အင်းစာလုံးများက စာအုပ်များကို လှည့်ပတ်သွားပြီးနောက် ကျောက်စိမ်းပေရွက်ထဲသို့ ဝင်ရောက်သွား၏။ ယင်းတို့ ကျောက်စိမ်းပေရွက်ထဲ ဝင်ရောက်သွားပြီးနောက် ယင်း၏ အရောင် ပြောင်းလဲသွားပြီး လုံးဝ အစိမ်းရောင် ဖြစ်သွားသည်။ တောက်ပနေသော အစီအရင်လည်း မကြာမီ မှေးမှိန်ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
ကျင်းဝေ လက်ဝှေ့ယမ်းလိုက်ရာ စာအုပ်ပုံကြီး သူတို့၏ သက်ဆိုင်ရာ နေရာများဆီသို့ အသီးသီး ပျံသန်းသွားကြ၏။ ထို့နောက် သူ ကျောက်စိမ်းပေရွက်ကို ကောက်ယူပြီး သူ့ဟင်းလင်းပြင် သိုလှောင်ရတနာထဲမှ အခြား ကျောက်စိမ်းပေရွက် တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပေရွက်သည် အရောင်ကွဲပြားပြီး ပြာလဲ့လဲ့ အရောင် ရှိလေသည်။
သူ အစိမ်းရောင် ကျောက်စိမ်းပေရွက်ကို ပြာလဲ့လဲ့ အရောင် ကျောက်စိမ်းပေရွက်ဖြင့် ခေါက်လိုက်ရာ နောက်တစ်ကြိမ် တောက်ပသွား၏။ ထို့နောက် ပြာလဲ့လဲ့ အရောင် ကျောက်စိမ်းပေရွက်ကို ပြန်သိမ်းလိုက်ပြီး အစိမ်းရောင် ကျောက်စိမ်းပေရွက်ကို လင်းမူထံ ကမ်းပေးလိုက်သည်။
"မင်း ကျောက်စိမ်းပေရွက်ကို ဘယ်လို သုံးရမလဲ ဆိုတာတော့ သိလောက်ပါတယ်နော်..." ကျင်းဝေ ခပ်ရွှင်ရွှင် လေသံဖြင့် မေးလိုက်၏။
'သိတယ်လို့ ပြောလိုက်... မင်းရဲ့ စိတ်ဝိညာဥ်အာရုံနဲ့ သုံးလို့ရတယ်...' ရွှီခုန်း လင်းမူ၏ စိတ်ထဲတွင် ပြောလိုက်၏။
"ဟုတ်ကဲ့... ကျွန်တော် သိပါတယ်..." လင်းမူ အတည်ပြုလိုက်သည်။
"ဒါဆို ကောင်းတာပေါ့... ဒါပေမဲ့ ကျောက်စိမ်းပေရွက်ကို မင်းနဲ့ ချိတ်ဆက်ထားသင့်တယ်... အထဲက သတင်းအချက်အလက်တွေ ပေါက်ကြားသွားတာမျိုး ငါတို့ မလိုချင်ဘူး... ပြီးတော့ ငါ့ရဲ့ ကိုယ်ပိုင် ကျောက်စိမ်းပေရွက်ကိုလည်း အဲဒီထဲမှာ မှတ်ပုံတင်ထားလို့ မင်း ငါ့ကို တစ်ခုခု အသိပေးချင်ရင် ဆက်သွယ်လို့ ရတယ်..." ကျင်းဝေ ထပ်ဖြည့်ပြောလိုက်၏။
လင်းမူ ခေါင်းညိတ် တုံ့ပြန်လိုက်ပြီး ဓားတိုကို ထုတ်ယူကာ လက်ချောင်းကို ဖောက်ပြီး သွေးအနည်းငယ်ကို ကျောက်စိမ်းပေရွက်ပေါ်သို့ ချလိုက်၏။ သွေးက ကျောက်စိမ်းပေရွက်နှင့် ထိတွေ့သည်နှင့် ပျောက်ကွယ်သွားပြီး လင်းမူ၏ စိတ်ထဲတွင် ဆက်သွယ်မှု တစ်ခု ပေါ်လာသကဲ့သို့ ဖြစ်သွားသည်။
