လင်းမူ၏ စိတ်အခြေအနေ ပုံမှန် ပြန်ဖြစ်လာသည်အထိ ကျင့်ကြံခြင်းဖြင့် တစ်ရက် ကုန်ဆုံးသွားခဲ့သည်။
ထိုအချိန်အတွင်း သူ စိတ်နှလုံး ငြိမ်းအေးမန္တာန်ကို အဆက်မပြတ် ရွတ်ဖတ်နေခဲ့သော်လည်း ယခင်ကလောက် အာနိသင် မရှိတော့ကြောင်း သိလိုက်ရ၏။
'မိစ္ဆာလမ်းစဉ်က အမြဲတမ်း ကြီးစိုးလွှမ်းမိုးတတ်တဲ့ သဘောရှိတယ်... သူ အသားကျဖို့ အချိန်ပိုယူရလိမ့်မယ်... ဗုဒ္ဓလမ်းစဉ်ရဲ့ အသိအမှတ်ပြုမှုကို ရထားပေမယ့် အဲဒီရဲ့ အနှစ်သာရကို သူ သေချာ မဆုပ်ကိုင်နိုင်သေးဘူး... မိစ္ဆာလမ်းစဉ်ကတော့ ဆုပ်ကိုင်ရတာ အများကြီး ပိုလွယ်တယ်... လိုအပ်တာက ဒေါသပဲကိုး...' ရွှီခုန်း တွေးလိုက်၏။
လင်းမူ မျက်လုံးဖွင့်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့မျက်နှာထား တည်ငြိမ်နေပြီး ယခင်က စိတ်ဆင်းရဲမှု အရိပ်အယောင်များ လုံးဝ မရှိတော့ချေ။ ယခင် အခြေအနေမှ လုံးဝ သန့်စင်သွားပြီ ဖြစ်ပေသည်။
"စီနီယာ... မနေ့က ကျွန်တော် ကြုံတွေ့ခဲ့ရတာတွေကို ကြည့်ရင် ကျွန်တော် နှလုံးသား လောင်ကျွမ်းခြင်း မန္တာန်ကို သုံးပြီး ပိုကောင်းအောင် ထိန်းချုပ်နိုင်ဖို့ လိုအပ်ပုံရတယ်..." လင်းမူ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
"အင်း... ငါ တွေးနေတာနဲ့ ကွက်တိပဲ... ဟုတ်တယ်... မင်း အဲဒီလို လုပ်သင့်တယ်... မင်း အဲဒီအခြေအနေနဲ့ အသားကျပြီး ရင်းနှီးသွားရင် ပိုကောင်းကောင်း ထိန်းချုပ်နိုင်လာမယ့်အပြင် မင်းရဲ့ ခွန်အားတောင် နောက်တစ်ဆ ထပ်တိုးလာနိုင်တယ်..." ရွှီခုန်း ပြန်ဖြေလိုက်၏။
"အင်း..." လင်းမူ တုံ့ပြန်လိုက်ပြီးနောက် သူ့မျက်နှာပေါ်တွင် ပြတ်သားသော အမူအရာ ပေါ်လာသည်။
မိစ္ဆာပုံရိပ်များ၏ စကားလုံးများ သူ့စိတ်ထဲတွင် ပေါ်လာပြီး သူ လိုက်ဆိုလိုက်၏။
"မင်းရဲ့ နှလုံးသားကို မီးဖိုတစ်ခုလို လောင်ကျွမ်းစေပါ... မင်းရဲ့ ဒေါသကို ခွန်အားအတွက် လောင်စာအဖြစ် သုံးပြီး လောကကြီးကို သောင်းကျန်းပစ်လိုက်ပါ... ကြည့်ရှုလော့... နှလုံးသား လောင်ကျွမ်းခြင်း မန္တာန်..."
