ကျန်းနန်မြို့၏ နံပါတ်တစ် သိုင်းဆရာကြီး ရှဟိုအောက်၏ အိမ်တော်အတွင်းဝယ် ချွီလင်ဖုန်းနှင့် သူ၏ ဆရာ တင်းကျီချန်တို့ အတူတကွ ထိုင်နေကြလေသည်။
ယဲ့ပုဖန်၏ ဆုံးမခြင်းကို ခံလိုက်ရကတည်းက သူတို့နှစ်ဦးမှာ ဗီလာအတွင်း၌သာ ပုန်းအောင်းနေခဲ့ကြပြီး တစ်ဖက်လူက ထပ်မံနှောက်ယှက်လာမည်ကို စိုးရိမ်သဖြင့် အပြင်သို့ပင် မထွက်ရဲကြပေ။
ချွီလင်ဖုန်းက "ဆရာ... ဆရာ့ရဲ့ ဆရာ ထွက်သွားတာလည်း တော်တော်ကြာနေပြီ။ ဘာလို့ ခုထိ သတင်းမကြားရသေးတာလဲ" ဟု စိုးရိမ်တကြီး မေးလိုက်သည်။
တင်းကျီချန်က "ဂိုဏ်းချုပ်က အခု ကျင့်ကြံခန်း ဝင်နေတာလေ။ ငါ့ဆရာကလည်း အဲဒီမှာပဲ စောင့်နေမှာပေါ့။ ဒီလိုကိစ္စမျိုးတွေက လောလို့မှ မရတာ" ဟု ပြန်ဖြေ၏။
ချွီလင်ဖုန်းက စိတ်မရှည်စွာဖြင့် "ယဲ့ပုဖန်ဆိုတဲ့ ကောင်လေးက ကျန်းပေ့ကနေ ထွက်ပြေးသွားမှာကိုပဲ ကြောက်တာ။ အဲဒီလိုဆိုရင် ကျွန်တော်တို့ လက်စားချေဖို့ မျှော်လင့်ချက် မရှိတော့ဘူး"
တင်းကျီချန်က "ဘုန်းကြီးပြေးသော်လည်း ကျောင်းမပြေးနိုင်ပါဘူးကွာ။ သူ ဘယ်ကို ပြေးနိုင်မှာလဲ။ ဂိုဏ်းချုပ်ကိုယ်တိုင် အရေးယူတော့မယ်ဆိုရင် အဲဒီကောင် သေဖို့ပဲ ရှိတော့တယ်" ဟု ဆိုလိုက်သည်။
ချွီလင်ဖုန်းက အံတင်းတင်း ကြိတ်ကာ "ဂိုဏ်းချုပ် အမြန်ဆုံး ကျင့်ကြံခန်းက ထွက်လာပါစေလို့ပဲ ဆုတောင်းပါတယ်။ ကျွန်တော် တစ်စက္ကန့်တောင် ထပ်မစောင့်နိုင်တော့ဘူး။ အဲဒီ ယဲ့ပုဖန်ဆိုတဲ့ ကောင်ကို အခုချက်ချင်း သတ်ပစ်ချင်နေပြီ"
သူတို့နှစ်ဦး စကားပြောနေစဥ်မှာပင် တင်းကျီချန်၏ အိတ်ကပ်အတွင်းမှ ဖုန်းမှာ မြည်လာတော့သည်။
သူက ဖုန်းကို ထုတ်ကြည့်လိုက်ရာ ဝမ်းသာအားရ ဖြစ်သွားပြီး လက်ခံလိုက်၏။ "ဆရာ... ဆရာ့ဆီက သတင်းထူး ရပြီလား"
ဖုန်းတစ်ဖက်မှ ရှဟိုအောက်၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာသည်။ "ဆရာက ကျင့်ကြံခန်းကနေ ထွက်လာပြီ။ အခု ငါနဲ့အတူ ကျန်းပေ့ကို လာနေကြတာ။ မနက်ဖြန် မနက်ဆို ရောက်လိမ့်မယ်"
