လင်းမူ မနက်ခင်းတွင် ဗိုက်နာပြီး နိုးလာကာ လက်စွပ်ထဲမှ ချက်ပြုတ်ထားသော အသားများကို ထုတ်ယူပြီး အားရပါးရ စားသောက်လိုက်၏။ ထိုတစ်ကြိမ်တွင် သူ သတိကပ်ထားနိုင်ခဲ့ပြီး ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ ရှုပ်ပွမသွားချေ။
“ဟူး… အမည်မဲ့ ကျင့်စဉ်မှာ အပြောင်းအလဲ တစ်ခုခုကို မြင်ရဖို့ အချိန်နည်းနည်း ထပ်စောင့်ရဦးမယ့်ပုံပဲ... လောလောဆယ်တော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်သေးပေမယ့် ဗိုက်ဆာတာကတော့ အရင်အတိုင်းပဲ..." လင်းမူ ပြောလိုက်၏။
"ဒါက ပိုကောင်းတဲ့ နည်းလမ်း ဖြစ်ပုံရတယ်... မင်း ကျင့်ကြံနေတဲ့ အရှိန်အရဆိုရင် မျှော်လင့်ထားတာထက် အများကြီး ပိုစောပြီး ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်လောက်တယ်... တကယ်တမ်း အမည်မဲ့ ကျင့်စဉ်နဲ့ ပတ်သက်ပြီး အောင်မြင်မှု တချို့တောင် ရလာနိုင်တယ်..." ရွှီခုန်း ပြန်ဖြေလိုက်၏။
လင်းမူ တုံ့ပြန်သည့်အနေဖြင့် ညည်းတွားလိုက်ပြီးနောက် သူ့လုပ်ရိုးလုပ်စဉ်ကို ပြန်လည် စတင်လိုက်၏။
လင်းမူ တံခါးပိတ် ကျင့်ကြံနေစဉ် ဝူလင်မြို့တွင် အခြားအဖြစ်အပျက်တစ်ခု ဖြစ်ပျက်နေ၏။
ဟွေဝင် ဝူလင်မြို့သို့ ရောက်ရှိနေသည်မှာ အတန်ကြာပြီ ဖြစ်ပြီး သူမ သခင်ကြီး၏ အိမ်ကြီးတွင် တည်းခိုနေပေသည်။ သူမ ရွှမ်ချန်း တိုင်းပြည် တစ်ခွင်လုံးမှ ဟွေ တပ်မဟာ ရရှိသော အစီရင်ခံစာ အားလုံးကို စောင့်ကြည့်နေရုံသာမက မြောက်ပိုင်းမြို့ကိုလည်း စီမံခန့်ခွဲနေ၏။
တရားခံများကို စုံစမ်းစစ်ဆေးမှုမှာ လိပ်တစ်ကောင်၏ အရှိန်နှုန်းကဲ့သို့ နှေးကွေးသွားပြီး ရက်အတော်ကြာသည်အထိ မည်သည့် တိုးတက်မှုမျှ မရှိခဲ့ချေ။ ထိုအချက်ကြောင့် သူမလက်ထဲရှိ အစီရင်ခံစာကို ဖတ်နေစဉ် ဟွေဝင် မျက်ခုံး ပိုမို တွန့်ကွေးသွားရသည်။
'မြောက်ပိုင်းမြို့နဲ့ ပတ်ဝန်းကျင် ဒေသတွေမှာ လူပျောက်ဆုံးမှုတွေ ထပ်အစီရင်ခံလာတာ မရှိတော့ဘူး... ခရိုင်တစ်ခုလုံးမှာလည်း နောက်ထပ် အဖြစ်အပျက်တွေ မရှိတော့ဘူး... မြောက်ပိုင်းသစ်တောထဲ ထွက်သွားခဲ့တဲ့ ကြေးစားတချို့ နောက်ဆုံးတော့ ပြန်ရောက်လာကြပြီး ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သိသွားတော့ အတော်လေး တုန်လှုပ်သွားကြတယ်...’
'သူတို့လည်း သစ်တောထဲက သားရဲတွေဆီမှာ ဖြစ်ပေါ်နေတဲ့ ထူးဆန်းတဲ့ အပြောင်းအလဲ တချို့ကို အာရုံခံမိခဲ့ကြပြီး သက်ဆိုင်ရာ စခန်းတွေဆီ သတင်းပို့သူတချို့ စေလွှတ်ခဲ့ကြတယ်... ဒါပေမဲ့ အကွာအဝေးက အတော်လေး ဝေးကွာပြီး ဆောင်းရာသီကလည်း အပြင်းထန်ဆုံး အချိန်ရောက်နေတော့ ဆက်သွယ်ဖို့ အချိန်အများကြီး ပိုယူနေရတယ်...’