လင်းမူ၏ မျက်နှာထား မကြာမီ တင်းမာသွားပြီး မျက်နှာပေါ်တွင် သွေးကြောများ ထောင်ထလာကာ ကြွက်သားများ တင်းကျပ်လာသည်။ သူ့မျက်လုံးများ မှိတ်ထားသော်လည်း မျက်ခွံအောက်တွင် နီရဲနေပြီ ဖြစ်၏။
ထိုအခြေအနေသို့ ရောက်ရှိသွားသောအခါ သူ့ဒေါသကို ပုံချစရာ ပစ်မှတ် မရှိသဖြင့် သူ့စိတ်များ လွင့်မျောလာပေသည်။ ထိုအရာကြောင့် အတိတ်က မှတ်ဉာဏ်များကို ပြန်လည် ဝင်ရောက်လာပြီး ဝမ်းနည်းမှုများလည်း ပါလာ၏။ ထိုဝမ်းနည်းမှုနှင့်အတူ ယခင်က မကြုံဖူးသော ဒေါသများလည်း ပေါ်ပေါက်လာကြသည်။
လင်းမူ ဒေါသတကြီး လက်သီးဆုပ်ပြီး ထိန်းချုပ်ရန် ကြိုးစားလိုက်၏။ ထိုအနေအထားအတိုင်း နှစ်မိနစ်ခန့် နေပြီးနောက် ရွှီခုန်း လှမ်းခေါ်လိုက်သည်။
"တော်ပြီ..." ရွှီခုန်း အမိန့်ပေးလိုက်၏။
လင်းမူ အတွေးထဲမှ ရုန်းထွက်လာပြီး နှလုံးသား လောင်ကျွမ်းခြင်း မန္တာန် ရွတ်ဖတ်မှုကို ရပ်တန့်လိုက်သည်။ သူ့မျက်နှာနှင့် မျက်လုံးများ ပုံမှန် ပြန်ဖြစ်သွားပြီး ခန္ဓာကိုယ်လည်း ပြေလျော့သွား၏။
“ဟူး… အဲဒီလူတွေကို သတ်တုန်းကထက် အများကြီး ပိုခက်တာပဲ..." လင်းမူ မောပန်းသော အသံဖြင့် ပြောလိုက်၏။
"အမှန်ပဲ... လူတစ်ယောက်မှာ ပစ်မှတ် မရှိရင် သူတို့ရဲ့ စိတ်ဆန္ဒ ယိမ်းယိုင်လာတတ်တယ်... အခု မင်းမှာ ဒီစွမ်းအားကို အာရုံစိုက်စရာ ပစ်မှတ် မရှိတော့ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်ပစ်မှတ်ထားသလို ဖြစ်သွားတာပဲ..." ရွှီခုန်း တည်ငြိမ်သော လေသံဖြင့် ပြောလိုက်ပြီး ဆက်ပြောသည်။ "အင်း... မင်း နှလုံးသား လောင်ကျွမ်းခြင်း မန္တာန်ကို တစ်နေ့ တစ်ခါ ဒီလိုမျိုး သုံးသင့်တယ်... ဒါပေမဲ့ အချိန်ကာလကို လျှော့ချဖို့ လိုတယ်... လောလောဆယ် စက္ကန့် ၃၀ ဆိုရင် လုံလောက်ပြီ... နှစ်မိနစ်က မင်းအတွက် သိသိသာသာ ဝန်ပိလွန်းတယ်... အဲဒီလူတွေကို သတ်တုန်းက မင်း အဲဒီအခြေအနေမှာ တစ်မိနစ်တောင် မနေလိုက်ရဘူး... ဒါက ဝန်ပိစေတဲ့ ကျင့်စဉ်မို့လို့ လောလောဆယ် ချွေတာသုံးတာ ပိုကောင်းမယ်..."
