“အနည်းဆုံးတော့ ပထမပိုင်းမှာ ဂိုးပြန်ချေနိုင်ခဲ့တယ်...” ချူဖုန်း၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်နှင့် အသက်ကို ပြင်းပြင်းရှူနေရသည်။
မန်ယူ၏ ခံစစ်အသားပေး ကွင်းလယ်လူသုံးဦး စနစ်သည် တိုက်စစ်ကစားသမား အရေအတွက်ကို လျော့နည်းစေသဖြင့် တိုက်စစ်မှူးများက တစ်ဦးချင်း စွမ်းဆောင်ရည်ဖြင့်သာ အားဖြည့်ကစားရသည်။ အသင်းငယ်လေးများနှင့်ဆိုလျှင် ချူဖုန်းက ဇွတ်တိုး၍ ရသော်လည်း ဗန်ဒိုက်၊ မာတစ်နှင့် ဖာဘင်ညိုတို့လို နောက်ခံလူများကတော့ အကြောတင်းလွန်းလှသည်။
ထို့ကြောင့်လည်း ပထမပိုင်းတွင် အခွင့်အရေး အနည်းငယ်သာ ရခဲ့ပြီး ထိုအခွင့်အရေးကို ဂိုးဖြစ်အောင် အစွမ်းကုန် ကြိုးစားခဲ့ရသဖြင့် ချူဖုန်းမှာ ခြေကုန်လက်ပန်း ကျနေလေပြီ။
ဗန်ဒိုက်တို့လည်း အခြေအနေ သိပ်မထူးပေ။ ကလော့ပ်က ပွဲမစခင်ကတည်းက ချူဖုန်းကိုသာ ထိန်းထားနိုင်ရင် မန်ယူ ဘာမှလုပ်လို့မရဘူးဟု မှာထားသော်လည်း လက်တွေ့တွင်တော့ ထိုအလုပ်က ပြောသလောက် မလွယ်ကူခဲ့။
“ငါတော့ ဒီလို ခန္ဓာကိုယ်လည်း တောင့်၊ နည်းစနစ်လည်း ကောင်း၊ ပြီးတော့ ဦးနှောက်ပါ သုံးကစားတဲ့ တိုက်စစ်မှူးတွေကို အမုန်းဆုံးပဲကွာ...” မာတစ်က အားမလိုအားမရ ညည်းညူလိုက်သည်။
---
အဝတ်လဲခန်းအတွင်း မော်ရင်ညိုက စားပွဲပေါ်တွင် ခပ်ပေါ့ပေါ့ ထိုင်လိုက်ပြီး သူ၏ ကုတ်အင်္ကျီ ကြယ်သီးကို ဖြုတ်လိုက်သည်။
“အခုချိန်မှာ မန်စီးတီးကလူတွေ ဒီပွဲကို ကြည့်နေကြမှာ အသေအချာပဲ။ သူတို့ကတော့ ငါတို့နှစ်သင်း သရေကျပြီး သူတို့ပဲ အကျိုးအမြတ် ရသွားဖို့ မျှော်လင့်နေကြလိမ့်မယ်...”
“ဒါပေမဲ့ ရန်သူက အဲ့ဒီလို တွေးလေလေ၊ ငါတို့က သူတို့အလိုအတိုင်း အဖြစ်မခံလေလေပဲ ဖြစ်ရမယ်” မော်ရင်ညို၏ အသံက လေးနက်နေသည်။
“ငါ အများကြီး ပြောမနေတော့ဘူး။ ဒုတိယပိုင်းမှာ မင်းတို့ရဲ့ ပြတ်သားမှုနဲ့ အောင်မြင်မှုအပေါ် ငတ်မွတ်နေတဲ့ စိတ်ဓာတ်ကို ငါ မြင်ချင်တယ်...”
“ဟုတ်ကဲ့ပါ ဆရာ...”
