လင်းမူ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ၁၂တွင် ရှိနေကြောင်း ထုတ်ဖော်ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ တွမ်ခယ် သူမ၏ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရချေသည်။ သူမ သူ့ခန္ဓာကိုယ်မှ အသက်စွမ်းအင်ကို မခံစားရသောကြောင့်သာ မဟုတ်ဘဲ ထိုအဆင့်ကိုယ်တိုင်ကြောင့်လည်း ဖြစ်၏။
'သူ ဘယ်လိုလုပ်ပြီး... သူက ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီကို ဘာလို့ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်မှာ ကျင့်ကြံနေသေးတာလဲ... ပြီးတော့ အဆင့် ၁၀ ကိုတောင် ဘယ်လိုလုပ် ကျော်ဖြတ်သွားတာလဲ...' မေးခွန်းပေါင်းများစွာ တွမ်ခယ်၏ စိတ်ထဲတွင် ရှုပ်ထွေးနေတော့သည်။
ကျင်းဝေလည်း လင်းမူ ပြောလိုက်သည်ကို ကြားပြီးနောက် တောင့်တင်းသွားပြီး သူ့မျက်နှာပေါ်တွင် အံ့သြတုန်လှုပ်နေသော အမူအရာ ပေါ်လာ၏။ သူ လောလောဆယ် သူတို့နှစ်ဦးကို ကျောခိုင်းထား၍သာ ကံကောင်းသွားခြင်း ဖြစ်ပြီး မဟုတ်လျှင် သူတို့ မြင်တွေ့သွားမည်မှာ အသေအချာပင်။ သူ့တည်ငြိမ်မှုကို နောက်တစ်ကြိမ် မပျက်ယွင်းစေချင်သလို အကြည့်ရဆိုးသော အမူအရာကိုလည်း သူတို့ကို မပြသချင်ပေ။ ယင်းက သူ့လို အဆင့်အတန်းရှိသူ တစ်ဦးနှင့် သေချာပေါက် မကိုက်ညီလှချေ။
"ဟုတ်တယ်... ကျွန်တော် အဲဒီလို ပြောလိုက်တာ... ဘာဖြစ်လို့လဲ... ပြဿနာ ရှိလို့လား..." လင်းမူ စူးစမ်းလိုသော မျက်နှာထားဖြင့် မေးလိုက်၏။
ယခုအချိန်တွင် တွမ်ခယ် သူ့မေးခွန်းကို မည်သို့ တုံ့ပြန်ရမည် မသိဖြစ်နေ၏။ ထိုအရာကို ပြီးမြောက်အောင်မြင်ခဲ့သည့်အတွက် သူ့ကို ချီးကျူးရမလား သို့မဟုတ် ထိုကဲ့သို့ အချိန်ဖြုန်းနေသည့်အတွက် အရူးဟု ခေါ်ရမလား သူမ မသိတော့ချေ။
'ထိပ်တန်းဂိုဏ်းတွေက ဂိုဏ်းသားတွေတောင် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ၁၀ အထိပဲ ကျင့်ကြံပြီး ရပ်တန့်လိုက်ကြတာ... ကျင့်စဉ်တွေရဲ့ အနိမ့်ဆုံး လိုအပ်ချက်တွေကြောင့်သာ ဒီလို လုပ်ကြတာမို့ သူတို့ ဆက်တက်စရာ အကြောင်းမရှိဘူး... သူက ဘာလို့ ကြိုးစားနေသေးတာလဲ... ပြီးတော့ အဆင့် ၁၀ကို ကျော်လွန်နိုင်မယ့် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို သူ ဘယ်ကနေ ရလာတာလဲ... အဲဒါတွေက အခု ခေတ်နောက်ကျသွားပြီ မဟုတ်ဘူးလား...' တွမ်ခယ် ကိုယ့်ဘာသာ တွေးတောနေမိသည်။
