မန်ချက်စတာ ယူနိုက်တက်၏ မီးရောင်စုံ လင်းထိန်နေသော အဝတ်လဲခန်းအတွင်း ကစားသမားအားလုံး စုရုံးကာ တစ်စုံတစ်ဦး၏ စကားကို အာရုံစိုက် နားထောင်နေကြသည်။
“အရင်တုန်းကတော့ မီဒီယာတချို့က ပြောကြတာပေါ့... လီဗာပူးဟာ ချန်ပီယံလိဂ် ဒုတိယအကျော့အတွက် သူတို့ရဲ့ အင်အားကို ချွေတာလိမ့်မယ်လို့လေ...”
မော်ရင်ညိုက တစ်ချက်နှာခေါင်းရှုံ့လိုက်ပြီး... “ဒါဟာ သူတို့တွေ လီဗာပူးကို မသိလို့ပဲ။ ပြီးတော့ ကလော့ပ်ကိုလည်း သူတို့ လုံးဝ နားမလည်ကြလို့ပဲ...”
“ငါတို့အသင်းနှစ်သင်းကြားက ရန်ငြိုးရန်စတွေအကြောင်းကိုတော့ ငါ အထွေအထူး ပြောမနေတော့ဘူး။ အခုချိန်မှာ ငါတို့ဟာ လိဂ်ရဲ့ အရေးအကြီးဆုံး အချိန်ကို ရောက်နေပြီ။ ဒီပွဲရဲ့ ရလဒ်ဟာ မင်းတို့ ထင်ထားတာထက် ပိုပြီးတော့ ချန်ပီယံဆုအပေါ် သက်ရောက်မှု ရှိလိမ့်မယ်...”
“ငါ မင်းတို့ကို မေးခွန်းတစ်ခုပဲ မေးမယ်... တကယ်လို့ မင်းသာ လီဗာပူး ကစားသမားဆိုရင် မန်ယူနဲ့ မန်စီးတီး ဘယ်သူ့ကို ချန်ပီယံ ဖြစ်စေချင်လဲ...”
မော်ရင်ညိုသည် ကစားသမားများ၏ မျက်လုံးများကို တစ်ယောက်ချင်းစီ လိုက်ကြည့်လိုက်သည်။
“ဆရာ... ဒါက မေးနေစရာ လိုသေးလို့လားဗျာ...”
ချူဖုန်းက ပြုံးလျက် ဝင်ပြောလိုက်သည်။
“မန်စီးတီး ဖြစ်မှာပေါ့”
“သူတို့နေရာကနေ ဝင်တွေးကြည့်ရုံနဲ့တင် သိသာပါတယ်။ တကယ်လို့ လီဗာပူးသာ ချန်ပီယံ ဖြစ်သွားတာကို မြင်ရရင် ယင်ကောင် အရှင်လိုက် မြိုချလိုက်ရသလိုမျိုး ရင်ထဲမှာ အတော်လေး ခံရခက်မှာပဲ...”
အမှန်စင်စစ် မန်ယူနှင့် လီဗာပူးတို့၏ ရန်ငြိုးသည် ဒေသစွဲ သို့မဟုတ် ဂုဏ်သိက္ခာသက်သက် မဟုတ်တော့ပေ။ ၎င်းသည် မြို့နှစ်မြို့ရှိ လူများ၏ ဗီဇထဲတွင် အမြစ်တွယ်နေသော ဗီဇစိတ်ကဲ့သို့ ဖြစ်နေကာ သူတို့၏ နေ့စဉ်ဘဝ အထိ စီးဝင်နေလေပြီ။
မန်ချက်စတာသားတစ်ယောက်အနေဖြင့် လီဗာပူးကို မုန်းတီးခြင်းသည် မှန်ကန်သော လုပ်ရပ်တစ်ခုပင်။
“ဒါကြောင့်” မော်ရင်ညိုက အဝတ်လဲခန်း ကြမ်းပြင်ပေါ်မှ မန်ယူအသင်းတံဆိပ်ကို လက်ညှိုး ထိုးပြလိုက်သည်။
“ဒီပွဲမှာ လီဗာပူးက ရူးသွပ်နေလိမ့်မယ်။ ငါတို့တွေ ဘာမျှော်လင့်ချက်မှ ထားမနေဘဲ ဒီနေ့ပွဲကို အလေးအနက်ထားပြီး ကစားရမယ်...”
“စိတ်ချပါ ဆရာ...”
