အုပ်စုနှင့် အနည်းငယ် ကွဲကွာနေသော အခြား မွဲပြာသရဖူ သမင်တစ်ကောင်ကို ရှာတွေ့ရန် အချိန်သိပ်မကြာလိုက်ချေ။ တွေ့သည်နှင့် ချက်ချင်း သတ်ဖြတ်ပြီး လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။ လင်းမူ ထိုနည်းအတိုင်း ထပ်ခါတလဲလဲ ပြုလုပ်လိုက်ရာ မွဲပြာသရဖူ သမင် ၁၅ ကောင် အမဲလိုက်ပြီးသွားသည်။
ထိုသို့ လုပ်ဆောင်ရန် တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး ယခုအခါ သမင်အုပ်ထဲရှိ မွဲပြာသရဖူ သမင်များလည်း သူတို့၏ အဖော်များ ပျောက်ဆုံးနေကြောင်း သတိပြုမိသွားကြလေပြီ။ သွေးနံ့သာ ရခဲ့လျှင် သူတို့ သတိထားမိကြမည် ဖြစ်သော်လည်း လင်းမူ၏ နည်းဗျူဟာကြောင့် အပြင်ဘက်တွင် သွေးတစ်စက်မျှ မကျခဲ့ချေ။
သမင်အုပ်က ယခု အနည်းငယ် သတိထားနေကြသော်လည်း သိပ်ပြီး စိုးရိမ်ပုံ မရပေ။ လင်းမူ တစ်မိနစ်ခန့် စောင့်ကြည့်လိုက်ရာ အရာအားလုံး ပုံမှန်အတိုင်း ရှိနေသေးမှန်း တွေ့လိုက်ရ၏။ ထို့ကြောင့် သူ အမဲဆက်လိုက်ပြီး နောက်ထပ် မွဲပြာသရဖူ သမင် ၆ ကောင်ကို သတ်ဖြတ်လိုက်စဉ် သူ့ကို မြင်တွေ့သွားကြတော့သည်။
သမင်အုပ်က ကျယ်လောင်စွာ မြည်ဟည်းလိုက်ကြပြီး အားလုံး ထွက်ပြေးကြတော့၏။ မွဲပြာသရဖူ သမင်ထီးကလည်း လင်းမူကို စူးစိုက်ကြည့်ပြီး ခေါင်းကို နှိမ့်ကာ ဦးချိုများကို လင်းမူထံ ချိန်ရွယ်လိုက်သည်။
“ဟူး… ဒါ အဆုံးသတ်ပဲ ထင်တယ်... ကဲ... အစီအစဉ်တွေ မလိုတော့ဘူး..." လင်းမူ ရေရွတ်လိုက်ပြီး သူ့ရှေ့တွင် ဓားတို ပျံဝဲလာ၏။
ထို့နောက် သူ လေထဲတွင် လက်ဝှေ့ယမ်းလိုက်ရာ ဓားတို ရှေ့သို့ ပျံသန်းသွားတော့သည်။ ဓားတို၏ အရှိန်မှာ မွဲပြာသရဖူ သမင်များထက် အများကြီး ပိုမြန်သဖြင့် သူတို့ကို အလွယ်တကူ အမီလိုက်နိုင်ပေသည်။
ဝှစ် ဝှစ်
ဗြန်း
မြက်ခင်းပြင်ပေါ်တွင် သွေးများ ပန်းကျသွားပြီး မွဲပြာသရဖူ သမင် ၈ ကောင် တစ်ချက်တည်းဖြင့် သေဆုံးသွားကြ၏။ သို့သော် လင်းမူ နောက်တစ်ကြိမ် မတိုက်ခိုက်မီ မွဲပြာသရဖူ သမင်ထီးက သူ့ထံသို့ ပြေးဝင်လာသည်။ သူ စိတ်ဝိညာဥ်အာရုံဖြင့် ချက်ချင်း အာရုံခံမိပြီး နောက်ဆုံး အခိုက်အတန့်တွင် လျှပ်ခုန်ကူး စွမ်းရည်ကို အသုံးပြုကာ ရှောင်တိမ်းလိုက်၏။
မွဲပြာသရဖူ သမင်ထီး ရပ်တန့်သွားပြီး ရန်သူ ပျောက်ကွယ်သွားသည်ကို သတိပြုမိသောအခါ ခွာများဖြင့် မြေကြီးကို ကုတ်ခြစ်ပြီး ရပ်လိုက်၏။ ထိုလမ်းကြောင်းတလျှောက် မြက်ပင်များ ကျွတ်ထွက်သွားကြသည်။ ထို့နောက် နောက်လှည့်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်ကာ လင်းမူထံသို့ နောက်တစ်ကြိမ် ပြေးဝင်လာပြန်၏။
ထိုတစ်ကြိမ်တွင် လင်းမူ နောက်တစ်ကြိမ် လျှပ်ခုန်ကူး စွမ်းရည်ကို အသုံးပြုလိုက်သော်လည်း မွဲပြာသရဖူ သမင်ထီး၏ ဘေးသို့သာ ရောက်ရှိသွားသည်။ ထို့နောက် လှံရှည်တစ်ချောင်းကို ထုတ်ယူပြီး မွဲပြာသရဖူ သမင်ထီးကို ထိုးစိုက်လိုက်၏။
