ယဲ့ပုဖန်က "ဖြစ်နိုင်တာပေါ့" ဟု ဆိုကာ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ပြောပြလိုက်သည်။ အားလုံးကို နားထောင်ပြီးနောက် စီမာဝေက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
"အချစ်လေး... နင်က တကယ်ပဲ ရှန်းကွမ်မိသားစုက လူတွေကို သတ်ပစ်လိုက်တာလား"
"သတ်လိုက်တဲ့သူတွေက ရှန်းကွမ်ဟုန်ပင်းနဲ့ ရှန်းကွမ်ဟုန်ရှားတဲ့။ တစ်ယောက်က အလောင်းတွေကို ထိန်းချုပ်ပြီး နောက်တစ်ယောက်က ကူအင်းအတတ်ကို သုံးတာ"
စီမာဝေက "ဒါဆိုရင်တော့ သေချာပြီ။ သူတို့က ရှန်းကွမ်မိသားစုကပဲ။ ဒါကတော့ ပြဿနာ အကြီးကြီး တက်တော့မှာပဲ" ဟု လေးနက်စွာ ဆိုလိုက်သည်။
ယဲ့ပုဖန်က "ရှန်းကွမ်မိသားစုက အဲဒီလောက်တောင် ကြောက်ဖို့ကောင်းလို့လား" ဟု မေးလိုက်၏။
"ကြောက်ဖို့ကောင်းတာထက်တောင် ပိုသေးတယ်" ဟု စီမာဝေက ဆက်ပြောသည်။
"ရှန်းရှီးမှာ အဓိက အင်အားစုကြီး သုံးခု ရှိတယ်။ ကူဘုရင် ၊ ရှန်းကွမ်မိသားစုနဲ့ ကျူးယိုးမိသားစုတို့ပဲ။ သူတို့ရဲ့ အင်အားက မြို့တော်က ထိပ်သီးမိသားစုတွေထက် အနည်းငယ်ပဲ နိမ့်ပေမဲ့ သူတို့က အဆပေါင်းများစွာ ပိုပြီး ကြောက်စရာကောင်းတယ်"
ဤသုံးခုထဲတွင် ကျူးယိုးမိသားစုမှာမူ ဖြောင့်မတ်မှန်ကန်မှုကြောင့် နာမည်ကျော်ပြီး လူနာများကို ကုသပေးကာ အသက်ကယ်တင်ခြင်းတို့ကြောင့် ဂုဏ်သတင်း အလွန်ကောင်းမွန်လှသည်။
ကူဘုရင်မှာမူ လျှို့ဝှက်ဆန်းကြယ်လွန်းပြီး မည်သူမျှ ခန့်မှန်း၍ မရနိုင်ပေ။ ရှန်းကွမ်မိသားစုမှာမူ ရက်စက်ကြမ်းကြုတ်သည့်အပြင် အညှိုးအတေး အလွန်ကြီးမားသူများ ဖြစ်ကြသည်။
နှစ်ပေါင်းများစွာအတွင်း မည်သူမျှ ရှန်းကွမ်မိသားစုကို မပတ်သက်ရဲကြပေ။ အကယ်၍ ပတ်သက်မိပါက တစ်ဖက်ဖက်က အသေအလဲ ဖြစ်သွားသည်အထိ တိုက်ခိုက်တတ်ကြသည်။
ယဲ့ပုဖန်က "ရှန်းကွမ်မိသားစုရဲ့ အခြေအနေက တကယ်တမ်း ဘယ်လိုလဲ။ ငါ့ကို အသေးစိတ် ပြောပြဦး" ဟု ဆိုလိုက်သည်။
"ရန်သူ့အကြောင်း သိမှ တိုက်ပွဲတိုင်း နိုင်မှာ" မဟုတ်ပါလား။
သူသည် ရှန်းကွမ်မိသားစုကို မကြောက်သော်လည်း သူတို့တွင် မည်သည့် လျှို့ဝှက်ချက်များ ရှိသည်ကိုမူ သိရှိထားရန် လိုအပ်ပေသည်။