သူ ကျောက်စိမ်းပေရွက်၏ တည်နေရာကို ခံစားနိုင်သော်လည်း လက်ထဲတွင် ကိုင်ထားပြီး စိတ်ဝိညာဥ်အာရုံ အသုံးမပြုဘဲနှင့် အမှန်တကယ် အသုံးပြု၍ မရနိုင်ချေ။ သွေးဖြင့် ချိတ်ဆက်ခြင်းက ကျောက်စိမ်းပေရွက်၏ လုံခြုံရေးကို တိုးမြှင့်ပေးရုံသာ ဖြစ်ပြီး လင်းမူ တစ်ယောက်တည်းသာ အသုံးပြုနိုင်အောင် ပြုလုပ်ပေးခြင်း ဖြစ်ပေသည်။
လင်းမူ ကျောက်စိမ်းပေရွက်ကို လက်စွပ်ထဲ သိမ်းဆည်းလိုက်စဉ် ကျင်းဝေ ဖြတ်ပြောလိုက်၏။
"ဆက်သွယ်ရေး ကျောက်စိမ်းပေရွက်တွေကို ဟင်းလင်းပြင် သိုလှောင်ရတနာထဲ မထည့်သင့်ဘူး... မဟုတ်ရင် တစ်ယောက်ယောက်က ဆက်သွယ်တဲ့အခါ အလုပ်လုပ်မှာ မဟုတ်ဘူး..."
"ဟင်... ဒါပေမဲ့ ကျွန်တော် အာရုံခံလို့ ရနေသေးတယ်လေ..." လင်းမူ မစဉ်းစားဘဲ ပြန်ဖြေလိုက်၏။
"ဘာ... မင်း ရတယ် ဟုတ်လား... နေဦး..." ကျင်းဝေ ပြောလိုက်ပြီး သူ့ကျောက်စိမ်းပေရွက်ကို ခဏတာ ကိုင်ထားကာ လင်းမူကို ဇဝေဇဝါ ဖြစ်သော အမူအရာဖြင့် ပြန်ကြည့်လိုက်၏။
"အင်း... ထူးဆန်းတယ်... တကယ် အလုပ်လုပ်တာပဲ... ဒါပေမဲ့ ဘယ်လိုလုပ်ပြီး... အာ... မင်းရဲ့ ဆရာပေးထားတဲ့ ဟင်းလင်းပြင် သိုလှောင်ရတနာကြောင့် ဖြစ်လောက်တယ်..." ကျင်းဝေ သူ့ဘာသာ ကောက်ချက်ချလိုက်၏။
လင်းမူ ဆက်လက် ကြည့်နေပြီး အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုခဲ့ချေ။ သူ မတော်တဆ လွှတ်ခနဲ ပြောမိသွားကြောင်း သဘောပေါက်လိုက်သော်လည်း ကျင်းဝေက သူ့ဘာသာ ခန့်မှန်းသွားသဖြင့် ကံကောင်းသွား၏။ ထို့နောက် လင်းမူ၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာသည်။ ကျင်းဝေနှင့် ဆက်သွယ်နိုင်သော အမြင့်ဆုံး အကွာအဝေးမှာ မည်မျှ ဖြစ်မည်နည်းဟု သူ တွေးတောနေမိ၏။
သို့သော် သူ မမေးမီမှာပင် ရွှီခုန်း ရုတ်တရက် ဝင်ပြောလိုက်သည်။
"ဆက်သွယ်ရေး ကျောက်စိမ်းပေရွက်တွေကလည်း ဝိညာဥ်ကိရိယာတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ အဆင့်ပေါ် မူတည်ပြီး အကွာအဝေး ကွာခြားနိုင်တယ်... ဒါပေမဲ့ အများဆုံး တွေ့ရတဲ့ အချက်ကတော့ ဆက်သွယ်နိုင်တဲ့ အကွာအဝေးက ကျင့်ကြံသူရဲ့ စိတ်ဝိညာဥ်အာရုံအပေါ် မူတည်တယ် ဆိုတာပဲ... ဥပမာအားဖြင့် အရမ်း ကျယ်ပြန့်တဲ့ စိတ်ဝိညာဥ်အာရုံ ရှိတဲ့ ကျင့်ကြံသူ တစ်ယောက်က အဆင့်နိမ့် ဆက်သွယ်ရေး ကျောက်စိမ်းပေရွက် ဖြစ်နေရင်တောင် ဆက်သွယ်နိုင်တဲ့ အကွာအဝေးကို အဆပေါင်းများစွာ တိုးမြှင့်နိုင်တယ်...”
