သားရဲလေး သူ့ထံ ချဉ်းကပ်လာသည်ကို မြင်သောအခါ လင်းမူ ဖြစ်နိုင်ချေ အများအပြားကို တွေးတောခဲ့သော်လည်း ထိုသားရဲက လောင်ကျွမ်းနေသော သစ်ကိုင်းကို ယူသွားလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ချေ။ သူ့ကို နှိပ်စက်နေသော နားမလည်နိုင်ခြင်းက အတော်လေး ရှုပ်ထွေးနေသဖြင့် အကြောင်းရင်းကိုပင် မစဉ်းစားနိုင်တော့ပေ။
'ဘာလို့လဲ...'
သူ့ခေါင်းထဲတွင် တွဲလောင်းကျနေသော အဓိက မေးခွန်းပင်။
"ဒါ တော်တော် ထူးဆန်းတာပဲ..." ရွှီခုန်း ဝင်ပြောလိုက်၏။
"ဟုတ်တယ်မလား စီနီယာ... ဝိညာဥ်သားရဲ တစ်ကောင်က လောင်ကျွမ်းနေတဲ့ သစ်ကိုင်းကို ဘာလုပ်ဖို့ လိုမှာလဲ..." လင်းမူ မေးလိုက်၏။
"ငါလည်း မသိဘူး... အင်း သိတော့ သိပါတယ်... ဒါပေမဲ့ အဲဒါတွေက မှားနိုင်ချေ များပြီး ယုတ္တိမတန်ဘူး..." ရွှီခုန်း ပြန်ဖြေလိုက်၏။
"အင်း... ဒါ ပဟေဠိ တစ်ခုပဲ... အဲဒီသားရဲကို နောက်တစ်ခါ ပြန်မတွေ့မချင်း အကြောင်းရင်းကို ကျွန်တော်တို့ ဆုံးဖြတ်နိုင်မယ် မထင်ဘူး..." လင်းမူ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။
သူ့စိတ်ထဲရှိ အရာများကို ပြောပြပြီးနောက် လင်းမူ အတွေးများကို ဘေးဖယ်ထားလိုက်ပြီး လုပ်ဆောင်ရမည့် အရာကို အာရုံစိုက်လိုက်သည်။ သူ သစ်တောထဲသို့ လာရခြင်း၏ ဒုတိယ အကြောင်းရင်းပင် ဖြစ်ပေသည်။ ယခု သူ၏ ခွန်အား တိုးတက်လာပြီး အခြေခံ အုတ်မြစ် ပိုမို ခိုင်မာလာပြီ ဖြစ်၍ သူ့စွမ်းရည်များကို စမ်းသပ်ရန် ထိုနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။
ထိုမျှသာမက လင်းမူ သူ့စွမ်းရည် အချို့ကို အချိန်အတော်ကြာ မစမ်းသပ်ရသေးသလို အသုံးမပြုရသေးချေ။ အဓိက စွမ်းရည်မှာ ကျောက်ဖြိုလက်သီး ဖြစ်ပေသည်။ ယခင်က မြို့စောင့်တပ် ဒုတိယခေါင်းဆောင် ဟန်ရှုကို သတ်ဖြတ်ရန် အသုံးပြုပြီးကတည်းက လင်းမူ ကျောက်ဖြိုလက်သီးကို အသုံးမပြုခဲ့ရချေ။ ထိုနောက်ပိုင်းတွင် အသုံးပြုရန် အခွင့်အရေး မရခဲ့သောကြောင့်သာ ဖြစ်ပေသည်။
