လင်းမူ သိုသိုသိပ်သိပ် နေရန် ဂရုမစိုက်တော့ဘဲ မြို့လယ်ခေါင်ဆီသို့ အပြေးအလွှား သွားလိုက်၏။ ယခု သူ အလိုချင်ဆုံး အရာမှာ အိမ်ပြန်ပြီး ကျင့်ကြံရန်သာ ဖြစ်ပေသည်။ သူ အပြင်ထွက်ခဲ့မိသည်ကိုပင် နောင်တရနေပြီး ထင်းဝယ်ပြီးသည်နှင့် အစကတည်းက အိမ်သို့ တိုက်ရိုက် ပြန်လာခဲ့လျှင် ပိုကောင်းမည်လားဟု တွေးတောနေမိသည်။
လမ်းတစ်လျှောက်ရှိ လူများက သူ ပြေးလွှားသွားသည်ကို မြင်တွေ့လိုက်ရပြီး အလွန်အမင်း အံ့သြသွားကြ၏။ အစောင့်များပင် သူ့ကို တားဆီးရန် ကြိုးစားချင်သော်လည်း သူ့အရှိန်မှာ သူတို့ ယှဉ်နိုင်သည့် အရာမဟုတ်ချေ။ သူတို့ မတုံ့ပြန်နိုင်မီမှာပင် လင်းမူ သူတို့ကို ကျော်ဖြတ်သွားပြီ ဖြစ်၏။
သို့တိုင်အောင် လင်းမူကို မှတ်မိပုံရသော အစောင့်အချို့ ရှိနေသေး၏။
"မြို့အကြီးအကဲ အသစ်ရဲ့ ဂုဏ်သရေရှိ ဧည့်သည် လင်းမူ မဟုတ်လား... သူ့ကို ဘာဖြစ်လို့လဲ..." လင်းမူကို မှတ်မိသော အစောင့်တစ်ဦးက ပြောလိုက်၏။
သူ့အဖော်များနှင့် အနီးအနားရှိ မြို့သူမြို့သားများက သူ့စကားကို ကြားပြီး အံ့သြသွားကြသည်။
"အဲဒါ စီနီယာ လင်းမူလား..." အခြား အစောင့်တစ်ဦးက မေးလိုက်၏။
"မြို့အကြီးအကဲ အသစ်ရဲ့ ဧည့်သည်ပီပီပဲ... သူ့ကျင့်ကြံခြင်းက ပြိုင်ဘက်ကင်းတာပဲ..." အနည်းငယ် ဝဖြိုးသော အစောင့်တစ်ဦးက မြှောက်ပင့်သော လေသံဖြင့် ပြောလိုက်၏။
သို့သော် အစောင့်တစ်ဦးကမူ လင်းမူ ပြေးလွှားနေစဉ် သူ၏ စိတ်အနှောင့်အယှက် ဖြစ်နေပြီး စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာထားကို မြင်တွေ့လိုက်ရသည်။ ထိုအစောင့်က အမှန်တကယ်တွင် ဟွေ တပ်မဟာ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး လင်းမူကို ကိုယ်တိုင် မြင်တွေ့ဖူးကာ သူ့စွမ်းအားကိုလည်း မျက်မြင်ကိုယ်တွေ့ ကြုံဖူးသူ ဖြစ်ပေသည်။ အစောင့်အဖြစ် တာဝန်ချထားခံရသော ဟွေ တပ်မဟာ အဖွဲ့ဝင် အားလုံးကို လင်းမူအကြောင်း ကြိုတင် အသိပေးထားပြီး သူ့လှုပ်ရှားမှုများကို ဟွေပေါင်ထံ အစီရင်ခံရန် မှာကြားထားပေသည်။
ထိုအစောင့် ထိုအရာကို မြင်သည်နှင့် မြို့လယ်ခေါင်ဆီသို့ ချက်ချင်း ထွက်သွားလိုက်၏။ သို့သော် လင်းမူလည်း ထိုနေရာသို့ ဦးတည်သွားနေကြောင်း သူ တွေ့လိုက်ရသည်။
"သူ မြို့လယ်ခေါင်ဆီကို ဒီလောက် အလျင်စလို သွားနေတာ... ကြီးမားတဲ့ ကိစ္စတစ်ခုခု ဖြစ်လို့လား..." အစောင့်က ဆက်လက် သွားနေရင်း မေးခွန်းထုတ်လိုက်၏။
လင်းမူ မကြာမီ မြို့လယ်ခေါင်သို့ ရောက်ရှိသွားပြီး ရုံးခန်းဆီသို့ အလျင်အမြန် တက်သွားလိုက်သည်။ ဝင်ပေါက်ရှိ အစောင့်များက သူ ဖြတ်သွားစဉ် လက်နှစ်ဖက် ဆုပ်ကာ နှုတ်ဆက်ကြပြီး အထဲသို့ ဝင်ခွင့်ပြုလိုက်၏။ လင်းမူ ရုံးခန်းတံခါး ပွင့်နေသည်ကို တွေ့လိုက်ရပြီး ဟွေပေါင် စားပွဲတွင် ထိုင်နေကာ အခြား တစ်စုံတစ်ယောက်လည်း သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
