လင်းမူ ထိုင်ချလိုက်ပြီး သူ့ခန္ဓာကိုယ်၏ လက်ရှိ အခြေအနေကို စောင့်ကြည့်ရန် ကြိုးစားလိုက်၏။ အခြေခံ အုတ်မြစ် ခိုင်မာလာပြီးနောက် အတိအကျ မည်သို့သော ကွာခြားချက်များ ရှိလာသည်ကို သူ သိချင်နေမိသည်။ အာရုံခံနိုင်စွမ်း အမြင့်ဆုံးသို့ ရောက်ရှိစေရန် စိတ်နှလုံး ဖြတ်တောက်ခြင်း မန္တာန်ကို ရွတ်ဖတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို စောင့်ကြည့်ရန် စိတ်ဝိညာဥ်အာရုံကို အသုံးပြုလိုက်၏။
ယခင်က အစာစားနေစဉ် တွေ့ခဲ့ရသော်လည်း ဆာလောင်မှု ဝေဒနာကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသဖြင့် အာရုံမစိုက်နိုင်ခဲ့ဘဲ သေချာ မစစ်ဆေးနိုင်ခဲ့ချေ။ သို့သော် ယခု ထိုဝေဒနာမှ လွတ်ကင်းပြီး ယခင်ကထက် ပိုမို ကောင်းမွန်နေသဖြင့် ထိုကဲ့သို့သော ကန့်သတ်ချက်များ မရှိတော့ပေ။
လင်းမူ ခန္ဓာကိုယ် အပေါ်ပိုင်းမှ အောက်ခြေအထိ စစ်ဆေးလိုက်၏။ သွေးကြောများကို ကြည့်ရှုလိုက်ရာ အချင်း အနည်းငယ် ကျယ်လာပြီး ပိုမို ထူထဲလာပုံ ရလေသည်။ ထို့နောက် အစာအိမ်ကို စစ်ဆေးကြည့်ရာ ယခင်အတိုင်းပင် ဖြစ်သော်လည်း တစ်ခုခု ပြောင်းလဲသွားသည်ဟု အလိုလိုသိစိတ်ဖြင့် သိနေ၏။
နောက်ဆုံးတွင် သူ့ဒန်တျန်းဆီသို့ ရောက်ရှိသွားပြီး ယခင်ကကဲ့သို့ ပန်းချီကား တစ်ချပ်နှင့် တူသော မြင်ကွင်းကို တွေ့လိုက်ရသော်လည်း ယခုတစ်ကြိမ်တွင်မူ သိပ်မအံ့သြတော့ချေ။ စိတ်ဝိညာဥ်ချီ အမျှင်တန်းများက စိတ်ဝိညာဥ်ချီ အရည်ကန် အထက်တွင် လွင့်မျောနေဆဲ ဖြစ်သော်လည်း အချိန်အခါအလိုက် ဒန်တျန်းမှ ထွက်ခွာပြီး သွေးကြောများထဲသို့ အလိုအလျောက် ဝင်ရောက်ကာ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်ပြီးနောက် ပြန်လည် ရောက်ရှိလာကြသည်။
အမျှင်တန်း အရေအတွက်မှာ တဖြည်းဖြည်း တိုးပွားလာနေပြီး ထိုအရှိန်နှုန်းက သူ၏ ယခင် သဘာဝအလျောက် ပြန်လည် ဖြည့်တင်းနှုန်းထက် များစွာ ပိုမြန်နေသဖြင့် သူ အံ့အားသင့်သွားရ၏။
'အခြေခံ အုတ်မြစ် ခိုင်မာတာက ငါထင်ထားတာထက် ဖုံးကွယ်နေတဲ့ အကျိုးကျေးဇူးတွေ အများကြီး ရှိနေပုံရတယ်...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်၏။
ထိုသို့ တွေးပြီးနောက် သူ့လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး အသားများ ထပ်မံ ချက်ပြုတ်ရန် မီးဖိုချောင်သို့ ထွက်လာလိုက်သည်။ သို့သော် ထိုနေရာသို့ ရောက်ပြီး မီးမွှေးရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို သတိပြုမိလိုက်၏။
"ဟင်... ထင်း ကုန်နေပြီပဲ... အင်း... သွားဝယ်ရမယ် ထင်တယ်... ဒါမှမဟုတ် ဟွေပင်းကို အကူအညီ တောင်းလိုက်ရင် ရလောက်ပါတယ်... ငါ လိုအပ်တာ ရှိရင် သူ့ကို တောင်းဆိုလို့ ရတယ်လို့ သူ ပြောခဲ့တာပဲ..." လင်းမူ ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
