"ဒါတွေက ရှင်သိထားတဲ့ အဆင့်နိမ့် ဒဏ်ရာကုသ ဆေးလုံးတွေနဲ့ ကိုယ်တွင်းစွမ်းအင် ဖြည့်တင်းဆေးလုံးတွေရဲ့ အဆင့်မြင့် ပုံစံတွေပဲ... သူတို့က အလယ်အဆင့် ဖြစ်ပြီး အဆင့်နိမ့် ဆေးလုံးတွေထက် အာနိသင် ပိုပြင်းထန်တယ်..." တွမ်ခယ် ဆက်ပြောလိုက်၏။
အမျိုးအစားတူ ဆေးလုံးများ ပါဝင်သော ပုလင်းများစွာ ရှိနေသဖြင့် လင်းမူ ယင်းတို့မှာ အတူတူပင် ဖြစ်ပြီး အလွယ်တကူ သိမ်းဆည်းရန် ထိုသို့ ထားသိုထားခြင်း ဖြစ်ကြောင်း နားလည်လိုက်၏။ လင်းမူ ထိုအထိ နားလည်သွားသည်ကို မြင်သောအခါ သူမ အတော်လေး ထင်ရှားပေါ်လွင်နေသော ဘူးသီးခြောက်ဘူး တစ်ဘူးကို လက်ညှိုးထိုးပြလိုက်သည်။
ထိုဘူးသီးခြောက်ဘူး သူမလက်ထဲသို့ ပျံသန်းလာပြီး အဖုံးဖွင့်ကာ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်၏။ ထိုဆေးလုံးက အခြား ဆေးလုံးများ အားလုံးနှင့် ကွဲပြားနေပြီး အဝါရောင် အစက်အပြောက်လေးများ ပါရှိသော အညိုရောင်ဖျော့ဖျော့ အရောင် ရှိလေသည်။ လင်းမူ ယင်းကို စိတ်ဝိညာဥ်အာရုံဖြင့် ထိတွေ့ကြည့်လိုက်ရာ အထဲတွင် ဖုံးကွယ်နေသော ကွဲပြားသည့် ချီစွမ်းအင် တစ်မျိုးကို ခံစားလိုက်ရသည်။
ထိုချီစွမ်းအင်မှာ လင်းမူအတွက် ထူးဆန်းနေ၏။ ဆေးလုံးထံမှ လေးလံသော ခံစားချက်တစ်ခုကို ခံစားရပြီး မိုးရွာပြီးနောက် ရတတ်သော ရွှံ့နံ့ကဲ့သို့ ရနံ့တစ်မျိုးကိုလည်း ထုတ်လွှတ်နေပုံ ရလေသည်။
"ဒါက မြေဓာတ် ချီဆေးလုံးပဲ... စားသုံးလိုက်ရင် မြေကမ္ဘာ ဓာတ်သဘာဝချီတွေ ထွက်ပေါ်လာပြီး ရှင့်ခန္ဓာကိုယ် ပတ်လည်မှာ ချပ်ဝတ်တန်ဆာ တစ်ခု ဖန်တီးပေးလိမ့်မယ်... ခုခံနိုင်စွမ်း မြင့်တက်သွားလိမ့်မယ်... အဲဒီကနေ ရရှိတဲ့ ခုခံမှုက အမြုတေ ဖွဲ့စည်းခြင်း အဆင့် ပညာရှင် တစ်ယောက်ရဲ့ တိုက်ခိုက်မှု တစ်ကြိမ်ကို ကာကွယ်ပေးနိုင်ဖို့ လုံလောက်တယ်... ဒီထဲမှာ ဆေးလုံး ၁၅ လုံး ပါတယ်... သေချာ အသုံးချပါ... တိုက်ပွဲမစခင် ဆေးတစ်လုံး သောက်ထားလို့ ရပြီး သူ့အာနိသင်က ၁၂ နာရီ ဒါမှမဟုတ် ချပ်ဝတ်တန်ဆာ မပျက်စီးမချင်း ခံလိမ့်မယ်..." တွမ်ခယ် ရှင်းပြလိုက်၏။
ထိုဆေးလုံးကို မြင်လိုက်ရသည့်အခါ လင်းမူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုကဲ့သို့သော ဆေးလုံးမျိုး ရရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ သူ မတောင်းဆိုခဲ့သော်လည်း ပေးလာသည့်အတွက် ပျော်ရွှင်နေမိ၏။ မူလက သူ အခြေခံ ချီဆေးလုံးများနှင့် ကုစားခြင်း ဆေးလုံး အချို့ကိုသာ ရယူရန် ရည်ရွယ်ထားသော်လည်း ထိုမြေဓာတ် ချီဆေးလုံးများကလည်း ကောင်းမွန်သော အပိုဆု တစ်ခု ဖြစ်ပေသည်။