"ငါတို့ ရောက်တာနဲ့ ဂိုဏ်းချုပ်က သူ့ကို ရှာပြီး လက်စားချေလိမ့်မယ်။ မင်းတို့က အဲဒီ ယဲ့ပုဖန်ကို မျက်ခြေမပြတ် စောင့်ကြည့်ထားကြ။ ဂိုဏ်းချုပ်ရဲ့ အချိန်ကို အလဟဿ မဖြုန်းစေနဲ့"
တင်းကျီချန်က "စိတ်ချပါ ဆရာ။ ကျွန်တော် အဲဒီကိစ္စကို သေချာ တာဝန်ယူလိုက်ပါ့မယ်" ဟု အားတက်သရော ပြောလိုက်သည်။
ချွီလင်ဖုန်းမှာလည်း ဘေးနားမှနေ၍ စကားသံများကို အကုန်ကြားနေရ၏။
ဖုန်းချလိုက်သည်နှင့် သူက ဝမ်းမြောက်ဝမ်းသာ အော်ဟစ်လိုက်သည်။ "ကောင်းလိုက်တာ။ ဂိုဏ်းချုပ် နောက်ဆုံးတော့ ရောက်လာပြီပဲ"
"ယဲ့ပုဖန်... မနက်ဖြန်က မင်းရဲ့ အသုဘနေ့ပဲ"
တင်းကျီချန်ကလည်း ပြုံးရွှင်လျက် "ဟုတ်တယ်... ဂိုဏ်းချုပ်ကိုယ်တိုင် အရေးယူမှာဆိုတော့ သူ သေသွားရင်တောင် ဒါက သူ့အတွက် ဂုဏ်ယူစရာပဲ" ဟု ဆိုသည်။
ချွီလင်ဖုန်းက "ကျွန်တော် အခုပဲ သွားပြီး စောင့်ကြည့်လိုက်ဦးမယ်။ အဲဒီကောင် သတင်းကြားပြီး ထွက်မပြေးစေရဘူး"
တစ်ချိန်တည်းမှာပင် ရှီထျန်းချီမှာလည်း ရှီဝန်စုန်း၏ အခန်းထဲသို့ အပြေးကလေး ဝင်လာခဲ့သည်။
"အဖိုး... သတင်းကောင်းပဲ။ ဆရာကြီးကဲ့ ကျင့်ကြံခန်းက ထွက်လာပြီ။ မနက်ဖြန်မှာ တပည့်လက်ခံပွဲ လုပ်မယ်တဲ့"
သတင်းကြားလျှင် လက်ဖက်ရည် သောက်နေသော ရှီဝန်စုန်းမှာ ဖန်ခွက်ကို အသာချကာ "ကောင်းလိုက်တာ။ ငါတို့ ရှီမိသားစုက ဒီနေ့ကို စောင့်နေရတာ တော်တော်ကြာပြီ" ဟု ဆိုကာ သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ပေ။
သူက အခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း "မနက်ဖြန်မှာ မင်း အစွမ်းကုန် ကြိုးစားရမယ်။ ဆရာကြီးရဲ့ တပည့်ဖြစ်အောင် လုပ်စမ်း။ မင်းသာ ဆရာကြီးကဲ့ရဲ့ တပည့်ဖြစ်သွားရင် ယဲ့ပုဖန်ရဲ့ ကောင်းစားတဲ့နေ့တွေ ကုန်ဆုံးသွားပြီပဲ" ဟု မှာကြားလေသည်။
ရှီထျန်းချီက "အဖိုး စိတ်ချပါ။ ဆရာကြီးကဲ့က ကျွန်တော့်ကို သဘောကျမှာ သေချာပါတယ်" ဟု ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်၏။
ရှီဝန်စုန်းက သူ့ကို တစ်ချက်ကြည့်ကာ "ဆရာကြီးရဲ့ တပည့်ဖြစ်ချင်တဲ့သူတွေက အများကြီးပဲ။ ဆရာကြီးက ဆယ်ယောက်ပဲ လက်ခံမှာ။ မင်းက ဘာလို့ ဒီလောက် ယုံကြည်နေရတာလဲ" ဟု မေးလိုက်သည်။