"တောင်းပန်ပါတယ်... ဒါပေမဲ့ အဲဒီအပိုင်းမှာတော့ မင်းကို ငါတို့ မကူညီပေးနိုင်ဘူး..." သူ့မြေးမ အချိန်မီ မတုံ့ပြန်နိုင်သည်ကို မြင်သောအခါ ကျင်းဝေ ရုတ်တရက် ဝင်ပြောလိုက်၏။
"အာ... ဘာဖြစ်လို့လဲ... ခင်ဗျားတို့မှာ ဒီအဆင့်အတွက် ဆေးလုံးတွေ မရှိလို့လား..." လင်းမူ ဇဝေဇဝါဖြင့် ခေါင်းစောင်းကာ မေးလိုက်၏။
"မဟုတ်ဘူး... အဲဒါကြောင့် မဟုတ်ဘူး... အဲဒီအဆင့်အတွက်ကို အဂ္ဂိရတ် ဆေးလုံးတွေ မရှိတော့တာ... ရိုးရိုးသားသား ပြောရရင် မင်းက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ၁၀ကိုတောင် ဘယ်လို ကျော်ဖြတ်ခဲ့မှန်း ငါတို့ မသိဘူး... ငါ သိသလောက်ဆိုရင် အခုရှိတဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်တွေ အားလုံးက အများဆုံး အဆင့် ၁၀ အထိပဲ ရောက်နိုင်တာ... အဲဒါတွေ ခေတ်နောက်ကျသွားတာ နှစ်ပေါင်း ငါးထောင်ကျော်တောင် ရှိနေပြီ..." ကျင်းဝေ ရှင်းပြလိုက်၏။
လင်းမူ အစကထက် ပိုမို ဇဝေဇဝါ ဖြစ်သွားပြီး သူ အမှားတစ်ခုခု လုပ်မိသွားသလားဟု တွေးတောနေမိသည်။
"အရူးတွေ..." ရွှီခုန်း အော်ဟစ်လိုက်၏။
စီနီယာ ရွှီခုန်း၏ အသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် လင်းမူ လန့်ဖျပ်သွား၏။ ထိုမျှ ကျယ်လောင်သော အသံမျိုး ဖြစ်နေသောကြောင့် ပို၍ပင် လန့်သွားရခြင်းပင်။
"ဘာဖြစ်လို့လဲ စီနီယာ..." လင်းမူ စိုးရိမ်တကြီး မေးလိုက်၏။
"သူတို့က အရူးတွေလို့ ငါ ပြောတာ... အားလုံးပဲ... ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်တွေ အကြောင်း အခြေခံ နားလည်မှုတောင် မရှိဘဲနဲ့ ခေတ်နောက်ကျသွားပြီလို့ ခေါ်နေကြတယ်... ဒီကမ္ဘာကြီး ပိတ်လှောင်ခံလိုက်ရတာက ရည်ရွယ်ထားတာထက် ပိုဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်သွားပုံပဲ... ဒီကမ္ဘာက ကျင့်ကြံသူတွေ သူတို့ရဲ့ အမြင်အာရုံတွေ ပျောက်ဆုံးကုန်ပြီ..." ရွှီခုန်း ပြန်ဖြေလိုက်၏။
"တကယ်ပဲ အဲဒီလောက် ဆိုးရွားနေတာလား စီနီယာ..." လင်းမူ မေးလိုက်၏။