လှံက ခန္ဓာကိုယ် တစ်ဖက်မှ အခြားတစ်ဖက်သို့ ဖောက်ထွက်သွားသဖြင့် မွဲပြာသရဖူ သမင်ထီး နာကျင်စွာ ဟိန်းဟောက်လိုက်သည်။ ရိုက်ခတ်မှု အရှိန်ကြောင့် မြေကြီးပေါ်သို့ လဲကျသွားပြီး နာကျင်စွာ ရုန်းကန်နေ၏။ လင်းမူ အနီးသို့ လျှောက်သွားပြီး လေထဲတွင် လက်ဝှေ့ယမ်းလိုက်ရာ ဓားတို သူ့လက်ထဲသို့ ပြန်ရောက်လာသည်။
ထို့နောက် မွဲပြာသရဖူ သမင်ထီး၏ လည်ပင်းကို အလျင်အမြန် ခုတ်ပိုင်းလိုက်ပြီး လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။
"အင်း... အဆင်ပြေသွားတာပဲ..." လင်းမူ ပြောလိုက်ပြီး အခြားတစ်ဖက်တွင် လဲကျနေသော မွဲပြာသရဖူ သမင်များ၏ အသေကောင်များကို ကြည့်လိုက်သည်။
ကျန်ရှိသော သမင်အုပ်မှာ ထွက်ပြေးသွားသည်မှာ ကြာမြင့်ပြီ ဖြစ်၍ လင်းမူ အမီလိုက်နိုင်ရန် အခွင့်အရေး နည်းပါးလှပေသည်။ သို့တိုင်အောင် မွဲပြာသရဖူ သမင်ထီး အပါအဝင် သားရဲ အသေကောင် ၃၀ ခန့် ရရှိခဲ့ပေသည်။
'ဒီနေ့အတွက်တော့ ဒါ လုံလောက်ပါပြီ... အခု ငါ့စွမ်းရည်တွေကို စမ်းသပ်ဖို့ လိုတယ်...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်ပြီး အသေကောင် အားလုံးကို လက်စွပ်ထဲ သိမ်းဆည်းလိုက်၏။
ထို့နောက် သူ သစ်တောထဲသို့ ဆက်လက် ဝင်ရောက်သွားပြီး ကျယ်ဝန်းပြီး ပွင့်လင်းသော နေရာကောင်း တစ်ခုကို ရှာတွေ့သည်အထိ သွားလိုက်သည်။ သို့သော် သူ့စွမ်းရည်များကို စမ်းသပ်ရန် ပြင်လိုက်စဉ်မှာပင် ဗိုက်ထဲမှ ဆာလောင်မှုကြောင့် အသံမြည်လာ၏။
"ဒီလို မလုပ်ရတာ ကြာပြီပဲ... အပြောင်းအလဲလေး တစ်ခု ဖြစ်မှာပါ..." လင်းမူ ကိုယ့်ဘာသာ ပြောလိုက်ပြီး မွဲပြာသရဖူ သမင် အသေကောင် တစ်ကောင်ကို ထုတ်ယူကာ အလျင်အမြန် အရေခွံ ခွာလိုက်သည်။
လအနည်းငယ် အတွင်း လင်းမူ သားရဲ ရာပေါင်းများစွာကို အရေခွံ ခွာခဲ့ပြီး ဖြစ်၍ ယခု အတော်လေး ကျွမ်းကျင်နေပြီ ဖြစ်ကာ ပြင်ဆင်ရန် အချိန်အများကြီး မလိုတော့ချေ။ သူ့ကျင့်ကြံခြင်း အခြေခံ မြင့်တက်လာသောကြောင့်လည်း သားရေဆွဲဆုတ်ခြင်းနှင့် အရိုးချိုးခြင်းတို့အတွက် အများကြီး ပိုမို လွယ်ကူလာပေသည်။
အသားခွင်းပြီးနောက် အသားကင်ရန် မီးဖိုတစ်ခု ပြုလုပ်လိုက်၏။
မကြာမီ အရသာရှိသော သမင်သားကင် ရနံ့ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ ထိုအရာက သားရဲအချို့ကို ဆွဲဆောင်နိုင်သော်လည်း ချီစုဆောင်းခြင်း အဆင့် သားရဲ၏ သွေးနံ့ကို ရသဖြင့် အနီးသို့ မချဉ်းကပ်ရဲကြချေ။ အရေခွံခွာပြီး အသားခွင်းစဉ်က ထွက်ကျခဲ့သော သွေးများက ဟန့်တားစရာ တစ်ခုအဖြစ်ရော မြှူဆွယ်စရာ တစ်ခုအဖြစ်ပါ သက်ရောက်နေခြင်း ဖြစ်ပေသည်။
'တကယ်လို့ ဝိညာဥ်သားရဲ တချို့ ဒီကို ရောက်လာရင် ငါ့အတွက် အများကြီး ပိုလွယ်သွားမှာပဲ... အချိန်လည်း သက်သာပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားမှာ...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်၏။
