အဆိပ်ပြင်း အင်းဆက်များမှာ အနက်ရောင် ရေစီးကြောင်းကြီးတစ်ခုအလား အလွန်ပင် လျင်မြန်စွာ တွားသွားလာကြပြီး ခဏချင်းမှာပင် လူစုကို ဝိုင်းရံလိုက်ကြတော့သည်။
ပင့်ကူနက်မမှာမူ သွေးရူးသွေးတန်း ဖြစ်နေချေပြီ။ သူမ၏ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူလျော်နေကာ "မစ္စရှန်းကွမ်... သူတို့ကို ကျွန်မနား မလာအောင် မြန်မြန် လုပ်ပေးပါဦး" ဟု အော်ဟစ် အကူအညီ တောင်းလေသည်။
သို့သော် ရှန်းကွမ်ဟုန်ရှားကမူ သူမအား လုံးဝ အရေးမစိုက်ဘဲ ပုလွေကိုသာ ဆက်လက် မှုတ်နေ၏။
"မလာကြနဲ့... ကျေးဇူးပြုပြီး ငါ့နားကို တိုးမလာကြပါနဲ့ဦး"
ပင့်ကူနက်မသည် သူမ၏ ပတ်ပတ်လည်တွင် တွားသွားနေသော အဆိပ်ရှိ သတ္တဝါများကို ကြည့်ရင်း ကြောက်လန့်လွန်းသဖြင့် ဦးရေပြားများပင် ထုံကျင်သွားရသည်။ သူမသည် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်နေသော်လည်း မည်သူမျှ ဂရုမစိုက်ကြပေ။
နောက်ဆုံးတွင် အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူမသည် အနီးရှိ စားပွဲပေါ်သို့ အတင်း တက်လိုက်သော်လည်း သူမ တက်လိုက်သည်နှင့် တစ်ပြိုင်နက် ကင်းမြီးကောက် အချို့မှာ နောက်မှ ကပ်ပါလာပြီး သူမ၏ ခြေသလုံးကို အားကုန် အဆိပ်ဆူးဖြင့် ထိုးလိုက်ကြတော့သည်။
၎င်းမှာ အစပြုရုံမျှသာ ရှိသေးသည်။ ရေတွက်၍မရနိုင်သော အဆိပ်ရှိ အင်းဆက်များမှာ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး ခဏချင်းမှာပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားကြ၏။
"အား..."
ပင့်ကူနက်မထံမှ သွေးပျက်ဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ "မစ္စရှန်းကွမ်... ကျွန်မကို ကယ်ပါဦး။ ကျွန်မက ရှင်တို့ရဲ့ ကျွန်ပါ။ နောက်ဆိုရင် ရှင်တို့အတွက် ငွေတွေ အများကြီး ရှာပေးပါ့မယ်"
"မိုက်မဲလိုက်တာ... ရှန်းကွမ်မိသားစုက ငွေရှားနေတယ်လို့ နင် ထင်နေတာလား"
ရှန်းကွမ်ဟုန်ရှားက ပင့်ကူနက်မကို လှောင်ပြောင်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ပုလွေကိုသာ ဆက်လက် ဝှေ့ယမ်းနေသည်။
ဤအမျိုးသမီးသည် သူမ၏ တာဝန်ကို ကျေပွန်ခဲ့ပြီ ဖြစ်သည်။ ယဲ့ပုဖန်ကို ဤနေရာသို့ ရောက်အောင် ဆွဲဆောင်နိုင်ခဲ့ပြီ ဖြစ်၍ သူမတွင် နောက်ထပ် အသုံးချရန် တန်ဖိုး မရှိတော့ပေ။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် ပင့်ကူနက်မမှာ မြေပြင်ပေါ်သို့ ဒုတ်ခနဲ လဲကျသွားကာ ဇီဝိန်ချုပ်သွားလေတော့သည်။
