လွန်ခဲ့သော တစ်ရက်က လင်းမူ အချိန်အတော်ကြာ ကျင့်ကြံခဲ့ပြီး ဓားတစ်ထောင်ကျမ်း လေ့ကျင့်မှုတွင် အနည်းငယ် တိုးတက်လာခဲ့ပေသည်။ သူကိုယ်တိုင်ပင် ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ကျန်ရှိသော တစ်နေ့တာလုံးကို နောက်ဖေးခြံဝင်းထဲတွင် လေ့ကျင့်နေခဲ့၏။
သူ ၁၈ နာရီ ဆက်တိုက် လေ့ကျင့်ခဲ့ပြီး အလွန်အမင်း မောပန်းနွမ်းနယ်သွားခဲ့သည်။ ထိုလေ့ကျင့်မှု တစ်လျှောက်လုံးတွင် သူ စိတ်ဝိညာဉ်ချီ အမျှင်တန်း တစ်ခုကိုမှ အသုံးမပြုခဲ့သလို အသက်စွမ်းအင်ကိုလည်း အသုံးမပြုခဲ့ချေ။ အားလုံးကို သူ၏ ခန္ဓာကိုယ် ခွန်အား သက်သက်ဖြင့်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့နှင့် သူ့တစ်ကိုယ်လုံး အလွန်အမင်း နာကျင်ကိုက်ခဲပြီး ပင်ပန်းနွမ်းနယ်သွားသဖြင့် ခေါင်းအုံးနှင့် ထိသည်နှင့် အိပ်မက်နယ်မြေထဲသို့ပင် မရောက်တော့ဘဲ အိပ်မက်မမက်သော အိပ်စက်ခြင်းထဲသို့ နက်ရှိုင်းစွာ ကျဆင်းသွားခဲ့ပေသည်။ ထိုရက်သတ္တပတ်များ တစ်လျှောက်လုံး မည်သူမျှ သူ့ကို မနှောင့်ယှက်ခဲ့သဖြင့် လင်းမူ တစ်ကိုယ်တည်း နေထိုင်ရခြင်းကို အလွန် အသားကျနေပြီ ဖြစ်သည်။
ခြံဝင်းအပြင်ဘက်ရှိ လူများကို သူ လုံးဝ မေ့လျော့နေလုနီးပါး ဖြစ်နေပြီး သူ၏ လေ့ကျင့်မှုနှင့် ကျင့်ကြံခြင်းကိုသာ အပြည့်အဝ အာရုံစိုက်နေခဲ့၏။ ထို့ကြောင့် အပြင်ဘက်တွင် ဖြစ်ပေါ်နေသော ဆူညံသံများကြောင့် အိပ်ရာမှ အတင်းအကျပ် နိုးထလာရသောအခါ သူ အလွန်အမင်း မူးနောက်ရီဝေနေပေသည်။
အမှန်တကယ်တွင် ဟွေပင်းထံမှ ဇာတ်လမ်းကို ကြားရသောအခါ သူ့အိမ်နီးချင်းများ ဘယ်အချိန်ကတည်းက ထိုမျှ ဂရုစိုက်တတ်လာသနည်းဟု သူ တွေးတောနေမိသည်။ နှစ်များတစ်လျှောက် အပြန်အလှန် ဆက်ဆံမှုများ ရှိခဲ့သော်လည်း သူ့မိဘများ သေဆုံးပြီးနောက်ပိုင်း အိမ်နီးချင်း အများစုမှာ သူတို့ဘာသာ နေထိုင်ကြပြီး လင်းမူနှင့် စကားပြောရန်ပင် ဝန်လေးခဲ့ကြချေသည်။
