ဆရာကြီးကဲ့က “ဒါဟာ မင်းတို့အတွက်လည်း ကံကောင်းခြင်းတစ်ခုပဲ။ ဆရာက ကျန်းပေ့ကို ရောက်နေပြီး ဒီနေ့ကျင်းပမဲ့ တပည့်လက်ခံပွဲကို လာမယ်လို့ မနေ့က ပြောထားတယ်။ မင်းတို့ စိတ်ရှည်လက်ရှည် စောင့်နေရုံပဲ”ဟု ဆိုလိုက်သည်။
သူ့စကားကြောင့် ရောက်ရှိနေသူအားလုံးမှာ ဆရာကြီးကဲ့သည် သူ၏ဆရာကို လေးစားသောအားဖြင့် တပည့်ရှစ်ဦးကို ချက်ချင်း လက်မခံသေးခြင်းဖြစ်ကြောင်း နားလည်သွားကြသည်။
ရှီထျန်းချီမှာမူ အတွင်းစိတ်၌ ခိုး၍ ဝမ်းသာနေမိသည်။ ယခုအချိန်၌ ဆရာကြီးကဲ့၏ တပည့်ဖြစ်ခွင့်မှာ အလွန်ပင် ရှားပါးလှသော အခွင့်အရေးကောင်းကြီး ဖြစ်သွားလေပြီ။
ဆရာကြီးကဲ့၏ တပည့်ဖြစ်ရုံသာမက ပိုမိုစွမ်းအားကြီးသော ဆရာဘိုးဘိုးကြီးကိုပါ ကျောထောက်နောက်ခံ အဖြစ် ရရှိတော့မည် မဟုတ်ပါလား။ ယနေ့မှစ၍ ကျန်းပေ့မြို့တွင်သာမက ကျန်းနန်ပြည်နယ် တစ်ခုလုံးတွင်ပင် သူ့ကို မည်သူမျှ ရန်မစရဲတော့ပေ။
ယဲ့ပုဖန်အပေါ် ထားရှိသော သူ၏ အမုန်းတရားများကို သတိရလိုက်စဥ် အခွင့်အရေးမှာ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိလိုက်သဖြင့် ရှီထျန်းချီက ရှေ့သို့ တစ်လှမ်းတိုးကာ - “တပည့်မှာ ဆရာ့ကို အကူအညီတောင်းစရာ ကိစ္စတစ်ခု ရှိပါတယ်ဟု ပြောလိုက်၏။
ဆရာကြီးကဲ့မှာ ယနေ့တွင် စိတ်လက်ကြည်သာနေသဖြင့် “ပြောလေ... ဘာကိစ္စလဲ” ဟု မေးလိုက်သည်။
ဆရာကြီးကဲ့၏ သဘောထားကို မြင်လျှင် ဘေးနား၌ရပ်နေသော ရှီဝန်စုန်းမှာလည်း အတိုင်းထက်အလွန် ဝမ်းမြောက်သွားရသည်။ ရှီမိသားစုအတွက် မျှော်လင့်ချက် ရောင်ခြည် သန်းလာပြီ မဟုတ်ပါလား။
ရှီထျန်းချီက အားတက်သရောဖြင့် “ဒါက တကယ့်ကို အရေးကြီးတဲ့ ကိစ္စပါ။ ဆရာ ကျင့်ကြံခန်း ဝင်နေတုန်း ကျန်းပေ့မှာ ယုတ်မာတဲ့ မိစ္ဆာကောင်တစ်ယောက် ပေါ်လာပြီး တပည့်ကို တိုက်ခိုက်ခဲ့တဲ့ အပြင် တပည့်တို့ ရှီမိသားစုဆီကနေ ငွေသန်းပေါင်း ရှစ်ရာကို ခြိမ်းခြောက် ယူသွားခဲ့ပါတယ်”
“ဒါပေမဲ့ အဲဒီလူရဲ့ ကျင့်ကြံမှုက အရမ်းမြင့်မားနေတော့ တပည့်တို့ရှီမိသားစုက ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့် တပည့်ကိုယ်စား ဆရာက အဲဒီလူကို အရေးယူပေးစေချင်ပါတယ်”
ကဲ့ဝန်ကုန်းက အေးဆေးစွာပင် “ငါက အရေးကြီးတဲ့ ကိစ္စများလားလို့။ ကိုယ့်အဆင့်အတန်း ကိုယ် မသိဘဲ ထောင်လွှားနေတဲ့ မိစ္ဆာကောင် တစ်ယောက်အကြောင်းပဲကိုး။ ဒါက ဘာမှ မဟုတ်ပါဘူး”