ထိုမြင်ကွင်းကို မြင်လျှင် ယဲ့ပုဖန်က ခေါင်းကို အသာအယာ ခါလိုက်၏။
ပင့်ကူနက်မသည် ပရိယာယ် ကြွယ်ဝလှပြီး အခြားသူများကို အမြဲ ဒုက္ခပေးရန် ကြံစည်နေသူ ဖြစ်သည်။ ဖူခန်းဆေးဝါးလုပ်ငန်းကိုလည်း အကြိမ်ကြိမ် ဖျက်ဆီးရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင်မူ သူမ၏ အကြံအစည်များမှာ သူမထံသို့ပင် ပြန်လည် ပတ်သွားကာ ယခုကဲ့သို့ ရင်နာဖွယ် အဆုံးသတ်နှင့် ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။
ထိုအချိန်တွင် အဆိပ်ရှိ အင်းဆက်များမှာ ယဲ့ပုဖန်ထံသို့ ရောက်ရှိလာပြီး အချင်း နှစ်မီတာခန့်ရှိသော စက်ဝိုင်းပုံစံဖြင့် ဝိုင်းရံလိုက်ကြပြီ ဖြစ်သည်။
ရှန်းကွမ်ဟုန်ရှားက "မြင်တယ်မလား... အဲဒီဗူးကို အခုချက်ချင်းပေး။ ဒါမှမဟုတ်ရင် အဲဒီမိန်းမလိုပဲ နင်လည်း အဆုံးသတ်သွားရလိမ့်မယ်" ဟု ခြိမ်းခြောက်လိုက်သည်။
ယဲ့ပုဖန်က အသာအယာ ပြုံးလိုက်ရင်း - "ဒီလို မိုက်မဲတဲ့ မိန်းမနဲ့ ငါ့ကို နှိုင်းယှဥ်တာက နည်းနည်းတော့ မဆီလျော်ဘူး လို့ မထင်ဘူးလား"
ရှန်းကွမ်ဟုန်ရှား၏ မျက်နှာမှာ ဒေါသကြောင့် ပျက်ယွင်းသွားကာ "ယဲ့ပုဖန်... နင့်မှာ ကျင့်ကြံမှု နည်းနည်း ရှိရုံနဲ့ နင့်ကိုယ်နင် အထင်မကြီးနဲ့ဦး။ နင့်ရဲ့ အစွမ်းတွေ ဘယ်လောက်ပဲ ကောင်းကောင်း… ငါ့ရဲ့ ရတနာတွေ ဒီလောက် အများကြီးကိုတော့ မင်း ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"
ယဲ့ပုဖန်က "မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ။ ဒါတွေက အင်းဆက်ပိုးမွှားလေးတွေပါပဲ။ ငါ့မျက်စိထဲ ထည့်ထားရလောက်အောင် တန်ဖိုး မရှိပါဘူး"
"နင်ကတော့ သေတွင်းကို အတင်းတိုးနေတာပဲ။ ခဏနေရင် နင် ငါ့ရှေ့မှာ ဒူးထောက်ပြီး ဘယ်လို တောင်းပန်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
ရှန်းကွမ်ဟုန်ရှားက ပြောပြီးသည်နှင့် သူမ၏ လက်ထဲမှ ပုလွေကို တစ်ဖန် ပြန်လည် မှုတ်လိုက်ရာ ရပ်တန့်နေသော အဆိပ်ကောင်များမှာ ယဲ့ပုဖန်ထံသို့ တရကြမ်း ပြေးဝင်လာကြတော့သည်။
"အသေးအဖွဲ အတတ်လေးပါပဲ..."
ယဲ့ပုဖန်၏ နှုတ်ခမ်းထောင့်၌ အေးစက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူက လက်ကွက် တစ်ခုကို လျင်မြန်စွာ ဖော်လိုက်ပြီးနောက် ဟိန်းဟောက်လိုက်၏။
"မိုင်သောင်းချီ အေးခဲခြင်း..."