"အမှန်ပဲ... ဆိုးရွားတာပေါ့... သူတို့က ချီစုဆောင်းခြင်း အဆင့်ကို အဲဒီမတိုင်ခင် တက်လှမ်းနိုင်လို့ အဆင့် ၁၀ ကို ကျော်လွန်ပြီး မကျင့်ကြံတာက ကိစ္စမရှိပေမယ့် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့ပြီး သူတို့အရင်က ဘိုးဘေးတွေ ဖန်တီးခဲ့တဲ့ အရာတစ်ခုကို ခေတ်နောက်ကျသွားပြီလို့ ခေါ်တာက လုံးဝ မိုက်မဲလွန်းတယ်... ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်တွေက အရမ်း အရေးကြီးပြီး ဒီလိုမျိုး လျစ်လျူမရှုထားသင့်ဘူး..." ရွှီခုန်း ဖြေလိုက်၏။
စီနီယာ ရွှီခုန်း ထိုကိစ္စကြောင့် ဒေါသထွက်နေကြောင်း လင်းမူ သိလိုက်ပြီး လောလောဆယ် စကားလမ်းကြောင်း လွှဲလိုက်ခြင်းက အကောင်းဆုံး ဖြစ်မည်ဟု တွေးလိုက်၏။ သူ စိတ်ထဲတွင် စီနီယာ ရွှီခုန်းနှင့် စကားပြောနေစဉ် အပြင်ဘက်၌ ထိုကဲ့သို့ တိတ်ဆိတ်နေရန် သေချာပေါက် မလိုလားပေ။ မဟုတ်လျှင် သူ့ရှေ့မှ လူနှစ်ဦးက သူ့ကို ထူးဆန်းသည်ဟု ထင်မှတ်သွားနိုင်ပေသည်။
"ကောင်းပါပြီ... ကျွန်တော် နားလည်ပါပြီ..." လင်းမူ ရွှီခုန်းကိုရော ကျင်းဝေကိုပါ ရည်ရွယ်၍ ပြောလိုက်၏။
လင်းမူ ထိုအရာကို မည်သို့ ပြီးမြောက်အောင်မြင်ခဲ့သနည်းဟု မေးမြန်းခြင်းက မကောင်းနိုင်ကြောင်း ကျင်းဝေ ခံစားမိသဖြင့် ထပ်မမေးတော့ချေ။ သူ့ဆရာကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းမိပြီး ပြဿနာ မဖိတ်ခေါ်ချင်ပေ။
"ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းမှာ အကူအညီ ဖြစ်စေမယ့် တခြား အရင်းအမြစ်တွေတော့ ငါတို့ ပေးနိုင်ပါတယ်..." လင်းမူ အနည်းငယ် စိတ်ပျက်သွားပုံရသည်ကို မြင်သောအခါ တွမ်ခယ် ဝင်ပြောလိုက်၏။
"အာ ဟုတ်ကဲ့... အဲဒါလည်း အဆင်ပြေပါတယ်... ခင်ဗျားတို့ဆီမှာ ဝိညာဥ်ကျောက်တုံးတွေ ရှိလား..." လင်းမူ မေးလိုက်၏။
တွမ်ခယ်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာ ပေါ်လာပြီး သူမအဘိုးကို အကြည့်တစ်ချက် ပို့လိုက်၏။ သူမကို ကူညီဖြေရှင်းပေးရန် တောင်းဆိုနေသကဲ့သို့ပင်။
“အဟမ်း…အင်း… ငါတို့ဆီမှာ ဝိညာဥ်ကျောက်တုံးတွေ ရှိတာတော့ မှန်ပါတယ်... ဒါပေမဲ့ မင်းကို အများကြီးတော့ မပေးနိုင်တာ စိုးရိမ်မိတယ်... ဒါပေမဲ့ မင်းက ကျင့်ကြံဖို့ တိုက်ရိုက် သုံးချင်တာဆိုရင် ငါတို့ဆီမှာ ပိုကောင်းတဲ့ ရွေးချယ်စရာ ရှိတယ်... အဲဒီအတွက် အခြေခံ ချီဆေးလုံးတွေကို မင်း သုံးလို့ရတယ်..." ကျင်းဝေ ဝင်ပြောလိုက်၏။