ချူဖုန်းနှင့် ကစားသမားများအားလုံး စိတ်ဓာတ်များ ပြန်လည် နိုးကြားလာကြသည်။ မော်ရင်ညို၏ လှုံ့ဆော်မှုက သူတို့၏ သွေးသားထဲအထိ စီးဝင်သွားစေလေသည်။
ဒုတိယပိုင်း ပွဲစပြီး မကြာမီမှာပင် အခြေအနေက တင်းမာလာသည်။ ပွဲချိန် (၅၁) မိနစ်တွင် ပေါ့ဘာက ဖာဘင်ညိုကို နောက်ကနေ တွန်းလှဲလိုက်သဖြင့် အဝါကတ် ပြသခံလိုက်ရသည်။ ဒိုင်လူကြီးသည် ပထမပိုင်းထက်ပင် ပို၍ တင်းကျပ်စွာ ကိုင်တွယ်နေတော့သည်။
ထို့နောက် ဟာရဲရားကို ဝိုင်နယ်လ်ဒမ်က ပြင်းပြင်းထန်ထန် ဖျက်ထုတ်လိုက်သဖြင့် ဟာရဲရား၏ ခြေကျင်းဝတ်မှာ ဂျွတ်ကနဲ အသံနှင့်အတူ ဖောင်းတက်လာသည်။
“သောက်ကျိုးနည်း... ဘာလုပ်တာလဲဟ”
နှစ်သင်းလုံးမှ ကစားသမားများ၊ အရန်ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များပါ ကွင်းထဲသို့ ပြေးဝင်လာကာ အပြန်အလှန် တွန်းထိုး ဆဲဆိုကြတော့သည်။ အခြေအနေမှာ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။
ဟာရဲရား ဆက်မကစားနိုင်တော့သဖြင့် မော်ရင်ညိုက မက်တော်မီနေးကို လူစားလဲရန် ပြင်လိုက်သည်။
“စကော့... မင်းဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား မဟုတ်သလို မန်ယူရဲ့ ခေါင်းဆောင်လည်း မဟုတ်သေးဘူး။ ဒါပေမဲ့... မင်းရဲ့ အနိုင်ရချင်တဲ့ စိတ်ဓာတ်က ချူဖုန်းထက် မနိမ့်ဘူးလို့ ငါ အမြဲ ယုံကြည်တယ်... အိုးထရက်ဖို့ဒ်ရဲ့ ဂုဏ်ဆောင် ဖြစ်နိုင်ကြောင်း ကမ္ဘာကို သက်သေပြလိုက်စမ်း”
မက်တော်မီနေးက အသက်ကို ပြင်းပြင်းရှူကာ ချူဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ချူဖုန်းကို အမြဲတမ်း စံပြအဖြစ် ထားခဲ့သူဖြစ်သည်။
“စိတ်ချပါ ဆရာ...”
ပွဲချိန် (၆၅) မိနစ်တွင် ပွဲ၏ အလှည့်အပြောင်း ဖြစ်ပေါ်လာသည်။ ရက်ရှ်ဖို့ဒ်က ဘောလုံးကို ဆွဲပြေးစဉ် မာတစ်က သူ့ကို ဇွတ်အတင်း ဆွဲလှဲပစ်လိုက်သည်။
‘တီ...’
ဒိုင်လူကြီးက မဆိုင်းမတွဘဲ အနီကတ် ထုတ်လိုက်သည်။ လီဗာပူးအသင်းသည် (၁၀) ယောက်တည်းသာ ကျန်တော့လေသည်။
“ကွင်းလယ်ကနေ ကစားကွက် ဖြန့်ဝေမယ်” ချူဖုန်းက အသင်းဖော်များကို အော်ဟစ် ညွှန်ကြားလိုက်သည်။
မန်ယူအသင်းသည် ရရှိလာသော ပြစ်ဒဏ်ဘောအတွက် အသင့်ပြင်လိုက်ကြသည်။ ဂိုးဧရိယာအတွင်း၌ ချူဖုန်း၊ မက်တော်မီနေး၊ မာတစ်နှင့် မက်ဂွိုင်းယားတို့လို ၁၈၀ စင်တီမီတာအထက် အရပ်ရှည်ရှည် ဗလကောင်းကောင်း အမျိုးသားကြီးများ နေရာယူထားကြသည်။
ဒါဟာ မန်ချက်စတာ လေကြောင်းရန်တပ်ဖွဲ့ပင်။
‘ရွှစ်...’