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။ ပတ်ဝန်းကျင်၏ အပူချိန်မှာ ရုတ်ခြည်းပင် ရေခဲမှတ်အောက်သို့ ထိုးဆင်းသွားကာ ဆီးနှင်းများ ကျဆင်းလာပြီး အေးစက်သော လေပြင်းများ တိုက်ခတ်လာရာ ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ပင် ထင်ရလေသည်။
၎င်းမှာ ရေခဲလှံ အတတ်ထက်ပင် အဆင့်နိမ့်သော ရိုးရှင်းသည့် မှော်အတတ်တစ်ခုသာ ဖြစ်သည်။ အပူချိန်မှာ အနုတ် ၁၀ ဒီဂရီ ဆဲလ်စီးယပ်စ်ခန့်သာ ရှိသဖြင့် လူသားများကို ထိခိုက်စေနိုင်ခြင်း မရှိပေ။
သို့သော် ယင်းအပူချိန်သည် အဆိပ်ရှိ အင်းဆက်များအတွက်မူ အလွန်ပင် ထိရောက်လှသည်။ ၎င်းတို့မှာ သွေးအေးသတ္တဝါများ ဖြစ်ကြသဖြင့် ရေခဲမှတ်အောက်တွင် အသက်မရှင်နိုင်ကြပေ။ ၎င်းတို့သည် ချက်ချင်းပင် လှုပ်ရှားနိုင်စွမ်း ဆုံးရှုံးသွားပြီး ရေခဲရုပ်တုများအသွင် အေးခဲသွားကြတော့သည်။
ယခင်က ယဲ့ပုဖန်သည် မြေကမ္ဘာအဆင့်သို့ မရောက်သေးသဖြင့် မှော်အတတ်ကို မီတာ ၂၀ ပတ်လည်သာ အသုံးပြုနိုင်ခဲ့သည်။
သို့သော် ယခုအခါ သူ၏ ကျင့်ကြံမှုမှာ မြေကမ္ဘာအဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်သဖြင့် မှော်အတတ်များမှာလည်း ပိုမို အစွမ်းထက်လာကာ မီတာ တစ်ရာခန့်အထိ လွှမ်းမိုးနိုင်စွမ်း ရှိသွားပြီ ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှန်းကွမ်ဟုန်ရှား ဆင့်ခေါ်ထားသော အဆိပ်ကောင်များ အားလုံး သေဆုံးသွားကြတော့သည်။
အပူချိန် ရုတ်တရက် ကျဆင်းသွားသဖြင့် ရှန်းကွမ်ဟုန်ရှားနှင့် ရှန်းကွမ်ဟုန်ပင်းတို့မှာ အလွန်ပင် အေးစက်မှုကို ခံစားလိုက်ရသည်။ ယဲ့ပုဖန်သည် စွမ်းအားကြီးမားသော မှော်ပညာသခင် တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့မိပေ။
ဤမစ်ရှင်မှာ အလွန်ပင် လွယ်ကူလိမ့်မည်ဟု သူတို့ ထင်မှတ်ခဲ့သော်လည်း လက်တွေ့တွင်မူ သူတို့ သတ်ရမည့်သူမှာ ဤကဲ့သို့သော မိစ္ဆာကောင်မျိုး ဖြစ်နေလိမ့်မည်ဟု မည်သူက သိနိုင်မည်နည်း။
သူမ အပင်ပန်းခံ မွေးမြူထားသော အဆိပ်ကောင်များ အကုန်ပျက်စီးသွားသည်ကို မြင်လျှင် ရှန်းကွမ်ဟုန်ရှားမှာ ရင်ထဲ၌ သွေးစိမ်းရှင်ရှင် ထွက်မတတ် နာကျင်သွားရကာ "နင်... နင်က တကယ်ပဲ မှော်ပညာသခင် တစ်ယောက်လား" ဟု ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
ယဲ့ပုဖန်က လက်ချောင်းကို တစ်ချက် ဝှေ့ယမ်းကာ မှော်အတတ်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤအင်းဆက်များမှာ သေဆုံးသွားပြီ ဖြစ်သဖြင့် ဘေးအန္တရာယ် မပြုနိုင်တော့ပေ။
သူက လှောင်ပြောင်သော အပြုံးဖြင့် "အသေးအဖွဲ လှည့်ကွက်လေးပါပဲ။ ဘယ်လိုလဲ... အံ့သြသွားလား"
"ယဲ့ပုဖန်... ငါ နင်နဲ့ အသေအကြေ တိုက်မယ်"
ရှန်းကွမ်ဟုန်ရှား၏ ပါးစပ်အတွင်းမှ လက်သည်းနှစ်ဖက်ကို ဝှေ့ယမ်းနေသော အနီရောင် ပိုးမွှားကြီး တစ်ကောင် ထွက်ပေါ်လာသည်။ ၎င်းမှာ သူမ၏ မူလဇာတိ ကူအင်းကောင်ပင် ဖြစ်သည်။
သူမတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ ရှန်းကွမ်မိသားစုတွင် တင်းကျပ်သော စည်းမျဉ်းများ ရှိသည့် အပြင် ယခုတစ်ကြိမ်တွင် ဆုံးရှုံးမှုများမှာလည်း အလွန်ပင် ကြီးမားလှသည်။ အကယ်၍ လုပ်ကြံသတ်ဖြတ်မှု မစ်ရှင်ကို မအောင်မြင်ပါက သူတို့နှစ်ဦး ပြန်သွားလျှင် ကြောက်မက်ဖွယ် အကျိုးဆက်များနှင့် ရင်ဆိုင်ရပေလိမ့်မည်။
အနီရောင် ပိုးမွှားကြီးမှာ ရှန်းကွမ်ဟုန်ရှား၏ ရှေ့၌ ဆင်းသက်လိုက်သော်လည်း ချက်ချင်း တိုက်ခိုက်ခြင်း မပြုဘဲ ရေတွက်၍မရနိုင်သော ပိုးမွှားလေးများအဖြစ် ရုတ်ခြည်း ပြောင်းလဲသွားကာ ယဲ့ပုဖန်ထံသို့ ယင်ကောင်များအလား တရကြမ်း ပြေးဝင်သွားတော့သည်။
"ယဲ့ပုဖန်... သေပေတော့"
ရှန်းကွမ်ဟုန်ရှားက ဟိန်းဟောက်လိုက်ရာ သူမ၏ မျက်နှာမှာ ပိုမို ကြောက်မက်ဖွယ်ကောင်းသော ပုံစံသို့ ပြောင်းလဲသွားသည်။
၎င်းမှာ ကူအင်းအတတ်၏ ကြောက်မက်ဖွယ်ကောင်းသော အချက်ပင် ဖြစ်သည်။ အကယ်၍ ပိုးမွှားကြီး တစ်ကောင်တည်းဆိုပါက သိုင်းပညာရှင်တစ်ဦးအနေဖြင့် လက်နက်ဖြင့် ခုခံနိုင်သော်လည်း ယခုကဲ့သို့ သေးငယ်သော ပိုးမွှား ရာပေါင်း၊ ထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားပါက...
