"ဒါက ခြံဝင်းရဲ့ ပင်မဝင်ပေါက်ပဲ... ဆိုင်ထဲကို ပွင့်သွားတာမို့လို့ အဲဒီကနေ ဝင်ထွက်လို့ ရတယ်... အရင်က ဝင်လာခဲ့တဲ့ နည်းလမ်းကို မသုံးနဲ့တော့... ခြံဝင်းရဲ့ အစီအရင်တွေကို မတော်တဆ ပျက်စီးသွားမှာကို ငါ မလိုလားဘူး... မင်း အဲဒီလို လုပ်နိုင်စွမ်း ရှိမရှိ သေချာ မသိပေမယ့် ဒါက ပိုပြီး ဘေးကင်းတဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်..." တွမ်ခယ် ရှင်းပြလိုက်၏။
လင်းမူ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး အဆောက်အအုံငယ်လေးထဲသို့ ဝင်ရောက်သွား၏။ အထဲသို့ ရောက်သည်နှင့် ခေါင်မိုးမှ တွဲလောင်းကျနေသော မီးအိမ်တစ်လုံးကို မြင်တွေ့လိုက်ရသော်လည်း အခန်းတစ်ခုလုံး မှောင်မိုက်နေပေသည်။ မီးအိမ်မှာ မီးမထွန်းထားဘဲ ဆီများ ပြည့်နေပုံ ရ၏။ တွမ်ခယ် မီးအိမ်အနီးသို့ လျှောက်သွားပြီး လက်ဖျောက်တီးလိုက်၏။
ထိုသို့ ပြုလုပ်လိုက်သည်နှင့် မီးအိမ် လင်းလက်လာပြီး အခန်းမှာ ကွဲပြားခြားနားသော ပုံစံသို့ ပြောင်းလဲသွားချေသည်။ ယခု အခန်း၏ ဆန့်ကျင်ဘက်တွင် တံခါးတစ်ချပ် ပေါ်လာပြီး သူတို့ ဝင်ရောက်လာခဲ့သော တံခါးမှာမူ ပျောက်ကွယ်သွားပေသည်။
"ဒါက ဝင်ပေါက် မီးအိမ်ကို အသုံးပြုတဲ့ နည်းလမ်းပဲ... ဆိုင်ကို ပြန်ချင်ရင် မီးထွန်းလိုက်... ခြံဝင်းထဲ ဝင်ချင်ရင် မီးငြိမ်းလိုက်ပေါ့..." တွမ်ခယ် ရှင်းပြလိုက်၏။
ထို့နောက် သူတို့ အခန်းထဲရှိ တစ်ခုတည်းသော တံခါးမှတစ်ဆင့် ထွက်လာခဲ့ကြပြီး ဖုန်တက်နေသော ဆိုင်ဟောင်းလေး ဖြစ်သည့် ကျင်းဝေ ကုန်စုံဆိုင် အတွင်းသို့ ရောက်ရှိသွားကြ၏။
"သွားလိုက်ပါဦးမယ်..." လင်းမူ တွမ်ခယ်ကို နှုတ်ဆက်လိုက်ပြီးနောက် ဆိုင်ထဲမှ ထွက်ခွာကာ လမ်းကြားလေးထဲသို့ ထွက်လာလိုက်သည်။
သို့သော် လမ်းကြားထဲသို့ ရောက်ရှိသွားသောအခါ လင်းမူ သူ့အပေါ် ကျရောက်လာသော တောက်ပသည့် အလင်းရောင်ဖြင့် ကြိုဆိုခံလိုက်ရ၏။
"မနက် မိုးတောင် လင်းနေပြီလား..." လင်းမူ တောက်ပနေသော ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်၏။
"ခြံဝင်းက ပင်မကမ္ဘာနဲ့ သီးခြားဖြစ်နေတော့ အဲဒီထဲက အချိန်ကို သူတို့ လိုချင်သလို သတ်မှတ်ထားလို့ ရတယ်... ငါ့ခန့်မှန်းချက်အရ မင်း အဲဒီမှာ ခြောက်နာရီလောက် အချိန်ကုန်သွားတယ်..." ရွှီခုန်း ပြန်ဖြေလိုက်၏။
