လင်းမူ အချိန်အကြာကြီး စောင့်ဆိုင်းစရာ မလိုဘဲ နောက်ထပ် သားရဲအချို့ အသားနံ့ကို မလွန်ဆန်နိုင်ဘဲ သူ့အာရုံခံနယ်ပယ်ထဲသို့ ဝင်ရောက်လာကြ၏။ လင်းမူ ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ အနီးသို့ ရောက်လာသမျှ အကောင်တိုင်းကို သတ်ဖြတ်လိုက်သည်။
ထိုနည်းလမ်းကို အသုံးပြု၍ သူ ဝိညာဥ်သားရဲ စုစုပေါင်း ၆ ကောင်ကို သတ်ဖြတ်နိုင်ခဲ့ပြီးနောက် ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသော သွေးနံ့ကြောင့် သားရဲများ ထပ်မံ ချဉ်းကပ်မလာတော့ချေ။ ပုံမှန်အားဖြင့် သားရဲများက သွေးနံ့ကြောင့် ဆွဲဆောင်ခံရလေ့ ရှိသော်လည်း ထိုစည်းမျဉ်းတွင် ခြွင်းချက် တစ်ခု ရှိပေသည်။
ဧရိယာတစ်ခုတည်းတွင် မတူညီသော သွေးနံ့များ အများအပြား ရောနှောနေပါက သားရဲ အများစု ထိုနေရာကို ရှောင်ရှားလာကြပြီး အချို့မှာ အနီးသို့ သွားရန်ပင် ကြောက်ရွံ့လာကြသည်။ ယင်းသည် သူတို့၏ သဘာဝတွင် ပါဝင်သော မွေးရာပါ ကြောက်ရွံ့မှု တစ်ခု ဖြစ်ပြီး သားရဲ အများအပြား၏ သွေးနံ့သည် အနီးအနားတွင် ကပ်ဘေးတစ်ခု ရှိနေကြောင်း အဓိပ္ပာယ် သက်ရောက်သောကြောင့် ဖြစ်ပေသည်။ သားရဲများအတွက် သိပ်သည်းသော သွေးနံ့က သားရဲ အများအပြား သေဆုံး သို့မဟုတ် ဒဏ်ရာရနေကြောင်း ဆိုလိုခြင်း ဖြစ်၏။
ယခုအချိန်တွင် အသားများ ကျက်သွားပြီ ဖြစ်၍ လင်းမူ မီးပေါ်မှ ချလိုက်သည်။ ရာသီဥတု အနည်းငယ် အေးနေသေးသဖြင့် မီးကို မငြှိမ်းဘဲ ထိုအတိုင်း ထားလိုက်၏။ လင်းမူ အအေးဒဏ်ကို မခံစားရသော်လည်း နွေးထွေးမှုကို မနှစ်သက်ဟု မဆိုလိုချေ။
လင်းမူ သူ့ယာယီ စခန်းကို အတော်လေး အဆင်ပြေသော ပုံစံဖြင့် တည်ဆောက်ထား၏။ သူ့နောက်ကျောတွင် သစ်ပင်တစ်ပင် ရှိပြီး ဘယ်ဘက်တွင် မီးပုံ၊ ညာဘက်တွင် ကွင်းပြင် ရှိလေသည်။ ထိုနည်းအားဖြင့် သူ အစာစားနေစဉ် ဧရိယာ တစ်ခုလုံးကို မြင်တွေ့နိုင်ပေသည်။ လင်းမူ အစားအစာ တစ်ဝက်ခန့် စားပြီးချိန်တွင် သူ့အမြင်အာရုံ အစွန်အဖျားမှ အနီးအနားတွင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်၏။
သူ့စိတ်ဝိညာဥ်အာရုံနှင့် အနည်းငယ် ဝေးကွာနေသဖြင့် ဘာလဲဆိုတာ အတိအကျ မသိရသော်လည်း ခြုံပုတ်များ အနည်းငယ် လှုပ်ရှားသွားသည်ကို မြင်တွေ့လိုက်ရသည်။ လင်းမူ ခေါင်းလှည့်ပြီး ကင်ထားသော မွဲပြာသရဖူ သမင်ပေါင်ကို ဝါးစားရင်း စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။
သို့သော် လှုပ်ရှားမှု မြင်ခဲ့ရသော နေရာကို အာရုံစိုက်လိုက်သောအခါ လှုပ်ရှားမှု ရပ်တန့်သွားသည်။ ထိုနေရာတွင် ရှိနေသော အရာ ထွက်သွားပြီ ဖြစ်ကြောင်း သေချာစေရန် သူ အကြည့်မခွာဘဲ ခဏတာ စောင့်ကြည့်နေလိုက်၏။ ငါးမိနစ် အကြာတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိတော့သဖြင့် အကြည့်ကို ရုပ်သိမ်းလိုက်သည်။
