ထိုအက်ကွဲကြောင်းများ တဖြည်းဖြည်း ကြီးမားလာသော်လည်း အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိသွားသောအခါ အားကောင်းသော စွမ်းအင်လှိုင်းတစ်ခုက ယင်းတို့ကို ဖုံးလွှမ်းသွားပြီး ပြန်လည် ပြုပြင်ပေးလိုက်သည်။ ထိုစွမ်းအင်မှာ လင်းမူ၏ ခန္ဓာကိုယ်ထဲတွင် အလွန်အမင်း ပြည့်ဝနေသော အသက်စွမ်းအင်မှလွဲ၍ အခြား မဟုတ်ပေ။
ထိုပြုပြင်ခြင်း ဖြစ်စဥ်က နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ထိုအချိန်အတွင်း လင်းမူ အဖျားတက်နေကာ အပူရှိန်ကြောင့် ခန္ဓာကိုယ်ပင် နီရဲနေခဲ့၏။ အေးစက်သော အပူချိန်ကြောင့် သူ့ခန္ဓာကိုယ်မှ ရေငွေ့လေးများ ထွက်ပေါ်နေသည်ကိုပင် မြင်တွေ့နိုင်ပေသည်။
သူ့ဒန်တျန်း ကျယ်ပြန့်လာမှုသည်လည်း ယခင် အရွယ်အစား၏ နှစ်ဆသို့ ရောက်ရှိလာခဲ့၏။ ယခု လင်းမူ၏ ဒန်တျန်းက စိတ်ဝိညာဥ်ချီ အမျှင်တန်း သုံးထောင်ခန့် သိုလှောင်နိုင်လောက်အောင် ကြီးမားနေပြီ ဖြစ်သည်။
အကယ်၍ အခြား ကျင့်ကြံသူများသာ ထိုအရာကို မြင်တွေ့ရပါက လင်းမူ၏ စိတ်ဝိညာဥ်ချီ သိုလှောင်နိုင်စွမ်းမှာ ပျမ်းမျှ ကျင့်ကြံသူ တစ်ဦးထက် သုံးဆ ပိုများနေသဖြင့် အလွန်အမင်း အံ့သြသွားကြမည် ဖြစ်၏။ အမှန်တကယ်တွင် သူသာ စိတ်ဝိညာဥ်ချီများကို ပိုမို သန့်စင်ပြီး စိတ်ဝိညာဥ်ချီ အရည်များဖြင့် အပြည့်အဝ ဖြည့်ဆည်းလိုက်မည် ဆိုပါမူ သူ့သိုလှောင်နိုင်စွမ်းက အမြုတေ ဖွဲ့စည်းခြင်း အလယ်အဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
ထိပ်တန်းဂိုဏ်း သုံးခုတွင်ပင် ချီစုဆောင်းခြင်း အဆင့်၌ ဒန်တျန်း ပမာဏ စိတ်ဝိညာဥ်ချီ အမျှင်တန်း နှစ်ထောင်အထိ ရောက်ရှိသော ဂိုဏ်းသား မရှိသလောက် ရှားပါးလှပြီး သုံးထောင်ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။ ထိပ်တန်းဂိုဏ်း ဆယ်ခုတွင် အမျှင်တန်း တစ်ထောင့်ငါးရာပင် ရှားပါးသည်ဟု သတ်မှတ်ထားကြ၏။
လင်းမူ၏ သိုလှောင်နိုင်စွမ်းက အဆင့်တူ ကျင့်ကြံသူ တစ်ဦးထက် သုံးဆသာ ပိုများသည်ဟု ထင်ရသော်လည်း ထိုသို့ မဟုတ်ချေ။ လောလောဆယ် သုံးဆသာ ဖြစ်သော်လည်း ပိုမို မြင့်မားသော အဆင့်သို့ ရောက်ရှိသွားသောအခါ အဆပေါင်းများစွာ ပိုမို များပြားလာမည် ဖြစ်ပေသည်။