ကျောက်ဖြိုလက်သီးက အတော်လေး အားအင်ကုန်ခမ်းစေသော စွမ်းရည်တစ်ခု ဖြစ်ပြီး သူ့အသက်စွမ်းအင်နှင့် စိတ်ဝိညာဥ်ချီ အားလုံးနီးပါးကို ကုန်ခမ်းသွားစေနိုင်ကြောင်း လင်းမူ ကောင်းစွာ သိထား၏။ အသုံးပြုမည့် အရင်းအမြစ် ပမာဏကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်သေးသော်လည်း အသက်အန္တရာယ် ရှိသော အခိုက်အတန့်တွင် ထိုသို့ လုပ်ဆောင်ရန် ခက်ခဲလှပေသည်။
နောက်ထပ် အချက်တစ်ချက်မှာ ကျောက်ဖြိုလက်သီး၏ တန်ပြန်အားပင် ဖြစ်သည်။ တစ်ကြိမ် အသုံးပြုရုံဖြင့် လင်းမူ၏ လက်မောင်း အချိန်အတန်ကြာ ထုံကျင်သွားပြီး အကောင်းဆုံး အခြေအနေတွင်ပင် အသုံးပြုရန် ခက်ခဲစေမည် ဖြစ်၏။ အဆိုးရွားဆုံး အခြေအနေတွင်မူ သူကိုယ်တိုင် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။
"အခြေခံကနေ စလုပ်ပါ... ကျောက်ဖြိုလက်သီးအတွက် မင်းရဲ့ အသက်စွမ်းအင်ကိုပဲ သုံးကြည့်ပါ..." ရွှီခုန်း ပြောလိုက်၏။
လင်းမူ ခေါင်းညိတ်လိုက်ပြီး တိုက်ခိုက်ရေး အနေအထား ပြင်ကာ သိုင်းကွက်အတွက် လိုအပ်သော အသက်ရှူကျင့်စဥ်ကို စတင်လိုက်၏။ သူ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်လိုက်ရာ သူ့ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်များ လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။
အစပိုင်းတွင် အားလုံး ရွေ့လျားပြီး သူ့လက်မောင်းများထဲသို့ ဝင်ရောက်လာသော်လည်း သူ အာရုံစိုက်ပြီး ဝင်ရောက်လာသော ပမာဏကို ငါးရာခိုင်နှုန်းအောက်သို့ ကန့်သတ်လိုက်၏။ ယခင်ကနှင့် မတူဘဲ သူ့ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်များသည် အတော်လေး ဟန်ချက်ညီနေပြီး သူ့ဆန္ဒကို နာခံသောကြောင့် လင်းမူ ထိုသို့ လုပ်ဆောင်ရာတွင် အခက်အခဲ မရှိတော့ချေ။
မကြာမီ သူ့ညာလက်မောင်းတွင် နာရီလက်တံအတိုင်း လည်ပတ်နေသော အသက်စွမ်းအင် ဝဲဂယက် တစ်ခု ဖြစ်ပေါ်လာပြီး ဘယ်လက်မောင်းတွင် နာရီလက်တံ ပြောင်းပြန် လည်ပတ်နေသော ဝဲဂယက် တစ်ခု ဖြစ်ပေါ်လာသည်။ လုပ်ရိုးလုပ်စဉ် ပြီးဆုံးသွားသောအခါ လင်းမူ သူ့ရှေ့ရှိ လေထုကို အာရုံစိုက်ပြီး လက်သီးဖြင့် ထိုးချလိုက်ကာ လက်မောင်းထဲတွင် စုစည်းနေသော စွမ်းအင်များကို ထုတ်လွှတ်လိုက်၏။
"ကျောက်ဖြိုလက်သီး..."