"နားလည်ပါပြီ... ဒါတွေအတွက် ကျေးဇူးတင်ပါတယ်..." လင်းမူ ကျေးဇူးတင်သော လေသံဖြင့် ပြန်ဖြေလိုက်၏။
ထို့နောက် တွမ်ခယ် လေထဲတွင် လက်ဝှေ့ယမ်းလိုက်ရာ အိတ်ငယ်လေး တစ်အိတ် ပေါ်လာ၏။ သူမ ထိုအိတ်ကို လင်းမူထံ ကမ်းပေးလိုက်ရာ သူ ဖွင့်ကြည့်လိုက်သည်။ ယင်းတို့ထံမှ ထွက်ပေါ်လာသော သိပ်သည်းသည့် စိတ်ဝိညာဥ်ချီများကို သူ ခံစားလိုက်ရသောကြောင့် အထဲတွင် ဘာရှိသလဲဆိုတာ သိရှိရန် တစ်စက္ကန့်မျှပင် မကြာလိုက်ချေ။
"ငါတို့ မင်းကို ဝိညာဥ်ကျောက်တုံးတွေ အများကြီး မပေးနိုင်ပေမယ့် တချို့တလေတော့ ပေးနိုင်ပါသေးတယ်... အဲဒီအိတ်ထဲမှာ အဆင့်နိမ့် ဝိညာဥ်ကျောက်တုံး တစ်ထောင်လောက် ပါတယ်... ဒါတွေကို ရှင် သိမ်းထားပြီး တခြား ကျင့်ကြံသူတွေနဲ့ အရောင်းအဝယ် လုပ်တဲ့နေရာမှာ သုံးတာပဲ ဖြစ်ဖြစ်... အရေးပေါ် အခြေအနေ ရောက်ရင် ရှင့်ရဲ့ စိတ်ဝိညာဥ်ချီကို ပြန်လည် ဖြည့်တင်းဖို့ သုံးတာပဲ ဖြစ်ဖြစ် လုပ်သင့်တယ်..." တွမ်ခယ် အနည်းငယ် စိုးရိမ်သော လေသံဖြင့် ပြောလိုက်၏။
"ဒါတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်..." လင်းမူ ပြောလိုက်ပြီး ဆေးလုံးဘူးများ အားလုံးကို စတင် သိမ်းဆည်းလိုက်၏။ တစ်မိနစ် အကြာတွင် အရာအားလုံး သိမ်းဆည်းပြီးသွားပြီး စားပွဲမှာ နောက်တစ်ကြိမ် ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။
"ကဲ... ငါတို့ သွားသင့်ပြီ... အဘိုးက စာကြည့်တိုက်ထဲမှာ ငါတို့ကို စောင့်နေတယ်... မင်းအတွက် ပေးစရာ တစ်ခု ရှိလို့တဲ့..." တွမ်ခယ် ဆေးလုံး သိုလှောင်ခန်း တံခါးမှ မထွက်ခွာမီ ပြောလိုက်၏။
လင်းမူလည်း သူမနောက်မှ အလျင်အမြန် လိုက်ပါသွားပြီး ဆေးလုံး သိုလှောင်ခန်း တံခါး သူတို့အနောက်တွင် ပိတ်သွားလေသည်။ သူတို့ လာခဲ့သော လှေကားမှ ပြန်တက်သွားပြီး အစည်းအဝေး ခန်းမ လမ်းကြောင်းဆီသို့ ပြန်လျှောက်သွားကြ၏။ သို့သော် ထိုနေရာတွင် မရပ်တန့်ဘဲ အခြား လှေကားတစ်ခုမှတစ်ဆင့် နောက်ထပ် နှစ်ထပ် အပေါ်သို့ တက်သွားကြသည်။
လင်းမူ ယခု သူ မြင်ဖူးသမျှထဲတွင် အကြီးမားဆုံး စာကြည့်တိုက်ဟု ထင်ရသော နေရာတစ်ခုသို့ ရောက်ရှိသွား၏။ မြောက်ပိုင်းမြို့နှင့် ဝူလင်မြို့တို့တွင် သူ မြင်ဖူးခဲ့သော စာကြည့်တိုက်များသည် ထိုစာကြည့်တိုက်၏ တစ်ရာခိုင်နှုန်းကိုပင် မမီချေ။ အံ့သြစရာ ကောင်းသည်မှာ လင်းမူ အခန်းထဲတွင် ဟင်းလင်းပြင် တုန်ခါမှုများကို ခံစားမိပြီး အဘယ်ကြောင့်ဆိုသည်ကို မကြာမီ သဘောပေါက်သွား၏။