ချူဖုန်းသည် သူ၏ ရင်ဘတ်ပေါ်မှ အသင်းတံဆိပ်ကို ငုံ့ကြည့်လိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ယခုကဲ့သို့ ခါးသီးဒါဘီပွဲမျိုးတွင် နည်းပြချုပ်က ကစားသမားများကို စိတ်ဓာတ်တက်ကြွအောင် သီးသန့် မြှောက်ပင့်ပေးနေစရာပင် မလိုပေ။
မင်းသာ ဘောလုံးကွင်းထဲကို ဝင်ရပ်လိုက်ပြီး ပရိသတ်တွေရဲ့ ရူးသွပ်နေတဲ့ ဟိန်းဟောက်သံတွေကို ကြားလိုက်ရတာနဲ့ မင်းရဲ့ ခံစားချက်တွေက ထိပ်ဆုံးကို ရောက်သွားပြီး အလိုအလျောက် သွေးဆာလာလိမ့်မည်။
“ညီအစ်ကိုတို့... ဒီနေ့ အိုးထရက်ဖို့ဒ်ကို လီဗာပူးပရိသတ်တွေအတွက် အိပ်မက်ဆိုး ပြဇာတ်ရုံကြီး ဖြစ်အောင် လုပ်ပစ်ကြတာပေါ့...”
ချူဖုန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ရာစုနှစ်အကူးတုန်းက လူသိပ်မသိသေးသော မာဖီဆိုသည့် သူဟာ အိုးထရက်ဖို့ဒ်ကို တစ်ယောက်တည်းနှင့် သုံးကြိမ်တိုင်တိုင် သိမ်းပိုက်သွားခဲ့ဖူးသည်။ ထိုစဉ်က မန်ယူအသင်းသည် မာဖီဆိုလျှင် အတော်လေး ကြောက်လန့်ခဲ့ရသည်။
ချူဖုန်းက သူသည်လည်း ထိုနည်းတူ လီဗာပူးပရိသတ်များ ကြောက်ရွံ့ရမည့်သူ ဖြစ်လာမည်ဟု ခံစားနေရသည်။ ယခုအချိန်တွင် သူ၏ စိတ်လှုပ်ရှားမှုမှာ ပေါက်ကွဲခါနီး မီးတောင်တစ်ခုကဲ့သို့ ရှိနေလေပြီ။
“လီဗာပူးကောင်တွေကို သတ်ပစ်ကြစို့...”
“လာစမ်းပါ...”
မန်ယူကစားသမားများအားလုံး အဆုတ်ကွဲမတတ် အော်ဟစ်လိုက်ကြသည်။
ချူဖုန်းက အဝတ်လဲခန်း သစ်သားတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် လီဗာပူးကစားသမားများအားလုံး၏ အကြည့်က သူ့ဆီသို့ ရောက်လာသည်။ လီဗာပူးသည် မန်ယူနှင့်တွေ့တိုင်း (၃) ပွဲဆက်တိုက် ရှုံးနိမ့်ထားခဲ့ရသည်။
တကယ်လို့ ဒီအတိုင်း ဆက်သွားနေရင် (၅) ပွဲဆက်တိုက် ရှုံးနိမ့်ခြင်းဆိုတဲ့ မှတ်တမ်းဆိုးကြီးကို ရောက်သွားတော့မှာလား။
ထိုအတွေးကြောင့်ပင် လီဗာပူးကစားသမားများ အထူးသဖြင့် ဟန်ဒါဆန် ဦးဆောင်သော ဝါရင့် ကစားသမားများမှာ အရှက်ရနေကြသည်။ ဂျရတ်က သူ့ကို အသင်းခေါင်းဆောင် လက်ပတ် ပေးအပ်ခဲ့သော်လည်း သူကိုယ်တိုင်မှာမူ လီဗာပူးကို ကောင်းမွန်သော ရလဒ်များရအောင် မစွမ်းဆောင်ပေးနိုင်ခဲ့ပေ။
ထို့ကြောင့် ဟန်ဒါဆန်သည် မိမိကိုယ်ကို အပြစ်ရှိသလို ခံစားနေရပြီး မှတ်တမ်းဆိုးသစ်ကြီးကို မမြင်ချင်တော့သဖြင့် ယနေ့ပွဲတွင် အသေအလဲ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားသည်။
ဗန်ဒိုက်ကတော့ ချူဖုန်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်နေသည်။ သူ့အကြောင်းပြချက်က ဟန်ဒါဆန်နှင့် မတူပေ။
ပြီးခဲ့သည့်ရာသီ ဆောက်သမ်တန်မှာတုန်းကရော ၊ ယခုရာသီ လီဗာပူးမှာပါ သူ့အသင်းဖော်တွေ ပိုတောင့်တင်းလာသော်လည်း ချူဖုန်းကိုတော့ သူတို့ မထိန်းချုပ်နိုင်သေးပေ။
ဘလွန်းဒီအောဆုကို ရည်မှန်းထားသူတစ်ဦးအတွက် ဒါဟာ အကြီးမားဆုံးသော အရှက်ရမှုနှင့် ကြေကွဲစရာပင်။ သို့သော် သူ အရှုံးမပေးပါ။
“ဂျိုးလ်... မန်ယူရဲ့ နံပါတ် (၇) ကို သေချာစောင့်ကြည့်ထား။ မင်းက လေကြောင်းကို ထိန်း။ မြေပြင်ကို ငါ ကိုင်တွယ်မယ်...”
