လင်းမူကို နောက်ယောင်ခံလိုက်လာသူများက ယခု သူ့စိတ်ဝိညာဥ်အာရုံ နယ်ပယ်ထဲ ရောက်ရှိနေပြီ ဖြစ်၍ သူ မြင်တွေ့နေရလေပြီ။ သူ့အနောက်တွင် စုစုပေါင်း လူ ၅ ယောက် ရှိပြီး ထိုအထဲမှ နှစ်ယောက်ကို အတော်လေး ရင်းနှီးနေသဖြင့် သူ အံ့သြသွားမိ၏။
"ဒီနှစ်ယောက်လား... နှင်းဖုံးယုန် သွားရောင်းတုန်းက ငါ့ကို လိုက်ဖမ်းခဲ့တဲ့ လူတွေ မဟုတ်လား..." လင်းမူ အံ့သြတကြီး ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
လင်းမူ သူတို့ကို သတိထားမိသွားပြီ ဖြစ်ကြောင်း မြင်သောအခါ ထိုလူများ၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးများ ပေါ်လာပြီး အချို့မှာ ပို၍ပင် ယုတ်မာပုံ ရလေသည်။ သို့သော် သူတို့ အနီးသို့ ရောက်လာသောအခါ လင်းမူ လုံးဝ မလှုပ်ရှားသကဲ့သို့ မျက်နှာအမူအရာလည်း မပြောင်းလဲကြောင်း သတိပြုမိလိုက်ကြ၏။
"ဟားဟား... ဒီကောင်လေး ကြောက်လွန်းလို့ ကြောင်အသွားပြီ ထင်တယ်..." လူတစ်ယောက်က ပြောလိုက်၏။
"ဖြစ်ရမှာပေါ့... သူ့ကို ကြည့်ပါဦး... ပိန်ပိန်သေးသေးလေး... ငါတို့ သစ်ကိုင်းလေး တစ်ချောင်းလို အလွယ်တကူ ချိုးပစ်လို့ ရတယ်..." အရပ်ခြောက်ပေကျော် မြင့်ပြီး ဓားတစ်လက် ကိုင်ဆောင်ထားသော အခြားလူတစ်ယောက်က နှိမ့်ချသော လေသံဖြင့် ပြောလိုက်သည်။
လင်းမူကို ယခင်က လိုက်ဖမ်းခဲ့ဖူးသော လူနှစ်ယောက် နောက်ဆုံးတွင် သူ ဘယ်သူမှန်း မှတ်မိသွားကြ၏။ လွန်ခဲ့သော လအနည်းငယ်အတွင်း သူ့ရုပ်ရည် အနည်းငယ် ပြောင်းလဲသွားသဖြင့် မှတ်မိရန် အချိန်အနည်းငယ် ယူလိုက်ရခြင်း ဖြစ်သည်။ အများကြီး မပြောင်းလဲသော်လည်း တစ်ကြိမ်သာ မြင်ဖူးသူ တစ်ဦးအတွက်မူ အတော်လေး ကွာခြားနေဆဲ ဖြစ်ပေသည်။
"မင်း..." ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်က အော်ဟစ်လိုက်၏။
"ညီအစ်ကိုတို့... ဒါ အရင်တုန်းက ငါတို့ကို အရူးလုပ်သွားတဲ့ ကောင်လေးပဲ... အစ်ကိုကြီးကိုတောင် အရှက်ကွဲအောင် လုပ်သွားသေးတယ်..." ဒုတိယလူက ရှင်းပြလိုက်သည်။
"အာ... ဒါဆိုရင် အရင်ကထက် ရှင်းစရာ ကိစ္စတွေ ပိုများလာပြီပေါ့..." လူ ၅ ယောက်၏ ခေါင်းဆောင် ဖြစ်ပုံရသော လူက လက်ဆစ်များကို ချိုးရင်း ပြောလိုက်၏။
"ဟေ့ကောင်... မင်းဆီမှာ ရှိတဲ့ ပိုက်ဆံတွေ အကုန်ပေးပြီး မြေကြီးပေါ်မှာ အကြိမ်တစ်ရာလောက် ခေါင်းတိုက် တောင်းပန်လိုက်... အဲဒါဆိုရင် ငါတို့ မင်းကို လွှတ်ပေးချင်စိတ် ပေါက်ရင် ပေါက်လာမှာ..." ကြွက်နှင့်တူသော ရုပ်ရည်ရှိသည့် နောက်ဆုံးလူက စူးရှသော အသံဖြင့် ပြောလိုက်သည်။
လင်းမူ သူတို့၏ လှောင်ပြောင်မှုများကို မတုံ့ပြန်ဘဲ သူတို့၏ ရယ်စရာကောင်းသော အပြုအမူများကိုသာ စိုက်ကြည့်နေလိုက်၏။