၎င်းကို ခုခံရန်မှာ မဖြစ်နိုင်သလောက်ပင်။
ကြီးမားသော ခွန်အားကို အသေးအဖွဲလေးများအဖြစ် ခွဲထုတ်လိုက်ခြင်း - ၎င်းမှာ ရှန်းကွမ်ဟုန်ရှား၏ မူလဇာတိ ကူအင်းကောင်၏ စွမ်းအားပင် ဖြစ်သည်။ ဤအတတ်ဖြင့် သူမသည် သိုင်းပညာရှင်များစွာကို သတ်ဖြတ်ခဲ့ဖူးသည်။
သို့သော် ကံဆိုးစွာပင် ယနေ့ သူမ ရင်ဆိုင်နေရသူမှာ မြေကမ္ဘာအဆင့် သိုင်းပညာရှင် ဖြစ်သလို မှော်ပညာသခင်လည်း ဖြစ်သော ယဲ့ပုဖန် ဖြစ်နေလေသည်။
သေးငယ်သော ကူအင်းကောင်လေးများမှာ ယဲ့ပုဖန်ကို အလုံးစုံ ဝိုင်းရံထားနိုင်ပြီ ဖြစ်ကြောင်း မြင်လျှင် ရှန်းကွမ် မောင်နှမနှစ်ဦးမှာ သက်ပြင်း တစ်ချက်ကို ချလိုက်ကြသည်။
သို့သော် ထိုအချိန်တွင် ယဲ့ပုဖန်က လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ရေတွက်၍မရနိုင်သော အင်းစာရွက်များ ထွက်ပေါ်လာပြီး ချက်ချင်းပင် မီးတောက်များအဖြစ် ပြောင်းလဲသွားတော့သည်။
အဖြစ်အပျက်မှာ ရုတ်တရက် ဆန်လွန်းလှသဖြင့် မူလဇာတိ ကူအင်းကောင်မှ ပြောင်းလဲထားသော ပိုးမွှားလေးများမှာ ထွက်ပြေးရန် အချိန်မရလိုက်ကြပေ။ ၎င်းတို့သည် စူးရှသော အော်ဟစ်သံများနှင့် အတူ မီးတောက်များအတွင်း၌ လောင်ကျွမ်းသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဖူး..."