'အသားနံ့ကြောင့် ရောက်လာပြီး အနားမကပ်ရဲတဲ့ သားရဲ တစ်ကောင်ကောင် ဖြစ်လောက်တယ်...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်၏။
ခဏအကြာတွင် လင်းမူ ကင်ထားသော သားရဲ တစ်ကောင်လုံးကို စားသောက်ပြီးစီးသွားပြီး အသက်စွမ်းအင်ကို ဆက်လက် စုပ်ယူရန် အသင့်ဖြစ်နေလေပြီ။
သူ အသက်စွမ်းအင်ကို စုပ်ယူနေစဉ် ခြုံပုတ်များ နောက်တစ်ကြိမ် အနည်းငယ် လှုပ်ရှားသွားသော်လည်း လင်းမူ ဂရုမစိုက်တော့ချေ။ လောလောဆယ် သူ့အာရုံ တစ်ခုလုံးမှာ အသားမှ ထွက်ပေါ်လာသော အသက်စွမ်းအင် အမျှင်တန်း အားလုံးကို စုပ်ယူရန်သာ ဖြစ်ပေသည်။
ခြုံပုတ်များ ဆက်လက် လှုပ်ရှားနေပြီးနောက် နောက်ဆုံးတွင် ခေါင်းငယ်လေး တစ်ခု ထွက်ပေါ်လာ၏။ ထိုခေါင်းက တစ်စက္ကန့်ခန့်သာ ထွက်လာခြင်း ဖြစ်ပြီး ခြုံပုတ်ထဲသို့ ပြန်လည် ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။ လင်းမူ၏ စိတ်ဝိညာဥ်အာရုံဖြင့် အာရုံခံရန် ဝေးကွာလွန်းနေသေးသဖြင့် သူ သတိမထားမိလိုက်ချေ။
မိနစ်အနည်းငယ် အကြာတွင် မလှမ်းမကမ်းရှိ အခြား ခြုံပုတ်တစ်ခု လှုပ်ရှားသွားပြီး ခေါင်းတိုလေး နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ ယခင်ကကဲ့သို့ပင် ထိုခေါင်းက တစ်စက္ကန့်ခန့်သာ ပေါ်လာပြီး ပျောက်ကွယ်သွား၏။ လင်းမူ အသက်စွမ်းအင် စုပ်ယူခြင်းကိုသာ အာရုံစိုက်နေဆဲ ဖြစ်သည်။
ထိုအဖြစ်အပျက် အကြိမ်အနည်းငယ် ထပ်မံ ဖြစ်ပွားခဲ့ပြီး အကြိမ်တိုင်းတွင် ပေါ်လာသည့် အချိန်ကာလ အနည်းငယ်စီ တိုးလာ၏။ လင်းမူ လှုပ်ရှားမှု မရှိသဖြင့် ရဲတင်းလာသကဲ့သို့ ခြုံပုတ်ထဲတွင် ပုန်းအောင်းနေသော သတ္တဝါလည်း နောက်ဆုံးတွင် ထွက်ပေါ်လာတော့သည်။ သို့သော် ထိုတစ်ကြိမ်တွင် ယင်း ပေါ်လာသည်နှင့် လင်းမူ အသက်စွမ်းအင် စုပ်ယူခြင်း ပြီးစီးသွားပြီး မျက်လုံးဖွင့်လိုက်၏။
သူ့မျက်လုံးများ သတ္တဝါနှင့် ဆုံသွားသည်နှင့် ထိုသတ္တဝါ နေရာတွင် တောင့်တင်းသွားတော့သည်။ တစ်ချိန်လုံး တူတူပုန်းတမ်း ကစားနေခဲ့သော သတ္တဝါကို လင်းမူ နောက်ဆုံးတွင် သေချာ မြင်တွေ့ခွင့် ရသွားလေပြီ။
ထိုသတ္တဝါက လင်းမူ၏ ဒူးခေါင်းခန့်သာ မြင့်ပြီး တစ်မီတာအောက် တိုတောင်းသော ခန္ဓာကိုယ်ငယ်လေးနှင့် ခြေထောက် လေးချောင်း ပါရှိလေသည်။ ခန္ဓာကိုယ်ပေါ်တွင် ဖောင်းပွနေသော အညိုရောင် အမွေးများ ရှိပြီး ကျောပြင်တစ်လျှောက် အညိုရင့်ရောင် အကွက်များ ပါရှိသည်။ အညိုရောင် အကွက်များက ခေါင်းအထိ ရောက်ရှိသွားပြီး နဖူးပေါ်တွင် 'M' ပုံစံ ဖြစ်ပေါ်နေ၏။