ထို့ကြောင့် သူ မီးဖိုချောင်မှ ထွက်လာပြီး ခြံစည်းရိုး တံခါးဆီသို့ လျှောက်သွားလိုက်၏။ တံခါးကို ဖွင့်ပြီး ဟွေပင်းကို ရှာကြည့်သော်လည်း ထိုနေရာတွင် မတွေ့ရချေ။
'သူ တခြား တစ်နေရာရာ သွားနေတာလား...' လင်းမူ တွေးလိုက်ပြီး စိတ်ဝိညာဥ်အာရုံဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်၏။
"ဒီမှာ မရှိဘူး... ဟွေ တပ်မဟာကများ သူ့ကို ခေါ်သွားတာလား..." လင်းမူ အသံထွက် တွေးတောလိုက်သည်။
ဘေးဘီဝဲယာကို ထပ်မံ ကြည့်ရှုပြီးနောက် သူကိုယ်တိုင် သွားဝယ်ရမည်ဟု တွက်ဆလိုက်၏။ ထို့ကြောင့် လင်းမူ ဈေးရှိရာဘက်သို့ စတင် လျှောက်လှမ်းသွားလိုက်သည်။ လက်စွပ်ထဲတွင် ချက်ပြုတ်ထားသော အသားအချို့ ကျန်ရှိနေသေးသော်လည်း အမည်မဲ့ ကျင့်စဉ်နှင့် ပတ်သက်၍ နောက်ထပ် စွန့်စားမှု မလုပ်လိုတော့ချေ။
သူ့ဆာလောင်မှု မည်မျှအထိ ပြင်းထန်လာနိုင်သည်ကို မသိသဖြင့် အပြည့်အဝ ပြင်ဆင်ထားလို၏။ ထို့အပြင် ယခုအချိန်တွင် သူ့ထံ၌ ငွေအလုံအလောက် ရှိနေပေသည်။ လင်းမူ ခပ်သွက်သွက် လမ်းလျှောက်ရင်း မြို့၏ မြင်ကွင်းများကို ကြည့်ရှုလိုက်၏။ သူ တံခါးပိတ် ကျင့်ကြံနေသည်မှာ အတော်ကြာပြီ ဖြစ်၍ ထိုသို့ အပြင်ထွက်ရသည်မှာ အနည်းငယ် လန်းဆန်းပေသည်။
'ဒါ မဆိုးပါဘူး... လမ်းလျှောက်ထွက်ပြီး စိတ်အပန်းဖြေရင်း ခေါင်းရှင်းအောင် လုပ်သင့်တယ် ထင်တယ်...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်၏။
"အဲဒါ အကြံကောင်းပဲ... မင်းရဲ့ ခွန်အားတွေ တိုးတက်လာပြီဆိုတော့ မင်းရဲ့ ကျင့်စဥ်တွေနဲ့ စွမ်းရည်တွေကို စမ်းသပ်ကြည့်သင့်တယ်... မင်းရဲ့ စွမ်းဆောင်ရည်နဲ့ ကန့်သတ်ချက်တွေကို အမြဲတမ်း ကောင်းကောင်း သိထားသင့်တယ်..." ရွှီခုန်း အကြံပေးလိုက်၏။
"ခင်ဗျား ပြောတာ မှန်ပါတယ် စီနီယာ... စီနီယာ အကြံပေးတဲ့အတိုင်း လုပ်ပါ့မယ်..." လင်းမူ မြို့ဈေးသို့ မရောက်မီ ပြန်ဖြေလိုက်၏။
ဆောင်းရာသီ အရှိန်အဟုန် ပြင်းထန်နေဆဲ ဖြစ်ပြီး နှင်းများ ကျဆင်းနေသဖြင့် စျေးက ပုံမှန်ထက် လူသူကင်းမဲ့နေ၏။ လင်းမူ ကိုယ်တိုင်လည်း ထူထဲသော ဝတ်ရုံများ မဝတ်ဆင်ထားဘဲ ရိုးရှင်းသော အဝတ်အစားများဖြင့်သာ ရှိနေသည်။ ယခင်ကဆိုလျှင် အနည်းဆုံးတော့ အအေးဒဏ်ကို ခံစားရမည် ဖြစ်သော်လည်း ယခုမူ အိမ်ထဲတွင် နေရသည်နှင့် မခြားနားတော့ချေ။
သူ့ခန္ဓာကိုယ်ထဲတွင် အပြည့်အဝ ထိန်းသိမ်းထားသော အသက်စွမ်းအင်က ရာသီဥတုဒဏ်မှ ကာကွယ်ပေးထားချေသည်။