စိတ်ဝိညာဥ်ချီ အမျှင်တန်း တစ်ရာ ကွာခြားမှုသည်ပင် ရေရှည်တွင် ကြီးမားသော ကွာခြားချက် ဖြစ်လာမည်ပင်။ အဘယ်ကြောင့်ဆိုသော် ယင်းက စိတ်ဝိညာဥ်ချီများကို သန့်စင်ရန်နှင့် ဖိသိပ်ရန် နေရာပိုရရှိသည်ဟု ဆိုလိုသောကြောင့် ဖြစ်ပေသည်။ စိတ်ဝိညာဥ်ချီများကို ပိုမို သန့်စင်ပြီး ဖိသိပ်နိုင်လေ ကျင့်ကြံသူ တစ်ဦး၏ အခြေခံ အုတ်မြစ် ပိုမို ခိုင်မာလေ ဖြစ်ချေသည်။
သို့တိုင်အောင် သိုလှောင်နိုင်စွမ်း ပိုများသော ကျင့်ကြံသူ အများအပြား မရှိရခြင်းမှာ သူတို့ ပါရမီ မပါသောကြောင့် မဟုတ်ချေ။ ထိပ်တန်းဂိုဏ်းများတွင်ပင် ဂိုဏ်းသားများ နောက်တစ်ဆင့်သို့ တက်လှမ်းရန် အချိန်ပိုယူရမည် ဖြစ်၍ ဒန်တျန်း ကျယ်ပြန့်လာခြင်းကို ကန့်သတ်ထားလေ့ ရှိသောကြောင့် ဖြစ်ပေသည်။
နောက်ထပ် အဓိက ပြဿနာတစ်ခုမှာ ဒန်တျန်းကို ထိခိုက်ဒဏ်ရာရမှုက အသက်အန္တရာယ် ရှိနိုင်ပြီး ကျယ်ပြန့်လာမှုကြောင့် ဒန်တျန်း ကွဲအက်သွားပါက ကျင့်ကြံသူ ကိုယ်တိုင် ထာဝရ ဒုက္ခိတ ဖြစ်သွားနိုင်ချေ ကြီးမားသောကြောင့် ဖြစ်၏။
တစ်နည်းအားဖြင့် ပြောရလျှင် လင်းမူက ပုံမှန်မဟုတ်သော ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ကျင့်ကြံမှုကြောင့် သူ့ခန္ဓာကိုယ်ထဲတွင် အသက်စွမ်းအင် အမြောက်အမြား ပြည့်ဝနေသောကြောင့်သာ ထိုအခြေအနေမှ အသက်ရှင် လွတ်မြောက်ခဲ့ခြင်း ဖြစ်ပေသည်။ ကျင့်ကြံသူ အများစုက ချီစုဆောင်းခြင်း အဆင့်သို့ ရောက်ရှိသည်နှင့် အသက်စွမ်းအင်ကို စွန့်ပစ်လေ့ရှိပြီး စိတ်ဝိညာဥ်ချီထက် နိမ့်ကျသည်ဟု ထင်မှတ်ထားကြ၏။
လင်းမူ၏ အဖျား လုံးဝ ကျသွားသည်အထိ တစ်ရက်လုံးလုံး ကုန်ဆုံးသွားခဲ့သည်။ သူ့ဒန်တျန်း တည်ငြိမ်သွားပြီး ဆက်လက် ကျယ်ပြန့်ခြင်း မရှိတော့ချေ။ လင်းမူ၏ ဒန်တျန်း အောက်ခြေတွင် တစ်စက်ချင်းစီ လွင့်မျောနေသော စိတ်ဝိညာဥ်ချီ အရည်စက်များပင် ပေါင်းစပ်သွားပြီး ရေအိုင်ငယ်လေး တစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။
အကယ်၍ တစ်စုံတစ်ယောက်သာ ထိုရေအိုင်ငယ်လေးနှင့် ယင်းအထက်တွင် လွင့်မျောနေသော စိတ်ဝိညာဥ်ချီ အမျှင်တန်းများကို မြင်တွေ့ရပါက အင်မော်တယ် ပန်းချီကား တစ်ချပ်ထဲမှ မြင်ကွင်းတစ်ခုဟု ထင်မှတ်မိမည် ဖြစ်၏။