"အခန်းကို ချဲ့ထွင်ခြင်း အစီအရင် သုံးပြီး ဖန်တီးချဲ့ထွင်ထားတာပဲ... ပုံမှန် ရှိသင့်တာထက် အတွင်းပိုင်းက အများကြီး ပိုကျယ်ဝန်းနေတယ်..." ရွှီခုန်း လင်းမူကို အသိပေးလိုက်၏။
ဆန်းကြယ်သော လက်စွပ်၏ အကူအညီဖြင့် လင်းမူ အစီအရင်၏ အစိတ်အပိုင်းတိုင်းကို အာရုံခံနိုင်ပေသည်။ ထိုသည်မှာ ယခင်က အစီအရင်များကို တစ်ခုပြီးတစ်ခု ခြေရာခံခဲ့ရစဉ်ကနှင့် ကွဲပြားခြားနားနေ၏။ ဒီတစ်ကြိမ်တွင် ယင်းတို့က သူ့ကို ကိုယ်တိုင် လာရောက် ပြသနေသကဲ့သို့ ဖြစ်နေပေသည်။
စာအုပ်စင်များက မီတာ ၃၀ ခန့် မြင့်မားပြီး လင်းမူ၏ အရပ်အမောင်းနှင့် ယှဉ်လျှင် ဧရာမကြီးများကဲ့သို့ ဖြစ်နေသည်။ သူ စင်များ၏ ထိပ်ဆုံးကိုပင် မမြင်ရချေ။ လင်းမူ တွမ်ခယ်နောက်မှ ဆက်လက် လိုက်ပါသွားပြီး ၁၅ မိနစ် အကြာတွင် သူတို့ ရည်ရွယ်ထားသော နေရာသို့ ရောက်ရှိသွားကြ၏။
ထိုနေရာသို့ ရောက်ရှိရန် ကြာမြင့်ခဲ့သော အချိန်ပမာဏကို ကြည့်ပြီး လင်းမူ စာကြည့်တိုက်၏ အမှန်တကယ် အရွယ်အစားကို ခန့်မှန်းမိသွားသည်။
'ဒီစာကြည့်တိုက် ကိုယ်တိုင်က ခြံဝင်းတစ်ခုလုံးထက် ပိုကြီးမားလောက်တယ်...' လင်းမူ အံ့သြတကြီးဖြင့် ကိုယ့်ဘာသာ တွေးလိုက်၏။
ထို့နောက် သူတို့နှစ်ဦး စားပွဲတစ်လုံးတွင် ထိုင်နေပြီး သူ့ရှေ့တွင် စာအုပ်ပုံကြီး တစ်ပုံ ချထားသော ကျင်းဝေကို တွေ့လိုက်ရ၏။ သူက အာရုံစိုက် စောင့်နေခဲ့ပုံ ရပြီး သူတို့နှစ်ဦးကို စိုက်ကြည့်နေပေသည်။
"တော်တော် ကြာတာပဲ... ကဲ... လာထိုင်ကြ..." ကျင်းဝေ စကားစလိုက်၏။
သူတို့နှစ်ဦး ရှေ့တိုးသွားပြီး စားပွဲတစ်ဖက်တွင် ဝင်ထိုင်လိုက်ကြသည်။
"ကျွန်တော့်ကို ဘာပြချင်လို့လဲ..." လင်းမူ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"မင်း စိတ်ဝင်စားလောက်မယ့် စာအုပ်တချို့ကို ငါ ထုတ်ထားတယ်... အဲဒီအထဲမှာ ကုန်းမြေတိုက်ကြီးရဲ့ သမိုင်းကြောင်းကို မှတ်တမ်းတင်ထားပြီး ငါ မင်းကို ပြောပြနိုင်တာထက် ပိုအသေးစိတ်ကျတယ်... ပိုမို နက်ရှိုင်းတဲ့ ရှုပ်ထွေးမှုတွေကို သိရအောင် မင်း အဲဒါတွေကို ဖတ်ကြည့်လို့ ရတယ်... အနာဂတ်မှာ မင်း ဒါတွေ လိုအပ်လိမ့်မယ်လို့ ငါ ထင်တယ်..." ကျင်းဝေ ဖြေလိုက်၏။
လင်းမူ၏ မျက်နှာ ဝမ်းသာအားရ ဖြစ်သွား၏။ သူ ပိုမို လေ့လာခွင့် ရမည် ဖြစ်၍ ပျော်ရွှင်နေပြီး စိတ်လှုပ်ရှားနေမိသည်။ သူ အိမ်ပြန်ပြီး ကျင့်ကြံရန် မစောင့်နိုင်အောင် ဖြစ်လာ၏။ ရုတ်တရက် လင်းမူ၏ စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာသည်။