လင်းမူ သူ့ကို ချက်ချင်း မှတ်မိလိုက်၏။ သူက ကြီးကြပ်ရေးမှူး လီဖုန်းမှလွဲ၍ အခြားသူ မဟုတ်ပေ။
လင်းမူ ဝင်လာသည်နှင့် ဟွေပေါင် မော့ကြည့်လိုက်ပြီး သူ့မျက်နှာထားကို သတိပြုမိလိုက်သည်။ မကောင်းသော ခံစားချက် တစ်ခု သူ့စိတ်ထဲတွင် ပေါ်လာပြီး အံကြိတ်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။
“ဟူး… ကြီးကြပ်ရေးမှူး လီဖုန်း... ခင်ဗျားနဲ့ နောက်မှ စကားပြောကြတာပေါ့... ကျုပ်မှာ... ပိုအရေးကြီးတဲ့ ကိစ္စတွေ ဖြေရှင်းစရာ ရှိနေလို့ပါ..." ဟွေပေါင် ပြောလိုက်၏။
လီဖုန်း သူ့စကားကို ကြားပြီး အဘယ်ကြောင့် အစည်းအဝေးကို ရုတ်တရက် ရပ်တန့်လိုက်ရသနည်းဟု မေးချင်သော်လည်း သူ့လေးနက်သော မျက်နှာထားကို ကြည့်ပြီး ပြန်စဉ်းစားလိုက်၏။ ဟွေပေါင်က လောလောဆယ် သူ့ထက် အဆင့်အတန်း မြင့်မားပြီး ကျင့်ကြံသူ တစ်ဦးလည်း ဖြစ်ပေသည်။ ယာယီ မြို့အကြီးအကဲ ဖြစ်သော ဟွေဝင်က သူမ မရှိခိုက် မြို့ကို စီမံခန့်ခွဲရန် သူ့ကို ကိုယ်တိုင် ခန့်အပ်ခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် လီဖုန်း ထပ်မမေးတော့ဘဲ ချက်ချင်း မတ်တတ်ရပ်လိုက်သည်။ သူ လင်းမူကို တစ်ချက် ကြည့်လိုက်ပြီး အံ့သြသွား၏။ တစ်ဖက်လူ၏ မျက်နှာထားနှင့် ဖြာထွက်နေသော မှုန်မှိုင်းသည့် အရှိန်အဝါကိုလည်း သူ မြင်တွေ့လိုက်ရပေသည်။
'သူ ဘာလို့ ဒီရောက်နေတာလဲ... တရားခံတွေနဲ့ ပတ်သက်နေပြန်ပြီလား...' သူ အပြင်မထွက်မီ စိတ်ထဲမှ မေးခွန်းထုတ်လိုက်မိသည်။
လီဖုန်း အခန်းထဲမှ ထွက်သွားသည်နှင့် လင်းမူ စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်ကို အမြန် စစ်ဆေးလိုက်၏။ သူ့စိတ်ဝိညာဥ်အာရုံက ဟွေပေါင်ကိုလည်း ဖြတ်သန်းသွားပြီး ဟွေပေါင် ခံစားမိလိုက်သည်။ သူ့ကို ထိတွေ့လိုက်သည်နှင့် အအေးဓာတ် တစ်ခု သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းသွားပြီး ခဏတာမျှ ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။
'သူ့စိတ်ဝိညာဥ်အာရုံက... အရင်ကနဲ့ ယှဉ်လို့မရဘူး... ပြီးတော့ အဲဒီ ခံစားချက်က ဘာလဲ... သတ်ဖြတ်လိုစိတ်လား... သူ အခု ဘာလုပ်ခဲ့ပြန်ပြီလဲ...' ဟွေပေါင် ကိုယ့်ဘာသာ မေးခွန်းထုတ်လိုက်၏။
လင်းမူ သူတို့ပြောတာကို နားထောင်နေသူ မရှိကြောင်းနှင့် လွတ်လပ်မှု ရှိကြောင်း သေချာသွားသောအခါ ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြောပြပြီး အလောင်းများကို ရှင်းလင်းပေးရန် တောင်းဆိုလိုက်၏။
“ဂလု… သဘောပါပဲ... မင်း အခု သွားနားလို့ ရပါပြီ... ငါ အစောင့်တချို့ လွှတ်ပြီး ရှင်းလင်းခိုင်းလိုက်ပါ့မယ်..." ဟွေပေါင် ပြန်ဖြေလိုက်၏။
"ကျေးဇူးပါပဲ..." လင်းမူ တည်ငြိမ်သော လေသံဖြင့် ပြောဆိုပြီး ရုံးခန်းထဲမှ ထွက်ခွာသွား၏။
လင်းမူ ထွက်သွားပြီးနောက် ဟွေပေါင် မျက်မှောင်ကြုတ်သွားပြီး လှမ်းခေါ်လိုက်သည်။
"အစောင့်တွေ..."