"အဖိုး... ကျွန်တော့်မှာ ဒါ ရှိတယ်"
ရှီထျန်းချီက အိတ်ကပ်ထဲမှ ဆေးပုလင်းလေးတစ်လုံးကို ထုတ်ကာ အနက်ရောင် ဆေးလုံးလေး တစ်လုံးကို ပြလိုက်သည်။
ရှီဝန်စုန်းက အံ့သြစွာဖြင့် "ဒါက ဘာလဲ"
ရှီထျန်းချီက "ကျွန်တော် ခုနက ဆရာကြီးကဲ့ရဲ့ တပည့်ကြီး ဖူကျောက်ကျယ်ဆီ သွားခဲ့သေးတယ်။ သူက ကျွန်တော့်ကို လျှို့ဝှက်ချက် တစ်ခု ပြောပြတယ်"
"ဆရာကြီးကဲ့က တပည့်ရွေးတဲ့အခါ ကောင်းကင်နဲ့ မြေကမ္ဘာရဲ့ မူလစွမ်းအင်နဲ့ လူတစ်ယောက်ရဲ့ ပေါင်းစပ်နိုင်စွမ်းကိုပဲ အဓိက ကြည့်တာ။ ဒီဆေးလုံးက အဲဒီစွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်"
"အဲဒါကြောင့် ကျွန်တော် ငွေဆယ်သန်း ပေးပြီး ဝယ်ခဲ့တာ။ ဒီဆေးကို သောက်လိုက်ရင် ဆရာကြီးက ကျွန်တော့်ကို သေချာပေါက် ရွေးချယ်လိမ့်မယ်"
ရှီဝန်စုန်းက "မဆိုးဘူး" ဟု ခေါင်းညိတ်ကာ "တကယ်လို့သာ ဆရာကြီးရဲ့ တပည့်ဖြစ်မယ်ဆိုရင် ဒီငွေဆယ်သန်းက အလကား မဖြစ်ပါဘူး" ဟု ဆိုလိုက်သည်။
ရှီထျန်းချီက "ကျွန်တော်သာ ဆရာကြီးရဲ့ တပည့်ဖြစ်သွားရင် ယဲ့ပုဖန် ယူသွားတဲ့ သန်းရှစ်ရာကို ပြန်ယူနိုင်မှာပါ"
ရှန်းမိသားစုတွင်လည်း ရှန်းထျန်းချီက ဒေါသတကြီးဖြင့် "အဲဒီ ပင့်ကူနက်မဆိုတဲ့ မိန်းမယုတ်က ငါ့နောက်ကွယ်မှာ ယဲ့ပုဖန်ကို သွားပြီး ရန်စတယ်။ အခုတော့ ကြည့်စမ်း... ကိုယ့်သေတွင်း ကိုယ်တူးသွားပြီ" ဟု ဟိန်းဟောက်နေလေသည်။
ရှန်းချောင်ချူးက "အဲဒီ ယဲ့ပုဖန်ဆိုတဲ့ကောင်က တကယ်ကို လွန်လွန်းတယ်။ ငါတို့ဆီက ငွေတွေ ခြိမ်းခြောက်ယူတယ်။ ငါ့ညီရဲ့ လက်ကိုလည်း ချိုးတယ်။ အခု ပင့်ကူနက်မကိုပါ လုပ်ကြံလိုက်ပြီ။ သူက ရှန်းမိသားစုကို လုံးဝ အလေးမထားတာ" ဟု ဆိုသည်။
ရှန်းထျန်းချီက "ပြောနေလို့ ဘာထူးမှာလဲ။ ခွန်အားကသာ အရာရာကို ဆုံးဖြတ်တာပဲ။ သူ့မှာ အဲဒီအရည်အချင်း ရှိတာကိုး"
"ပင့်ကူနက်မ ပျောက်သွားတာ ခုထိ ဘာသဲလွန်စမှ မရသေးဘူး။ ဒါက သူ့ရဲ့ လက်ချက်က ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ ပြနေတာပဲ"
