“လီဗာပူးအသင်းဟာ ခံစစ်အတွက် အထူးစီမံချက်တွေ ချမှတ်ထားပေမဲ့ ဗန်ဒိုက် အဝါကတ် ထိသွားတာကတော့ သူတို့အတွက် အကြီးမားဆုံး ပေးဆပ်မှုပဲဗျ”
“အခုဆို ပွဲချိန် မိနစ် ၃၀ ပဲ ရှိသေးတယ်။ မန်ယူက ဂိုးပေါက်တည့်မှု ၆ ကြိမ် ရှိနေချိန်မှာ လီဗာပူးက ၂ ကြိမ်ပဲ ရှိသေးတာက အကောင်းဆုံး သက်သေပဲ။ ကျွန်တော် ခံစားနေရတယ်... မန်ယူရဲ့ ဂိုးရဖို့ သိပ်မဝေးတော့ဘူး။ ပထမပိုင်းမှာတင် သူတို့ ဦးဆောင်နိုင်လိမ့်မယ်” နဗီးလ်က ယုံကြည်ချက် အပြည့်ဖြင့် သုံးသပ်နေသည်။
သို့သော် ကွင်းအတွင်း အခြေအနေက ရုတ်တရက် ပြောင်းလဲသွားသည်။ လီဗာပူးနည်းပြ ကလော့ပ်သည် ကွင်းလယ်တွင် အသာစီးမရမှန်း သိသည်နှင့် သူ၏ နာမည်ကျော် ရော့ခ်အင်ရိုးလ် နည်းဗျူဟာကို အဆင့်မြှင့်လိုက်သည်။ နေရာအနှံ့ လူကပ် ဖြတ်ထုတ်ပြီး မန်ယူကစားသမားများ အမှားလုပ်လာအောင် ဖိအားပေးတော့သည်။
မန်ယူကွင်းလယ်လူ ဟာရဲရား ရှေ့သို့ ဘောလုံးဆွဲတက်ရန် လမ်းကြောင်း ရှာမရသဖြင့် ကန်တေထံ နောက်ပြန်ပေးလိုက်သည်။ သို့သော် လီဗာပူးတိုက်စစ်မှူး ဖာမီနိုက ထိုအခွင့်အရေးကို စောင့်နေခြင်း ဖြစ်သည်။
“ဆာဒီယို... ကူညီဦး”
ဖာမီနိုက ဟိန်းဟောက်ရင်း ကန်တေထံမှ ဘောလုံးကို ဖျက်ထုတ်ရန် ကြိုးစားသည်။ မာနေးကလည်း ထပ်ချပ်မကွာ ရောက်လာသည်။
ကန်တေမှာ ရွေးချယ်စရာမရှိဘဲ မာတစ်ထံ ဘောလုံးပေးလိုက်ရသော်လည်း ၎င်းမှာ လီဗာပူး၏ ထောင်ချောက်ထဲသို့ တည့်တည့်တိုးခြင်းပင်။ ဆာလာနှင့် ဟန်ဒါဆန်တို့က မာတစ်ကို ဝိုင်းပတ် ပိတ်ဆို့လိုက်ကြသည်။ ဖိအားများလာသဖြင့် မာတစ်က ဘောလုံးကို အဝေးသို့ ကန်တင်လိုက်သော်လည်း ဖာဘင်ညိုက လေထဲတွင်ပင် ဖြတ်ယူသွားနိုင်ခဲ့သည်။
“ခံစစ်ကို သတိထားကြဦး...” ချူဖုန်းက အော်ဟစ် သတိပေးလိုက်သော်လည်း နောက်ကျသွားချေပြီ။
ဖာမီနိုက ဘောလုံးကို ငြိမ်အောင်ထိန်းပြီး မာတစ်၏ နောက်ကျောဘက်သို့ မျှောထိုးပေးပို့လိုက်သည်။
“လီဗာပူးရဲ့ ဖိအားပေးမှု အလုပ်ဖြစ်သွားပြီ ဆာလာ... အပြေးတက်တော့”
ကာရေဂါက ထိုင်ခုံမှ ဝုန်းခနဲ ထရပ်လိုက်သည်။ ဆာလာက ဘောလုံးကို ကျွမ်းကျင်စွာ ဆွဲယူလာပြီး ဂိုးဧရိယာအနားတွင် ဒေးဗစ်လူးဝစ်ကို လှည့်စားကာ ဘယ်တောင်ပံသို့ ထိုးပေးလိုက်သည်။ ထိုနေရာတွင် အနက်ရောင် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ မာနေးက ရောက်ရှိနေပြီ ဖြစ်သည်။
‘ဘန်း...’
