“လှပလိုက်လေခြင်း... မန်ချက်စတာ ယူနိုက်တက်တို့ ဒီပွဲကို အနိုင်ရရှိသွားခဲ့ပြီ ၃ ဂိုး ၁ ဂိုး... ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ရလဒ်လဲဗျာ”
“လီဗာပူးက အရင် ဦးဆောင်ခဲ့ပေမဲ့ မန်ယူကတော့ ပွဲပြီးခါနီးမှာပဲ အံ့အားသင့်စရာ ကောင်းတဲ့ အလှည့်အပြောင်းနဲ့ ဂိုးတွေ တရစပ် သွင်းယူသွားခဲ့တာပါ”
“ဒီတပတ်ဟာ မန်ယူပရိသတ်တွေအတွက်တော့ တစ်နှစ်တာရဲ့ အကောင်းဆုံး တပတ်လို့တောင် ပြောလို့ရမယ်ထင်တယ်”
နဗီးလ်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီးနောက် သူ၏ လက်ထဲမှ အချက်အလက်များကို ငုံ့ကြည့်လိုက်သည်။
“ဒါဟာ မန်ယူနဲ့ လီဗာပူးတို့ရဲ့ (၂၀၂) ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမှုပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ စာရင်းဇယားတချို့ကို ကျွန်တော် ပြောပြချင်ပါတယ်...”
“ချူဖုန်းဟာ အိမ်ကွင်း ၆ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒတ်ခ်ျတိုက်စစ်မှူး ဗန်ပါစီရဲ့ မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့ပြီ။ အခုဆို သူဟာ ပရီးမီးယားလိဂ် ဂိုး ၆၀ ပြည့်ဖို့ ၁ ဂိုးပဲ လိုတော့တာပါ”
“ဆာလာကတော့ မန်ယူနဲ့ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ အရှက်ရစရာ မှတ်တမ်းဆိုးကြီးကို ဆက်လက် ဆုပ်ကိုင်ထားတုန်းပဲ။ စကားမစပ်... ဒီဂီယာကတော့ ပရီးမီးယားလိဂ်မှာ အကြိမ် (၁၀၀) မြောက် ဂိုးမပေးရတဲ့ပွဲ ရဖို့ လွဲချော်သွားခဲ့ရတယ်။ သူ အခုချိန်မှာ မက်ဂွိုင်းယားကို ကျိန်ဆဲနေလောက်ပြီဗျ... ဒီလူကောင်ကြီးကြောင့် သူ့ရဲ့ ဂိုးမပေးရတဲ့ အပိုဆုကြေးကြီး ဆုံးရှုံးသွားရတာကိုး”
“ဟားဟား... နောက်ဆုံးတစ်ချက်ကတော့ နောက်တာပါဗျာ”
နဗီးလ်၏ အသံက ရုတ်တရက် တည်ငြိမ်သွားသည်။ “ကျွန်တော်တို့ ချစ်မြတ်နိုးရတဲ့ မစ္စတာ အဲရစ် ဟာရစ်ဆင်ဟာ မန်ယူလူငယ်အကယ်ဒမီမှာ ၂၇ နှစ်ကြာ အမှုထမ်းခဲ့ပြီး မာ့ခ်ဟုချ်၊ ဒေးဗစ်ပလက်နဲ့ နာမည်ကျော် ‘Class of 92’ ကို မွေးထုတ်ပေးခဲ့သူပါ”
“ဝမ်းနည်းစရာကောင်းတာက မစ္စတာ အဲရစ်ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာပါပဲ။ ကျွန်တော်တို့အားလုံး သူ့အတွက် လေးစားမှု ပေးလိုက်ကြရအောင်ဗျာ”
အိုးထရက်ဖို့ဒ် ကွင်းကြီးအတွင်းရှိ စခရင်ကြီးပေါ်တွင် အဲရစ်၏ ဘဝမှတ်တမ်းများကို ပြသနေချိန်၌ တစ်ကွင်းလုံး ငြိမ်သက်သွားသည်။ လီဗာပူးပရိသတ်များပင် ဆူညံခြင်းမပြုဘဲ ငြိမ်သက်စွာ ထိုင်နေကြသည်။ ၎င်းသည် သေဆုံးသူ အပေါ် ပေးအပ်သည့် လေးစားမှုပင်။
ဘောလုံးကွင်းထဲတွင် ချူဖုန်းနှင့် အသင်းဖော်များကလည်း ခေါင်းငုံ့ကာ ငြိမ်သက်စွာ ဂါရဝ ပြုနေကြသည်။ အနိုင်ရခြင်း၏ ပျော်ရွှင်မှုများသည် ထိုအခိုက်အတန့်၏ လေးနက်မှုအောက်တွင် မှေးမှိန်သွားရလေသည်။
---
“ဒီနေ့ပွဲပြီးတော့ ငါတို့နဲ့ လီဗာပူးကြားက အမှတ်ကွာဟချက်က ၆ မှတ် ပြန်ဖြစ်သွားပြီ”
“ဒါပေမဲ့ ဆက်ကြိုးစားဖို့တော့ လိုသေးတယ်။ မန်စီးတီးကလည်း မနေ့ကပွဲမှာ ဝက်ဖို့ဒ်ကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ထားပြီး ဇယားထိပ်မှာ ဦးဆောင်နေတုန်းပဲ” မော်ရင်ညိုက အသံခပ်အုပ်အုပ်ဖြင့် ပြောလိုက်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးခါနီးလာသည်နှင့်အမျှ မန်စီးတီး၏ တရစပ် အနိုင်ရမှုက သူ့ကို ဖိအားပေးနေခြင်း ဖြစ်သည်။
“ဆရာ... အဲ့ဒါတွေကို အများကြီး တွေးမနေပါနဲ့။ ကျွန်တော်တို့ လုပ်ရမှာက”
ချူဖုန်းက ပြုံးလျက် မတ်တပ်ရပ်လိုက်သည်။ “ပွဲတိုင်းကို အနိုင်ကန်ဖို့ပဲ။ တကယ်လို့ နောက်ဆုံးမှာ ချန်ပီယံ မဖြစ်ခဲ့ရင်တောင် အနည်းဆုံးတော့ ကျွန်တော်တို့ နောင်တရမှာ မဟုတ်ဘူးလေ။ ဟုတ်တယ် မဟုတ်လား...”