ထိုသတ္တဝါတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်သော အမွေးနုလေးများ ဖုံးလွှမ်းနေသည့် အညိုရောင် နားရွက်နှစ်ဖက်လည်း ပါရှိလေသည်။ ယင်း၏ အမြီးမှာ ဖောင်းပွနေပြီး အမြီးဖျားအထိ အညိုရောင်ဖျော့ဖျော့နှင့် အညိုရင့်ရောင် အစင်းရာများ တစ်လှည့်စီ ပါရှိနေ၏။
ဒေါင်လိုက် အက်ကွဲကြောင်း ပုံစံ သူငယ်အိမ်များ ပါရှိသော ရွှေမီးခိုးရောင် မျက်လုံးနှစ်လုံး ရှိလေသည်။ နောက်ဆုံးတွင် ယင်း၏ ပါးစပ်ပေါ်၌ နှုတ်ခမ်းမွေး တစ်စုံနှင့် ပါးစပ်ထောင့်မှ ထိုးထွက်နေသော အစွယ်ငယ် နှစ်ချောင်း ပါရှိ၏။
"ကြောင်လား..." လင်းမူ သားရဲကို မြင်ပြီး ရေရွတ်လိုက်သည်။
သူ့ရှေ့မှ လူက သူ့ကို မြင်သွားပြီ ဖြစ်ကြောင်း သဘောပေါက်သွားသော သားရဲလည်း ရုတ်တရက် တုံ့ပြန်လိုက်ပြီး လျှပ်စီးလက်သကဲ့သို့ ဝေဝါးစွာ ပျောက်ကွယ်သွားတော့သည်။
"သောက်ပလုတ်တုတ်... ဒီကောင် ဘယ်လောက်တောင် မြန်တာလဲ..." လင်းမူ အံ့သြတကြီး ပြောလိုက်၏။
သူ မတ်တတ်ရပ်ပြီး သားရဲ ထွက်ပြေးသွားသော ဘက်သို့ သွားလိုက်သည်။ သို့သော် အနီးအနား မည်သည့်နေရာတွင်မျှ သားရဲကို မတွေ့ရချေ။ သူ ယာယီ စခန်းသို့ ပြန်လာပြီး ထိုင်ကာ တွေးတောနေလိုက်၏။
"စီနီယာ... အဲဒါကို မြင်လိုက်လား..." လင်းမူ မေးလိုက်၏။
"ငါ မြင်လိုက်တယ်... အဲဒီသားရဲက ဘာကောင်လဲ ဆိုတာ ငါ သိလောက်တယ်..." ရွှီခုန်း ဖြေလိုက်၏။
"သိတယ် ဟုတ်လား..." လင်းမူ စူးစမ်းလိုစိတ်ဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ မေးလိုက်၏။
"အမှန်ပဲ... ဒီကမ္ဘာမှာ အဲဒီသားရဲကို နာမည်တူ ခေါ်မခေါ်တော့ ငါ မသိဘူး... ဒါပေမဲ့ သူ့ကို ခြုံပုတ်တောကြောင်ညိုလို့ ခေါ်တယ်... ချီစုဆောင်းခြင်း အဆင့်မှာ အမြန်ဆုံး သားရဲတွေထဲက တစ်ကောင် ဖြစ်ပြီး သူ့အရှိန်က အမြုတေ ဖွဲ့စည်းခြင်း အဆင့် သားရဲတွေရဲ့ အရှိန်ကိုတောင် ကျော်လွန်နိုင်တယ်... ဒါပေမဲ့ တစ်ဖက်မှာတော့ သူ့ရဲ့ ယေဘုယျ ခွန်အားက အားနည်းပြီး အတော်လေး သတ္တိကြောင်တဲ့ သားရဲ တစ်ကောင်ပဲ...”
“ခြုံပုတ်တောကြောင်ညိုတွေက တခြား သားရဲတွေနဲ့ ယှဉ်ရင် အတော်လေး ယဉ်ပါးကြတယ်... အသားချည်းပဲ စားတဲ့ တခြား ကြောင်မျိုးနွယ် သားရဲတွေနဲ့ မတူဘဲ ခြုံပုတ်တောကြောင်ညိုတွေက အစုံစား သတ္တဝါတွေ ဖြစ်ပြီး ရတာအကုန် စားကြတယ်... ပြီးတော့ ဒါကြောင့်ပဲ သူတို့က လူတွေကို တိုက်ခိုက်ခဲပြီး တိုက်ခိုက်ခံရရင် ထွက်ပြေးဖို့ပဲ ရွေးချယ်လေ့ ရှိကြတယ်..." ရွှီခုန်း ရှင်းပြလိုက်၏။
လင်းမူ စီနီယာ ရွှီခုန်း၏ ရှင်းပြချက်ကို အာရုံစိုက် နားထောင်ပြီးနောက် နောက်ထပ် သတင်းအချက်အလက်များ ပါဝင်ခြင်း ရှိမရှိ သိရှိရန် ကျောက်စိမ်းပေရွက်ကို ထုတ်ယူကြည့်ရှုလိုက်သည်။
အခန်း ၂၃၈ ပြီး
***