စက္ကန့်အနည်းငယ် အတွင်း အစောင့်လေးဦး အခန်းထဲ ရောက်ရှိလာ၏။ သူတို့ အားလုံး ဟွေ တပ်မဟာ အဖွဲ့ဝင်များ ဖြစ်ကြပြီး အစောင့်များအဖြစ် ရုပ်ဖျက်ထားကြခြင်း ဖြစ်ပေသည်။
"ဘာပြဿနာ ရှိလို့လဲ ခေါင်းဆောင်..." တစ်ယောက်က မေးလိုက်၏။
"လူတချို့ ခေါ်လိုက်... ငါတို့ သွားစစ်ဆေးစရာ တစ်ခုရှိတယ်... ဪ... ပြီးတော့ အစောင့်တချို့ကို ဒီလူတွေအကြောင်း စုံစမ်းခိုင်းလိုက်..." ဟွေပေါင် ဖြေလိုက်ပြီးနောက် သူတို့ကို အချက်အလက် အချို့ ရှင်းပြလိုက်၏။
အစောင့်များ၏ မျက်နှာထား လေးနက်သွားပြီး တစ်ယောက်က တာဝန်ထမ်းဆောင်ရန် လျင်မြန်စွာ ထွက်ခွာသွားကာ ကျန်သူများကမူ ဟွေပေါင်နှင့်အတူ အပြင်သို့ ထွက်လာကြ၏။ သူတို့ ဦးတည်ရာ နေရာမှာ လင်းမူ လူငါးယောက်ကို သတ်ဖြတ်ခဲ့သော နေရာမှလွဲ၍ အခြား မဟုတ်ပေ။
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရသော နေရာသို့ ရောက်ရှိသောအခါ ဟွေ တပ်မဟာ အဖွဲ့ဝင်များ အံ့သြတုန်လှုပ်သွားကြပြီး ဟွေပေါင်၏ မျက်နှာထား အနည်းငယ် ပျက်ယွင်းသွား၏။
"ဒါကို ရှင်းလင်းလိုက်... ပြီးတော့ ဒီအကြောင်း တခြား ဘယ်သူ့ကိုမှ တစ်ခွန်းမှ မဟစေနဲ့..." ဟွေပေါင် အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့ ခေါင်းဆောင်..." သူတို့ ပြန်ဖြေပြီး အလုပ်စတင်လိုက်ကြသည်။
'ဟူး ငါ ခေါင်းဆောင်ကို အစီရင်ခံမှ ဖြစ်မယ်... လင်းမူ တစ်ခုခု ဖြစ်နေသလိုပဲ...' ဟွေပေါင် တွေးလိုက်၏။
မြို့ထဲတွင်မူ လင်းမူ သူ့အိမ်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်ပြီ ဖြစ်၏။ သူ ခြံဝင်းထဲသို့ ဝင်လိုက်ရာ သူ ဝယ်လာသော ထင်းများကို ခြံထဲတွင် ထားခဲ့ကြမှန်း တွေ့လိုက်ရသည်။ ထိုနေရာတွင် သူ့အတွက် လအနည်းငယ်ခန့် အသုံးပြုရန် လုံလောက်သော ထင်းများ အများအပြား ရှိနေပေသည်။ သူ အခန်းထဲ မဝင်မီ လက်စွပ်ထဲသို့ အလျင်အမြန် သိမ်းဆည်းလိုက်၏။
သူ ရှုပ်ပွနေဆဲ ဖြစ်သော အခန်းကို တစ်ချက်ကြည့်လိုက်ပြီး သန့်ရှင်းရေး စတင် လုပ်ဆောင်လိုက်သည်။ မိနစ်အနည်းငယ် အကြာတွင် အခန်း သန့်ရှင်းသွားသော်လည်း အသားနံ့ သဲ့သဲ့ လေထဲတွင် ကျန်ရှိနေသေး၏။
"အနည်းဆုံးတော့ အနံ့က မဆိုးပါဘူး... ရွံစရာ အနံ့လည်း မဟုတ်ဘူး..." လင်းမူ ကိုယ့်ဘာသာ ပြောလိုက်ပြီး အသားများ ထပ်မံ ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။
အရာအားလုံး ပြင်ဆင်ပြီး အဆင်သင့် ဖြစ်သွားသောအခါ နောက်ဆုံးတွင် သူ ကျင့်ကြံရန် ပြန်လည် ထိုင်ချလိုက်သည်။
"ကျင့်ကြံခြင်းကပဲ ငါ့ကို တည်ငြိမ်အောင် လုပ်ပေးနိုင်လိမ့်မယ်..."
အခန်း ၂၃၂ ပြီး
***