စီမာဝေက "အချစ်လေး… ရှန်းရှီးရဲ့ အမိုက်မှောင် အတတ်သုံးပါး အကြောင်း ကြားဖူးလား" ဟု မေးလိုက်၏။
ယဲ့ပုဖန်က "အရင်ကတော့ ရှန်းရှီးမှာ ကူအင်းအတတ်နဲ့ အလောင်းမောင်းအတတ် ရှိတယ်လို့ပဲ ကြားဖူးတယ်။ တခြားတော့ မသိဘူး"
"တကယ်တော့လည်း အတူတူပါပဲ။ ရှန်းရှီးရဲ့ အမိုက်မှောင် အတတ်သုံးပါး ဆိုတာက အလောင်းမောင်းအတတ် ၊ ကူအဆိပ်အတတ်နဲ့ ပန်းကြွေဂူမိန်းကလေးတို့ပဲ"
စီမာဝေက ဆက်လက် ရှင်းပြသည်။ "အလောင်းသန့်စင်ခြင်း အတတ်က မိစ္ဆာအတတ် ဖြစ်ပေမဲ့ အရမ်း နက်နဲကျယ်ပြန့်တယ်။ အလောင်းမောင်းအတတ် ဆိုတာက အဲဒီအတတ်ရဲ့ အကိုင်းအခက်လေး တစ်ခုပဲ။ ဒါပေမဲ့ လူတွေ အမြင်ရဆုံးကတော့ အဲဒါပဲပေါ့"
“ဂူအဆိပ်အတတ်ကတော့ ကူအင်းကောင်တွေကို ဖန်တီးပြီး ထိန်းချုပ်တာမျိုးပဲ။ ကူအင်းကောင်တွေက လူကို အသံတိတ် သတ်နိုင်စွမ်းရှိပြီး ကာကွယ်ဖို့လည်း အရမ်း ခက်တယ်”
“ရှန်းကွမ်မိသားစုကတော့ အဲ့ဒီအတတ် နှစ်ခုလုံးဖြစ်တဲ့ အလောင်းသန့်စင်ခြင်းနဲ့ ကူအင်းအတတ်တို့မှာ အထူး ကျွမ်းကျင်တဲ့ မိသားစုကြီးပဲ”
“ဒဏ္ဍာရီတွေအရ မိသားစုခေါင်းဆောင် ရှန်းကွမ်ရှုံက အလောင်းသန့်စင်ခြင်း အတတ်မှာ အထွတ်အထိပ် ရောက်နေပြီး ရွှေအလောင်း အဆင့်ရှိတဲ့ အလောင်းရုပ်သေးတွေကိုတောင် ဖန်တီးထားနိုင်တယ်တဲ့”
ယဲ့ပုဖန်က "ရွှေအလောင်း ဟုတ်လား။ ဒါဆိုရင် အာကာသအဆင့် သိုင်းပညာရှင်တစ်ယောက်နဲ့ တန်းတူပဲပေါ့" ဟု ရေရွတ်လိုက်၏။
စီမာဝေက "ဟုတ်တယ်။ အဲဒါကြောင့်ပဲ ရှန်းကွမ်မိသားစုကို ဘယ်သူမှ မထိရဲတာ။ အချစ်လေး… နင် တကယ်ကို သတိထားမှ ဖြစ်မယ်"
ယဲ့ပုဖန်က "ဒါပေမဲ့ ငါ တစ်ခု နားမလည်တာက ကျန်းနန်နဲ့ ကျန်းပေ့ဆိုတာ ရှန်းရှီးနဲ့ မိုင်ပေါင်းများစွာ ဝေးတယ်။ ငါလည်း ရှန်းကွမ်မိသားစုနဲ့ တစ်ခါမှလည်း မပတ်သက်ဖူးဘူး။ သူတို့က ဘာလို့ ငါ့ကို လာပြီး ဒုက္ခပေးတာလဲ" ဟု မေးလိုက်သည်။
"အဲဒါကိုတော့ ငါလည်း မသိဘူး။ ရွှမ်ယွမ်စံအိမ်မှာ အစွမ်းထက်တဲ့ သတင်းကွန်ရက် ရှိပေမဲ့ အရာအားလုံးကိုတော့ မသိနိုင်ဘူး။ အထူးသဖြင့် ရှန်းရှီး ဒေသမှာပေါ့"