“ဂိုး...”
“ဒါဟာ လီဗာပူးရဲ့ အင်အားအကြီးဆုံး သုံးဦးတွဲ တိုက်စစ်ပဲဗျ။ မန်ယူက ဘောလုံးပိုင်ဆိုင်မှု ဘယ်လောက်ရှိရှိ၊ ဂိုးကန်ချက် ဘယ်လောက်များများ... လီဗာပူးရဲ့ နည်းဗျူဟာရှေ့မှာတော့ အရာမထင်ပါဘူး”
ကာရေဂါက နဗီးလ်ကို စိန်ခေါ်သလို ကြည့်ကာ အော်ဟစ်လိုက်သည်။ နဗီးလ်ကတော့ နှုတ်ခမ်းကို တင်းတင်းစေ့ကာ အံကြိတ်ထားရုံမှတစ်ပါး အခြားမရှိ။ မာနေးက ဂိုးသွင်းပြီးနောက် မန်ယူပရိသတ်များရှိရာသို့ ပြေးသွားကာ အသင်းတံဆိပ်ကို ပြသရင်း ရန်စလိုက်သည်။
“သောက်ရှက်မရှိတဲ့ လီဗာပူးကောင်တွေ”
“သောက်ကျိုးနည်း... မင်းတို့ ဒီနှစ်လည်း ချန်ပီယံ မဖြစ်ပါစေနဲ့”
မန်ယူပရိသတ်များက ဒေါသတကြီးဖြင့် ကိုကာကိုလာဘူးများ၊ ကော်ဖီခွက်များကို ကွင်းထဲသို့ ပစ်ပေါက်ကြသည်။ မာနေးကတော့ သွားဖြူဖြူကြီးများ ပေါ်အောင် ဖြဲပြရင်း “ငါတို့ ချန်ပီယံ မဖြစ်ရင်တောင် မင်းတို့ကိုလည်း ဖြစ်ခွင့်မပေးဘူးဟေ့” ဟု ပြန်အော်လိုက်သည်။
---
ချူဖုန်းကတော့ စိတ်ပျက်မသွားဘဲ အသင်းဖော်များကို စုစည်းလိုက်သည်။ “လီဗာပူးရဲ့ နည်းဗျူဟာက ငါတို့ အမှားလုပ်အောင် စောင့်နေတာ။ အခုချိန်ကစပြီး ဘောလုံးကို ရှေ့မှာတင် မဆွဲနဲ့။ ဟယ်ရီ (မက်ဂွိုင်းယား)... မင်းရဲ့ အဝေးဘော ပေးပို့မှုကို သုံးရမယ်။ ပေါလ် (ပေါ့ဘာ)... မင်း နည်းနည်း ဆင်းပေးပြီး ဖာဘင်ညိုကို ဆွဲထုတ်သွား။ ငါနဲ့ ရက်ရှ်ဖို့ဒ်အတွက် နေရာလွတ်လုပ်ပေး”
မော်ရင်ညိုသည် ဘေးစည်းအနားတွင် လက်ပိုက်ရပ်ကြည့်ရင်း ပြုံးလိုက်သည်။ “နည်းဗျူဟာကို နားလည်တဲ့ ကစားသမားတစ်ယောက် ရှိတာဟာ နည်းပြအတွက် အတော်လေး အသက်ရှူချောင်စေတာပဲ...”
ပွဲချိန် (၄၄) မိနစ်သို့ ရောက်လာသည်။
ပေါ့ဘာက ကွင်းလယ်တွင် ဘောလုံးရယူပြီး ဖာဘင်ညိုကို သူ့နောက်သို့ လိုက်လာအောင် ဆွဲခေါ်သွားသည်။ ထိုအခိုက်အတန့်တွင် လီဗာပူး ခံစစ်တန်း၌ ဟာကွက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ကန်တေက ထိုဟာကွက်ကို ချက်ချင်းမြင်သွားပြီး အဝေးပေးပို့မှုတစ်ခု ပြုလုပ်လိုက်သည်။ ချူဖုန်းက ဘောလုံးကို လက်ခံရယူရန် အသင့်ပြင်လိုက်သော်လည်း ဗန်ဒိုက်နှင့် မာတစ်တို့က သူ့ဆီသို့ တရစပ် ပြေးဝင်လာသည်။
“မားကပ်စ်...”
