လင်းမူ ကုတင်ပေါ်တွင် ထိုင်နေပြီး သန့်ရှင်းသော ဝတ်ရုံဖြူကို ဝတ်ဆင်ထား၏။ လောလောဆယ် သူ့မျက်နှာပေါ်တွင် သွေးကြောများ ထောင်ထနေသော်လည်း အတော်လေး တည်ငြိမ်နေပုံ ရလေသည်။ သူ့နှုတ်ခမ်းများ တိတ်ဆိတ်စွာ လှုပ်ရှားနေပြီး နှလုံးသား လောင်ကျွမ်းခြင်း မန္တာန်ကို ရွတ်ဖတ်နေ၏။
သူ ထိုအခြေအနေကို နှစ်မိနစ်ကျော်ကြာ ထိန်းသိမ်းထားပြီးနောက် နောက်ဆုံးတွင် ရပ်တန့်ကာ သက်ပြင်းချလိုက်၏။
ဟူး
လင်းမူ ယခု တည်ငြိမ်အေးချမ်းမှုများ ပြည့်နှက်နေသော မျက်လုံးများကို ဖွင့်လိုက်သည်။
"နောက်ဆုံးတော့..." လင်းမူ ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
"ကောင်းတယ်... မင်း နောက်ဆုံးတော့ နှလုံးသား လောင်ကျွမ်းခြင်း မန္တာန်ကို ကောင်းကောင်း ထိန်းချုပ်နိုင်သွားပြီပဲ... အခု မင်း ကိုယ့်ကိုယ်ကိုယ် ဝန်မပိစေဘဲနဲ့ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီ..." ရွှီခုန်း ချီးကျူးလိုက်၏။
လင်းမူ ခေါင်းညိတ်ပြီး မတ်တတ်ရပ်ကာ ခန္ဓာကိုယ်ကို အညောင်းဆန့်လိုက်သည်။ လွန်ခဲ့သော တစ်လအတွင်း သူ၏ လုပ်ရိုးလုပ်စဉ် အသစ်ကို လိုက်နာခဲ့ပြီး နှလုံးသား လောင်ကျွမ်းခြင်း မန္တာန်နှင့် ပိုမို အသားကျလာခဲ့၏။ ယခင်က ဒေါသကို ပုံချစရာ ပစ်မှတ် မရှိသောအခါ သူ့စိတ်ကို ထိခိုက်စေခဲ့သော်လည်း ယခုမူ လင်းမူ ပြဿနာ အနည်းငယ်ဖြင့်သာ သည်းခံနိုင်လာပြီ ဖြစ်ပေသည်။
လွန်ခဲ့သော တစ်လအတွင်း လင်းမူ တိုးတက်လာခဲ့သည်မှာ ထိုအရာ တစ်ခုတည်း မဟုတ်ချေ။ ဓားတစ်ထောင်ကျမ်း လေ့ကျင့်မှုတွင်လည်း သူ့ကျွမ်းကျင်မှု နောက်တစ်ဆင့် ထပ်မံ တိုးတက်လာခဲ့၏။ ယခုအချိန်တွင် လင်းမူ ဓားတစ်ထောင်ကျမ်းတွင် ပါဝင်သော လက်နက်များ၏ ဆယ်ရာခိုင်နှုန်းကို တတ်မြောက်နေပြီ ဖြစ်သည်။
သူ့ကျင့်ကြံခြင်းသည်လည်း အလွန် တိုးတက်လာပြီး ယခု သူ့ထံတွင် စိတ်ဝိညာဥ်ချီ အရည်စက် ၅၀၀ ကျော် ရှိနေပြီ ဖြစ်ရာ ချီစုဆောင်းခြင်း နောက်တစ်ဆင့်သို့ ရောက်ရှိရန် သုံးပုံတစ်ပုံ အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။ စိတ်ဝိညာဥ်ချီ အမျှင်တန်း စုစုပေါင်း ၁၅၀၀ သို့ ရောက်ရှိသွားသည်နှင့် လင်းမူ ချီစုဆောင်းခြင်း အထွတ်အထိပ် အဆင့်သို့ တက်သွားပြီဟု ဆိုနိုင်ပေသည်။