“အထူးသဖြင့် ရှန်းရှီးက အင်အားစုကြီး သုံးခုလုံးရဲ့ ထူးခြားတဲ့ အခြေအနေများကြောင့် ငါတို့လူတွေ အထဲကို စိမ့်ဝင်ဖို့ လုံးဝ မလွယ်ကူဘူး”
စီမာဝေက ဆက်ပြောသည်။ "ဒါက တကယ့်ကို ထူးဆန်းတဲ့ ကိစ္စပဲ။ ရှန်းကွမ်မိသားစုက ရက်စက်ပြီး ဗိုလ်ကျတတ်ပေမဲ့ သူတို့က ရှန်းရှီးမှာပဲ အခြေချနေထိုင်ပြီး ပြင်ပလောကနဲ့ ပတ်သက်လေ့ မရှိကြဘူး။ အခု ဘာလို့ ရုတ်တရက်ကြီး နင့်ကို လာတိုက်ခိုက်ရတာလဲ။ ပြီးတော့ ဒီလောက် အင်အားအများကြီးကို ဘာလို့ တစ်ပြိုင်နက် လွှတ်လိုက်ရတာလဲ"
ယဲ့ပုဖန်က မျက်မှောင်ကြုတ်လိုက်ရင်း - "သတင်းအချက်အလက် မရှိမှတော့ မှန်းဆကြည့်ရုံပဲ ရှိတော့တာပေါ့"
"ကျန်းပေ့က မိသားစုကြီး လေးခုထဲက တစ်ခုခုက ရှန်းကွမ်မိသားစုနဲ့ အဆက်အသွယ်ရပြီး ငါ့ကို နှိမ်နင်းခိုင်းတာ ဖြစ်နိုင်မလား"
စီမာဝေက "အဲဒါကတော့ လုံးဝ မဖြစ်နိုင်သလောက်ပဲ" ဟု ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"ကျန်းပေ့က မိသားစုကြီး လေးခုဆိုတာ ရှန်းကွမ်မိသားစုနဲ့ ယှဥ်ရင် ဘာမှမဟုတ်ဘူး။ သူတို့က ရှန်းကွမ်မိသားစုကို စေခိုင်းဖို့ မပြောနဲ့။ စကားပြောဖို့တောင် အခွင့်အရေး မရှိကြပါဘူး"
ယဲ့ပုဖန်က "ဒါဆို ငွေကြေးနဲ့ စည်းရုံးတာဆိုရင်ရော"
စီမာဝေက "အဲဒါက ပိုတောင် မဖြစ်နိုင်သေးတယ်။ ရှန်းကွမ်မိသားစုက ရှန်းရှီးမှာ အခြေစိုက်ပြီး ငွေတွေ အများကြီး ရှိတယ်။ ကျန်းပေ့က မိသားစု လေးခုရဲ့ ငွေဆိုတာ သူတို့မျက်စိထဲမှာတော့ အသေးအဖွဲလေးပဲ။ ဒါနဲ့တော့ သူတို့ကို စည်းရုံးလို့ မရနိုင်ဘူး"
ယဲ့ပုဖန်က စဥ်းစားကြည့်ရာ မှန်ကန်ကြောင်း သိလိုက်ရသည်။ အကယ်၍ မိသားစုကြီး လေးခုနှင့် ပတ်သက်နေပါက ရှန်းကွမ် မောင်နှမနှစ်ဦးသည် ကျန်းပေ့သို့ လာသောအခါ ပင့်ကူနက်မနှင့် ပူးပေါင်းစရာ မလိုဘဲ မိသားစုကြီး လေးခုထံသို့သာ တိုက်ရိုက် သွားသင့်ပေသည်။
ထို့ပြင် ရှန်းကွမ် မောင်နှမနှစ်ဦးမှာ ပင့်ကူနက်မကို မဆိုင်းမတွ စတေးလိုက်ခြင်းက သူတို့နှစ်ဦးကြားတွင် တရားဝင် ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း သက်သေပြနေသည်။