ဗန်ဒိုက်က မာတစ်ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
ကလော့ပ်က မာတစ်ကို ပွဲထုတ်လာရခြင်းမှာ ကင်မရွန်းသား၏ လေကြောင်းကာကွယ်နိုင်စွမ်းကြောင့် ဖြစ်သည်။ သူ၏ ၁၉၄ စင်တီမီတာ အရပ်အမောင်းက သိသာသော အားသာချက် ဖြစ်နေသည်။
“ငါ သူ့ကို အမြဲတမ်း မျက်ခြေမပြတ် စောင့်ကြည့်နေမှာပါ...” မာတစ်ကလည်း ပေါ့ပေါ့ဆဆ မတွေးဝံ့ပေ။ ချူဖုန်း၏ စွမ်းဆောင်ရည်ကို မည်သူမှ ငြင်း၍မရကြောင်း သူ ကောင်းကောင်းသိသည်။
အကြည့်ပေါင်း ဒါဇင်နှင့်ချီ၍ ဝိုင်းကြည့်ခံနေရသော ချူဖုန်းမှာ ဖိအားအနည်းငယ် ခံစားလိုက်ရသည်။
‘ငါ ဘယ်တုန်းက ဘောလုံးလောကရဲ့ ဘုံရန်သူ ဖြစ်သွားတာလဲ... ငါက လူမှုရေးလည်း အတော်လေး ကောင်းပါတယ်...’ ချူဖုန်းက အတွင်းစိတ်မှ တွေးတောနေမိသည်။
---
အားတက်သရော ရှိလှသော သီချင်းသံအဆုံးတွင် အသင်းနှစ်သင်းလုံး ကွင်းထဲသို့ ထွက်လာကြသည်။ အိုးထရက်ဖို့ဒ်ကွင်းကြီးမှာ ပရိသတ်များ၏ ဟိန်းဟောက်သံများဖြင့် တုန်ဟီးနေပြီး ပရိသတ်များ၏ ဧရာမ ပိုစတာကြီးများကလည်း လေထဲတွင် ဝှေ့ယမ်းနေကြသည်။
ဒိုင်လူကြီး၏ ခိုင်မာသော ဝီစီသံ ထွက်ပေါ်လာသည်။
‘တီ...’
ပွဲစသည်နှင့် ချူဖုန်းက ပေါ့ဘာထံ ဘောလုံး ပေးပို့လိုက်ပြီး လီဗာပူး၏ နှလုံးသည်းပွတ်ဆီသို့ ချက်ချင်း ပြေးဝင်သွားသည်။
သို့သော်... ဖာဘင်ညို၊ ဗန်ဒိုက်နှင့် မာတစ်တို့ သုံးယောက်က တြိဂံပုံစံဖြင့် သူ့ကို လုံးဝ ပိတ်ဆို့ထားလိုက်ကြသည်။
မတတ်နိုင်ပေ။ သူ့အသင်းဖော်များကလည်း သူ့ထံသို့ ဘောလုံး မပေးရဲကြသေး။ ထိုသုံးယောက်ကြားမှ ထိုးဖောက်ရန်မှာ ချူဖုန်းအတွက်ပင် ခက်ခဲလွန်းလှသည်။
“တကယ်တော့ မန်ယူဟာ ချဲလ်ဆီးကို ကျေးဇူးတင်သင့်တယ်ဗျ... ကန်တေရဲ့ တိုက်စစ်ဆင်နိုင်စွမ်းဟာ ကွန်တီနဲ့ ဆာရီ လက်ထက်မှာ အတော်လေး တိုးတက်လာတာ...”