“မင်းတို့ ငါ့ဆရာရဲ့ အတည်ပြုချက်ကို ရပြီး ငါ ကဲ့ဝန်ကုန်းရဲ့ တပည့်ဖြစ်သွားတာနဲ့ မင်းတို့ကို ဘယ်သူမှ လာပြီး အနိုင်ကျင့်လို့ မရစေရဘူး။ ငါကိုယ်တိုင် မင်းတို့အတွက် တရားမျှတမှုကို ရှာဖွေပေးမယ်”
ရှီထျန်းချီ ခန့်မှန်းထားသည့်အတိုင်းပင် ဆရာကြီးကဲ့သည် ယဲ့ပုဖန်ကို လေးစားသောကြောင့်သာ သူတို့ရှစ်ဦးကို တပည့်အဖြစ် တိုက်ရိုက် လက်မခံသေးခြင်း ဖြစ်သည်။
သို့သော် သူ၏အမြင်တွင် သူ၏ ဆရာကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်ကြီးမှာ သူ တပည့်လက်ခံခြင်း ကဲ့သို့ ကိစ္စအသေးအဖွဲကို ကန့်ကွက်လိမ့်မည်မဟုတ်ဟု ယူဆထားသဖြင့် သူ့ရှေ့မှလူများကို တပည့်များ အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။
“တပည့်က ဆရာ့ကို ကျေးဇူးတင်ပါတယ်” ရှီထျန်းချီက စိတ်မရှည်စွာဖြင့် “ဆရာ... အဲဒီလူရဲ့ နာမည်က...”
သူ စကားမဆုံးခင်မှာပင် ဆရာကြီးကဲ့က လက်ကို ဝှေ့ယမ်းကာ - “အဲဒီ မိစ္ဆာကောင်ရဲ့ နာမည်ကို ငါ့ကို ပြောပြနေစရာ မလိုဘူး။ ငါလည်း သိချင်စိတ် မရှိဘူး”
“မင်းတို့ သိထားရမှာက ငါ့ရဲ့တပည့်ဖြစ်သွားရင် ဘယ်သူမှ အနိုင်ကျင့်လို့ မရဘူးဆိုတာပဲ။ တစ်ဖက်လူက ဘယ်လောက်ပဲ နောက်ခံတောင့်တောင့်၊ ကျင့်ကြံမှု ဘယ်လောက်ပဲ မြင့်မြင့် ငါ ဂရုမစိုက်ဘူး။ ဒါတင်မကသေးဘူး မင်းတို့နောက်မှာ မင်းတို့ရဲ့ ဆရာဘိုးဘိုးကြီးလည်း ရှိနေသေးတယ်”
ထိုစကားကို ကြားလျှင် ရှီထျန်းချီနှင့် ရှီဝန်စုန်းတို့မှာ အတိုင်းထက်အလွန် ဝမ်းမြောက်သွားကြသည်။ ရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီးနောက် နောက်ဆုံးတွင်မူ...
လက်စားချေနိုင်မည့် မျှော်လင့်ချက် ရောင်ခြည်ကို သူတို့ မြင်တွေ့လိုက်ရလေပြီ။
ယဲ့ပုဖန်... မင်း စောင့်နေလိုက်စမ်း။ မင်းရဲ့ အသုဘနေ့က နီးနေပြီ။
ဘေးပတ်ဝန်းကျင်မှ လူအချို့မှာ ယဲ့ပုဖန်နှင့် ဤမိသားစုကြီးများအကြားရှိ အညှိုးအတေးများကို မသိကြသဖြင့် ဆရာကြီးကဲ့၏ စကားများကို ကြားပြီးနောက် တီးတိုး ပြောဆိုလာကြသည်။
“ဘယ်က အချိုးမပြေတဲ့ ကောင်လေးက ဒုက္ခသွားရှာတာလဲ မသိဘူး။ ကျန်းပေ့မှာ ဆရာကြီးကဲ့ရဲ့ တပည့်ကိုတောင် ရန်စရဲတယ်ဆိုတော့ သူက တကယ်ပဲ သေချင်ဇော် နံနေပြီ ထင်တယ်”
“ဒါပဲလေ... အဲဒီကောင်တော့ သွားပြီ။ ဆရာကြီးကဲ့က သူ့ကို လက်ညှိုးတစ်ချက်နဲ့တင် ချေမှုန်းပစ်လိမ့်မယ်...”