ထို့နောက် သူ သစ်ပင်တစ်ပင်အောက်တွင် ထိုင်ပြီး မျက်လုံးမှိတ်ကာ အသားကျက်မည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။ သို့သော် သူ့စိတ်ဝိညာဥ်အာရုံကို အပြည့်အဝ ဖြန့်ကျက်ထားပြီး ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသမျှ အားလုံးကို စောင့်ကြည့်နေ၏။
လင်းမူ၏ ချက်ချင်း စီစဉ်လိုက်သော အစီအစဉ် အလုပ်ဖြစ်ပုံရပြီး နောက်ဆုံးတွင် ဝိညာဥ်သားရဲ တစ်ကောင် အနီးသို့ ရောက်ရှိလာကာ သူ့စိတ်ဝိညာဥ်အာရုံ နယ်ပယ်ထဲသို့ ဝင်ရောက်လာသည်။
"ဟိုမှာ..." လင်းမူ ရေရွတ်လိုက်ပြီး ဝိညာဥ်သားရဲ ရှိရာဘက်သို့ လက်ကို ဝှေ့ယမ်းလိုက်၏။
ရွှစ်
လင်းမူ၏ ဓားတို ရှေ့သို့ ပျံသန်းသွားပြီး ဘေးရှိ သစ်ပင်အနီးသို့ ရောက်လာသော ဝိညာဥ်သားရဲကို ချက်ချင်း ထိုးစိုက်သွားသည်။
အီး
သားရဲ၏ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး လည်ပင်းတွင် ဓားတို စိုက်ဝင်သွားသဖြင့် အသံမထွက်နိုင်တော့ချေ။ လင်းမူ မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ ယခုလေးတင် သတ်ဖြတ်လိုက်သော သားရဲမှာ အမှန်တကယ်တွင် သင်တုန်းဓားလည်မျို နွားသိုး တစ်ကောင် ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ သူ အနည်းငယ် အံ့သြသွားမိသည်။
လင်းမူ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်တွင် ရှိစဉ်က သင်တုန်းဓားလည်မျို နွားသိုး တစ်ကောင်ကို မြင်ဖူးသော်လည်း ထိုနွားသိုးမှာ သာမန် သားရဲ တစ်ကောင်သာ ဖြစ်သည်။ သို့သော် ထိုတစ်ကောင်မှာမူ ချီစုဆောင်းခြင်း အစောပိုင်း အဆင့်သို့ ရောက်ရှိနေပုံ ရပေသည်။ လင်းမူ မတ်တတ်ရပ်ပြီး သေဆုံးသွားသော သားရဲထံ လျှောက်သွားကာ ဓားတိုကို ဆွဲထုတ်လိုက်၏။
"အင်း... ဒါ အရင်က အကောင်ပဲလား မသိဘူး..." လင်းမူ အနီးကပ် ကြည့်ရှုရင်း တွေးတောလိုက်သည်။
သို့သော် တစ်မိနစ် ကြာပြီးနောက်တိုင်အောင် လင်းမူ သူ့ခန့်မှန်းချက်ကို အတည်ပြုနိုင်မည့် အရာ ဘာမျှ ရှာမတွေ့ချေ။
"သာမန် သားရဲတွေက အချိန်အလုံအလောက် ရရင် သဘာဝအတိုင်း ချီစုဆောင်းခြင်း အဆင့်ကို ရောက်သွားတာ မဆန်းပါဘူး... အထူးသဖြင့် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်မှာ ရှိနေရင်တောင် ဝိညာဥ်သားရဲ တစ်ကောင်ကို အမဲလိုက်နိုင်တဲ့ သင်တုန်းဓားလည်မျို နွားသိုးလိုမျိုး သန်မာတဲ့ သားရဲတွေဆို ပိုဖြစ်နိုင်တာပေါ့..." ရွှီခုန်း ဝင်ပြောလိုက်၏။
လင်းမူ တုံ့ပြန်သည့်အနေဖြင့် ညည်းတွားလိုက်ပြီး အသေကောင်ကို လက်စွပ်ထဲ သိမ်းဆည်းလိုက်ကာ သူ့နေရာသို့ ပြန်သွားပြီး နောက်ထပ် သားရဲများ ငါးစာမိလာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
အခန်း ၂၃၇ ပြီး
***