ပေါ့ဘာက ဘောလုံးကို ဂိုးဧရိယာထဲသို့ လှပစွာ ပင့်တင်ပေးလိုက်သည်။ ဗန်ဒိုက်က ချူဖုန်းကို အနီးကပ် ကပ်ထားသော်လည်း ချူဖုန်းက ညာဘက်သို့ အယောင်ပြ ပြေးထွက်သွားစဉ် ဘောလုံးက ဘယ်ဘက်ခြမ်းသို့ ရောက်သွားသည်။
မက်ဂွိုင်းယားက တင့်ကားတစ်စီးလို မီလ်နာကို တိုက်ဖျက်ပြီး ခေါင်းတိုက်ရန် ကြိုးစားသော်လည်း ဘောလုံးက သူ့ဦးခေါင်းထက် အနည်းငယ် မြင့်သွားသည်။ သို့သော် အနောက်မှ နီရဲသော အရိပ်တစ်ခု ဝုန်းခနဲ ပြေးထွက်လာသည်။
‘ဘုန်း...’
မက်တော်မီနေး၏ အားပါလှသော ခေါင်းတိုက်ချက်က ဘောလုံးကို ဂိုးပိုက်ထဲသို့ တည့်တည့် စိုက်ဝင်သွားစေသည်။
“ဂိုး...”
“ကာရင်တန် လေ့ကျင့်ရေးကွင်းကနေ ထွက်ပေါ်လာတဲ့ လူငယ်လေးက အိုးထရက်ဖို့ဒ်မှာ အလှပဆုံး Comebackကို ဖန်တီးလိုက်ပြီဗျာ” နဗီးလ်က အားရပါးရ ဟိန်းဟောက်လိုက်သည်။
ထိုစဉ် မက်တော်မီနေးက ဒူးထောက်လျှောတိုက်ကာ အားပါပါ အောင်ပွဲခံလိုက်သည်။ သူ၏ အိပ်မက် ဖြစ်သည့် အစဉ်အလာ ပြိုင်ဘက်ကို ဂိုးသွင်းယူနိုင်ခြင်းက လက်တွေ့ ဖြစ်လာခဲ့လေပြီ။
“စကော့... မင်း လုပ်နိုင်ခဲ့ပြီ ဒီခံစားချက်ကို မှတ်ထားလိုက်စမ်း” ချူဖုန်းက သူ့သူငယ်ချင်း၏ ပုခုံးကို ပုတ်ကာ ဂုဏ်ပြုလိုက်သည်။
ပွဲကြည့်စင်ပေါ်တွင် ဆာအဲလက်စ် ဖာဂူဆန်၊ ဒေးဗစ် ဘက်ခမ်းနှင့် ပေါလ်စခိုးလ်တို့ ထိုင်ကြည့်နေကြသည်။
“တကယ်လို့ ငါတို့ခေတ်တုန်းက တိုက်စစ်မှူးက ချူဖုန်းသာ ဖြစ်ခဲ့ရင် ငါတို့ ချန်ပီယံဆုတွေ အများကြီး ပိုရနိုင်မှာနော်...” ဟု ဘက်ခမ်းက ပြုံးလျက် ပြောလိုက်သည်။ ဖာဂူဆန်ကတော့ ဘာမှပြန်မပြောဘဲ သူ၏ လက်ထဲမှ ရေနွေးဘူးကို ကိုင်ကာ ကျေနပ်စွာ ပြုံးနေလေသည်။
ပွဲချိန် (၈၃) မိနစ်တွင် မန်ယူက နောက်ထပ် ဂိုးတစ်ဂိုး ထပ်ရလိုက်ပြန်သည်။ လုခ်ရှောက ဘယ်တောင်ပံမှ လှပစွာ ဖြတ်တင်ပေးလိုက်ရာ ချူဖုန်းက ဗန်ဒိုက်ကို ခုန်ကျော်ကာ အားပါပါ ခေါင်းတိုက်သွင်းယူလိုက်ခြင်း ဖြစ်သည်။
လီဗာပူး၏ ဂိုးပိုက် နောက်တစ်ကြိမ် လှုပ်ခတ်သွားပြန်သည်။ ဒီဂိုးက လီဗာပူးတို့၏ မျှော်လင့်ချက် အားလုံးကို အပြီးတိုင် သတ်ပစ်လိုက်ခြင်းပင်။ ဗန်ဒိုက်ပင်လျှင် အားပျက်သွားကာ ငိုင်ကျသွားတော့သည်။
“တီ တီ တီ”
မကြာမီပင် ပွဲသိမ်းဝီစီသံနှင့်အတူ မန်ချက်စတာ ယူနိုက်တက်အသင်းက လီဗာပူးကို အိုးထရက်ဖို့ဒ်မှာ အနိုင်ယူကာ ချန်ပီယံဆုအတွက် အရေးကြီးသော ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်နိုင်လေပြီ။
***