ကုန်ပစ္စည်းများ ရောင်းချနေသော လူအချို့မှာ လုံလောက်သော အဝတ်အစား မရှိသဖြင့် အအေးဒဏ်ကြောင့် တုန်ရီနေကြ၏။ အချို့မှာမူ အားနည်းပြီး ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ကျင့်ကြံခြင်း နိမ့်ကျကြသည်။ လင်းမူ စူးစမ်းလိုစိတ်ဖြင့် ဈေးတစ်ခုလုံးကို စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်ရာ လူဆယ်ဂဏန်းခန့်တွင် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ငါးသို့ ရောက်ရှိသူ လေးဦးခန့်သာ ရှိကြောင်း တွေ့ရှိလိုက်ရ၏။
သူ တွေ့ရသော လူကြီး အများစုမှာ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်လေးနှင့် အောက်တွင်သာ ရှိကြသည်။ လမ်းထိပ်နှင့် ရင်ပြင်တွင် ရပ်နေသော အစောင့်များသာ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ခြောက် ကျင့်ကြံမှု ရှိကြပေသည်။
လင်းမူ ထင်းရောင်းသော လူအချို့ကို မကြာခင်မှာပင် တွေ့သွားပြီး အားလုံးကို ဝယ်ယူလိုက်၏။ အမှန်တကယ်တွင် ဈေးထဲ၌ လောလောဆယ် ရရှိနိုင်သော ထင်းအားလုံးကို သူ ဝယ်ယူလိုက်ခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ လူများက သူ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်ကြပြီး ဈေးသည် အချို့ကမူ သူ့တွင် ထိုမျှလောက် ငွေရှိပါ့မလားဟုပင် သံသယ ဝင်ကြ၏။
သို့သော် သူ ဒင်္ဂါးပြားများကို ပြသလိုက်သည်နှင့် သူတို့၏ သဘောထား ချက်ချင်း ပြောင်းလဲသွားပြီး အလျင်အမြန် လက်ခံလိုက်ကြသည်။ လင်းမူ ထိုနေရာတွင် ထင်းများကို လက်စွပ်ထဲ မသိမ်းဆည်းသင့်ကြောင်း သိထားသဖြင့် သူ့အိမ်သို့ ပို့ဆောင်ပေးရန် တောင်းဆိုလိုက်ရာ သူတို့ ဝမ်းမြောက်စွာ လက်ခံလိုက်ကြ၏။
လင်းမူ ထင်းအားလုံး ဝယ်ယူရန် ရွှေဒင်္ဂါးပြား တစ်ပြား၏ တစ်ဝက်ခန့် သုံးစွဲလိုက်ရသည်။ ထိုကဲ့သို့ ဓနဥစ္စာ ပြသမှုက မလိုလားအပ်သော အကြည့်အချို့ကို ဆွဲဆောင်ခဲ့သော်လည်း လင်းမူ သတိမထားမိလိုက်ချေ။
'သစ်တောဘက် လမ်းလျှောက်သွားရအောင်... ငါ့စွမ်းရည်တွေကိုလည်း စမ်းသပ်ဖို့ လိုတယ်...' လင်းမူ သစ်တောဘက်သို့ ဦးတည်ချက် မပြောင်းမီ တွေးလိုက်၏။
သို့သော် သူ့နောက်တွင် လူအနည်းငယ် လိုက်ပါလာကြသည်။ သူတို့က အတော်အတန် အကွာအဝေးမှ လိုက်ပါလာသဖြင့် လင်းမူ သတိမထားမိသလို လောလောဆယ် သူ့အာရုံက အခြား တစ်ခုခုပေါ်တွင် ရောက်ရှိနေပြီး အတွေးလွန်နေသောကြောင့်လည်း ပါချေသည်။
နောက်ဆုံးတွင် လင်းမူ မြို့စွန်သို့ ရောက်ရှိသွားပြီး မြောက်ဘက်မှ ထွက်ခွာလာခဲ့၏။ မြို့နှင့် အတော်အတန် ဝေးကွာသော နေရာသို့ ရောက်သည်နှင့် ခြေသံများကို သူ ကြားလိုက်ရသည်။ မြို့ထဲတွင် ရှိနေစဉ်က လူများစွာ ရှိသဖြင့် သတိမထားမိခဲ့သော်လည်း ယခု အပြင်ဘက် ရောက်သည်အထိ သူ့နောက်သို့ လိုက်ပါလာကြခြင်းပင်။
“ဟူး… ဒါက လွမ်းဆွတ်စရာပဲ..."
အခန်း ၂၂၉ ပြီး
***