“အဲဒီကောင်က တကယ်ကို ကံဆိုးတာပဲ။ ဆရာကြီးကဲ့ကိုတင် မဟုတ်ဘဲ သူ့နောက်ကွယ်က နတ်ဘုရားလို ဆရာကြီးကိုပါ ရန်သွားစမိပြီ”
အခြားသော မိသားစုကြီးမှ အဖွဲ့ဝင်များမှာမူ အခြေအနေကို သိရှိထားကြသည်။ ဝမ်ရွှမ်ချဲ့နှင့် ဝမ်ရှင်းယဲ့တို့မှာ ဘေးနားတွင် ရပ်နေရင်း မျက်မှောင်ကြုတ်လိုက်ကြ၏။
ဝမ်ရွှမ်ချဲ့သည် သူ၏သမီးနှင့် ထိုလူငယ်၏ လက်ထပ်ပွဲကို အလျင်စလို သဘောမတူခဲ့မိခြင်းအတွက် အတွင်းစိတ်၌ ဝမ်းသာနေမိသည်။ မဟုတ်ပါက ဝမ်မိသားစုမှာလည်း မီးဘေးသင့်ရပေလိမ့်မည်။
ယဲ့ပုဖန်တွင် အရည်အချင်းအချို့ ရှိသည်ဆိုသော်လည်း ဆရာကြီးကဲ့ကို ယှဉ်နိုင်စွမ်း မရှိနိုင်ပေ။ အထူးသဖြင့် ဆရာကြီးကဲ့တွင် ယခုအခါ အစွမ်းထက်သော ကျောထောက်နောက်ခံ ရှိနေပြီ မဟုတ်ပါလား။
ဝမ်ကျီယန်းမှာမူ ယဲ့ပုဖန်နှင့် မိသားစုကြီးများကြားရှိ အညှိုးအတေးများကို အလုံးစုံ မသိသော်လည်း အချို့ကိုမူ ကြားထားခဲ့သည်။
ဆရာကြီးကဲ့ကိုယ်တိုင် အရေးယူတော့မည်ဖြစ်ကြောင်း မြင်လျှင် သူမ၏ စိတ်ထဲ၌ ရှုပ်ထွေးသွားရ၏။ မည်သို့ပင်ဆိုစေကာမူ ယဲ့ပုဖန်သည် သူမတို့မိသားစုကို များစွာ ကူညီခဲ့ဖူးသဖြင့် သူ့အပေါ်၌ မကောင်းသော အကျိုးဆက်များ မကျရောက်စေလိုပေ။
သို့သော် ဤအချိန်တွင် သူမအနေဖြင့် စကားတစ်ခွန်းမျှ ဝင်ပြောနိုင်စွမ်း မရှိပေ။ တပည့်လက်ခံပွဲ ပြီးဆုံးမှသာ ယဲ့ပုဖန်ထံသို့ လျှို့ဝှက်သတင်း ပေးပို့နိုင်ပေလိမ့်မည်။ သူ ဤကပ်ဘေးမှ လွတ်မြောက်နိုင်မလား ဆိုသည်မှာမူ သူ၏ ကံတရားအပေါ်၌သာ မူတည်ပေတော့မည်။
သူမသည် ဆရာကြီးကဲ့၏ တပည့်လောင်းအဖြစ် ရွေးချယ်ခံရပြီး နောက်ဆုံးစစ်ဆေးမှုကို အောင်မြင်ခဲ့ကတည်းက သူမ၏ စိတ်နေစိတ်ထားမှာလည်း မသိမသာ ပြောင်းလဲသွားခဲ့သည်။
ယဲ့ပုဖန်သည် လုံထန်းဆေးဝါးလုပ်ငန်း၏ ပိုင်ရှင်ဖြစ်ပြီး ကုဋေပေါင်းများစွာ ချမ်းသာကြောင်း သိရှိခဲ့စဥ်က သူမက နောင်တရမိခဲ့သေးသည်။ သို့သော် ယခုမူ အခြေအနေများမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူမသည် ဆရာကြီးကဲ့၏ တပည့်ဖြစ်လာပြီဖြစ်သဖြင့် အဆင့်အတန်းမှာ လုံးဝ ကွာခြားသွားခဲ့လေပြီ။ သူမသည် ကောင်းကင်သို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်ခဲ့ပြီဟု ပြောလျှင် မမှားပေ။
သူမ၏ အမြင်တွင် တစ်ဖက်လူမှာ မည်မျှပင် ချမ်းသာပါစေ။ သူမနှင့် တန်းတူမဖြစ်နိုင်တော့ပေ။ ယခု နောင်တရရမည့်သူမှာ ယဲ့ပုဖန်သာ ဖြစ်ပေလိမ့်မည်။
