇူးတင်သော လေသံဖြင့် ပြောလိုက်၏။
လင်းမူ၏ စကားကို ကြားလိုက်သည်နှင့် ကျင်းဝေ၏ ဦးနှောက် ခဏတာ ရပ်တန့်သွားပြီး မျက်လုံးထောင့် တွန့်ကွေးသွားတော့သည်။ သူ့ကျောပြင်တွင် ချွေးစေးများ ပြန်လာပြီး မျက်နှာပေါ်တွင် ပေါ်လာတော့မည့် အမူအရာကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ရ၏။
"အာ... ဟုတ်လား... ဟုတ်လား..." ကျင်းဝေ ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။
'ငါ တကယ်ပဲ သူ့ကို ရွှေဒင်္ဂါးပြား ငါးထောင်တည်း ပေးလိုက်မိတာလား... သောက်ကျိုးနည်း... သူ့ဆရာသာ ဒီကိစ္စကို လာဖြေရှင်းရင် ငါတို့အတွက် ကောင်းမှာ မဟုတ်ဘူး... ဟူး... ငါ့ ဟင်းလင်းပြင် သိုလှောင်ရတနာကို ပြန်စီစဉ်မှ ဖြစ်မယ်... အခု အထဲမှာ အမှိုက်တွေ အရမ်း များနေပြီ...' ကျင်းဝေ တိတ်တဆိတ် တွေးလိုက်၏။
ကျင်းဝေ နံရံဘက်သို့ လှည့်ပြီး တစ်စုံတစ်ခုကို စတင် စဉ်းစားနေစဉ် လင်းမူကမူ ကျင်းဝေ အာရုံလွင့်နေသည်ကို မြင်သဖြင့် စစ်ဆေးနေသော ကုန်ပစ္စည်းများဘက်သို့ ပြန်ကြည့်လိုက်သည်။
၁၀ မိနစ် ကုန်ဆုံးသွားပြီးနောက် နောက်ဆုံးတွင် တွမ်ခယ် ပစ္စည်းများ အားလုံး၏ တန်ဖိုးကို တွက်ချက်ပြီးသွား၏။
"ကဲ... မင်း ဘာတွေ အတိအကျ လိုအပ်တာလဲ... ဒီမှာရှိတဲ့ ပစ္စည်းတွေနဲ့ တန်ဖိုးညီမျှတာကို ငါ ပေးပါ့မယ်..." တွမ်ခယ် ပြောလိုက်၏။
လင်းမူ၏ ပထမဆုံး အတွေးမှာ ခန္ဓာကိုယ် သန့်စင်ခြင်း အထွတ်အထိပ် အဆင့်သို့ စောစော ရောက်ရှိရန် ကူညီပေးနိုင်မည့် ဆေးလုံးများဆီသို့ ရောက်ရှိသွား၏။ အခြား ဆေးလုံးများကို အသုံးမပြုရန် စီနီယာ ရွှီခုန်းက ကြိုတင် သတိပေးထားသဖြင့် ယင်းအတွက် အထူးပြုလုပ်ထားသော ဆေးလုံး ရှိမရှိ သူ သိချင်နေသည်။
"ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ကျင့်ကြံခြင်းအတွက် ထိရောက်တဲ့ အဂ္ဂိရတ် ဆေးလုံးတွေ ရှိလား..." လင်းမူ မေးလိုက်၏။
သူ့မေးခွန်းကို ကြားလိုက်ရသည့်အခါ တွမ်ခယ် အလိုအလျောက် ခေါင်းစောင်းသွားမိသည်။ သူမ အာရုံမခံနိုင်တော့သော သူ့ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ကျင့်ကြံခြင်းကြောင့်များလားဟု သူမ တွေးတောမိ၏။ သူ့တွင် ဒဏ်ရာ တစ်ခုခု ရှိနေသလား သို့မဟုတ် ကျင့်ကြံဆင့် ကျဆင်းသွားသလားဟု သူမ တွေးတောနေမိသည်။
"အဲဒီအပိုင်းမှာ ကူညီပေးနိုင်တဲ့ အဂ္ဂိရတ် ဆေးလုံးတချို့တော့ ရှိပါတယ်... ဒါပေမဲ့ သတ်မှတ်ထားတဲ့ ကျင့်ကြံဆင့်တစ်ခု အထိပဲ ထိရောက်တာပါ... ရှင် အခု ဘယ်အဆင့်မှာ ရှိနေတာလဲ..." တွမ်ခယ် ပြန်ဖြေလိုက်၏။
"ကျွန်တော် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ၁၂ ပါ… အထွတ်အထိပ် အဆင့်ကို ရောက်ချင်လို့ပါ..." လင်းမူ တည်ငြိမ်သော လေသံဖြင့် ဖြေလိုက်၏။
“ခနလေး... ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ၁၂ လို့ ပြောလိုက်တာလား..." တွမ်ခယ် ထပ်မေးလိုက်၏။
အခန်း ၂၁၆ ပြီး
***