“အလားတူပဲ အဆင့်မြင့် ကျောက်စိမ်းပေရွက် ဖြစ်နေရင် ကျင့်ကြံသူရဲ့ စိတ်ဝိညာဥ်အာရုံ အကွာအဝေး တိုတောင်းနေရင်တောင် အဝေးကြီးအထိ ဆက်သွယ်နိုင်တယ်... ရိုးရိုးရှင်းရှင်း ပြောရရင် ကျောက်စိမ်းပေရွက်က အကွာအဝေးကို ချဲ့ထွင်ပေးဖို့ ကူညီပေးရုံပဲ..." ရွှီခုန်း ရှင်းပြလိုက်၏။
"အာ... နားလည်ပါပြီ စီနီယာ..." လင်းမူ ကျေးဇူးတင်လိုက်၏။
"ကဲ... အခု မင်း ဘာဆက်လုပ်မလဲ..." လင်းမူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ တွမ်ခယ် မေးလိုက်၏။
လင်းမူ အတွေးထဲမှ ရုန်းထွက်လာပြီး တွမ်ခယ်ကို ကြည့်ကာ စကားပြောလိုက်သည်။
"ကျွန်တော် ပြန်ပြီး ကျင့်ကြံချင်တယ်... ခဏလောက် တံခါးပိတ် ကျင့်ကြံဖြစ်မယ် ထင်တယ်... အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေ အားလုံးအတွက် အသင့်ပြင်ထားချင်တယ်... အငိုက် မမိချင်ဘူး..." လင်းမူ ပြတ်သားသော လေသံဖြင့် ပြန်ဖြေလိုက်၏။
"ကောင်းတယ်... ကောင်းတယ်... ငါတို့လည်း ကိုယ်ပိုင် ပြင်ဆင်မှုတွေ လုပ်ဖို့ လိုတယ်... ဒါပေမဲ့ လောလောဆယ် ငါတို့ ခြံဝင်းထဲကနေ ထွက်လို့ မရဘူး... ဒါပေမဲ့လည်း မင်း ငါတို့နဲ့ စကားပြောချင်ရင် ခြံဝင်းထဲ လာခဲ့လို့ ရပါတယ်... ဘာပဲဖြစ်ဖြစ် မင်း ဝင်လာဖို့ နည်းလမ်း ရှာတွေ့ထားပြီပဲ..." ကျင်းဝေ တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်၏။
လင်းမူ၏ မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက် ဖြစ်သော အမူအရာ ပေါ်လာပြီး ကျင်းဝေနှင့် တွမ်ခယ် နှစ်ဦးစလုံး သတိပြုမိသွားကြသည်။
"မေးစရာ ရှိရင် မေးပါ... ရပါတယ်..." ကျင်းဝေ ပြောလိုက်၏။
"ဘာလို့ ဒီခြံဝင်းထဲမှာ ပုန်းနေရတာလဲ..." လင်းမူ မေးလိုက်၏။
ဟူး
ကျင်းဝေ သက်ပြင်းတစ်ချက် ချလိုက်ပြီး ယင်း၏ နောက်ကွယ်တွင် ဝမ်းနည်းမှုနှင့် နာကျင်မှုများ ဖုံးကွယ်နေပုံ ရလေသည်။ သူ့မျက်နှာထားလည်း ညှိုးငယ်သွားပြီး အတိတ်က မှတ်ဉာဏ်များ မျက်လုံးထဲတွင် ဖြတ်သန်းသွားသကဲ့သို့ ဖြစ်နေ၏။