ထိုလုပ်ငန်းစဉ်တွင် အခြေခံ ချီဆေးလုံးများက သူ့ကို များစွာ အထောက်အကူ ပြုခဲ့သော်လည်း သူ့သန့်စင်မှု နှုန်းထားပါ တိုးတက်လာခဲ့ပြီး ယခု ယခင် ၁၀ စက်မှ ယခု ၁၅ စက်အထိ စိတ်ဝိညာဥ်ချီ အရည်စက်များကို သန့်စင်နိုင်နေပြီ ဖြစ်သည်။ ထိုအရာက သူ့အရှိန်ကို ပိုမို မြန်ဆန်စေခဲ့သော်လည်း ထက်ဝက်ကိုမူ ပျောက်ဆုံး အင်မော်တယ်၏ အမည်မဲ့ ကျင့်စဉ် လေ့ကျင့်ရာတွင် အသုံးပြုနေဆဲ ဖြစ်ပေသည်။
လွန်ခဲ့သော တစ်လအတွင်း လင်းမူ ယခင်ကကဲ့သို့ ပြင်းထန်သော တုံ့ပြန်မှုမျိုး မကြုံတွေ့ခဲ့ရချေ။ သူ့ဆာလောင်မှု တိုးလာသော်လည်း ယခင်က ကြုံတွေ့ခဲ့ရသကဲ့သို့ ရုတ်တရက် မဟုတ်ဘဲ တည်ငြိမ်စွာ တိုးလာခြင်း ဖြစ်ပေသည်။ သို့သော် ထိုအရာကြောင့် လက်စွပ်ထဲတွင် သိမ်းဆည်းထားသော သားရဲ အသေကောင် အားလုံး၏ လေးပုံတစ်ပုံကို ကုန်ဆုံးသွားခဲ့၏။
ယခု သူ့ထံတွင် အသား လေးပုံတစ်ပုံသာ ကျန်ရှိတော့ပြီး လင်းမူ၏ လက်ရှိ တိုးလာနေသော အရှိန်နှုန်းအရ နှစ်ပတ်ပင် ခံမည် မဟုတ်ကြောင်း သိထားပေသည်။
“ဟူး… ငါ အမဲလိုက်ထွက်ဖို့ လိုနေပြီ... ကံကောင်းလို့ ဆောင်းရာသီက နောက်ဆုံး အချိန်ကို ရောက်နေပြီပဲ..." လင်းမူ ပြတင်းပေါက်မှ အပြင်သို့ ကြည့်ရင်း ပြောလိုက်၏။
အေးနေဆဲ ဖြစ်သော်လည်း နှင်းမကျတော့ချေ။ လူများ အပြင်သို့ ပိုမို ထွက်လာကြပြီး သစ်ပင်များနှင့် အပင်အချို့တွင် အရွက်သစ်များပင် ထွက်လာကြပြီ ဖြစ်သည်။ နွေဦးရာသီ ရောက်လုနီးပါး ဖြစ်နေပြီး တစ်နှစ်တာ၏ အဆိုးရွားဆုံး အချိန် ကုန်ဆုံးသွားလေပြီ။
လင်းမူ သူ့ဘေးတွင် ထားရှိသော အခြေခံ ချီဆေးလုံး သေတ္တာကို ကြည့်လိုက်ရာ ဆေးလုံးများ အတော် လျော့နည်းသွားသည်ကို တွေ့လိုက်ရ၏။ သူ အကြမ်းဖျင်း တွက်ချက်ကြည့်ရာ ဆေးလုံး သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့ကြောင်း သိလိုက်ရသည်။