ထို့နောက် လူတိုင်းသည် ထိုဆရာကြီး ရောက်လာမည့်အချိန်ကို ရင်ပြင်အတွင်း၌ စောင့်ဆိုင်းနေကြသည်။
နွေရာသီ၏ အပူဆုံးအချိန် ဖြစ်သည့်အလျောက် နေမင်းမှာ အထက်သို့ တဖြည်းဖြည်း မြင့်တက်လာကာ ပူပြင်းလှသော အပူရှိန်ကြောင့် လူတိုင်းမှာ ချွေးဒဏ်ကို ခံစားနေကြရသည်။
ရောက်ရှိနေသူ အများစုမှာ စည်းစိမ်နှင့် နေသားကျနေသော ကျန်းပေ့မြို့မှ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသဖြင့် ဤကဲ့သို့သော ဒုက္ခကို တစ်ခါမျှ မကြုံဖူးကြချေ။ သို့သော် သူတို့အားလုံးမှာ ထိုနေရာ၌ပင် ရိုသေစွာ ရပ်နေကြပြီး မည်သူမျှ မကျေနပ်သော အမူအရာကို မပြရဲကြပေ။
အကြောင်းမှာ သူတို့ စောင့်ဆိုင်းနေသော ပုဂ္ဂိုလ်မှာ သာမန်လူမဟုတ်ဘဲ ဆရာကြီးကဲ့၏ဆရာ၊ နတ်ဘုရားတစ်ပါး ကဲ့သို့သော ပုဂ္ဂိုလ်ကြီး ဖြစ်သောကြောင့်ပင်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး၏ မျက်နှာသာပေးမှုကို ရရှိရန်မှာ တောင်းပန်၍ ရနိုင်သောအရာ မဟုတ်သဖြင့် နာရီပေါင်းများစွာ မကဘဲ ရက်ပေါင်းများစွာ စောင့်ဆိုင်းရလျှင်ပင် ထိုက်တန်လှပေသည်။
ကဲ့ဝန်ကုန်းမှာလည်း အတူတူပင်။ သူ့ဆရာ ရောက်လာချိန်တွင် မသင့်တော်သည်များ မဖြစ်စေရန် အတွက် အပူဒဏ်မှ ရှောင်ရှားရန် အထဲသို့ မဝင်ဘဲ လူတိုင်းနှင့်အတူ အပြင်၌ပင် စောင့်ဆိုင်းနေခဲ့သည်။
အချိန်များမှာ တစ်စက္ကန့်ချင်းစီ ကုန်လွန်သွားရာ တစ်နာရီမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ လူတိုင်းမှာ အံကြိတ်ကာ ခံနိုင်ရည်ရှိအောင် ကြိုးစားနေကြသော်လည်း ရှီဝန်စုန်းမှာမူ အသက်ကြီးနေပြီဖြစ်သဖြင့် ဆက်လက် တောင့်ခံထားရန် အမှန်တကယ်ပင် ခက်ခဲနေချေပြီ။
သူသည် ရင်ပြင်အတွင်းမှ လျှို့ဝှက်စွာ ထွက်လာခဲ့ပြီး လေကောင်းလေသန့် ရရှိရန်နှင့် အနားယူရန် အတွက် အိမ်သာသို့ သွားဟန်ပြုကာ အပြင်သို့ ထွက်ခဲ့သည်။ အိမ်ရှေ့တံခါးဝသို့ ရောက်သည်နှင့် ယဲ့ပုဖန်နှင့် ဝမ်ရွှယ်နင်တို့ လက်ချင်းချိတ်ကာ ဝင်လာသည်ကို မြင်လိုက်ရ၏။
"မင်း... ယဲ့ပုဖန်… မင်းက ဒီကိုတောင် လာရဲသေးတယ်ပေါ့လေ"
ရန်သူချင်း ဆုံတွေ့ကြသဖြင့် လေထုမှာ ချက်ချင်းပင် တင်းမာသွားသော်လည်း ဆရာကြီးကဲ့၏ ကျောထောက်နောက်ခံ ရှိနေသဖြင့် ရှီဝန်စုန်းမှာ ယုံကြည်မှုများ အပြည့် ရှိနေသည်။ သူ၏အမြင်တွင် သူ၏မြေးမှာ ဆရာကြီးကဲ့၏ တပည့်ဖြစ်သွားပြီဖြစ်သဖြင့် ယခုနေရာမှာ သူ၏ နယ်မြေပင် မဟုတ်ပါလား။