ရက်ရှ်ဖို့ဒ်က ဘောလုံးကို လက်ခံရရှိပြီး ဟန်ဒါဆန်၏ ဖိအားပေးမှုကို တစ်ဖက်သို့ လိမ်ခေါက်ကာ ရှောင်တိမ်းလိုက်သည်။ ဟန်ဒါဆန်ကတော့ ချက်ချင်း ပြန်လှည့်လာကာ ဇွဲမလျှော့ဘဲ ထပ်မံ လိုက်လံ ဖျက်ထုတ်နေဆဲပင်။
“ပေးစမ်း...”
ချူဖုန်းက လူကပ်ထားသည့်ကြားမှ ရုန်းထွက်ကာ ရက်ရှ်ဖို့ဒ်ကို အော်ပြောလိုက်သည်။
နောက်တစ်စက္ကန့်တွင် ဘောလုံးက သူ့ခြေထောက်အောက်သို့ ရောက်လာသည်။ တစ်ဖက်ကစားသမား သုံးယောက် သူ့ကို ဝိုင်းမပိတ်ခင်မှာတင် ချူဖုန်းက ဘောလုံးကို တစ်ချက်တည်းဖြင့် ပြန်ပေးလိုက်သည်။
သူသည် ဇွတ်အတင်း တိုးဝင်နေသော ကစားသမားမျိုး မဟုတ်ပေ။ သူ့ကို လူကပ်တာ များနေလျှင် သူက ထောက်တိုင် အဖြစ် ပြောင်းလဲကာ အသင်းဖော်များအတွက် လမ်းကြောင်း ဖွင့်ပေးလေ့ရှိသည်။
“ချူ... သူ မာတစ်ကို လေထဲမှာ ကျော်တက်ပြီး ဂိုးဧရိယာ အဝေးတိုင်ဆီကို ခေါင်းတိုက်ပေးလိုက်ပြီ...”
“ရက်ရှ်ဖို့ဒ်...”
မန်ယူပရိသတ်များ ရင်တထိတ်ထိတ် ဖြစ်သွားချိန်တွင် ရက်ရှ်ဖို့ဒ်က ညာခြေဖြင့် အားပါပါ ကန်သွင်းလိုက်သော်လည်း အလီဆန်က အမိအရ ပုတ်ထုတ်သွားနိုင်ခဲ့သည်။
“မန်ယူရဲ့ တိုက်စစ်က တော်တော်လေး စီးဆင်းမှု ကောင်းတာပဲ...”
နဗီးလ်က တသသ ချီးကျူးနေသော်လည်း သူကိုယ်တိုင်လည်း အတော်လေး အံ့သြနေမိသည်။ မော်ရင်ညို၏ တိုက်စစ်ပိုင်း သင်ကြားမှုမှာ ဂွာဒီယိုလာလောက် မကောင်းကြောင်း လူတိုင်း သိသော်လည်း ပြီးခဲ့သည့် နှစ်ရာသီအတွင်း မန်ယူက ဘာကြောင့် ဒီလောက် တိုးတက်လာရသနည်း။
ဘေးစည်းအနားတွင် ရပ်နေသော ဖာရီယာကလည်း ထိုမေးခွန်းကိုပင် မေးလိုက်သည်။
“လူအများစုက ငါ့ရဲ့ နည်းဗျူဟာကို ခံစစ်ပဲလို့ ထင်ကြတာ... ဒါပေမဲ့ တကယ့် အနှစ်သာရက ကစားပုံ အကူးအပြောင်းပဲ... ခံစစ်ကနေ တိုက်စစ်ကို ပြောင်းတဲ့နေရာမှာ မြန်ရမယ်။ ရက်စက်ရမယ်။ တိကျရမယ်...” မော်ရင်ညိုက ခပ်ဖွဖွ ပြုံးလိုက်သည်။
“ချူဖုန်းကြောင့်ပေါ့...” ဖာရီယာက ရုတ်တရက် သဘောပေါက်သွားကာ အော်လိုက်သည်။
“ဟုတ်တယ်... ချူဖုန်းဆီမှာ ငါ့ကို အံ့သြစေတာက သူ့ရဲ့ ခန္ဓာကိုယ်ထက် ဘောလုံးကစားတဲ့နေရာမှာ ဦးနှောက်သုံးနိုင်စွမ်းပဲ။ သူက အချိန်နဲ့အမျှ မတူညီတဲ့ အခန်းကဏ္ဍတွေမှာ ဝင်ကစားပေးနေတာကြောင့် တစ်သင်းလုံးရဲ့ တိုက်စစ်စနစ်က ပိုပြီး ချောမွေ့သွားတာ...”