ထိုအခိုက်အတန့်တွင် လင်းမူ လေထဲတွင် ရှေ့သို့ ဆန့်ထွက်နေသော သူ့လက်မောင်း၏ ပုံရိပ်ကြမ်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုပြောင်းလဲမှု အသစ်ကို အာရုံခံမိသည်နှင့် လင်းမူ ချက်ချင်း အာရုံစိုက်လိုက်ပြီး ယင်းကို စောင့်ကြည့်ရန် စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျက်လိုက်၏။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ သူ တုံ့ပြန်ရန် မြန်ဆန်လွန်းနေပေသည်။
ဝှီး
သိုင်းကွက်၏ အကျိုးသက်ရောက်မှု ဆက်လက် ထွက်ပေါ်လာပြီး လေပြင်းလှိုင်းတစ်ခု ဖြစ်ပေါ်လာ၏။ လေပြင်းက တည့်တည့် တိုက်ခတ်သွားပြီး အဝေးရှိ သစ်ပင်များ၏ အရွက်များ တုန်လှုပ်သွားကြသည်။ သစ်ရွက်အချို့ ပြုတ်ကျပြီး လေနှင့်အတူ လွင့်ပါသွား၏။ ယင်းမှလွဲ၍ အခြား ဘာမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ ထင်ရပေသည်။
သို့သော် အတိအကျတော့ ထိုသို့ မဟုတ်ချေ။ ထိုတစ်ကြိမ်တွင် လင်းမူနှင့် သစ်ပင်များကြား အကွာအဝေးမှာ မီတာ နှစ်ဆယ်ခန့် ရှိသော်လည်း သူ့တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော လေပြင်းသည်ပင် သစ်ရွက်များကို ကြွေကျစေနိုင်လောက်အောင် အားကောင်းနေခြင်း ဖြစ်ပေသည်။ နောက်ထပ် ကြီးမားသော အချက်တစ်ချက်မှာ လင်းမူ ယခင်ကကဲ့သို့ ပမာဏ အများအပြား မဟုတ်ဘဲ အသက်စွမ်းအင် ငါးရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
"ဒါ တကယ်ပဲ အားကောင်းတာပဲ..." လင်းမူ ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
"အမှန်ပဲ... ဒီလောက် အဝေးကြီးကနေတောင် ဒီလို အကျိုးသက်ရောက်မှုမျိုး ဖြစ်စေနိုင်တယ်ဆိုရင် ဒီသိုင်းကွက်က တော်တော် အားကောင်းတယ်... ပြီးတော့ ဒါက အဝေး တိုက်ခိုက်မှု မဟုတ်ဘဲ အနီးကပ် တိုက်ခိုက်ရေး သိုင်းကွက်လေ..." ရွှီခုန်း ပြန်ဖြေလိုက်၏။
လင်းမူ အသိအမှတ်ပြုကြောင်း ခေါင်းညိတ်လိုက်ပြီး သိုင်းကွက်ကို နောက်တစ်ကြိမ် ထပ်စမ်းသပ်ရန် ဆုံးဖြတ်လိုက်သော်လည်း ထိုတစ်ကြိမ်တွင် စွမ်းအင် ပိုမို ထုတ်လွှတ်မည်ဟု တွေးလိုက်သည်။ သူ အနေအထား ပြန်ပြင်လိုက်ပြီး အသက်စွမ်းအင်များကို ဝဲဂယက်များ ဖြစ်ပေါ်စေရန် လမ်းညွှန်လိုက်ကာ ထိုတစ်ကြိမ်တွင် ဆယ်ရာခိုင်နှုန်း အသုံးပြုလိုက်၏။
အသက်စွမ်းအင် ဝဲဂယက် တည်ငြိမ်သွားသည်နှင့် သူ ရှေ့သို့ လက်သီးဖြင့် ထိုးချလိုက်ပြီး စွမ်းအင်များကို ပျံသန်းထွက်ခွာခွင့် ပြုလိုက်သည်။
