ထန်ရှောင်လျန် ပြောလိုက်သည်များကို ကြားပြီးနောက် အစည်းအဝေး ခန်းမကြီးထဲရှိ လူများအားလုံး ဆူပူအုံကြွသွားကြသည်။ အရေးကြီးသော အစည်းအဝေး တစ်ခု ကျင်းပမည်ဟု အသိပေးခံရစဉ်က ထိုမျှ လေးနက်လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။
ကြေးစားအဖွဲ့အစည်း အများစုက ဝူလင်မြို့ မြို့တော်ဝန် ပေးအပ်သော မစ်ရှင်အတွက် သူတို့၏ အဖွဲ့ဝင်များကို စေလွှတ်ထားခဲ့ကြသဖြင့် အလွန်အမင်း ဒေါသထွက်နေကြသည်မှာ အသေအချာပင်။
"ဒီကိစ္စကို ဒီအတိုင်း ထားလို့ မရဘူး... မြို့တော်ဝန်က ငါတို့ကို ရှင်းပြချက် တစ်ခု ပေးရမယ်..." ကြေးစား ရာပေါင်းများစွာထဲမှ တစ်ဦးက အော်ဟစ်လိုက်၏။
"ဟုတ်တယ်... ဟုတ်တယ်... အရင်က ဒီလို တစ်ခါမှ မဖြစ်ဖူးဘူး..."
"မြို့တော်ဝန် ဝူရွှမ်ရဲ့ ရိုင်းစိုင်းမှုက လွန်လွန်းနေပြီ... သက်သေမရှိဘဲ ကြေးစားတွေကို ဘယ်လိုလုပ် အပြစ်တင်ရဲတာလဲ..."
"ဘယ်သူသိမလဲ... သူကိုယ်တိုင်လည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေနိုင်တယ်... သူပေးရမယ့် အခကြေးငွေကို မပေးချင်လို့ နေမှာပေါ့..." အခြား တစ်ယောက်က ဝင်ပြောလိုက်သည်။
အခန်းရှေ့တွင် ထိုင်နေသော ကြေးစားအဖွဲ့အစည်းများ၏ အထက်လူကြီးများလည်း ထိုကိစ္စကြောင့် အတော်လေး ဒေါသထွက်နေပုံ ရလေသည်။ သို့သော် သူတို့၏ မကျေနပ်မှုကို ထိုကဲ့သို့ တိုက်ရိုက် ထုတ်ဖော်ပြသ၍ မရမှန်းတော့ သိထားကြ၏။ ရေရှည်တွင် သူတို့အတွက် ဆိုးကျိုးသာ ဖြစ်စေလိမ့်မည်။
"တိတ်စမ်း..." အခန်းထိပ်တွင် ထိုင်နေသော အဘိုးအိုက စားပွဲကို လက်သီးဖြင့် ထုရင်း အော်ဟစ်လိုက်၏။
သူ့အသံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး အခန်းထဲတွင် ပဲ့တင်ထပ်သွားကာ ပရိဘောဂများပင် တုန်ခါသွားကြသည်။ အသံထဲတွင် ပါဝင်သော စွမ်းအားကို ခံစားကြည့်နိုင်ပြီး ချီစွမ်းအင်ဖြင့် မြှင့်တင်ထားကြောင်း သိသာလှပေသည်။ သို့သော် အသံသက်သက်ဖြင့် အရာဝတ္ထုများကို တုန်ခါစေနိုင်ခြင်းက အချက်တစ်ချက်တည်းကိုသာ ပြသနေ၏။ ထိုအဘိုးအိုက ဝိညာဉ် သန္ဓေသား အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပေသည်။