သူတို့တွင် ဝိညာဥ်ကျောက်တုံးများ အဘယ်ကြောင့် မရှိသနည်း ဆိုသည်ကို လင်းမူ မသိသော်လည်း စပ်စုချင်စိတ် မရှိချေ။ အခြား သယံဇာတများ ရရှိလျှင်ပင် သူ ပျော်ရွှင်နေမည် ဖြစ်ပေသည်။
'စီနီယာ... အခြေခံ ချီဆေးလုံး ဆိုတာ ဘာလဲ...' လင်းမူ တိတ်ဆိတ်စွာ မေးလိုက်၏။
“သူတို့နာမည် အတိုင်းပဲလေ... သူတို့ရဲ့ လုပ်ဆောင်ချက်က ကျင့်ကြံသူကို စိတ်ဝိညာဥ်ချီ ထောက်ပံ့ပေးဖို့ပဲ..." ရွှီခုန်း ဖြေလိုက်၏။
"အင်း... ဒါဆို ဝိညာဥ်ကျောက်တုံးတွေနဲ့ အတူတူပဲပေါ့..." လင်းမူ မေးလိုက်၏။
"မဟုတ်ဘူး... မတူဘူး... ဝိညာဥ်ကျောက်တုံးတွေကို ကျင့်ကြံဖို့ သုံးလို့ရပေမယ့် တခြား မရေမတွက်နိုင်တဲ့ အရာတွေအတွက်လည်း သုံးလို့ရတယ်... ဝိညာဥ်ကျောက်တုံးတွေက အသုံးဝင်ဆုံး သယံဇာတတွေထဲက တစ်ခု ဖြစ်ပြီး အဲဒါကြောင့်ပဲ အခြေခံ ချီဆေးလုံးတွေထက် ပိုပြီး တန်ဖိုးရှိတာ...”
“ကျင်းဝေ ပြောနေတဲ့ အခြေခံ ချီဆေးလုံးတွေက မင်းကို ချီစွမ်းအင် ထောက်ပံ့ပေးဖို့ ရည်ရွယ်ချက် တစ်ခုတည်း ရှိတဲ့ အခြေခံ ဝိညာဥ်ဆေးပင် တချို့နဲ့ ဖန်တီးထားတာ... အဆင့်နိမ့် ဝိညာဥ်ကျောက်တုံး တစ်တုံးနဲ့ တူညီတဲ့ စိတ်ဝိညာဥ်ချီ ပမာဏကို ပေးစွမ်းနိုင်ပေမယ့် သူတို့ရဲ့ အဓိက အားနည်းချက်က ဝိညာဥ်ကျောက်တုံးတွေလောက် လုပ်ငန်းစဥ် မမြန်ဆန်တာပဲ...”
“သူတို့မှာ ရှိတဲ့ နောက်ထပ် ဖုံးကွယ်နေတဲ့ ပြဿနာကတော့ ဆေးအဆိပ်တွေပဲ... ဒီဆေးအဆိပ်တွေက ဆေးလုံး သန့်စင်တဲ့အခါ သဘာဝအလျောက် ဖြစ်ပေါ်လာပြီး အဲဒီအထဲမှာ ပါဝင်နေတဲ့ အညစ်အကြေးတွေပဲ... ပမာဏ နည်းရင် ဘာအန္တရာယ်မှ မဖြစ်စေပေမယ့် အရမ်း များလာရင်တော့ ကျင့်ကြံသူရဲ့ တိုးတက်မှုကို ထိခိုက်စေနိုင်တယ်...”
“အမှန်တကယ်တော့ ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ထဲမှာ ဆေးအဆိပ်တွေ အရမ်း များလာရင် ချီလမ်းကြောင်း လွဲမှားတာမျိုးတောင် ဖြစ်နိုင်ချေ ရှိတယ်..." ရွှီခုန်း ရှင်းပြလိုက်၏။
စီနီယာ ရွှီခုန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် လင်းမူ ဉာဏ်အလင်း ပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး လောလောဆယ် ဒီလောက်နှင့် အဆင်ပြေအောင် လုပ်နိုင်မည်ဟု တွေးလိုက်၏။
"ကောင်းပါပြီ... အဲဒါလည်း အဆင်ပြေပါတယ်..."
အခန်း ၂၁၇ ပြီး
***