လင်းမူ စီနီယာ ရွှီခုန်း၏ စကားများကို သေချာ စဉ်းစားပြီး သဘောတူလိုက်သည်။ ကျင့်စဉ်က သူ့အပေါ် ပေးသော ဖိအားမှာ ကြီးမားလှပေသည်။ အန္တရာယ်ရှိသော အကျိုးသက်ရောက်မှုများ ရှိမရှိ သူ မသိသဖြင့် သတိထားခြင်းကသာ သူ့အတွက် အကျိုးရှိမည် ဖြစ်ပေသည်။
"အခုလောလောဆယ် အဲဒါက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်ပုံရတယ်..." လင်းမူ သဘောတူလိုက်ပြီး မတ်တတ်ရပ်လိုက်၏။
သူ ပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်ရာ တိမ်ထူထပ်နေသော ကောင်းကင်နှင့် ဝေ့ဝဲနေသော နှင်းများကို တွေ့လိုက်ရသည်။
"ဆောင်းရာသီက နောက်တစ်လဆို ကုန်တော့မယ်... အချိန်သိပ်မကျန်တော့ဘူး..." လင်းမူ ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
သူ ကျင့်ကြံရန် ပြန်ထိုင်လိုက်ပြီး သူ့လုပ်ရိုးလုပ်စဉ်အတိုင်း ပြန်လုပ်လိုက်သည်။ သို့သော် ထိုတစ်ကြိမ်တွင် နောက်ထပ် အလုပ်တစ်ခု ထပ်တိုးလာ၏။ ယင်းမှာ နေ့စဉ် နှလုံးသား လောင်ကျွမ်းခြင်း မန္တာန်ကို အသုံးပြုရန် ဖြစ်ပေသည်။
နေ့ရက်များ ကုန်ဆုံးသွားပြီး နောက်ထပ် တစ်လ ကုန်ဆုံးသွားလေပြီ။
…
ရှန်းဝေမြို့က ရွှမ်ချန်း တိုင်းပြည်တွင် နာမည်ကြီးသော မြို့တစ်မြို့ ဖြစ်ပြီး မဟာကျိုး အင်ပါယာ၏ အခြား အစိတ်အပိုင်းများတွင်လည်း လူသိများလေသည်။ အကြောင်းရင်း နှစ်ခု ရှိ၏။ ပထမအချက်မှာ ကူးသန်းရောင်းဝယ်ရေး အကြီးဆုံး မြို့များအနက် တစ်ခု ဖြစ်ပြီး နာရီတိုင်း အရောင်းအဝယ် ထောင်ပေါင်းများစွာ ပြုလုပ်နေသောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ကြီးမားပြီး ထင်ရှားသော ကြေးစားအဖွဲ့အစည်း အများအပြား၏ အခြေစိုက်ရာ နေရာ ဖြစ်သောကြောင့် ဖြစ်ပေသည်။
ရှန်းဝေမြို့၏ ရာသီဥတုက ဝူလင်မြို့နှင့် လုံးဝ ကွဲပြားခြားနား၏။ ထိုနေရာတွင်လည်း အေးသည့်တိုင် ဝူလင်မြို့လောက် မအေးသကဲ့သို့ နှင်းလည်း မကျချေ။ ကောင်းကင် ရှင်းလင်းနေပြီး နေမင်းကြီး တောက်ပစွာ ထွက်ပေါ်နေပေသည်။
မြို့၏ တောင်ဘက်တွင် ကြေးစား ရပ်ကွက် တည်ရှိ၏။ ထိုနေရာမှာ ကြေးစားအဖွဲ့အစည်း အများစု၏ အခြေစိုက် စခန်းများ တည်ရှိရာ နေရာ ဖြစ်သည်။ ကြေးစားအဖွဲ့အစည်း အသေးစားများက ထိုနေရာတွင် ပင်မစခန်းများ ထားရှိကြသော်လည်း ဝတ်ရုံနက် ကြေးစားများကဲ့သို့သော အဖွဲ့အစည်းကြီးများကမူ ထိုနေရာတွင် အုပ်ချုပ်ရေး စခန်းငယ်သာ ထားရှိကြသည်။