လင်းမူ အသိအမှတ်ပြုကြောင်း ခေါင်းညိတ်လိုက်ပြီးနောက် ခရီးဆက်လိုက်၏။ သို့သော် လမ်းကြားထဲမှ ထွက်လာသည်နှင့် ကွာခြားချက်ကို သူ ခံစားလိုက်ရသည်။ သူ့အနောက်ရှိ နံရံများ ပေါင်းစပ်သွားပြီး လမ်းကြားလေး ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားပေသည်။ ခဏတာ လှည့်ကြည့်ပြီးနောက် လင်းမူ သူ့အိမ်ရှိရာသို့ စတင် လျှောက်လှမ်းသွားလိုက်သည်။
လမ်းတစ်လျှောက်တွင် လူများ သူတို့၏ နေ့စဉ်ဘဝများကို ဖြတ်သန်းနေကြသည်ကို သူ တွေ့မြင်နိုင်ပေသည်။ လင်းမူ ထိုအရာကို တွေးတောရင်း ကိုယ်တိုင်ပင် မသိလိုက်ဘဲ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
'ဒီလူတွေ အားလုံးက လောကကြီးမှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို လုံးဝ မသိဘဲ သူတို့ဘဝကို ဖြတ်သန်းနေကြတာပဲ... ငါ ဘယ်တော့မှ ဒီလိုမျိုး ပြန်မဖြစ်ချင်တော့ဘူး...' လင်းမူ ပြတ်သားသော သန္နိဋ္ဌာန်ဖြင့် ကိုယ့်ဘာသာ တွေးလိုက်၏။
ဆယ့်ငါးမိနစ် အကြာတွင် သူ အိမ်သို့ ရောက်ရှိသွားပြီး ကျင့်ကြံရန် အိပ်ခန်းထဲသို့ တိုက်ရိုက် ဝင်သွားလိုက်သည်။ လင်းမူ ယခု အခြေခံ ချီဆေးလုံးများကို အသုံးပြုပြီး ကျင့်ကြံပါက မည်သို့သော ကွာခြားချက် ရှိလာမည်ကို သိချင်နေမိ၏။
စမ်းသပ်ကြည့်လိုသဖြင့် သူ ဆေးလုံးများ ပါရှိသော သေတ္တာတစ်လုံးကို ထုတ်ယူပြီး ဖွင့်ကာ ဆေးလုံးတစ်လုံးကို ယူလိုက်သည်။ သူ ယင်းကို ခဏတာ ကြည့်ရှုပြီးနောက် မျိုချလိုက်၏။ လင်းမူ အရသာ တစ်ခုခု ရှိလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ထိုသို့ မဟုတ်ချေ။ ထိုအစား ဆေးလုံးမှာ ရေကဲ့သို့ ပေါ့ရွှတ်ရွှတ် အရသာသာ ရှိလေသည်။
စက္ကန့်အနည်းငယ် အကြာတွင် ဆေးလုံး သူ့ပါးစပ်ထဲ၌ အရည်ပျော်သွားပြီး သူ ဗိုက်ထဲသို့ မျိုချလိုက်၏။ အရည်ပျော်သွားသော ဆေးလုံး ဗိုက်ထဲသို့ ရောက်ရှိသွားသောအခါ စတင် အစွမ်းပြတော့သည်။ အရည်ထဲမှ စိတ်ဝိညာဥ်ချီ အမျှင်တန်းများ ထွက်ပေါ်လာပြီး လင်းမူ၏ ခန္ဓာကိုယ်က စတင် စုပ်ယူလိုက်၏။
လင်းမူ နှလုံးသား ဖြတ်တောက်ခြင်း မန္တာန်ကို အလျင်အမြန် ရွတ်ဖတ်ပြီး ထိုစိတ်ဝိညာဥ်ချီ အမျှင်တန်းများကို သူ့သွေးကြောများထဲသို့ လမ်းပြကာ ထိုမှတစ်ဆင့် ဒန်တျန်းထဲသို့ ပို့ဆောင်လိုက်သည်။
လင်းမူ၏ ဒန်တျန်း လျင်မြန်စွာ ပြည့်လာပေသည်။ အခြေခံ ချီဆေးလုံးများမှတစ်ဆင့် စိတ်ဝိညာဥ်ချီ စုပ်ယူမှု အရှိန်နှုန်းသည် သူ ပုံမှန် ကျင့်ကြံစဉ်ကထက် နှစ်ဆကျော် ပိုမြန်ကြောင်း သူ ခန့်မှန်းမိလိုက်၏။ ဆယ်မိနစ် ကုန်ဆုံးသွားပြီးနောက် လင်းမူ အခြေခံ ချီဆေးလုံးထဲတွင် ပါဝင်သော စိတ်ဝိညာဥ်ချီ အားလုံးကို နောက်ဆုံးတွင် စုပ်ယူပြီးစီးသွားပေသည်။