လက်သီး ပုံရိပ်ကြမ်းကို နောက်တစ်ကြိမ် မြင်တွေ့လိုက်ရပြီး ထိုတစ်ကြိမ်တွင် လင်းမူ စိတ်ဝိညာဥ်အာရုံဖြင့် အသင့်ဖြစ်နေလေပြီ။ ယင်း ဖြစ်ပေါ်လာသည်နှင့် သူ စောင့်ကြည့်လိုက်ပြီး ယင်းအတွင်းရှိ ပြောင်းလဲမှုများကို အာရုံခံလိုက်၏။ လက်သီး ပုံရိပ်ကြမ်း ဖြစ်ပေါ်လာပြီးနောက် ခဏတာ ပုံသဏ္ဍာန် မပျက်ဘဲ နေပြီးမှ ရှေ့သို့ ဆက်လက် ရွေ့လျားနေသော စွမ်းအင် ဝဲဂယက် တစ်ခုအဖြစ် ကွဲထွက်သွားသည်ကို သူ မြင်တွေ့လိုက်ရသည်။
သို့သော် ဝဲဂယက် မပျောက်ကွယ်မီနှင့် လေပြင်းအဖြစ် မပြောင်းလဲမီ လင်းမူ အာရုံခံနိုင်လိုက်သည်မှာ ထိုမျှသာ ဖြစ်ပေသည်။ ထိုတစ်ကြိမ် လေပြင်းက သူ့ရှေ့ရှိ သစ်ပင်များ၏ အကိုင်းအခက်များကို တုန်လှုပ်သွားစေနိုင်လောက်အောင် အားကောင်းပြီး သစ်ရွက်များ ပိုမို ကြွေကျလာကြ၏။
"အင်း... ငါ ဒီသိုင်းကွက်ကို နည်းနည်း ပိုနားလည်လာပြီ..." ရွှီခုန်း ရုတ်တရက် ပြောလိုက်၏။
"ဟုတ်လား... စီနီယာ..." လင်းမူ စိတ်ဝင်တစား မေးလိုက်၏။
"ဟုတ်တယ်... အသက်စွမ်းအင် ပိုသုံးပြီး နောက်တစ်ကြိမ် ထပ်သုံးကြည့်ပါဦး... သူ့အကျိုးသက်ရောက်မှုကို ကြည့်ရအောင်... ဒီတစ်ခါ ပိုပြီး ရှင်းလင်းလာလောက်တယ်..." ရွှီခုန်း ပြန်ဖြေလိုက်၏။
လင်းမူ တုံ့ပြန်သည့်အနေဖြင့် ခေါင်းဆတ်လိုက်ပြီး သိုင်းကွက်ကို ထပ်မံ ပြုလုပ်ကာ အသုံးပြုမှုကို နှစ်ဆယ်ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်၏။
လင်းမူ၏ စိတ်ဝိညာဥ်အာရုံက လက်သီး ပုံရိပ်ကြမ်းနှင့် ဝဲဂယက် နောက်သို့ လိုက်ပါသွားပြီး ထိုတစ်ကြိမ်တွင် ယင်းတို့ကို အတော်လေး ရှင်းလင်းစွာ အာရုံခံမိလိုက်၏။ ဝဲဂယက်က အစပိုင်းတွင် ရှင်းလင်းနေပြီး ယင်းကိုယ်တိုင် လည်ပတ်နေသည်ကို လင်းမူ မြင်တွေ့နိုင်ကာ နောက်ဆုံးတွင် တည်ငြိမ်မှု မရှိတော့ဘဲ ပျောက်ကွယ်သွားလေသည်။
ဂျွတ်
သစ်ပင်မှ သစ်ကိုင်းငယ်လေး တစ်ခု ကျိုးကျလာပြီး သစ်ပင်ထိပ်ပိုင်း တုန်လှုပ်သွားကာ သစ်ရွက်များ လွင့်ပါသွား၏။
"အင်း... စွမ်းအင်ကို အသုံးပြုတဲ့ အတော်လေး တိုက်ရိုက်ကျတဲ့ နည်းလမ်းပဲ..." ရွှီခုန်း မှတ်ချက်ချလိုက်၏။
"အဲဒီအကြောင်း ပိုပြောပြနိုင်မလား စီနီယာ... ကျွန်တော်တို့ စိတ်ဝိညာဥ်ချီနဲ့ စမ်းသပ်ဖို့ လိုသေးတယ်... ပြီးတော့ နောက်ဆုံး စိတ်ဝိညာဥ်ချီနဲ့ အသက်စွမ်းအင် ပေါင်းစပ်ပြီး စမ်းသပ်ဖို့လည်း လိုသေးတယ်..." လင်းမူ ပြောလိုက်၏။
"ရတာပေါ့... ဒါပေမဲ့ အဲဒီမတိုင်ခင် မင်းလက်မောင်း ဘယ်လိုနေလဲ..." ရွှီခုန်း စိုးရိမ်တကြီး မေးလိုက်၏။
အခန်း ၂၄၀ ပြီး
***