တစ်စိတ်တစ်ပိုင်းအားဖြင့် ထိုသည်မှာ လင်းမူ မိဘမဲ့ ဖြစ်သွားခြင်းကို ပြစ်တင် အကြောင်းပြလုပ်ပြီး သူတို့ထံမှ ငွေချေးမည်ကို မလိုလားသောကြောင့် ဖြစ်သည်။ လင်းမူ ဘယ်တုန်းကမှ ထိုသို့ မလုပ်ခဲ့သည့်တိုင် သူတို့ဘက်မှ ထိုသို့ တွေးခဲ့ကြပေသည်။
“ဟမ့်... ဟန်ဆောင်ကောင်းတဲ့ ကောင်တွေ... သေမျိုး လူသားတွေရဲ့ ထုံးစံအတိုင်းပဲ..." ရွှီခုန်း လင်းမူ၏ စိတ်ထဲတွင် လှောင်ပြောင်လိုက်၏။
လင်းမူ အိပ်ချင်မူးတူး ဖြစ်နေဆဲမို့ စီနီယာ ရွှီခုန်း၏ စကားများကို သိပ်ဂရုမစိုက်နိုင်ချေ။ သူ့ခန္ဓာကိုယ်တွင် ဖျားနာနေသကဲ့သို့ ထူးဆန်းသော တစ်ခုခု ဖြစ်နေသည်ကို သူ ခံစားမိနေသည်။ ကျင့်ကြံသူ တစ်ဦး ဖြစ်လာကတည်းက သူ မဖျားဖူးသဖြင့် ထိုသည်မှာ သူ့အတွက် အတော်လေး အသစ်အဆန်း ဖြစ်နေပေသည်။
'စိတ်ဝိညာဉ်ချီနဲ့ အသက်စွမ်းအင် မသုံးဘဲ လေ့ကျင့်လို့ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်လောက်တယ်... ဟူး... ဒီလူတွေကို အရင် ရှင်းရမယ်...' လင်းမူ စိတ်ပျက်လက်ပျက်ဖြင့် ကိုယ့်ဘာသာ တွေးလိုက်၏။
"ကဲ... အခု အားလုံး ကျွန်တော့်ကို မြင်ရပြီ မဟုတ်လား... ကျွန်တော် အဆင်ပြေပါတယ်... အားလုံး ပြန်လို့ရပါပြီ... ကျွန်တော် အခု နားချင်တယ်..." လင်းမူ ယခင်ကထက် ပိုမို ကျယ်လောင်သော အသံဖြင့် ပြောလိုက်၏။
ထိုစကားကြောင့် လူအများစု တိတ်ဆိတ်သွားသော်လည်း အချို့က စကားအနည်းငယ် ဆက်ပြောနေကြဆဲပင်။ လင်းမူ ယခု အနားယူလိုသည်မှလွဲ၍ အခြား ဘာမျှ မလုပ်ချင်သဖြင့် သူတို့ကို ဂရုမစိုက်တော့ပေ။ ထို့ကြောင့် သူ ဟွေပင်းဘက်သို့ လှည့်လိုက်သည်။
"ကျုပ် ခဏ နားလိုက်ဦးမယ်... သူတို့ ကျုပ်ကို မနှောင့်ယှက်ပါစေနဲ့..." လင်းမူ အမိန့်ပေးလိုက်ပြီး ခြံစည်းရိုး တံခါးကို ပိတ်လိုက်၏။
လူများ မည်သို့ တုံ့ပြန်ရမှန်း မသိတော့ဘဲ အနေခက်ခက်ဖြင့် တိတ်ဆိတ်သွားကြသည်။
"သူ ပြောတာ ကြားတယ် မဟုတ်လား... အခု ပြန်ကြတော့... စီနီယာ လင်းမူ အနှောင့်အယှက် မခံချင်ဘူး... တစ်ယောက်ယောက်က အတင့်ရဲပြီး သူ့ကို ထပ်နှောင့်ယှက်ရင် မြို့အကြီးအကဲဆီ တိုင်ကြားပြီး အပြစ်ပေးခံရမယ်..." ဟွေပင်း သတိပေးလိုက်၏။