"မိသားစုကြီး လေးခု မဟုတ်ရင်... ဘယ်သူ ဖြစ်နိုင်ဦးမလဲ"
ယဲ့ပုဖန်သည် မိမိနောက်ကွယ်တွင် မည်သူက ကြိုးကိုင်နေမှန်း မသိရသော ခံစားချက်ကို လုံးဝ မနှစ်သက်ပေ။
သူက ခဏမျှ တွေးတောလိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို သတိရသွားကာ - "ချန်ဆွန်းမိသားစုကများ နောက်ကွယ်က ရှိနေတာလား"
"အချစ်လေး ပြောတာတော့ ဖြစ်နိုင်တယ်။ ချန်ဆွန်းမိသားစုက မြို့တော်က ထိပ်သီးမိသားစု ဖြစ်ပြီး ရှန်းကွမ်မိသားစုထက်တောင် အင်အားကြီးသေးတယ်။ သူတို့ဆိုရင်တော့ ရှန်းကွမ်မိသားစုကို စေခိုင်းနိုင်မှာပဲ"
"ဒါပေမဲ့ အဲဒါလည်း မဖြစ်နိုင်ဘူး"
စီမာဝေက ယဲ့ပုဖန်၏ စကားကို တိုက်ရိုက်ပင် ပယ်ချလိုက်ပြန်သည်။ "အချစ်လေး ပြောသလို ချန်ဆွန်းမိသားစုမှာ အဲဒီလို အစွမ်းရှိတာ မှန်တယ်။ သူတို့သာ တောင်းဆိုရင် ရှန်းကွမ်မိသားစုက သေချာပေါက် မျက်နှာသာ ပေးပါလိမ့်မယ်။ ဒါပေမဲ့ သူတို့မှာ အဲဒီလို လုပ်ဖို့ အကြောင်းပြချက် မရှိဘူး"
"ပထမအချက်ကတော့ ချန်ဆွန်းတုန်းကျွီးဟာ ချန်ဆွန်းမိသားစုနဲ့ အပေါ်ယံမှာ လမ်းခွဲထားပြီးသား။ ပြီးတော့ အချစ်လေးက ချန်ဆွန်းရှမ်းကို နှိမ်နင်းလိုက်တာက ချန်ဆွန်းတုန်းကျွီးကို ကူညီလိုက်သလိုပဲ ဖြစ်နေတယ်။ ဒါကြောင့် သူတို့က မောင့်ကို တိုက်ခိုက်စရာ အကြောင်းမရှိဘူး"
"ဒုတိယအချက်ကတော့ ချန်ဆွန်းမိသားစုသာ အချစ်လေးကို နှိမ်နင်းချင်တယ်ဆိုရင် ရှန်းကွမ်မိသားစုကို အကူအညီတောင်းနေစရာ မလိုဘူး။ မိသားစုကြီး တစ်ခုရဲ့ သိက္ခာအရလည်း အဲဒီလို မလုပ်လောက်ဘူး"
“မြို့တော်က ထိပ်သီးမိသားစုတွေမှာ အာကာသအဆင့် သိုင်းပညာရှင်တွေ ရှိသလို မြေကမ္ဘာအဆင့် သိုင်းပညာရှင်တွေကလည်း ရေတွက်လို့တောင် မရနိုင်ဘူး”
"ချန်ဆွန်းမိသားစုသာ အချစ်လေးကို နှိမ်နင်းချင်ရင် အဆင့်မြင့် သိုင်းပညာရှင် အနည်းငယ် လွှတ်လိုက်တာနဲ့တင် ကိစ္စပြတ်နေပြီ။ ဘာလို့ ရှန်းရှီးအထိ သွားပြီး အကူအညီ တောင်းနေမှာလဲ"