မော်ရင်ညိုက ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်... ချူဖုန်းပြောတာ မှန်တယ်။ အများကြီး တွေးမနေနဲ့တော့။ တကယ်လို့ မင်းတို့ အရမ်း စိတ်လှုပ်ရှားနေရင်...”
သူက နောက်ပြောင်သလိုဖြင့် ဆက်ပြောလိုက်သည်။ “မနက်ဖြန် မနားနဲ့တော့။ လေ့ကျင့်ရေးကွင်းကို လာပြီး လေ့ကျင့်ခန်းတွေပဲ လုပ်ကြတော့။ ဒါဆိုရင် စိုးရိမ်တာတွေ အကုန်မေ့သွားလိမ့်မယ်...”
“ဒါတော့ မဖြစ်ဘူးလေ ဆရာ့ရဲ့။ ပေးစရာရှိတဲ့ အားလပ်ရက်တော့ ပေးရမှာပေါ့” ရက်ရှ်ဖို့ဒ်က အလန့်တကြား ဝင်တားတော့သည်။
“ကဲ... အိမ်ပြန်ကြတော့” မော်ရင်ညိုက ပြုံးလျက် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ချူဖုန်းကို ကြည့်ကာ... “၁၅ ရက်နေ့မှာ ချန်ပီယံလိဂ် မဲခွဲပွဲ ရှိတယ်။ မင်း ငါနဲ့အတူ ဆွစ်ဇာလန်ကို လိုက်ခဲ့ရမယ်”
“ဟုတ်ကဲ့ပါ ဆရာ”
ချူဖုန်းသည် အမြဲတစေ မဲခွဲပွဲများကို စိတ်ဝင်တစား ရှိလေသည်။ သူ၏ အမှတ်ရမှုများအရဆိုလျှင် မန်ယူသည် ဘာစီလိုနာနှင့် တွေ့ရမည် ဖြစ်သည်။ သို့သော် လိပ်ပြာတောင်ပံ ခတ်ခတ်မှု အကျိုးသက်ရောက်မှုကြောင့် တစ်စုံတစ်ရာ အပြောင်းအလဲများ ရှိလာနိုင်မည်လား။
မတ်လ ၁၃ ရက်။
ဟေးလ်အရပ်ရှိ ဗီလာတစ်ခုအတွင်း၌ ချူဖုန်းသည် ဆိုဖာပေါ်တွင် လှဲလျောင်းရင်း မာရီယာ ဖျော်ပေးထားသော ကော်ဖီကို သောက်နေသည်။ တီဗီထဲတွင် မန်စီးတီးက ရှော်ကေးကို ၇ ဂိုး ၀ ဂိုးဖြင့် အပြတ်အသတ် နိုင်နေသည်ကို တွေ့လိုက်ရသည်။
“မာရီယာ... မင်းအဖေက (ဂွာဒီယိုလာ) အခုတလော စိတ်တိုနေတာလား” ချူဖုန်းက မေးလိုက်သည်။
“သူက လိဂ်ဖလားပွဲမှာ ရှင့်ကို ရှုံးပြီးကတည်းက ညတိုင်း ၂ နာရီအထိ မအိပ်ဘဲ ရှင့်ကို ဘယ်လို ပြန်အနိုင်ယူရမလဲ ဆိုတာပဲ တွေးနေတာလေ...” မာရီယာက ရယ်မောကာ ပြန်ပြောလိုက်သည်။
ချူဖုန်းက တစ်ချက်တွေးလိုက်မိသည်။ သူ့ယောက္ခမလောင်းက ဒီလောက်တောင် အငြိုးကြီးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဂွာဒီယိုလာ၏ မန်စီးတီးသည် ၂၀၁၉ ခုနှစ်ကစပြီး ပွဲတိုင်းကို အနိုင်ရထားကာ ဂိုးပေါင်း ၆၁ ဂိုးအထိ သွင်းယူထားသည်။ ၎င်းသည် မန်စီးတီး မည်မျှ အင်အား တောင့်တင်းနေကြောင်း ပြသနေခြင်းပင်။
ထို့နောက် အခြားပွဲစဉ်တစ်ပွဲ၏ ရလဒ်ကို သူ တွေ့လိုက်ရသည်။