ယဲ့ပုဖန်က ထိုအဘိုးကြီးကို တစ်ချက်ကြည့်ကာ နောက်ပြောင်သလိုဖြင့် - "ကျုပ်က ဘာလို့ မလာရဲရမှာလဲ။ ခင်ဗျားက အဲဒီလောက်တောင် ကြောက်ဖို့ကောင်းလို့လား"
ရှီဝန်စုန်းက "ယဲ့ပုဖန်... မင်း မသိသေးဘူး မဟုတ်လား။ အခုလေးတင် ငါ့မြေး ထျန်းချီက ဆရာကြီးကဲ့ရဲ့ တပည့်ဖြစ်သွားပြီ"
"ဒါတင်မကဘူး။ ဆရာကြီးကဲ့က မင်းလို မိစ္ဆာကောင်ကို ငါတို့မိသားစုကိုယ်စား ဆုံးမပေးဖို့ သဘောတူပြီးပြီကွ"
"တကယ်လား... ဒါဆိုရင်တော့ ခင်ဗျားကို တကယ်ပဲ ဂုဏ်ပြုရမှာပေါ့"
ထိုသတင်းကို ကြားလျှင် ယဲ့ပုဖန်၏ နှုတ်ခမ်းထောင့်၌ နောက်ပြောင်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ အကယ်၍ ရှီထျန်းချီသာ အဘိုးကြီးကဲ့၏ တပည့်ဖြစ်သွားပါက ၎င်းမှာ သူ၏ မြေးတပည့် ဖြစ်သွားပေလိမ့်မည်။ ထိုအခါ ဤအဘိုးကြီးမှာ သူ့ထက် မျိုးဆက် တစ်ဆက် ပိုငယ်သွားချေပြီ။
ဝမ်ရွှယ်နင်မှာမူ ထိုကိစ္စများကို မသိရှိသဖြင့် ရှီဝန်စုန်း၏ စကားများကို ကြားရသောအခါ ရင်ထဲ၌ ထိတ်လန့်သွားရသည်။ အကယ်၍ ရှီထျန်းချီက တကယ်ပဲ ဆရာကြီးကဲ့၏ တပည့်ဖြစ်သွားပြီး ဆရာကြီးကဲ့ကိုယ်တိုင် ယဲ့ပုဖန်ကို အရေးယူတော့မည်ဆိုပါက ဤကိစ္စမှာ ပြဿနာ အကြီးကြီး ဖြစ်တော့မည် မဟုတ်ပါလား။
သူမက ယဲ့ပုဖန်၏ လက်မောင်းကို ဆွဲကာ တိုးတိုးလေး ပြောလိုက်၏။ "ရှောင်ဖန်... ကျွန်မတို့တွေ အထဲမဝင်တော့ဘဲ မြန်မြန် ထွက်ပြေးကြစို့"
ယဲ့ပုဖန်က အံ့သြသလိုဖြင့် "မင်းပဲ စောစောက အတင်းလာချင်နေတာ မဟုတ်ဘူးလား။ အခုကျမှ ဘာလို့ ချက်ချင်း ပြန်ချင်နေတာလဲ"
"မဟုတ်ဘူး... ကျွန်မတို့တွေ နောက်ကျသွားပြီ။ စောစောလာခဲ့ရင် ရှင်က ဆရာကြီးကဲ့ရဲ့ တပည့်ဖြစ်နိုင်သေးတယ်။ အဲဒီလိုဆိုရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"
ဝမ်ရွှယ်နင်က စိုးရိမ်တကြီးဖြင့် "အခုတော့ ရှီထျန်းချီက အရင်ရောက်သွားပြီ။ ပြီးတော့ ဆရာကြီးကဲ့က ရှင့်ကို ကိုယ်တိုင် နှိမ်နင်းတော့မှာဆိုတော့... ရှင် မြန်မြန် ပုန်းနေတာ အကောင်းဆုံးပဲ..."
သူမက အလွန် တိုးတိုးလေး ပြောခဲ့သော်လည်း ရှီဝန်စုန်းမှာ သူတို့နှင့် အလွန်နီးကပ်စွာ ရှိနေသဖြင့် အကုန်ကြားလိုက်ရသည်။
အဘိုးကြီးက မောက်မာစွာဖြင့် "ထွက်ပြေးဖို့ ကြိုးစားနေတာလား။ မင်း ပြေးနိုင်ဦးမယ်လို့ ထင်နေတာလား။ မင်းက ဆရာကြီးကဲ့ကို ရန်စမိထားတာလေ၊ မင်း ကမ္ဘာပတ်ပြေးနေရင်တောင် သေရမှာကတော့ မလွဲဘူး"
***