"ဒီကမ္ဘာမှာ ကြွက်လူသားတွေ ရှိမှန်း ငါ မသိခဲ့ဘူး..." ရွှီခုန်း သဘောကျစွာ ပြောလိုက်သည်။
လင်းမူ စီနီယာ ရွှီခုန်း ဘာကိုပြောချင်မှန်း ချက်ချင်း သဘောပေါက်သွားပြီး ရယ်လိုက်မိသည်။
"ဟုတ်တယ် စီနီယာ... သူက တကယ် ကြွက်နဲ့ တူတာပဲ... တကယ်များ သားရဲလူသား တစ်ယောက် ဖြစ်နေမလား မသိဘူး..." လင်းမူ အသံထွက် ပြောလိုက်သည်။
ကြွက်နှင့်တူသော မျက်နှာရှိသည့် လူ၏ နဖူးတွင် သွေးကြောများ ထောင်ထလာ၏။
"မင်း ဘာပြောလိုက်တယ် ကောင်လေး... မင်းက ဖေဖေကြီးကို စော်ကားရဲတယ်ပေါ့လေ... ငါ မင်းကို ပညာပေးမယ်... ငါတို့ သမပြီးသွားရင် မင်း အရိုးတောင် ကျန်မှာ မဟုတ်ဘူး..." ကြွက်နှင့်တူသော လူက ပြောလိုက်သည်။
"ညီလေး... ဒီကောင်လေးရဲ့ မိဘတွေက သူ့ကို ယဉ်ကျေးမှု ဘာညာ မသင်ပေးခဲ့ဘူး ထင်တယ်..."
"ငါတို့ ဘယ်သိမလဲ... သူ့အမေက ပြည့်တန်ဆာမ ဖြစ်ပြီး တခြား ယောက်ျားတွေနဲ့ အလုပ်ရှုပ်နေလို့ သူ့ကို သင်ပေးဖို့ အချိန်မရှိတာလည်း ဖြစ်နိုင်တာပဲ..." မီးခိုးရောင် အင်္ကျီဝတ် လူတစ်ယောက်က စော်ကားလိုက်၏။ သူ့ကျောတွင် ပုဆိန်တစ်လက် ပါရှိပြီး ဘယ်ဘက် နားရွက်မှ လည်ပင်းအထိ ရှည်လျားသော အမာရွတ် တစ်ခု ရှိလေသည်။
"ဟုတ်တယ်... ဟုတ်တယ်... သူ့အဖေကလည်း အားနည်းတဲ့ မိန်းမလျာ တစ်ယောက် ဖြစ်ရမယ်... သူ့ကို ကြည့်ရတာ ပိန်လှီနေတာပဲ..." ခေါင်းဆောင်ဖြစ်သူက ဖြည့်စွက် ပြောလိုက်၏။
သို့သော် ထိုစကားများ ပြောလိုက်သည်နှင့် ပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲသွားတော့သည်။ ယခင်က အေးစက်နေသော်လည်း ယခုမူ ကျောချမ်းစရာ ကောင်းလာ၏။ ထိုလူများ အားလုံး သူတို့ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော အအေးဒဏ်ကို ခံစားလိုက်ကြရသည်။
သူတို့ အနီးတွင် ရုတ်တရက် ပေါ်လာသော မကောင်းဆိုးဝါး အရှိန်အဝါ တစ်ခုကိုလည်း ခံစားလိုက်ရ၏။ သူတို့ အားလုံး အသံလာရာသို့ ပြိုင်တူ လှည့်ကြည့်လိုက်ရာ ရက်စက်သော မျက်နှာထားဖြင့် ရပ်နေသော လင်းမူကို တွေ့လိုက်ရသည်။ သူ့နှုတ်ခမ်းများ လှုပ်ရှားနေပြီး တစ်ခုခု ရေရွတ်နေသော်လည်း သူတို့ ဘာမှ မကြားရချေ။
ဂလု
အမည်မသိ ကြောက်ရွံ့မှု တစ်ခုက သူတို့ကို လွှမ်းမိုးသွားသဖြင့် ထိုလူများ တံတွေးမြိုချလိုက်မိကြသည်။ အကြောင်းရင်းကို မသိသော်လည်း သူတို့ရှေ့မှ လူက အန္တရာယ်များလွန်းမှန်း သိလိုက်ကြ၏။ တကယ်ဆိုလျှင် လင်းမူက အားနည်းပြီး ငယ်ရွယ်ပုံ ပေါက်သော်လည်း သူတို့၏ ဗီဇစိတ်ကမူ လုံးဝ ဆန့်ကျင်ဘက်ကို ပြောပြနေပေသည်။
ခေါင်းဆောင်ဖြစ်သူက ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ထိန်းချုပ်ပြီး ထိုထူးဆန်းသော မှော်အတတ်မှ ရုန်းထွက်လိုက်၏။