အော်ဟစ်နေသော ကြေးစားများ အားလုံး အဘိုးအို စကားပြောသည်ကို မြင်ပြီး ချက်ချင်း တိတ်ဆိတ်သွားကြသည်။ အဘိုးအိုတွင် အလွန် မြင့်မားသော ရာထူးရှိပြီး သူတို့ ကြောက်ရွံ့ကြမှန်း ထင်ရှားလှပေသည်။ အခန်းထဲတွင် တိတ်ဆိတ်သွားပြီးနောက် အဘိုးအိုက သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှသော အကြည့်ဖြင့် အားလုံးကို ဝေ့ဝဲကြည့်လိုက်၏။
အားနည်းသော ကြေးစားများမှာ ထိုအကြည့်ကြောင့် ကျောချမ်းသွားပြီး မသိစိတ်အရ တံတွေးမြိုချလိုက်မိကြသည်။
အဘိုးအို အကြည့်လွှဲသွားမှသာ သူတို့ စိတ်သက်သာရာ ရသွားကြသော်လည်း ထိုအချိန်အတွင်း သူတို့ ကျောပြင်တွင် ချွေးစေးများ ရွှဲနေပြီ ဖြစ်သည်။
ထို့နောက် အဘိုးအိုက ထန်ရှောင်လျန်ကို ကြည့်ပြီး စကားပြောလိုက်၏။
"ထန်ရှောင်လျန်... မင်းပြောခဲ့တာတွေ အားလုံး အမှန်ပဲလို့ မင်းရဲ့ အသက်နဲ့ ကြေးစားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို တိုင်တည်ပြီး သစ္စာဆိုရဲလား..." အဘိုးအို မေးလိုက်၏။
"ကျွန်တော် ကြုံတွေ့ခဲ့ရသမျှ အားလုံး အမှန်တရားချည်းပဲလို့ ကျွန်တော့်အသက်၊ ကျွန်တော့် ဂုဏ်သိက္ခာနဲ့ ကျွန်တော့် ရဲဘော်ရဲဘက် ကြေးစားတွေရဲ့ ဝိညာဉ်တွေကို တိုင်တည်ပြီး သစ္စာဆိုရဲပါတယ်..." ထန်ရှောင်လျန် ရင်ဘတ်ကို လက်သီးဖြင့် ထုရင်း ကြေညာလိုက်သည်။
ဟူး
အဘိုးအို သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်သွား၏။ တစ်မိနစ်ခန့် စဉ်းစားပြီးနောက် စုဝေးနေသော ကြေးစားများနှင့် အရှေ့တွင် ထိုင်နေသော ကြေးစားအဖွဲ့အစည်း အားလုံး၏ အထက်လူကြီးများကို ကြည့်လိုက်သည်။
"ငါ ဆုံးဖြတ်ချက် ချလိုက်ပြီ... ထန်ရှောင်လျန် ပြောပြခဲ့တဲ့ အဖြစ်အပျက်တွေ အားလုံးကို ဂိုဏ်းတွေဆီ အစီရင်ခံရမယ်... ဒါက သွေးယဇ်ပူဇော်တဲ့ ကိစ္စဖြစ်လို့ သမားရိုးကျ မဟုတ်တဲ့ မိစ္ဆာကျင့်ကြံသူတွေ ပါဝင်ပတ်သက်နေနိုင်တယ်... ဒါက ငါတို့ ကိုင်တွယ်နိုင်စွမ်းထက် ကျော်လွန်သွားနိုင်တယ်...”