"ဟို... ခင်ဗျားတို့ဆီမှာ ဆေးလုံးတွေ၊ ဝိညာဥ်ဆေးပင်တွေနဲ့ ဝိညာဥ်သားရဲတွေရဲ့ ဖော်ပြချက်တွေ ပါတဲ့ စာအုပ်တွေ ရှိလားလို့လည်း မေးချင်လို့ပါ..." လင်းမူ မေးလိုက်၏။
လင်းမူက ထိုမျှ ရိုးရှင်းသော အရာတစ်ခုကို မေးမြန်းလိုက်သဖြင့် ကျင်းဝေ ဇဝေဇဝါဖြင့် ခေါင်းစောင်းသွားမိ၏။
"အင်း... ငါတို့ဆီမှာ ရှိပါတယ်... ဒါပေမဲ့ မင်းက ဘာလို့ အဲဒါတွေ လိုအပ်တာလဲ... မင်းရဲ့ ဆရာက မင်းကို ကူညီပေးဖို့ လုံလောက်တဲ့ ဗဟုသုတ ရှိနေမှာပါ..." သူ ပြန်ဖြေလိုက်၏။
လင်းမူ ထိုအရာကို မည်သို့ ပြန်ဖြေရမည် မသိသဖြင့် ချက်ချင်း လိမ်ညာမှု တစ်ခုကို အလျင်အမြန် ဖန်တီးလိုက်၏။
"ဟို... ကျွန်တော့် ဆရာက ကျင့်ကြံခြင်း အကြောင်းပဲ သင်ပေးပြီး တခြား ကိစ္စတွေကို သိပ်မသင်ပေးဘူး... သူက အချိန်အများစု အလုပ်ရှုပ်နေပြီး ဒီလို သာမန် ကိစ္စတွေအတွက် အချိန်မရှိဘူးလေ..." လင်းမူ မျက်နှာပြောင်တိုက်ပြီး လိမ်ညာလိုက်၏။
ကျင်းဝေ သဘောပေါက်သွားဟန်ဖြင့် စားပွဲကို ညင်သာစွာ ခေါက်လိုက်၏။
"အာ... သဘောပေါက်ပြီ... ဒါပေါ့... သူ့လို အဆင့်အတန်းရှိတဲ့ ပညာရှင် တစ်ယောက်က သူ့အချိန်တွေကို အကျိုးရှိရှိ သုံးရမှာပေါ့... ကောင်းပြီလေ... ပြဿနာ မရှိပါဘူး... ငါ မင်းကို အဲဒါတွေလည်း ပေးနိုင်ပါတယ်..." ကျင်းဝေ ပြောဆိုပြီး လေထဲတွင် လက်ဝှေ့ယမ်းလိုက်၏။
မကြာမီ စာအုပ်ပုံငယ်လေး တစ်ပုံ သူတို့ထံ ပျံသန်းလာပြီး စားပွဲပေါ်တွင် ဆင်းသက်လာသည်။ စာအုပ်များ၏ အထူကို ကြည့်ရုံဖြင့် ယင်းတို့ထဲတွင် သတင်းအချက်အလက် အများအပြား သိုလှောင်ထားကြောင်း လင်းမူ ပြောနိုင်ပေသည်။
လင်းမူ စာအုပ်တစ်အုပ်ကို ကောက်ယူရန် ပြင်လိုက်စဉ် ကျင်းဝေ သူ့ကို တားဆီးလိုက်၏။
"အာ... နေဦး... ငါ အဲဒါတွေကို ကျောက်စိမ်းပေရွက် တစ်ခုထဲမှာ စုစည်းပေးလိုက်မယ်... အဲဒါဆို မင်း သတင်းအချက်အလက် ရှာဖွေရတာ ပိုလွယ်ကူသွားလိမ့်မယ်..." ကျင်းဝေ ရှင်းပြလိုက်၏။
လင်းမူ မည်သို့ တုံ့ပြန်ရမည် မသိသဖြင့် တိတ်ဆိတ်စွာသာ နေလိုက်၏။ ထိုအချိန်တွင် ကျင်းဝေက အစိမ်းရောင် သမ်းနေသော ဖြူလွလွ ကျောက်စိမ်းပေရွက် တစ်ခုကို ထုတ်ယူပြီး စာအုပ်များပေါ်တွင် ခဏတာ ကိုင်ထားလိုက်သည်။ မကြာမီ ကျောက်စိမ်းပေရွက် တောက်ပလာပြီး လေထဲတွင် အင်းစာလုံးများ ပေါ်လာ၏။
အခန်း ၂၂၀ ပြီး ***