"အရာအားလုံးကို ငါ မပြောပြနိုင်ပေမယ့် တတ်နိုင်သလောက်တော့ ပြောပြပါ့မယ်..." ကျင်းဝေ ပြောဆိုပြီး အသက်ပြင်းပြင်း ရှူလိုက်၏။
"ငါတို့ မိသားစုက မြောက်ပိုင်း မျိုးနွယ်စုတွေကို အမြဲတမ်း ကာကွယ်တိုက်ခိုက်ခဲ့ပြီး ဂိုဏ်းတွေနဲ့ တိုင်းပြည်တွေကို လက်နက်တွေ ထောက်ပံ့ပေးပြီး ကူညီခဲ့တယ်... ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်က ငါတို့ သစ္စာဖောက်ခံရပြီး ငါတို့ မိသားစု တစ်ခုလုံး သုတ်သင်ခံလိုက်ရတယ်... ငါနဲ့ ငါ့မြေးမလေး နှစ်ယောက်တည်းပဲ နောက်ဆုံး အသက်ရှင် ကျန်ရစ်ခဲ့တာ..." ကျင်းဝေ ထုတ်ဖော် ပြောကြားလိုက်၏။
လင်းမူ ထိုအကြောင်းကို ကြားပြီးနောက် အလွန်အမင်း တုန်လှုပ်သွားပြီး မည်သို့ တွေးရမှန်း မသိဖြစ်သွားသည်။ တာအို သိမြင်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးကိုပင် ခြိမ်းခြောက်နိုင်ပြီး ထိုမျှ အချိန်ကြာမြင့်စွာ ပုန်းအောင်းနေစေသည့် အရာက ဘာဖြစ်နိုင်မည်ကို သူ စိတ်ကူးယဉ်၍ပင် မရနိုင်ချေ။
သို့တိုင်အောင် လင်းမူ ထိုအကြောင်းကို ထပ်မမေးသင့်ကြောင်း သိပေသည်။ ထို့အပြင် ကျင်းဝေ အတော်လေး စိတ်မသက်မသာ ဖြစ်နေကာ ဆက်မပြောလိုမှန်းလည်း မြင်တွေ့နေရ၏။
"နားလည်ပါပြီ... ကျွန်တော် ပြန်လိုက်ပါဦးမယ်..." လင်းမူ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
ကျင်းဝေ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "သွားတော့... ခယ်အာ မင်းကို လိုက်ပို့ပေးလိမ့်မယ်..." ထို့နောက် သူ ဘာမျှ ထပ်မပြောဘဲ ထွက်ခွာသွားလေသည်။
ကျင်းဝေ ထွက်သွားပြီးနောက် တွမ်ခယ် နွမ်းနယ်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် လင်းမူကို လိုက်ခဲ့ရန် လက်ဟန်ပြပြီး အိမ်ကြီးထဲမှ ခြံဝင်းထဲသို့ ခေါ်ဆောင်သွားသည်။ သူတို့ ခြံဝင်း၏ အခြားတစ်ဖက် အဆုံးရှိ ဟောင်းနွမ်းနေသော အဆောက်အအုံငယ်လေး ရှေ့သို့ ရောက်ရှိသွားကြ၏။
အခန်း ၂၂၁ ပြီး
***