‘ကြေးစားတွေ အမဲလိုက်ခဲ့တဲ့ သားရဲ အသေကောင်တွေကလည်း ဝူလင်မြို့ကို ပုံမှန် ရောက်ရှိနေပြီး မြို့တော်ဝန်ရဲ့ လူတွေက ပုံမှန် လာယူနေကြတယ်... ဒါပေမဲ့ သားရဲ အသေကောင်တွေကို ဘာအတွက် သုံးနေမှန်း ငါတို့ လုံးဝ မသိရသေးဘူး... အဲဒီအကြောင်း ပိုသိရအောင် ကြိုးစားသမျှ အားလုံးကို သခင်ကြီးမြို့တော်ဝန် သံသယ ဝင်လာမှာကို မလိုလားလို့ တားဆီးထားတယ်...'
ဟွေဝင် အစီရင်ခံစာကို လိပ်ပြီး ပြန်ချည်ကာ စင်ပေါ်တွင် သိမ်းဆည်းလိုက်၏။
ဟူး
သူမ သက်ပြင်းချလိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် မောပန်းနွမ်းနယ်စွာဖြင့် နဖူးကို ပွတ်သပ်လိုက်သည်။
'ငါတို့ ဘာဆက်လုပ်နိုင်ဦးမလဲ... ငါတို့ရဲ့ ကြိုးပမ်းမှု အားလုံးက ကျရှုံးနေပုံရတယ်... စွန့်ပစ်ထားတဲ့ ဂိုဒေါင်ကို စုံစမ်းစစ်ဆေးတာတောင် အလဟဿ ဖြစ်သွားတာပဲ...' ဟွေဝင် တွေးလိုက်၏။
ဒေါက် ဒေါက်
သူမ အတွေးလွန်နေစဉ် တစ်စုံတစ်ယောက်က အခန်းတံခါးကို ခေါက်လိုက်သည်။
"ကျွန်တော်ပါ ခေါင်းဆောင်..." တံခါးနောက်ကွယ်မှ အသံက လှမ်းခေါ်လိုက်၏။
"ဝင်ခဲ့..." ဟွေဝင် ပြန်ဖြေလိုက်သည်။
အခန်းတံခါး ပွင့်သွားပြီး အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ကာ မျက်နှာကို ရိုးရှင်းသော မျက်နှာဖုံးဖြင့် ဖုံးကွယ်ထားသည့် အမျိုးသားတစ်ဦး ဝင်ရောက်လာ၏။ ထိုလူ ဟွေဝင်ရှေ့တွင် လာရပ်ပြီး လက်နှစ်ဖက် ဆုပ်ကာ နှုတ်ဆက်လိုက်သည်။
"ပြောလေ..." ဟွေဝင် အမိန့်ပေးလိုက်၏။
"သခင်ကြီးက အခုချက်ချင်း ခေါင်းဆောင်ကို လာတွေ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်... ပြီးတော့ စန္ဒကူး မီးပြင်းဖိုဂိုဏ်းက ဂိုဏ်းသားတွေနဲ့ ပတ်သက်တဲ့ သတင်းတချို့လည်း ရထားပါတယ်..." မျက်နှာဖုံးတပ်ထားသော အမျိုးသားက ပြောလိုက်၏။
"ကောင်းပြီ... ငါ အခုပဲ လာခဲ့မယ်..." ဟွေဝင် ပြောဆိုပြီး နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။
မျက်နှာဖုံးတပ်ထားသော အမျိုးသား ထွက်သွားပြီးနောက် ဟွေဝင် သူမ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ပြီး အခန်းထဲမှ ထွက်လာလိုက်၏။ သူမ အခြား အခန်းတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။ ထိုအခန်းမှာ သူမ သခင်ကြီး၏ စာကြည့်ခန်း ဖြစ်ပေသည်။
သခင်ကြီးက လောလောဆယ် ပြတင်းပေါက်ကို မှီရပ်ပြီး အပြင်ဘက်သို့ ငေးကြည့်နေ၏။ သူ ဘယ်ဘက်လက်ဖြင့် ပြတင်းပေါက်ဘောင်ကို ခေါက်နေပြီး အခြားလက်တစ်ဖက်တွင် လက်ဖက်ရည်ခွက် တစ်ခွက်ကို ကိုင်ထားသည်။ ဟွေဝင် စာကြည့်ခန်း တံခါးကို ညင်သာစွာ ဖွင့်ပြီး သခင်ကြီး၏ အနောက်တွင် တိတ်ဆိတ်စွာ သွားရပ်နေလိုက်၏။
သူမ စကားမပြောဘဲ သခင်ကြီး အတွေးများ ပြီးဆုံးသည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်သည်။
ယနေ့ သခင်ကြီး အလျင်လိုနေပုံရသဖြင့် သူမ အချိန်အကြာကြီး မစောင့်လိုက်ရချေ။