ချူဖုန်းက ဘောလုံးကို ညာခြေဖမိုးဖြင့် ရက်ရှ်ဖို့ဒ်ထံ ခတ်ပေးလိုက်ပြီး သူကိုယ်တိုင်က ဂိုးဧရိယာထဲသို့ ပြေးဝင်သွားသည်။ ရက်ရှ်ဖို့ဒ်ကလည်း အချိန်မဆွဲဘဲ ချူဖုန်းထံသို့ လှပသော ဖြတ်တင်ဘောတစ်ခု ပေးပို့လိုက်သည်။
“အနောက်ကို မဆုတ်နဲ့”
လီဗာပူးဂိုးသမား အလီဆန်က အော်ဟစ်လိုက်သော်လည်း ဗန်ဒိုက်မှာ ချူဖုန်း၏ လှည့်စားမှုကြောင့် နေရာလွတ် ပေးလိုက်ရပြီ ဖြစ်သည်။
ချူဖုန်းသည် ဘောလုံးက မြေပြင်ပေါ်သို့ ကျလာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်ကို အစွမ်းကုန် ဆန့်ထုတ်လိုက်သည်။ အရှိန်နှင့် အင်အား အားလုံးကို ညာခြေခုံပေါ်သို့ စုစည်းလိုက်ပြီး...
‘ဘုန်း...’
ဘောလုံးသည် လေထုကို ခွဲထွက်သွားသော လေပွေလှိုင်းတစ်ခု အလား အရှိန်ပြင်းပြင်းဖြင့် လွင့်ထွက်သွားသည်။ ၎င်းသည် လုံးဝ ဝေ့ဝဲခြင်းမရှိဘဲ လမ်းကြောင်းအတိုင်း တည့်တည့်သာ ရှေ့သို့ ဆက်သွားလေသည်။
‘ဝုန်း...’
ဘောလုံးသည် ဗန်ဒိုက်၏ ဘေးမှ ဖြတ်ကျော်ကာ ဂိုးပိုက်ထဲသို့ တည့်တည့် တိုးဝင်သွားသည်။ ပြင်းထန်လွန်းသော အရှိန်ကြောင့် ဂိုးတိုင်ကြီးတစ်ခုလုံးပင် တုန်ခါသွားရသည်။
အလီဆန်မှာ ဘောလုံးနောက်သို့ လိုက်ရန်ပင် အချိန်မရလိုက်ဘဲ ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိသည်။ ‘တကယ်လို့သာ ငါ့လက်နဲ့ ထိမိရင် လက်ဖဝါးတွေတောင် ရောင်ကိုင်းသွားမလားပဲ...’ ဟု သူ တွေးလိုက်မိသည်။
“ဝိုး...”
တစ်ကွင်းလုံးရှိ မန်ယူပရိသတ်များ ရူးသွပ်မတတ် အော်ဟစ် အားပေးကြတော့သည်။
“ကမ္ဘာကျော်ဂိုးဗျာ။ ပထမပိုင်း ၄၄ မိနစ်မှာ ချူဖုန်းက မန်ယူအတွက် ချေပဂိုး သွင်းပေးလိုက်ပြီ”
“ကြည့်လိုက်စမ်းပါ... လီဗာပူးပရိသတ်တွေ ကြွားနေတဲ့ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူက ချူဖုန်း ရှေ့မှာတော့ နောက်ပဲ ဆုတ်နေရတယ်။ ဒီလောက်တောင် နောက်ဆုတ်ချင်နေရင်လည်း ဂိုးသမားကိုပါ ကန်ထုတ်ပြီး ကွင်းထဲက ထွက်သွားလိုက်ပါလား” နဗီးလ်က ချက်ချင်းပင် လက်စားချေ သရော်လိုက်သည်။
ချူဖုန်းသည် ဂိုးသွင်းပြီးနောက် တစ်ဖက်ကစားသမားကို ရန်မစဘဲ ကင်မရာရှေ့သို့ ပြေးသွားကာ သူ၏ ရင်ဘတ်ပေါ်မှ အသင်းတံဆိပ်ကို အနမ်းပေးလိုက်သည်။ ထို့နောက် မျက်လုံးများကို မှိတ်၊ လက်နှစ်ဖက်ကို ဆန့်တန်းကာ ပရိသတ်များ၏ အားပေးသံကို အပြည့်အဝ ခံစားနေလိုက်သည်။
ဒီခံစားချက်က... သောက်ကျိုးနည်း... အတော်လေးကို လန်းဆန်းလွန်းလှသည်။
ဒိုင်လူကြီးက ပထမပိုင်းပွဲသိမ်းဝီစီကို မှုတ်လိုက်သည်။ နှစ်သင်းလုံး အဝတ်လဲခန်းထဲသို့ ဝင်သွားကြစဉ် ဒိုင်လူကြီးက ကစားသမားများကို စိတ်အေးအေးထားရန် အလေးအနက် သတိပေးနေရတော့သည်။
***