ယဲ့ပုဖန်က ခေါင်းညိတ်လိုက်၏။
သူသည် မြို့တော်က မိသားစုကြီးများကို ထိပ်တိုက်ရင်ဆိုင်နိုင်လောက်အောင် အင်အား မကြီးသေးသည်မှာ မှန်သော်လည်း ချန်ဆွန်းမိသားစုအနေဖြင့် သူ့ကို တိုက်ခိုက်ရန် အကြောင်းပြချက် မရှိကြောင်းကိုလည်း သူ သိပေသည်။
သူက မျက်မှောင်ကြုတ်လိုက်ရင်း - "ဒါဆိုရင် တကယ် ထူးဆန်းတာပဲ။ ရှန်းကွမ်မိသားစုက ဆေးမှားသောက်ပြီး ငါ့လို သာမန်လူတစ်ယောက်ကို ဘာလို့ လာတိုက်ခိုက်နေရတာလဲ"
"စဥ်းစားလို့ မရရင်လည်း ဆက်မတွေးပါနဲ့တော့။ ငါ နောက်ကျရင် အဲဒီအကြောင်းကို သေသေချာချာ စုံစမ်းပေးမယ်"
စီမာဝေက ဆက်ပြောသည်။ "အခု အရေးကြီးဆုံးက အချစ်လေး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပဲ။ ရှန်းကွမ်မိသားစုက အညှိုးအတေး အရမ်း ကြီးပြီး အပေးအယူ မရှိတဲ့သူတွေ"
"အခု အချစ်လေးက သူတို့ရဲ့ အဓိကတပည့် နှစ်ယောက်၊ ငွေအလောင်း တစ်ခုနဲ့ ကြေးအလောင်း ဆယ်ခုကို ဖျက်ဆီးပစ်လိုက်ပြီဆိုတော့ သူတို့က သေချာပေါက် လက်စားချေဖို့ လူလွှတ်လိမ့်မယ်။ လွှတ်လိုက်တဲ့သူတွေကလည်း သေချာပေါက် အဆင့်မြင့် သိုင်းပညာရှင်တွေပဲ ဖြစ်လိမ့်မယ်"
"လာချင်လည်း လာစမ်းပါစေ။ ရှန်းကွမ်မိသားစုက အင်အားကြီးတယ် ဆိုပေမဲ့ ဒါက ရှန်းရှီး မဟုတ်ဘူး။ ငါကလည်း ဒီအတိုင်း အနိုင်ကျင့်ခံနေမဲ့သူ မဟုတ်ပါဘူး"
ရှေးဟောင်းဆေးပညာဂိုဏ်း၏ အမွေဆက်ခံသူ တစ်ဦးအနေဖြင့် ယဲ့ပုဖန်တွင် ကိုယ်ပိုင် လျှို့ဝှက် လက်နက်များနှင့် ယုံကြည်ချက်များ ရှိပေသည်။
သိုင်းပညာနဲ့ မရရင် မှော်ပညာနဲ့ တိုက်မယ်။ မှော်ပညာနဲ့ မရရင် အစီအရင်တွေနဲ့ တိုက်မယ်။
အတိုချုပ်ပြောရလျှင် သူသည် မည်သူ့ကိုမျှ အရှုံးပေးမည့်သူ မဟုတ်ပေ။ ရှန်းကွမ်မိသားစုကိုပင် ဖြစ်စေကာမူ သူက လာသမျှ လူတိုင်းကို သတ်ဖို့ ဝန်လေးနေမည် မဟုတ်ချေ။
ထိုသို့ တွေးတောရင်း သူက ထပ်မေးလိုက်သည်။ "ဒါနဲ့... ငါ့ဆီ ဖုန်းခေါ်ရတဲ့ အဓိက ကိစ္စက ဘာလဲ"
စီမာဝေက "အချစ်လေးကို ပြောစရာ နှစ်ခု ရှိတယ်။ ပထမကိစ္စကတော့ ကောင်းကင်စစ်သည်တော် စီမံကိန်းကို ရွှမ်ယွမ်စံအိမ်ရဲ့ အထက်လူကြီးတွေက အတည်ပြုလိုက်ပြီ။ အခု လူရွေးချယ်တဲ့ အဆင့်ကို ရောက်နေပြီ"