"စန္ဒကူး မီးပြင်းဖိုဂိုဏ်းက ဂိုဏ်းသားတွေ တစ်ခုခုတော့ မှားနေတယ်..." သခင်ကြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
ထိုစကားများကို ကြားလိုက်ရသည့်အခါ မျက်နှာဖုံးအောက်ရှိ ဟွေဝင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"မြို့တော်ဝန်နဲ့ ပတ်သက်နေတာလား... ဒါမှမဟုတ် သူတို့ရဲ့ တာဝန်ကြောင့်များလား..." ဟွေဝင် ခန့်မှန်းလိုက်၏။
ဝူဟေး ချက်ချင်း မတုံ့ပြန်ဘဲ စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
"နှစ်ခုလုံးလို့ ငါ ထင်တယ်... မင်းကို သူတို့အကြောင်း ပိုပြီး စုံစမ်းစစ်ဆေးစေချင်တယ်... ညစာစားပွဲ တစ်ခုဆိုရင်... ဟုတ်တယ်... ဟုတ်တယ်... ညစာစားပွဲ တစ်ခုဆိုရင် ကောင်းမယ်..." ဝူဟေး ထူးဆန်းသော လေသံဖြင့် ပြောလိုက်၏။
"ဖိတ်စာတွေကို ကျွန်မ အခုပဲ ပြင်ဆင်လိုက်ပါ့မယ်... ချင်းပေါင် စားသောက်ဆိုင်မှာပဲ စီစဉ်ရမလား... ဒါမှမဟုတ် တခြား နေရာမှာလား..." ဟွေဝင် ချက်ချင်း ပြန်ဖြေလိုက်၏။
"အင်း..." ဝူဟေး လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး မေးစေ့ကို ပွတ်သပ်ကာ ညည်းတွားလိုက်သည်။
သူ တစ်မိနစ်ခန့် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။
"စန္ဒကူး မီးပြင်းဖိုဂိုဏ်းက ဂိုဏ်းသားတွေ သဘောကျသွားတဲ့ နေရာက ဘယ်နေရာလဲ... အဲဒီမှာ ညစာစားပွဲ စီစဉ်လိုက်... သူတို့ကို ဖျော်ဖြေဖို့ ပြည့်တန်ဆာမ တချို့ကိုလည်း ငှားထားလိုက်..." ဝူဟေး မျက်နှာပေါ်တွင် အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်၏။
"ဖန်ယင် စံအိမ်က တကယ်ပဲ ရွေးချယ်မှုကောင်း တစ်ခု ဖြစ်ပါလိမ့်မယ် သခင်ကြီး... ကျွန်မ အခုပဲ သွားစီစဉ်လိုက်ပါ့မယ်... ဒါပေမဲ့ တခြားလူ တချို့ကိုရော ဖိတ်သင့်လား... ကျွန်မတို့နဲ့ သူတို့ပဲ ရှိနေရင် ထူးဆန်းနေလိမ့်မယ်..." ဟွေဝင် ပြန်ပြောလိုက်၏။
"မင်း သင့်တော်သလိုသာ လုပ်ပါ... အမြန်ဆုံး အဆင်သင့် ဖြစ်တာကိုပဲ ငါ လိုချင်တယ်..." ဝူဟေး နောက်လှည့်ရင်း ပြန်ဖြေလိုက်သည်။
"စီစဉ်ထားလိုက်ပါ့မယ်..." ဟွေဝင် ပြန်ဖြေပြီး အခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွား၏။
ဟွေဝင် အခန်းထဲမှ ထွက်သွားသည်နှင့် ဝူဟေး သူ့စားပွဲတွင် သွားထိုင်လိုက်သည်။ သူ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး နောက်ထပ် တစ်ခွက် ငှဲ့ကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။
“ဟူး… အေးစက်သွားပြီပဲ... လက်ဖက်ရည်ကောင်းတွေ နှမြောစရာပဲ..." သူ ရေရွတ်လိုက်ပြီး လက်ဖဝါးကို လှန်လိုက်ရာ ကျောက်စိမ်းပေရွက် တစ်ခု သူ့လက်ထဲတွင် ပေါ်လာ၏။
ထိုကျောက်စိမ်းပေရွက်က အဝါနုရောင် ဖြစ်ပြီး လက်ဖဝါး တစ်ခုစာခန့် အရွယ် ရှိပေသည်။ ဝူဟေး ယင်းကို လက်ဖဝါးထဲတွင် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး စကားပြောလိုက်၏။
"နေကောင်းရဲ့လား... အစ်ကိုကြီး..."
အခန်း ၂၂၄ ပြီး
***