အပြစ်ပေးခံရမည့် ခြိမ်းခြောက်မှုနှင့်အတူ လင်းမူ အမှန်တကယ် ရှိနေကြောင်း မြင်တွေ့လိုက်ရသဖြင့် လူများ စိတ်မပါတပါဖြင့် ထွက်ခွာသွားကြသည်။ သူတို့က လင်းမူထံမှ တစ်ခုခု ပိုလိုချင်နေသကဲ့သို့ ဖြစ်နေသော်လည်း ယခုအခါ တားဆီးခံလိုက်ရပြီ ဖြစ်သည်။
ဟူး
လင်းမူ ကုတင်ပေါ်တွင် လဲလျောင်းပြီး မျက်လုံးမှိတ်ကာ မောပန်းနွမ်းနယ်စွာ သက်ပြင်းချလိုက်၏။ သူ လက်တစ်ဖက်ကို နဖူးပေါ် တင်ထားပြီး ခေါင်းကိုက်နေသည်ကို သက်သာလို သက်သာငြား ပွတ်သပ်နေသည်။
ဆက်လက် သည်းမခံနိုင်တော့သဖြင့် လင်းမူ စီနီယာ ရွှီခုန်းကို မေးရန် ဆုံးဖြတ်လိုက်၏။
"စီနီယာ... ကျွန်တော် ဘာဖြစ်နေတာလဲ... ဘာလို့... ဖျားနေသလို ခံစားရတာလဲ..." လင်းမူ မေးလိုက်၏။
"အင်း... ငါ အတိအကျတော့ မသိဘူး... မနေ့က မင်း လေ့ကျင့်လို့ ဖြစ်နိုင်ပေမယ့် ဒါကတော့ နည်းနည်း များလွန်းနေသလိုပဲ..." ရွှီခုန်း ဖြေလိုက်၏။
“ဟူး… ခဏလောက် အိပ်လိုက်ဦးမယ်... ပြီးမှ ဘယ်လိုနေလဲ ကြည့်ရတာပေါ့..." လင်းမူ ပြောဆိုပြီး တစ်စောင်း လှည့်အိပ်လိုက်၏။
မိနစ်အနည်းငယ် အကြာတွင် လင်းမူ နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီး အခန်းထဲတွင် တိတ်ဆိတ်မှု ပြန်လည် ကြီးစိုးသွားသည်။ ရွှီခုန်းကမူ အတွေးထဲတွင် နစ်မြောနေ၏။
"အင်း... အချိန်တန်ပြီလား... ဖြစ်သင့်ပါတယ်... သူ ကန့်သတ်ချက်ကို ရောက်လုနီးပါး ဖြစ်နေပြီ... သူ စိတ်ဝိညာဉ်ချီ အရည်စက် အလုံအလောက် သန့်စင်ပြီးပြီဆိုတော့ သူ့ခန္ဓာကိုယ် အဆင်သင့် ဖြစ်နေလောက်ပါပြီ..." ရွှီခုန်း ကိုယ့်ဘာသာ ပြောလိုက်၏။
ရွှီခုန်း လင်းမူကို အခြားတစ်မျိုး ပြောခဲ့သော်လည်း အမှန်တကယ်တွင် တစ်ဖက်လူ ဘာဖြစ်နေမှန်း သူ သိပေသည် သို့မဟုတ် ကောင်းကောင်း ခန့်မှန်းနိုင်ပေသည်။