"အင်း... ဒါဆို အခု ငါ့ဆီမှာ အခြေခံ ချီဆေးလုံး ၁၃၀၀ ကျော်လောက် ကျန်သေးတာပေါ့... ငါ့ရဲ့ သန့်စင်မှု အရှိန် တိုးလာတာကို ထည့်တွက်ရင်တောင် အနည်းဆုံး နောက်ထပ် သုံးလလောက်တော့ ခံလောက်သေးတယ်..." လင်းမူ ကိုယ့်ဘာသာ ပြောလိုက်၏။
ထို့နောက် သူ သေတ္တာကို ပိတ်ပြီး လက်စွပ်ထဲ သိမ်းဆည်းလိုက်ကာ မနက်စာကို အလျင်အမြန် စားသောက်ပြီး အခန်းထဲမှ ထွက်လာလိုက်သည်။ အခန်းထဲမှ ထွက်လာသည်နှင့် လင်းမူ ရှင်းလင်းနေသော ကောင်းကင်ကို မော့ကြည့်ပြီး နေရောင်ခြည်ကို စက္ကန့်အနည်းငယ်ကြာ ခံယူလိုက်ကာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
'ဒါက အများကြီး ပိုကောင်းတာပဲ...' လင်းမူ ခြံစည်းရိုး တံခါးကို မဖွင့်မီ ကိုယ့်ဘာသာ တွေးလိုက်၏။
ဟွေပင်း သူ ထွက်လာသည်ကို ချက်ချင်း မြင်တွေ့လိုက်ရပြီး အလျင်အမြန် နှုတ်ဆက်ရန် လာလေသည်။ လွန်ခဲ့သော တစ်လက အဖြစ်အပျက်ကို သူ သိထားပြီး ဖြစ်၍ အနည်းငယ် တောင့်တင်းနေ၏။ သို့သော် ယခု လင်းမူ တံခါးပိတ် ကျင့်ကြံရာမှ ပြန်ထွက်လာပြီ ဖြစ်၍ သူ့အခြေအနေကို စစ်ဆေးကြည့်ချင်နေသည်။
ပြီးခဲ့သည့်အကြိမ် လင်းမူ အပြင်ထွက်စဉ်က သူ လုံခြုံရေး အိမ်သို့ ရောက်နေသဖြင့် လွဲချော်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ အစားထိုးလိုခြင်း ဖြစ်ပေသည်။
"မင်္ဂလာနံနက်ခင်းပါ စီနီယာ လင်းမူ... စီနီယာ တံခါးပိတ် ကျင့်ကြံခြင်း အဆင်ပြေခဲ့ပုံရတယ်..." ဟွေပင်း ပြောလိုက်၏။
"အင်း... မဆိုးပါဘူး..." လင်းမူ အသိအမှတ်ပြုလိုက်သည်။
"ဒါဆို စီနီယာ အခု ထွက်တော့မလို့လား... ဘယ်သွားမလဲဆိုတာ မေးလို့ရမလား... ကျွန်တော် တတ်နိုင်သလောက် ကူညီပေးပါ့မယ်..." ဟွေပင်း မေးလိုက်၏။
"ကျုပ် အမဲလိုက် ထွက်မလို့... ခင်ဗျား ကျုပ်နောက် လိုက်လာစရာ မလိုဘူး... ကျုပ် တစ်ယောက်တည်း နေချင်တယ်..." လင်းမူ တည်ငြိမ်သော လေသံဖြင့် ဖြေလိုက်၏။
"စီနီယာ သဘောအတိုင်းပါပဲ... ကောင်းသော ခရီးပါ..." ဟွေပင်း နှုတ်ဆက်ပြီး လင်းမူကို ထွက်သွားခွင့် ပြုလိုက်သည်။
လင်းမူ သစ်တောဘက်သို့ ဦးတည်သွားနေစဉ် ဟွေပင်းကမူ ဟွေပေါင်ကို အသိပေးရန် မြို့လယ်ခေါင်ဆီသို့ ဦးတည်သွားနေ၏။