“ဒီလို ဆိုပေမဲ့ ဒီကိစ္စရဲ့ အတိုင်းအတာ အပြည့်အစုံကို ငါတို့ မသိရသေးဘူး... ဒါကြောင့် လောလောဆယ် မစ်ရှင် ထွက်နေတဲ့ ကြေးစားတွေ အားလုံးကို ပြန်ခေါ်ဖို့ ငါ အမိန့်ပေးတယ်... သူတို့ သမဂ္ဂကို အမြန်ဆုံး သတင်းပို့ရမယ်... ငါတို့ အပြည့်အဝ အကဲဖြတ်မှု တစ်ခု လုပ်မယ်..." အဘိုးအို ကြေညာလိုက်၏။
အထက်လူကြီးများ အားလုံး၏ မျက်နှာပေါ်တွင် အံ့သြသော အမူအရာများ ပေါ်လာပြီးနောက် လေးနက်သော အမူအရာများအဖြစ် ပြောင်းလဲသွားကြသည်။ ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားသော သူတို့ထဲမှ တစ်ဦး မတ်တတ်ရပ်ပြီး အဘိုးအိုကို ကြည့်လိုက်၏။ အဘိုးအိုက သူ့ကို စကားပြောရန် မျက်လုံးဖြင့် အမူအရာ ပြလိုက်သည်။
"သမဂ္ဂ ဥက္ကဋ္ဌ... ဒါပေမဲ့ ကျုပ်တို့ ကြေးစားတွေ အားလုံးကို ပြန်ခေါ်လိုက်ရင် ဂယက်ရိုက်ခတ်မှုက အရမ်း ကြီးမားလိမ့်မယ်... ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာလည်း အများကြီး ကျဆင်းသွားနိုင်တယ်... အဲဒါကို ဘယ်လို ဖြေရှင်းမလဲ..." ထိုလူက ပြောလိုက်၏။
ကြေးစားသမဂ္ဂ၏ ဥက္ကဋ္ဌ ဖြစ်ပုံရသော အဘိုးအို စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် ထိုလူကို ပြန်ထိုင်ရန် အမူအရာ ပြလိုက်၏။
"အဲဒီအတွက် စိတ်မပူပါနဲ့..." သမဂ္ဂ ဥက္ကဋ္ဌ ပြောဆိုပြီး လက်ဖဝါးကို လှန်လိုက်ရာ ရွှေရောင် စာလိပ်တစ်ခု သူ့လက်ထဲတွင် ပေါ်လာသည်။ "ဒီအတွက် ငါ တော်ဝင်အမိန့်ပြန်တမ်းကို သုံးမယ်... ငါတို့ရဲ့ လုပ်ရပ်တွေအတွက် ဘယ်သူမှ မေးခွန်းထုတ်ရဲမှာ မဟုတ်ဘူး..." သူ ထပ်ဖြည့်ပြောလိုက်၏။
သမဂ္ဂ ဥက္ကဋ္ဌ၏ စကားများကို ကြားပြီးနောက် လူများ အလွန်အမင်း တုန်လှုပ်သွားကြပြီး သူ ထိုကိစ္စကို မည်မျှ အလေးအနက်ထားမှန်း သိလိုက်ကြသည်။ တော်ဝင်အမိန့်ပြန်တမ်း ဆိုသည်မှာ သေးငယ်သော ကိစ္စမဟုတ်ဘဲ နှစ်များစွာကြာ သူတို့၏ ဝန်ဆောင်မှုများအတွက် ရွှမ်ချန်း တိုင်းပြည်၏ ဘုရင်က ကြေးစားသမဂ္ဂကို ပေးသနားထားခြင်း ဖြစ်ပေသည်။
တော်ဝင်အမိန့်ပြန်တမ်းက သူတို့ကို သတ်မှတ်ထားသော ကန့်သတ်ချက်များအတွင်း ရှိနေသ၍ ဘုရင်ထံမှ မည်သည့်အရာကိုမဆို တောင်းဆိုခွင့် ပြုထားပေသည်။ သူတို့ တောင်းဆိုမည့် ထိုကဲ့သို့သော တောင်းဆိုမှုမျိုးမှာ ဘုရင်အတွက် ပြဿနာ မဟုတ်သည်မှာ သေချာပြီး မစ်ရှင်များ ပေးအပ်ထားသော လူများအားလုံးကို နှုတ်ပိတ်နိုင်ပေသည်။