လင်းမူ၏ ဝမ်းဗိုက်ထဲတွင် အခြား အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်နေသည်။ ရှုပ်ထွေးပြီး နားလည်ရခက်သော ပုံကောက်ကြောင်းတစ်ခု သူ့အစာအိမ်ပေါ်တွင် ပေါ်လာ၏။ ထိုပုံကောက်ကြောင်းက လင်းမူ ပျောက်ဆုံး အင်မော်တယ်၏ အမွေအနှစ် ရတနာ ဖြစ်သော သစ်သားပေရွက်ကို ပထမဆုံးအကြိမ် ချိတ်ဆက်စဉ်က ပေါ်လာခဲ့သော ပုံကောက်ကြောင်းနှင့် အတူတူပင် ဖြစ်ပေသည်။
နားလည်ရခက်သော ပုံကောက်ကြောင်း မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး ယင်းထံမှ အင်းစာလုံးငယ်လေးများ စတင် ပေါ်လာ၏။ ထိုအင်းစာလုံးများမှာ ရှင်းလင်းစွာ မြင်တွေ့နိုင်ရန် သေးငယ်လွန်းပြီး ဘာအဓိပ္ပာယ်မှန်း နားလည်ရန် မဖြစ်နိုင်ချေ။ ယင်းတို့တွင် ရှုပ်ထွေးသော ပုံသဏ္ဍာန် တစ်မျိုးမျိုး ရှိနေသည်ကိုသာ မြင်တွေ့နိုင်ပေသည်။
ထိုအင်းစာလုံးများက အစာအိမ် တစ်ခုလုံးကို ပျံ့နှံ့သွားပြီး ကွန်ရက်တစ်ခု ဖွဲ့စည်းသွား၏။ ကွန်ရက်တွင် ကြီးမားသော ကွက်လပ်များ ရှိနေပြီး သေသပ်ပုံ မရချေ။ နားလည်ရခက်သော ပုံကောက်ကြောင်း မတည်မငြိမ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး ယင်းထံမှ ထိုအင်းစာလုံးငယ်လေး အချို့ ထပ်မံ ပေါ်လာသည်။ ထိုအင်းစာလုံးငယ်လေးများသည်လည်း ကွန်ရက်ထဲသို့ ဝင်ရောက်သွားပြီး အနည်းငယ် ပိုမို သိပ်သည်းသွား၏။
နားလည်ရခက်သော ပုံကောက်ကြောင်း ပိုမို မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသော်လည်း အင်းစာလုံးငယ်လေးများ ထပ်မံ မထုတ်လုပ်နိုင်တော့ချေ။ ယင်းက လောင်စာ ကုန်သွားသကဲ့သို့ နောက်ဆုံးအကြိမ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။ အင်းစာလုံးငယ်လေးများဖြင့် ဖွဲ့စည်းထားသော ကွန်ရက်က ကျုံ့ဝင်သွားပြီး လင်းမူ၏ အစာအိမ် မျက်နှာပြင်ထဲသို့ စိမ့်ဝင် ပျောက်ကွယ်သွား၏။
နားလည်ရခက်သော ပုံကောက်ကြောင်း ပျောက်ကွယ်သွားသည်နှင့် လင်းမူ မျက်လုံးဖွင့်လာသည်။
"ဟင်... ဘာ... အာ... မိုးကောင်းကင်ရေ... နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီလား..." ဆာလောင်မှုက သားရဲတစ်ကောင်ကဲ့သို့ သူ့ကို တိုက်ခိုက်လာသဖြင့် လင်းမူ နာကျင်စွာ အော်ဟစ်လိုက်၏။