ရှန်းချောင်ချူးက "ကျွန်တော်သာ ကောင်းကင်စစ်သည်တော် စီမံကိန်းမှာ ရွေးချယ်ခံရပြီး ရွှမ်ယွမ်စံအိမ်ထဲ ရောက်သွားရင်တော့ အဲဒီကောင်ကို သေချာပေါက် ပညာပေးရမယ်" ဟု အံကြိတ်ကာ ဆိုလိုက်သည်။
ထိုအချိန်တွင် ဖုန်းမြည်လာသဖြင့် ရှန်းချောင်ချူးက ကြည့်လိုက်ရာ စိတ်လှုပ်ရှားစွာဖြင့် လက်ခံလိုက်၏။
"အဖေ... ကျွန်တော် ပြောတာ တကယ်ဖြစ်လာပြီ။ ကောင်းကင်စစ်သည်တော် စီမံကိန်းရဲ့ လူရွေးပွဲက တရားဝင် စတင်ပြီတဲ့"
သတင်းကြားလျှင် ရှန်းထျန်းချီမှာလည်း စိတ်လှုပ်ရှားသွားကာ "တကယ်လား... ဘယ်တော့လဲ။ ဘယ်မှာလဲ" ဟု မေးလိုက်တော့သည်။
ရှန်းချောင်ချူးက "ဒီတစ်ခါ လူရွေးပွဲကို ရွှမ်ယွမ်စံအိမ်က တာဝန်ယူမှာ။ ကျားမလေး စီမာဝေက မနက်ဖြန် ကျင်းပမယ်လို့ အကြောင်းကြားလာတယ်။ နေရာကိုတော့ နောက်မှ ကြေညာမယ်တဲ့"
ရှန်းထျန်းချီက "ဒါဆို မင်း စောစောနားပြီး သေချာ ပြင်ဆင်ထား။ မင်းသာ ကောင်းကင်စစ်သည်တော် ဖြစ်သွားရင် ငါတို့ ရှန်းမိသားစု အရှုံးပြန်ပေးဆပ်ရမဲ့ အချိန်ပဲ"
ရှန်းချောင်ချူးက "ဟုတ်ပါတယ်... ရွှမ်ယွမ်စံအိမ်သာ ကျောထောက်နောက်ခံ ရှိနေရင် အဲဒီ ယဲ့ပုဖန်က ကျွန်တော်တို့မိသားစုကို ထိရဲမှာ မဟုတ်တော့ဘူး"
………………….
နောက်တစ်နေ့ မနက်တွင် နေမင်း ထွက်ပေါ်လာချိန်၌ ယဲ့ပုဖန်သည် အလှလေး ဝမ်ရွှယ်နင်ကို ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားရင်း နူးညံ့လှသော နံနက်ခင်း ကိုယ်လက်လှုပ်ရှားမှုကို အတူတကွ ပြုလုပ်လိုက်ကြသည်။
ခဏအကြာတွင် ဝမ်ရွှယ်နင်သည် ပါးပြင်လေးများ နီမြန်းလျက် သူ၏ ရင်ခွင်ထဲ၌ မှီတွဲနေရင်း တစ်ခုခုကို သတိရသွားကာ ရုတ်တရက် ထထိုင်လိုက်သည်။
နံရံမှ နာရီကို ကြည့်ကာ သူမက "ဒုက္ခပဲ... နောက်ကျတော့မယ်။ ဒါတွေအားလုံး ရှင့်ကြောင့်ပဲ။ မနက်စောစောစီးစီး ဘာတွေ လုပ်နေတာလဲ မသိဘူး" ဟု ဆူပူလေသည်။
ယဲ့ပုဖန်က နောက်ပြောင်သော မျက်နှာထားဖြင့် "ဘာလို့ ငါ့ကိုပဲ အပြစ်တင်နေတာလဲ။ ခုနက မင်းပဲ အတင်းစခဲ့တာ မဟုတ်ဘူးလား"
ထို့နောက် "ဒီနေ့က ပိတ်ရက်ပဲဟာ... နောက်ကျတော့ ဘာဖြစ်လဲ" ဟု ဆိုကာ ကုမ္ပဏီဥက္ကဋ္ဌ တစ်ယောက်အနေဖြင့် အချိန်အနည်းငယ် နောက်ကျခြင်းမှာ ကိစ္စမရှိကြောင်း ပြောလိုက်သည်။