ဟူး
လင်းမူ သက်ပြင်းတစ်ချက် ချလိုက်ပြီး အနည်းငယ် အနားယူလိုက်၏။ သူ ဒန်တျန်းကို စစ်ဆေးကြည့်ရာ ယခု အပြည့်အမောက် ပြည့်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုအခြေခံ ချီဆေးလုံး တစ်လုံးတည်းနှင့် သူ့ဒန်တျန်း၏ ကုန်ခမ်းသွားသော အစိတ်အပိုင်းကို ပြန်လည် ဖြည့်တင်းပေးရန် လုံလောက်ပေသည်။ သူ တွက်ချက်ကြည့်ရာ ဆေးလုံးထံမှ စိတ်ဝိညာဥ်ချီ အမျှင်တန်း ငါးရာနီးပါး ရရှိလိုက်မှန်း ကောက်ချက်ချလိုက်၏။
"ဒါ တော်တော် ကောင်းတာပဲ... ဒါပေမဲ့ အဆင့်နိမ့် ဝိညာဥ်ကျောက်တုံး တစ်တုံးက ချီစွမ်းအင် ဘယ်လောက် ပေးလဲဆိုတာတော့ ငါ မသိသေးဘူး... အရင်က ချို့ယွင်းနေတဲ့ အလယ်အဆင့် ဝိညာဥ်ကျောက်တုံးတွေကို သုံးဖူးပေမယ့် အဲဒါတွေက စိတ်ဝိညာဥ်ချီ အများစု ကုန်ခမ်းနေပြီလေ... ငါ စမ်းကြည့်သင့်တယ်..." လင်းမူ အသံထွက် တွေးတောလိုက်၏။
သို့တိုင်အောင် ထိုသို့ ပြုလုပ်ဖို့အတွက် လင်းမူ နေရာလွတ် ပိုရစေရန် သူ့စိတ်ဝိညာဥ်ချီ တစ်စိတ်တစ်ပိုင်းကို ကုန်ခမ်းအောင် လုပ်ရမည် ဖြစ်၍ လင်းမူ စိတ်ဝိညာဥ်ချီ အမျှင်တန်းများကို အရည်အသွင်သို့ ဆက်လက် သန့်စင်လိုက်သည်။ တစ်နာရီ ကုန်ဆုံးသွားပြီးနောက် လင်းမူ သူ့ဒန်တျန်း တစ်ခုလုံး၏ သုံးပုံနှစ်ပုံကို ကုန်ခမ်းသွား၏။ ယင်းအတွက် အပြန်အလှန်အားဖြင့် စိတ်ဝိညာဥ်ချီ အရည်စက် သုံးစက်ကို ရရှိလိုက်ပေသည်။
ထို့နောက် လင်းမူ ဝိညာဥ်ကျောက်တုံးများ ပါရှိသော အိတ်ကို ထုတ်ယူပြီး ယင်းတို့ထဲမှ တစ်တုံးကို ယူကာ လက်ထဲတွင် ကိုင်ထားပြီး စတင် စုပ်ယူလိုက်၏။ သို့သော် အခြေခံ ချီဆေးလုံးနှင့် မတူဘဲ စုပ်ယူမှု အရှိန်နှုန်းမှာ အလွန် လျင်မြန်ပြီး ကြီးမားသော စိတ်ဝိညာဥ်ချီ ပမာဏက သူ့သွေးကြောများထဲသို့ အလုအယက် ဝင်ရောက်လာတော့သည်။
အလယ်အဆင့် ဝိညာဥ်ကျောက်တုံးကို စုပ်ယူစဉ်ကလောက် မများပြားသော်လည်း အတော်လေး များပြားနေသေး၏။ ဝိညာဥ်ကျောက်တုံးထဲရှိ စိတ်ဝိညာဥ်ချီများ လုံးဝ ကုန်ခမ်းသွားပြီး ဖုန်မှုန့်အဖြစ် ကြေမွသွားသည်အထိ သုံးမိနစ်ပင် မကြာလိုက်ချေ။
'ဒီကနေ စိတ်ဝိညာဥ်ချီ ဘယ်လောက် ရလိုက်လဲ ကြည့်ရအောင်...' လင်းမူ ဒန်တျန်းထဲသို့ မကြည့်ရှုမီ ကိုယ့်ဘာသာ တွေးလိုက်၏။
အံ့သြစရာ ကောင်းသည်မှာ သူ ဝိညာဥ်ကျောက်တုံးထံမှ စိတ်ဝိညာဥ်ချီ အမျှင်တန်း ခြောက်ရာခန့် ရရှိခဲ့ပြီး အခြေခံ ချီဆေးလုံးထက် အနည်းငယ် ပိုများနေခြင်းပင်။
"စီနီယာ... ဘာလို့ ဒီလို ကွာခြားချက် ရှိနေရတာလဲ... စိတ်ဝိညာဥ်ချီ ပမာဏ တူတူလောက်ပဲ ရှိမယ်လို့ ထင်ထားတာ..." လင်းမူ မေးလိုက်၏။