သူ လက်စွပ်ထဲမှ အသားများကို အလျင်အမြန် ထုတ်ယူပြီး စတင် စားသောက်လိုက်သည်။ လွန်ခဲ့သော ရက်များအတွင်း သူ ချက်ပြုတ်ထားသော အသား အများအပြားကို လက်စွပ်ထဲ သိမ်းဆည်းထားခဲ့သော်လည်း တဖြည်းဖြည်း ကုန်ဆုံးလာနေပြီ ဖြစ်၏။ သူ့ဆာလောင်မှု ပိုမို တိုးလာနေကြောင်း လင်းမူ ကြိုတင် သိထားသဖြင့် သူ ချက်ပြုတ်သော အသား ပမာဏကို တိုးမြှင့်ထားခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်အထိ သူ စုဆောင်းထားသော သားရဲ အသေကောင် အားလုံး၏ ထက်ဝက်ခန့်ကိုပင် စားသောက်ပြီးစီးသွားပြီ ဖြစ်၏။ သို့တိုင်အောင် တစ်ခုခု ထူးဆန်းနေသည်ဟု သူ ခံစားနေရသည်။ ပုံမှန်အားဖြင့် သူ ဗိုက်ဆာလာသောအခါ စတင် စားသောက်လိုက်သည်နှင့် ချက်ချင်း ဗိုက်ဝလာလေ့ ရှိသော်လည်း ယခု ထိုသို့ မဖြစ်တော့ချေ။
လင်းမူ လောလောဆယ် နာကျင်မှုကို ပိုမို ဂရုစိုက်နေသောကြောင့် ခဏတာ လျစ်လျူရှုထားပြီး ဆက်လက် စားသောက်နေလိုက်၏။ သို့သော် မိနစ်အနည်းငယ် အကြာတွင် သားရဲတစ်ကောင်လုံး စားသောက်ပြီးစီးသွားသော်လည်း သူ့ဆာလောင်မှု တစ်ရာခိုင်နှုန်းပင် လျော့ကျမသွားကြောင်း တွေ့ရှိလိုက်ရ၏။
"စီနီယာ... တစ်ခုခု မှားနေပြီ..." လင်းမူ စိတ်ထဲမှ အော်ဟစ်လိုက်သည်။
"ငါ သိတယ်... မင်းခန္ဓာကိုယ်မှာ အပြောင်းအလဲ တချို့ ဖြစ်သွားပုံပဲ... မင်းရဲ့ စိတ်ဝိညာဥ်အာရုံနဲ့ အမြန် စစ်ဆေးကြည့်လိုက်... မင်းရဲ့ ဒန်တျန်း ပိုကျယ်လာတာ ဖြစ်နိုင်တယ်... ပြီးတော့ ပျောက်ဆုံး အင်မော်တယ်ရဲ့ အမည်မဲ့ ကျင့်စဉ်ကလည်း အကျိုးသက်ရောက်မှု တချို့ ရှိလာတာ ဖြစ်နိုင်တယ်..." ရွှီခုန်း အကြံပြုလိုက်၏။
လင်းမူ အနည်းငယ် ခဲယဥ်းစွာဖြင့် အာရုံခွဲလိုက်ပြီး ဆက်လက် စားသောက်နေရင်း သူ့ခန္ဓာကိုယ်ကို စောင့်ကြည့်ရန် စိတ်ဝိညာဥ်အာရုံကို အသုံးပြုလိုက်သည်။ သူ ကြိုတင် ချက်ပြုတ်ထားသော ဒုတိယမြောက် သားရဲကို ထုတ်ယူပြီး စားသောက်နေပြီ ဖြစ်၏။
လင်းမူ သူ့ကိုယ်တွင်းအင်္ဂါများကို အရင်ဆုံး စစ်ဆေးကြည့်ရာ ထူးခြားမှု မတွေ့ရချေ။ သူ့အစာအိမ်ကိုပင် အနီးကပ် စစ်ဆေးကြည့်သော်လည်း မည်သည့် ပြောင်းလဲမှုမျှ မတွေ့ရပေ။
'ဟင်... ငါ့ကိုယ်တွင်းအင်္ဂါတွေ မဟုတ်ဘူးဆိုတော့... ငါ့ဒန်တျန်းများလား...' လင်းမူ ပိုမို နက်ရှိုင်းစွာ ကြည့်ရှုရင်း တွေးလိုက်၏။
အခန်း ၂၂၇ ပြီး
***