"ငါ မနက်ဖြန် ကျန်းပေ့မြို့ကို လာခဲ့မယ်။ ကျန်းနန်မြို့အတွက် အရန်အင်အားတွေကို ငါ စစ်ဆေးရမယ်။ အချစ်လေးက ငါ့ကို ကူညီပြီး လူရွေးပေးရမယ်နော်"
"ရတာပေါ့"
ယဲ့ပုဖန်က ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်သည်။ သူသည်လည်း ဤကိစ္စများကို အမြန်ဆုံး ဖြေရှင်းပြီး ရှန်းကွမ်မိသားစု၏ လက်စားချေမှုကို ရင်ဆိုင်ရန် အပြည့်အဝ အာရုံစိုက်ချင်နေလေပြီ။
သူက ထပ်မေးလိုက်သည်။ "ဒုတိယ အချက်ကရော ဘာလဲ"
စီမာဝေက "အချစ်လေး... ဒုတိယ သတင်းကတော့ မကောင်းဘူး။ အချစ်လေး ပြဿနာ အကြီးကြီး တက်နေပြီ။ အခုလေးတင် ရတဲ့ သတင်းအရ ကျန်းပေ့က ဆရာကြီးကဲ့နဲ့ ခုံထုံဂိုဏ်းချုပ် ရှန်တုန်းလိုင်တို့ နှစ်ယောက်လုံး ကျင့်ကြံခန်းကနေ ထွက်လာကြပြီတဲ့"
"အို... အဲဒါက ဘာမှ မဟုတ်ပါဘူး" ဟု ယဲ့ပုဖန်က အေးဆေးစွာ ဆိုလိုက်သည်။
ရှန်းရှီးမှ ရှန်းကွမ်မိသားစုနှင့် နှိုင်းယှဥ်ပါက ဤနှစ်ဦးမှာ ဩဇာအာဏာ သိသိသာသာ နိမ့်ကျလှပေသည်။ ထို့အပြင် ကဲ့ဝန်ကုန်းမှာ သူ၏ အစေခံတစ်ဦးသာ မဟုတ်ပါလား။
စီမာဝေက ထိုအချက်များကို မသိရှိသဖြင့် - "အချစ်လေး... ဆရာကြီးကဲ့ကို အထင်မသေးနဲ့ဦးနော်။ သူက ရှဟိုအောက်နဲ့ နာမည်တူတယ် ဆိုပေမဲ့ လက်တွေ့မှာတော့ ရှဟိုအောက်ထက် အများကြီး ပိုစွမ်းတယ်။ သူက ကျန်းပေ့ရဲ့ နံပါတ်တစ်လို့တောင် ပြောလို့ ရတယ်"
"အထူးသဖြင့် ဒီတစ်ခါ ကျင့်ကြံခန်း ဝင်နေတုန်းမှာ သူက ဆရာကောင်း တစ်ယောက်ဆီကနေ လမ်းညွှန်မှု ရခဲ့ပြီး ကျင့်ကြံမှုတွေ အများကြီး တိုးတက်လာတယ်လို့ သတင်းထွက်နေတယ်။ အခုဆိုရင် သူက မှော်ပညာသခင် အဆင့်ကိုတောင် ရောက်နေပြီ"
"ဒါတင်မကသေးဘူး။ သူက မိသားစုကြီး လေးခုလုံးနဲ့ အဆက်အသွယ် ရှိတယ်။ အထူးသဖြင့် ရှီမိသားစုနဲ့ပေါ့"
"အချစ်လေးက ကျန်းပေ့မှာ ဗိန်းမောင်းဆွဲပြီး မိသားစုကြီး လေးခုလုံးကို ရန်စခဲ့တာလေ။ ကဲ့ဝန်ကုန်းကတော့ ဒီအတိုင်း ငြိမ်နေမှာ မဟုတ်ဘူး။ အချစ်လေးဆီကို သေချာပေါက် လာလိမ့်မယ်"
***