ကျင့်ကြံခြင်းဂိုဏ်းများပင်လျှင် သူတို့၏ အုပ်ချုပ်မှုအောက်တွင် မရှိသော်လည်း တော်ဝင်အမိန့်ပြန်တမ်းကို အလေးအနက်ထားရမည် ဖြစ်၏။ ထို့အပြင် ကြီးမားသော ကြေးစားအဖွဲ့အစည်း အချို့တွင် ကျင့်ကြံခြင်းဂိုဏ်းများ၏ ကျောထောက်နောက်ခံ ရှိနေပြီးသား ဖြစ်သည်။ သူတို့၏ အဖွဲ့ဝင်များ ဆုံးရှုံးရမှုကို တိတ်ဆိတ်စွာ လက်ခံနေကြမည် မဟုတ်ချေ။
"ပြီးတော့... အဖြစ်အပျက်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက သူတို့ ပြောတဲ့အတိုင်းသာ ဆိုရင် ဘာပြဿနာမှ ရှိမှာ မဟုတ်သလို တော်ဝင်အမိန့်ပြန်တမ်းလည်း လိုအပ်မှာ မဟုတ်ဘူး..." သမဂ္ဂ ဥက္ကဋ္ဌ ဆက်ပြောလိုက်၏။
သမဂ္ဂ ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်ကို ကြားပြီးနောက် ကြေးစားများ အားလုံး၏ မျက်နှာထား သိသိသာသာ ပြေလျော့သွားပြီး အားလုံး နားလည်ကြောင်း ခေါင်းညိတ်လိုက်ကြသည်။
"ကဲ... အထက်လူကြီးတွေကလွဲပြီး ကျန်တဲ့သူတွေ အားလုံး ထွက်သွားလို့ ရပြီ..." သမဂ္ဂ ဥက္ကဋ္ဌ အမိန့်ပေးလိုက်၏။
ကြေးစားများ အားလုံး ချက်ချင်း မတ်တတ်ရပ်ပြီး အစည်းအဝေး ခန်းမထဲမှ ထွက်ခွာသွားကြကာ ကျန်ရှိနေသူများက ဆက်လက် ဆွေးနွေးရန် ကျန်ရစ်ခဲ့ကြသည်။
ထွက်ခွာလာစဉ် လူအုပ်ထဲမှ ကြေးစားနှစ်ဦးတို့က သူတို့၏ သက်ဆိုင်ရာ စခန်းများသို့ မသွားဘဲ ဆောင်ကြာမြိုင်နှင့် တူသော အဆောက်အအုံ တစ်ခုဆီသို့ သွားကြ၏။ သူတို့နှစ်ဦးက မတူညီသော လမ်းကြောင်းများမှ သွားကြသဖြင့် တစ်ယောက်ကိုတစ်ယောက် မတွေ့ခဲ့ကြသလို နေရာတစ်ခုတည်းသို့ လာမိကြမှန်းလည်း မသိကြချေ။
ကြေးစားတစ်ဦးက ဝင်ပေါက်တွင် ထိုင်နေသော ဧည့်ကြိုထံ သွားပြီး တစ်ခုခု တီးတိုး ပြောလိုက်ရာ အခြား ဝန်ထမ်းတစ်ဦးက သူ့ကို လျှို့ဝှက်အခန်း တစ်ခန်းဆီသို့ ခေါ်ဆောင်သွား၏။ အခြား ကြေးစားတစ်ဦးလည်း အလားတူပင် လျှို့ဝှက်အခန်း တစ်ခန်းဆီသို့ ခေါ်ဆောင်ခံရပေသည်။
"သခင်ကြီး ဒီအကြောင်းကို အမြန်ဆုံး သိဖို့ လိုတယ်..." ကြေးစားတစ်ဦးက တီးတိုး ရေရွတ်လိုက်၏။
“သခင်ကြီး ချက်ချင်း သိဖို့ လိုတယ်... ကြေးစားတွေ ငါတို့အကြောင်း သိသွားပြီ..." အခြား ကြေးစားတစ်ဦးလည်း စိုးရိမ်တကြီးဖြင့် စိတ်ထဲမှ ပြောလိုက်သည်။
အခန်း ၂၃၄ ပြီး
***