မော်ရင်ညိုက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။ ဒီလို ကစားသမားမျိုး ရထားခြင်းမှာ နည်းပြတစ်ယောက်အတွက် အတော်လေး ကံကောင်းခြင်းပင်။
ပွဲက ပိုမို ပြင်းထန်လာသည်။
ပွဲချိန် (၂၀) မိနစ်။
ဖာဘင်ညို ခဏတာ တုံ့ဆိုင်းသွားသည့် အခိုက်အတန့်တွင် ချူဖုန်းက သူ့ဘေးသို့ ရောက်လာပြီး ဘောလုံးကို ဖြတ်ယူလိုက်သည်။ ဘရာဇီးလ်ကောင်လေးက ချက်ချင်း ပြန်လှည့်လိုက်သော်လည်း ချူဖုန်းက အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ထားပြီး ဖြစ်သည်။
သူသည် လူအုပ်ကြားထဲမှ မာတစ်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်သွားသည်။
“ကူကြဦးဟ...”
ချူဖုန်းက (၁၀) မီတာခန့် အကွာမှာ ရှိနေသေးသော်လည်း မာတစ်ကတော့ အလန့်တကြား အော်ဟစ်နေပြီ ဖြစ်သည်။ သူက မက်ဂွိုင်းယားလိုပင် လေးလံပြီး လှည့်တာနှေးသဖြင့် အမြန်နှုန်းကောင်းသော တိုက်စစ်မှူးများနှင့် တွေ့လျှင် အတော်လေး ဒုက္ခရောက်တတ်သည်။
ဗန်ဒိုက်က ချက်ချင်း ကူရန် ပြေးလာသည်။ သို့သော် ထိုအချိန်တွင် ညာဘက်ခြမ်း၌ လွတ်ထွက်နေသော နေရာတစ်ခုကို ချူဖုန်း တွေ့သွားကာ လမ်းကြောင်း ပြောင်းပြီး ဇွတ်တိုးလိုက်သည်။
“ဒါ လူမှ ဟုတ်ရဲ့လားကွာ... ငါ့ဒူးတွေတောင် အောင့်လာပြီ...”
“သောက်ခွပဲ...”
ဗန်ဒိုက်က ချက်ချင်း ရပ်လိုက်ပြီး မတွန့်ဆုတ်ဘဲ ချူဖုန်းကို ဝင်တိုက်ချလိုက်သည်။ အကယ်၍ သူသာ လွှတ်ပေးလိုက်လျှင် ချူဖုန်းကို သူ လိုက်နိုင်တော့မည် မဟုတ်ကြောင်း သိနေသည်။
‘ဝုန်း...’
နှစ်ယောက်သား ရစ်ပတ်ကာ မြက်ခင်းပေါ်သို့ လဲကျသွားကြသည်။
‘ငါ့ရဲ့ နည်းဗျူဟာမြောက် ရည်မှန်းချက်တော့ အောင်မြင်သွားပြီ...’ ချူဖုန်းက မြက်ခင်းပေါ်မှာ လဲလျောင်းရင်း ဒိုင်လူကြီးက အဝါကတ် ထုတ်လိုက်သည်ကို ပြုံးစစဖြင့် ကြည့်နေမိသည်။
လီဗာပူး၏ ခံစစ်က သူ့ကို အရမ်း ပိတ်ထားလွန်းသည်။ အကယ်၍ သူတို့တွေကို တစ်ခုခု ကြောက်သွားအောင် မလုပ်ထားရင် ဒီပွဲမှာ သူ ကောင်းကောင်း ကစားနိုင်မှာ မဟုတ်ပေ။
“ဉာဏ်များလိုက်တဲ့ ကောင်လေး...”
ဗန်ဒိုက်က ဒေါသတကြီးဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူသည် ချူဖုန်း၏ ရည်ရွယ်ချက်ကို သိသော်လည်း မစွန့်စားရဲပေ။
ချူဖုန်း၏ ပေါက်ကွဲအားက ကြောက်စရာ ကောင်းလွန်းလှသည်။ အကယ်၍ သူသာ နည်းဗျူဟာမြောက် ဖောင်းဘော မကျူးလွန်ခဲ့ရင် ချူဖုန်းက သူ့ကို ကျော်ဖြတ်သွားမှာ အသေအချာပင်။
***