ကြေးစားအဖွဲ့အစည်းကြီးများ၏ ပင်မစခန်းများက မြို့ပြင်ရှိ သူတို့အတွက် သီးသန့် ခွဲဝေပေးထားသော နေရာများတွင် တည်ရှိကြ၏။ ထိုသည်မှာ အင်အားအကြီးဆုံး ကြေးစားအဖွဲ့အစည်းများအတွက်သာ သီးသန့် သတ်မှတ်ထားသော ဂုဏ်ထူးဆောင်မှု တစ်ခု ဖြစ်ပေသည်။
သို့တိုင်အောင် ကြေးစား ရပ်ကွက်က ကြေးစားများ၏ ဗဟိုချက်မ ဖြစ်နေဆဲ ဖြစ်ပြီး ကြေးစားသမဂ္ဂ ရုံးခန်း တည်ရှိရာ နေရာလည်း ဖြစ်ပေသည်။ ယင်းတည်ရှိရာ အဆောက်အအုံမှာ အတော်လေး ကြီးမားပြီး ကြေးစား ရပ်ကွက် တစ်ခုလုံး၏ ဆယ်ရာခိုင်နှုန်းခန့်ကို နေရာယူထား၏။
အဆောက်အအုံ တစ်ခုတည်းက ထိုမျှ ကြီးမားသော နေရာကို ယူထားခြင်းမှာ အံ့သြစရာ ကောင်းလှပေသည်။ သို့သော် ယင်းက သဘာဝကျပေသည်။ အဘယ်ကြောင့်ဆိုသော် အဆောက်အအုံတွင် မတူညီသော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်သည့် ဌာနအမျိုးမျိုး ပါဝင်သောကြောင့်ပင်။
အချို့က သူတို့ရရှိသော တောင်းဆိုမှုများနှင့် မစ်ရှင်များကို ကိုင်တွယ်ဖြေရှင်းကြပြီး အချို့က အလုပ်၏ ဥပဒေရေးရာ အပိုင်းများကို ကိုင်တွယ်ကြသည်။ အချို့က သူတို့ရရှိသော ကုန်ပစ္စည်းများကို ကိုင်တွယ်ဖြေရှင်းကြပြီး အချို့ အစိတ်အပိုင်းများကမူ ကြေးစားများအတွက် အိပ်ဆောင်အဖြစ် အသုံးပြုကြပေသည်။
သို့သော် ကြေးစားသမဂ္ဂ၏ အရေးအကြီးဆုံး အစိတ်အပိုင်းမှာ အစည်းအဝေး ခန်းမကြီး ဖြစ်သည်ဟု သတ်မှတ်ထားကြ၏။ ထိုနေရာက အရေးကြီးဆုံး အစည်းအဝေးများ ကျင်းပပြီး ကြီးမားသော ဆုံးဖြတ်ချက်များ ချမှတ်ရာ နေရာ ဖြစ်ပေသည်။
လက်ရှိ ထိုအခန်းထဲတွင် အစည်းအဝေး တစ်ခု ကျင်းပနေ၏။ အခန်းထဲတွင် ထိုင်ခုံ တစ်ရာကျော် ရှိပြီး အားလုံး ပြည့်နေလေပြီ။
ယခုအချိန်တွင် အမျိုးသား တစ်ဦး အခန်းအလယ်၌ ရပ်နေပြီး အားလုံးကို စကားပြောနေ၏။ ထိုအမျိုးသားမှာ ထန်ရှောင်လျန်မှလွဲ၍ အခြားသူ မဟုတ်ပေ။ သူက မြောက်ပိုင်းမြို့နှင့် သစ်တောထဲတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ အကြောင်း အားလုံးကို အသိပေးနေခြင်း ဖြစ်၏။
မည်သူမျှ မသိကြသော်လည်း ထိုအစည်းအဝေးက ကြီးမားသော အပြောင်းအလဲကြီး တစ်ခု၏ အစပြုခြင်းပင်။
အခန်း ၂၃၃ ပြီး
***