လင်းမူ မသိစိတ်အရ အမဲလိုက်တဲအိမ်နှင့် ပန်းသီးပင် ရှိရာဘက်သို့ ဦးတည်သွားမိသည်။ ဆယ်မိနစ် အကြာတွင် ထိုနေရာသို့ ရောက်ရှိသွားပြီး ဘေးဘီဝဲယာကို ကြည့်ရှုလိုက်၏။
အမဲလိုက်တဲအိမ်က ဆောင်းတွင်းကာလအတွင်း ပိုမို ပျက်စီးသွားပြီး ပြုလုပ်ထားသော သစ်သားများ ယခု ဆွေးမြေ့နေပြီ ဖြစ်သည်။ ခေါင်မိုးမှ သစ်သားပျဉ်ပြား အချို့လည်း လေတိုက်မှုကြောင့် ကျိုးပဲ့သွားပြီး ဘယ်ရောက်သွားမှန်း မသိတော့ချေ။
ထို့နောက် လင်းမူ ပန်းသီးပင်ကို ကြည့်လိုက်ရာ အတော်လေး ပြောင်သလင်းခါနေကြောင်း တွေ့လိုက်ရ၏။ အရွက်များ သိပ်မကျန်တော့သလို ပန်းသီးများလည်း မရှိတော့ချေ။ သို့တိုင်အောင် အစိမ်းရောင် အညှောက်လေးများကို မြင်တွေ့ရသဖြင့် မကြာမီ ပြန်လည် လန်းဆန်းလာတော့မည် ဖြစ်ကြောင်း ပြသနေပေသည်။
လွမ်းဆွတ်မှုများ ပြည့်နှက်နေသော သက်ပြင်းတစ်ချက် လင်းမူ၏ နှုတ်ခမ်းမှ ထွက်ပေါ်လာပြီး သူ ပြောလိုက်၏။ "အများကြီး ဖြစ်ပျက်ခဲ့ပြီး အများကြီးလည်း ပြောင်းလဲသွားခဲ့ပြီ..."
သူ ပန်းသီးပင်ကို နောက်ဆုံးအကြိမ် ကြည့်ရှုပြီးနောက် သစ်တောနက်ထဲသို့ ဆက်လက် ထွက်ခွာသွားလိုက်သည်။
ယခု နွေဦးရာသီ နီးကပ်လာပြီ ဖြစ်၍ သားရဲများ ပြန်လည် ရောက်ရှိလာသင့်ပေသည်။ သို့သော် ယင်းက လင်းမူအတွက် သေချာပေါက် ကောင်းမွန်သောအရာ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ယခု သူ လိုအပ်နေသည်မှာ ဝိညာဥ်သားရဲများ ဖြစ်ပြီး သာမန် သားရဲများ မဟုတ်သောကြောင့် ဖြစ်ပေသည်။ သို့တိုင်အောင် သာမန် သားရဲအချို့ ရရှိလျှင်လည်း သူ့ဆာလောင်မှုနှင့် ယှဉ်လျှင် သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်နေသည့်တိုင် သူ ကန့်ကွက်မည် မဟုတ်ချေ။
သို့သော် လင်းမူ လမ်းလျှောက်နေစဉ် တစ်စုံတစ်ရာ လှုပ်ရှားသွားသည်ကို အာရုံခံမိလိုက်၏။ လွန်ခဲ့သော တစ်လက မှတ်ဉာဏ်များ သူ့ဆီသို့ အလုအယက် ပြန်လည် ဝင်ရောက်လာပြီး သူ ချက်ချင်း လှည့်ကြည့်လိုက်သည်။
"သားရဲလား..."
အခန်း ၂၃၅ ပြီး
***