"ဝိညာဥ်ကျောက်တုံး အားလုံးမှာရှိတဲ့ စိတ်ဝိညာဥ်ချီ ပမာဏက ဘယ်တော့မှ အတိအကျ မတူညီဘူး... အမြဲတမ်း ကွာခြားချက် တချို့ ရှိနေတတ်ပြီး တချို့က ပိုများနိုင်သလို တချို့က ပိုနည်းနိုင်တယ်... ဒါပေမဲ့ ပုံမှန်အားဖြင့် အဆင့်နိမ့် ဝိညာဥ်ကျောက်တုံး တစ်တုံးက မင်းကို အနည်းဆုံး စိတ်ဝိညာဥ်ချီ အမျှင်တန်း လေးရာလောက် ပေးစွမ်းနိုင်တယ်... အလားတူပဲ အခြေခံ ချီဆေးလုံးတွေမှာလည်း တချို့က စိတ်ဝိညာဥ်ချီ ပိုများတာ ဒါမှမဟုတ် ပိုနည်းတာမျိုး ရှိနိုင်တယ်..." ရွှီခုန်း ဖြေလိုက်၏။
"အာ... ဒါဆို တခြား အဆင့်ရှိတဲ့ ဝိညာဥ်ကျောက်တုံးတွေကရော စိတ်ဝိညာဥ်ချီ ဘယ်လောက် ပေးစွမ်းနိုင်လဲ..." လင်းမူ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"အလယ်အဆင့် ဝိညာဥ်ကျောက်တုံး တစ်တုံးက အဆင့်နိမ့် ဝိညာဥ်ကျောက်တုံးတွေထက် အဆဆယ်ဆလောက် ပိုစွမ်းအားပြင်းတယ်... အဆင့်မြင့် ဝိညာဥ်ကျောက်တုံး တစ်တုံးကတော့ အလယ်အဆင့် ဝိညာဥ်ကျောက်တုံးထက် အဆတစ်ရာလောက် ပိုစွမ်းအားပြင်းပြီး အဆင့်နိမ့် ဝိညာဥ်ကျောက်တုံးထက်ဆိုရင် အဆတစ်ထောင်လောက် ပိုစွမ်းအားပြင်းတယ်..." ရွှီခုန်း ဖြေလိုက်၏။
လင်းမူ ဝိညာဥ်ကျောက်တုံးများ၏ အဆင့်များကို နှိုင်းယှဉ်ကြည့်ရင်း မျက်နှာပေါ်တွင် အနည်းငယ် ဇဝေဇဝါ ဖြစ်သော အမူအရာ ပေါ်လာပြီးနောက် စီနီယာ ရွှီခုန်းက အမြင့်ဆုံးအဆင့် ဝိညာဥ်ကျောက်တုံး ဖြစ်သော အထွတ်အထိပ်အဆင့် ဝိညာဥ်ကျောက်တုံး အကြောင်း မပြောခဲ့မှန်း သတိပြုမိသွား၏။
"ဒါဆို စီနီယာ... အထွတ်အထိပ်အဆင့် ဝိညာဥ်ကျောက်တုံးတွေကရော... သူတို့က ဘယ်လို ကွာခြားလဲ..." သူ မေးလိုက်၏။
"အထွတ်အထိပ်အဆင့် ဝိညာဥ်ကျောက်တုံးတွေက တော်တော်လေး ထူးခြားတယ်... တခြား ဝိညာဥ်ကျောက်တုံးတွေနဲ့ မတူဘဲ သူတို့က မင်းကို စိတ်ဝိညာဥ်ချီ အမျှင်တန်းတွေ မပေးဘူး... အဲဒီအစား စိတ်ဝိညာဥ်ချီ အရည်ကို တိုက်ရိုက် ပေးစွမ်းနိုင်လို့ သူတို့က မယုံနိုင်လောက်အောင် ရှားပါးတာပဲ..."
"အမှန်တကယ်တော့ ဝိညာဥ်ကျောက်တုံး မိုင်းတွင်းတစ်ခုမှာ ဝိညာဥ်ကျောက်တုံး အားလုံးရဲ့ ငါးရာခိုင်နှုန်းလောက်ကပဲ အထွတ်အထိပ်အဆင့် ဝိညာဥ်ကျောက်တုံးတွေ ဖြစ်ပြီး အဆင့်မြင့်တွေက ဆယ့်ငါးရာခိုင်နှုန်း၊ အလယ်အဆင့်က သုံးဆယ်ရာခိုင်နှုန်းနဲ့ အဆင့်နိမ့်တွေက အများစုဖြစ်တဲ့ ငါးဆယ်ရာခိုင်နှုန်း ရှိကြတယ်..." ရွှီခုန်း ရှင်းပြလိုက်၏။
အခန်း ၂၂၂ ပြီး
***