ရှန်းကွမ်ဟုန်ရှားမှာ သွေးတစ်ချက် အန်လိုက်ရသည်။ သူမ၏ မူလဇာတိ ကူအင်းကောင် ပျက်စီးသွားခြင်းကြောင့် သူမ၏ အခြေခံစွမ်းအားပါ ထိခိုက်သွားခြင်း ဖြစ်သည်။
ရှန်းကွမ်ဟုန်ပင်းက သူ၏ အစ်မကို တွဲထားရင်း ယဲ့ပုဖန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ "ယဲ့ပုဖန်... မင်းမှာ အစွမ်းရှိသားပဲ။ သွားကြစို့"
သူ့ရှေ့မှ လူငယ်မှာ အလွန်ပင် စွမ်းအားကြီးမားလှသဖြင့် သူတို့အနေဖြင့် မည်သို့မျှ သတ်နိုင်မည် မဟုတ်ကြောင်း သူ သိရှိသွားပြီ ဖြစ်သည်။
ယဲ့ပုဖန်က သူတို့နှစ်ဦး၏ လမ်းကို ပိတ်ဆို့လိုက်ကာ - "လာချင်တိုင်းလာပြီး သွားချင်တိုင်း သွားလို့ ရမယ်လို့ မင်းတို့ ထင်နေတာလား။ ဒီလောကမှာ အလကားရတဲ့ ထမင်းဝိုင်းဆိုတာ မရှိဘူးကွ"
ရှန်းကွမ်ဟုန်ပင်းက "မင်း ဘာလုပ်ချင်တာလဲ။ ငါတို့က ရှန်းကွမ်မိသားစုဝင်တွေနော်" ဟု ဟိန်းဟောက်လိုက်သည်။
ယဲ့ပုဖန်က "ဒါဆိုရင် ဘာဖြစ်လဲ" ဟု အေးစက်စွာ မေးလိုက်၏။
ရှန်းကွမ်ဟုန်ပင်းက "မင်းသာ ငါတို့ကို တစ်ခုခု လုပ်ရဲရင် ရှန်းကွမ်မိသားစုက မင်းကို သေချင်စော်နံသွားအောင် လုပ်လိမ့်မယ်" ဟု ပြန်အော်သည်။
"ရှန်းကွမ်မိသားစုက တော်တော် စွမ်းပုံရတယ်၊ ဒါပေမဲ့ ကံဆိုးတာက ငါက သူတို့အကြောင်း တစ်ခါမှ မကြားဖူးဘူး"
ယဲ့ပုဖန်က ပြောလိုက်သည်။ "ငါ သိတာကတော့ မင်းတို့က ငါ့ကို သတ်ဖို့ ဒီကို လာခဲ့ကြတာပဲ။ သတ်ဖို့ ရည်ရွယ်ချက် ရှိရင် အသတ်ခံရဖို့ကိုလည်း ပြင်ဆင်ထားသင့်တယ်"
"မြန်မြန် သွားကြစို့"
တစ်ဖက်လူက ရှန်းကွမ်မိသားစုကို လုံးဝ ဂရုမစိုက်ကြောင်း မြင်လျှင် ရှန်းကွမ်ဟုန်ပင်းသည် ရှန်းကွမ်ဟုန်ရှားကို ဆွဲကာ အိမ်တော်အတွင်းမှ အတင်း ထွက်ပြေးရန် ကြိုးစားတော့သည်။
ယဲ့ပုဖန်၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားသည်။ ဤလူနှစ်ဦးသည် သူ့ကို သတ်ရန် နည်းလမ်းမျိုးစုံ သုံးခဲ့ကြပြီး မအောင်မြင်သည့်အခါမှ ထွက်ပြေးရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ သူတို့အား ဤအတိုင်း လွှတ်ပေးရန် သူ စိတ်မကူးပေ။
သူက လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ရာ လေထုအတွင်း၌ ကြီးမားသော ရေခဲလှံကြီး နှစ်စင်း ထွက်ပေါ်လာပြီး ဝှစ်ခနဲ အသံနှင့်အတူ ထွက်ပြေးနေသော ရှားကွမ်မောင်နှမထံ တိုးဝင်သွား၏။
ရှန်းကွမ်ဟုန်ပင်းနှင့် ရှန်းကွမ်ဟုန်ရှားတို့မှာ ခြေလှမ်းအနည်းငယ်မျှပင် မပြေးရသေးခင်မှာပင် ရေခဲလှံကြီးများမှာ သူတို့၏ ကျောပြင်ကို ဖောက်ထွက်သွားပြီး မြေပြင်ပေါ်သို့ တစ်ပါတည်း စိုက်ထည့်ခြင်း ခံလိုက်ရသည်။
"ယဲ့ပုဖန်... ငါတို့ ရှန်းကွမ်မိသားစုက မင်းကို အလွတ်ပေးမှာ မဟုတ်..."
ရှန်းကွမ်ဟုန်ပင်းမှာ စကားပင် မဆုံးသေးခင်မှာပင် ဇီဝိန်ချုပ်သွားတော့သည်။
ယဲ့ပုဖန်သည် သူတို့၏ အလောင်းများထံသို့ သွားကာ အလောင်းများကို ဖျောက်ဖျက်ရန် ပြင်လိုက်စဥ် မြေပြင်ပေါ်တွင် ပြုတ်ကျနေသော ရှေးဟောင်း စာအုပ်တစ်အုပ်ကို ရုတ်တရက် သတိပြုမိလိုက်၏။
***