ဂျူဗင်တပ်စ်နှင့် ပီအက်စ်ဂျီ ပွဲစဉ်။ ရော်နယ်ဒို၏ အံ့မခန်း ခေါင်းတိုက်ဂိုးဖြင့် ဂျူဗင်တပ်စ်က နောက်တစ်ဆင့် တက်သွားခဲ့သည်။ ထိုပွဲ၌ အမ်ဘာပေက ခြေစွမ်းပြခဲ့သော်လည်း နေမာကတော့ ခြေပျောက်နေခဲ့သည်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်လာသည့် အသင်းများမှာ - မန်စီးတီး၊ မန်ယူ၊ ဂျူဗင်တပ်စ်၊ တော့တင်ဟမ်၊ ဘာစီလိုနာ၊ ပေါ်တို၊ လီဗာပူးနှင့် အေဂျက်စ်တို့ပင် ဖြစ်ကြသည်။
ဆွစ်ဇာလန်နိုင်ငံ၊ ယူအီးအက်ဖ်အေဌာနချုပ်
ချူဖုန်းသည် ပထမတန်းတွင် နေရာယူထားသည်။ ထူးခြားသည်မှာ သူ၏ ထိုင်ခုံသည် မက်ဆီ နှင့် ရော်နယ်ဒိုတို့၏ ကြားထဲတွင် ရောက်နေခြင်းပင်။ သူသည် ထိုဂန္ထဝင် နှစ်ယောက်ကို ခေါင်းညိတ်နှုတ်ဆက်လိုက်သော်လည်း ရော်နယ်ဒိုကတော့ အနည်းငယ် အေးစက်နေသည်။ အကြောင်းမှာ ချူဖုန်းကြောင့် သူ၏ ချန်ပီယံလိဂ် သုံးကြိမ်ဆက် ချန်ပီယံ အိပ်မက် ပျက်စီးခဲ့ရဖူးသောကြောင့် ဖြစ်ပေမည်။
မကြာမီ မဲခွဲပွဲ စတင်လေသည်။ အင်တာမီလန် ဂိုးသမားဟောင်း ဂျူလီယို ဆီဇာက ကွင်းထဲသို့ ရောက်လာသည်။
သူ၏ ခပ်ပြည့်ပြည့် လက်ချောင်းလေးများက ဖန်အိုးထဲရှိ ဘောလုံးလေးများကို အကြိမ်ကြိမ် မွှေနှောက်နေသည်။ ပရိသတ်များ ငြီးငွေ့လာချိန်မှသာ ဘောလုံးလေးများကို ထုတ်ယူကာ ကင်မရာသို့ ပြသလိုက်သည်။
ဂျူဗင်တပ်စ်နှင့် အေဂျက်စ်
အေဂျက်စ်နည်းပြ တန်ဟက်ဂ်၏ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားသည်။ ရော်နယ်ဒိုကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ သူ အခုကတည်းက ခေါင်းစားနေရလေပြီ။
မိနစ်အနည်းငယ်အကြာတွင်...
တော့တင်ဟမ်နှင့် မန်စီးတီး
ပိုချက်တီနို၏ မျက်နှာက မည်းမှောင်သွားသည်။ ဂွာဒီယိုလာကတော့ အပြင်ပန်း တည်ငြိမ်နေသော်ငြား အတွင်းစိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ မန်ယူနှင့် စောစောစီးစီး မတွေ့ရသည့်အတွက် သူ ကျေနပ်နေခြင်းပင်။
မဲခွဲပွဲ၏ တင်းမာမှုက အထွတ်အထိပ်သို့ ရောက်လာသည်။ ဆီဇာက မန်ယူအတွက် အကောင်းဆုံး မဲနှိုက်ပေးမည်ဟု မော်ရင်ညိုကို ကတိပေးထားသော်လည်း...
လီဗာပူးနှင့် ပေါ်တို
တစ်ခန်းလုံး ငြိမ်သက်သွားသည်။ နောက်ဆုံးအတွဲက ဘယ်သူတွေဖြစ်မလဲဆိုတာ လူတိုင်း သိသွားကြပြီ။
မန်ချက်စတာ ယူနိုက်တက်နှင့် ဘာစီလိုနာ
***