ထိုတစ်လလုံးလုံး လင်းမူ စိတ်ဝိညာဉ်ချီ အရည်စက် နှစ်ရာခန့် စုဆောင်းနိုင်ခဲ့ပြီး သေတ္တာတစ်လုံးထဲမှ အခြေခံ ချီဆေးလုံး သုံးပုံတစ်ပုံခန့်ကို အသုံးပြုခဲ့၏။ အမှန်တကယ်တွင် သူ ထိုပမာဏထက် နှစ်ဆပိုသော စိတ်ဝိညာဉ်ချီ အရည်စက်များကို သန့်စင်ခဲ့သော်လည်း အများစုကို ပျောက်ဆုံး အင်မော်တယ်၏ အမည်မဲ့ ကျင့်စဉ် လေ့ကျင့်ရာတွင် အသုံးပြုခဲ့ပြီး သူ့ဝမ်းဗိုက်ထဲသို့ ထည့်သွင်းခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ တစ်စုံတစ်ယောက်သာ လင်းမူ၏ ဒန်တျန်းကို ကြည့်လိုက်ပါက တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ယခင်က လင်းမူ ကျင့်ကြံခြင်း စတင်ချိန်တွင် သူ့ဒန်တျန်း၌ စိတ်ဝိညာဉ်ချီ အမျှင်တန်း နှစ်ထောင်ခန့် ဆံ့သည်ဟု ထင်မှတ်ခဲ့သော်ညလ်း နောက်ပိုင်းတွင် သူ၏ အတွေ့အကြုံ နည်းပါးမှုနှင့် စိတ်ဝိညာဉ်အာရုံ မရှိမှုကြောင့် မှားယွင်းစွာ ထင်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပေသည်။
နောက်ပိုင်းတွင် စီနီယာ ရွှီခုန်းထံမှ သူ့ဒန်တျန်း ပမာဏ တိုးလာနေကြောင်းနှင့် စိတ်ဝိညာဉ်ချီ အမျှင်တန်း တစ်ထောင့်ငါးရာခန့် သိုလှောင်နိုင်စွမ်း ရှိလာကြောင်း သိရှိခဲ့ရသည်။
လွန်ခဲ့သော တစ်လအတွင်း သူ့ဒန်တျန်းက ပြင်းထန်သော လေ့ကျင့်မှုများကို ဖြတ်သန်းခဲ့ရပြီး အကြိမ်ကြိမ် ပြည့်လိုက် ကုန်ခမ်းလိုက် ဖြစ်နေခဲ့၏။ ထိုမျှသာမက နေ့စဉ်နေ့တိုင်း သူ့ဒန်တျန်းထဲရှိ စိတ်ဝိညာဉ်ချီ အရည် ပမာဏလည်း တိုးလာနေပြီး ယင်းအပေါ် ဖိအားတစ်မျိုး သက်ရောက်စေခဲ့သည်။
အခြား ကျင့်ကြံသူ အများစုအတွက် ထိုဖိအားက ပုံမှန်ဖြစ်ပြီး သူတို့၏ ကျင့်ကြံခြင်း တိုးတက်မှုနှင့်အတူ ဖြစ်ပေါ်လာလေ့ရှိသည်။ သို့သော် လင်းမူ၏ ဒန်တျန်းနှင့် မတူဘဲ သူတို့၏ ဒန်တျန်းများမှာမူ ပိုမို မာကျောလာပြီး စိတ်ဝိညာဉ်ချီ အရည်၏ ဖိအားကြောင့် နံရံများကို မထိခိုက်နိုင်တော့ချေ။
သို့သော် လင်းမူ၏ အခြေအနေတွင်မူ သူ့ဒန်တျန်းက အတော်လေး ပျော့ပြောင်းနေပြီး ယခု ထိုထူးခြားချက်က ယင်း၏ အကျိုးသက်ရောက်မှုကို ပြသနေပြီ ဖြစ်၏။ သူ့ဒန်တျန်းက စိတ်ဝိညာဉ်ချီ အရည်မှ သက်ရောက်သော ဖိအားအောက်တွင် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ယင်း၏ နံရံများတွင် အက်ကွဲကြောင်း အသေးစားလေးများ ဖြစ်ပေါ်နေ၏။
အခန်း ၂၂၆ ပြီး
***