"အလုပ်ကိစ္စ မဟုတ်ဘူး။ ဒီနေ့က ဆရာကြီးကဲ့ တပည့်လက်ခံမဲ့နေ့လေ။ အခုတောင် စနေလောက်ပြီ"
ဝမ်ရွှယ်နင်က ယဲ့ပုဖန်၏ ရင်ဘတ်ကို အသာအယာ ထိုးကာ "မြန်မြန်ထ... သွားကြစို့။ အနည်းဆုံးတော့ အဆုံးသတ်ပိုင်းလောက်မှီအောင် သွားရမယ်"
ယဲ့ပုဖန်က "ဘာလဲ... မင်းက သူ့တပည့် ဖြစ်ချင်လို့လား" ဟု မေးလိုက်၏။
ဝမ်ရွှယ်နင်က "ဆရာကြီးကဲ့ဆိုတာ နတ်ဘုရားလို ပုဂ္ဂိုလ်ပဲလေ။ ဘယ်သူက သူ့တပည့် မဖြစ်ချင်ဘဲ နေမှာလဲ"
"အခွင့်အရေး ရမယ်ဆိုရင်တော့ ကျွန်မလည်း ဖြစ်ချင်တာပေါ့၊ ဒါပေမဲ့ ကျွန်မရဲ့ အရည်အချင်းနဲ့တော့ ရွေးချယ်ခံရမှာ မဟုတ်ပါဘူး။ ပွဲကြည့်ရုံပဲ သွားမှာပါ"
ယဲ့ပုဖန်က ရယ်မောကာ "မင်းကို လျို့ဝှက်ချက် တစ်ခု ပြောပြမယ်။ အဲဒီ ကဲ့ဝန်ကုန်းက ငါ့တပည့်ပဲလေ။ အဲဒီသဘောအရ ဆိုရင် မင်းက သူ့ရဲ့ ဆရာကတော်ပေါ့။ မင်းက သူ့တပည့် ဖြစ်ချင်ရင်တောင် သူက လက်ခံရဲမှာ မဟုတ်ပါဘူး။ မဟုတ်ရင် စီနီယာ ဂျူနီယာတွေ ရောကုန်မှာပေါ့"
"ရှင်ကတော့ လျှောက်ပြောပြန်ပြီ"
ဝမ်ရွှယ်နင်က မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် တည်ကြည်စွာဖြင့် "ရှင့်ကို ကျွန်မ သတိပေးထားမယ်။ ဆရာကြီးကဲ့က ကျန်းပေ့မှာ အရမ်း ဩဇာကြီးတာ။ အိမ်မှာ ဒီလို နောက်တာ ပြဿနာ မရှိပေမဲ့ အပြင်မှာ အဲဒီလို သွားမပြောနဲ့ဦး။ ပြဿနာ တက်လိမ့်မယ်"
သူမ၏ တည်ကြည်သော မျက်နှာကို မြင်လျှင် ယဲ့ပုဖန်က ပြုံးကာ "မင်း မပြောစေချင်ရင် ငါလည်း မပြောတော့ပါဘူး" ဟု ဆိုလိုက်သည်။
"ရှောင်ဖန်... ရှင့်မှာလည်း အရည်အချင်း ကောင်းကောင်း ရှိတာပဲ။ ဒီနေ့ ကံစမ်းကြည့်ပါလား။ ရှင်သာ ဆရာကြီးကဲ့ရဲ့ တပည့်ဖြစ်သွားရင် ကောင်းမှာပဲ"
ဝမ်ရွှယ်နင်က ပြောရင်း ယဲ့ပုဖန်ကို ခုတင်ပေါ်မှ အတင်းဆွဲခေါ်ကာ "မြန်မြန် မျက်နှာသစ်တော့။ နောက်ကျရင် မမီဘဲ နေဦးမယ်" ဟု တိုက်တွန်းလေတော့သည်။
ယဲ့ပုဖန်လည်း အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူမနှင့်အတူ ရေချိုးခန်းထဲသို့ လိုက်ဝင်သွားရလေတော့သည်။
***