"မင်းတို့ ဘာရပ်လုပ်နေကြတာလဲ... သူ့ကို ဖမ်းစမ်း..." ခေါင်းဆောင်က အော်ဟစ်လိုက်သည်။
ခွပ်
ကျန်လူလေးယောက် နောက်ဆုံးတွင် တွေဝေမှုမှ ရုန်းထွက်လာပြီး လှုပ်ရှားရန် ပြင်လိုက်စဉ် ရွံရှာဖွယ် ကောင်းသော ကျိုးပဲ့သံ တစ်ခုကို ကြားလိုက်ရ၏။
ဗြန်း
စိုစွတ်ပြီး နွေးထွေးသော အရည်တစ်မျိုး သူတို့ မျက်နှာများနှင့် ခန္ဓာကိုယ်များပေါ်သို့ ပန်းကျလာသဖြင့် သူတို့ဘေးတွင် ရပ်နေသူကို လှည့်ကြည့်လိုက်ကြသည်။ ယခင်က သူတို့ရှေ့တွင် ရှိနေသော လူက ယခု သူတို့ဘေးတွင် ရောက်နေလေပြီ။ လင်းမူ၏ လက်က သူ့အမေကို စော်ကားခဲ့သော လူ၏ ဦးခေါင်းအကြွင်းအကျန်များပေါ်တွင် ရှိနေ၏။
လူတစ်ယောက် သူ့မျက်နှာကို စမ်းကြည့်ပြီး ပန်းကျလာသော နွေးထွေးသည့် အရည်ကို ကြည့်လိုက်သည်။
"သွေး..." ထိုလူ တွေဝေငေးမောစွာ ပြောလိုက်၏။
ကျန်လူလေးယောက် ယခု ဘာဖြစ်သွားမှန်း နားမလည်နိုင်ဘဲ ကြောင်အနေကြသည်။ လွန်ခဲ့သော တစ်ခဏက သူတို့ အကောင်းပကတိ ရပ်နေကြပြီး လင်းမူက သူတို့ရှေ့ အဝေးကြီးတွင် ရှိနေခဲ့ပေသည်။ သို့သော် ယခု တစ်ဖက်လူက သူတို့အနီးသို့ ရောက်နေပြီး သူတို့အဖော်၏ ခေါင်းက ကြေမွသွားပုံ ရလေသည်။
လင်းမူ ထိုအနေအထားအတိုင်း ဆက်နေပြီး သူ့အဖေကို စော်ကားခဲ့သော လူဘက်သို့ စက်ရုပ်တစ်ရုပ်ကဲ့သို့ ခေါင်းလှည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် ယခင်ကကဲ့သို့ ရက်စက်သော အမူအရာ ရှိနေဆဲ ဖြစ်သော်လည်း ထိုတစ်ကြိမ်တွင် သွေးများနှင့် ဦးနှောက်အစအနများ ပေကျံနေပေသည်။
"မင်း အဲဒီလို မပြောသင့်ဘူး..." လင်းမူ အေးစက်သော လေသံဖြင့် ပြောလိုက်၏။
လင်းမူ၏ အသံကို ကြားလိုက်ရသည့်အခါ ထိုလူများ သူတို့ နှလုံးသားပေါ်တွင် မီးလောင်နေသော သံမဏိကို ဖိကပ်ထားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့ စကားပြောရန်နှင့် လှုပ်ရှားရန် ကြိုးစားသော်လည်း ကြောက်ရွံ့မှုကြောင့် မြေကြီးပေါ်တွင် အမြစ်တွယ်နေသကဲ့သို့ ဖြစ်နေမှန်း သိလိုက်ရ၏။ သူတို့စိတ်က မည်မျှပင် ကြိုးစားစေကာမူ ခန္ဓာကိုယ်က လုံးဝ မနာခံတော့ချေ။
စက္ကန့်များ ကုန်ဆုံးနေသည်နှင့်အမျှ လင်းမူ၏ မျက်နှာထား ပိုမို ခက်ထန်လာပြီး မျက်နှာပေါ်တွင် သွေးကြောများ ထောင်ထလာကာ မျက်လုံးများ နီရဲလာ၏။ အသက်စွမ်းအင်နှင့် ချီစွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲ ဖြတ်သန်းစီးဆင်းသွားပြီး ကြွက်သားတိုင်း ခွန်အားများဖြင့် ပြည့်နှက်လာကြသည်။
သူ့ခန္ဓာကိုယ်က အရွယ်အစား တစ်ဆခန့် ကြီးထွားလာသလို ထင်ရပြီး သူ ဝတ်ဆင်ထားသော ပွယောင်းယောင်း အဝတ်အစားများပင် တင်းကျပ်သွား၏။
အခန်း ၂၃၀ ပြီး
***