မဲခွဲရလဒ်များက ဧရာမ ဖန်သားပြင်ကြီးထက်တွင် ချက်ချင်း ပေါ်လာလေသည်။ ဆီဇာကတော့ မော်ရင်ညိုအတွက် မဲကောင်းကောင်းလေး နှိုက်ပေးချင်ခဲ့သော်လည်း ယခုလို ဖြစ်သွားသဖြင့် အနေရခက်စွာ လျှာလေး တစ်လစ် ထုတ်လိုက်မိ၏။
‘သောက်ကျိုးနည်း ဒီလို သောက်ရမ်းဆိုးတဲ့ မဲကို ငါနှိုက်မိလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ’
ပြီးခဲ့သည့် ရာသီက ဘာစီလိုနာအသင်းသည် ရိုးမားကြောင့် ရှုံးနိမ့်သွားခဲ့သည် ဆိုသော်ငြား သူတို့၏ တိုက်ခိုက်လိုစိတ်များကိုတော့ ငြင်းပယ်၍ မရနိုင်ပေ။ ထို့ပြင် လာလီဂါ ထိပ်ဆုံးမှ ဦးဆောင်နေသော သူတို့အသင်း၏ အဆင့်အတန်းကိုလည်း မည်သူကမျှ အထင်သေးဝံ့မည် မဟုတ်ချေ။
ပို၍ အရေးကြီးသည်မှာ ဘာစီလိုနာ၌ မက်ဆီ ရှိနေခြင်းပင်။
ပြိုင်ဘက်ကင်း သူရဲကောင်း နှစ်ဦး၏ ခေတ်ကာလသည် ကုန်ဆုံးတော့မည်ဟု မကြာခဏ ပြောဆိုလေ့ ရှိကြသော်လည်း သူတို့၏ စွမ်းဆောင်ရည်ကတော့ အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိသေးပေ။
ဆန့်ကျင်ဘက် အနေဖြင့် သူတို့က အရေးကြီးသည့် ပွဲစဉ်များတွင် အမြဲတမ်း ခြေစွမ်းပြလေ့ ရှိကြပြီး သူတို့၏ အချက်အလက်များမှာလည်း သက်ဆိုင်ရာ လိဂ်များတွင် အကောင်းဆုံး အနေအထား၌ ရှိနေဆဲ ဖြစ်သည်။
ချူဖုန်းက သူ့ဘယ်ဘက်သို့ အကဲခတ်လိုက်ရာ မက်ဆီကလည်း သူ့ကို ပြန်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ အကြည့်ချင်း ဖလှယ်ပြီးနောက် သူတို့နှစ်ဦးစလုံး အလိုအလျောက်ပင် အကြည့်လွှဲလိုက်ကြသည်။
ရိုးရိုးသားသား ပြောရလျှင် မက်ဆီက ချူဖုန်းနှင့် ပတ်သက်ပြီး အတော်လေး စိတ်ဝင်စားနေဆဲ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူက ပွဲဦးထွက် နှစ်မှာတင် ချန်ပီယံလိဂ်နှင့် လိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သည့် အပြင် ပရီးမီးယားလိဂ် ဂိုးသွင်းစံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့သည် မဟုတ်ပါလား။
ချူဖုန်းက လူသစ်တစ်ယောက်နှင့် လုံးဝ မတူပေ။
ထို့အပြင် သူ၏ အလွန် ထိရောက်မှုရှိသော လူလိမ်ခေါက်ကွက် စွမ်းရည်များကလည်း ပုံမှန် ကစားဟန်များနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေသည်။ မယုံနိုင်စရာ ကောင်းလှသော သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များက မက်ဆီကိုပင် မနာလို ဖြစ်စေသည်။
သို့သော်လည်း မက်ဆီကတော့ နည်းနည်းလေးမှ ကြောက်ရွံ့နေခြင်း မရှိပေ။ မည်သို့ပင်ဆိုစေ သူက မန်ချက်စတာ ယူနိုက်တက်တည်း ဟူသော အသင်းကို အနိုင်ယူနိုင်သည့် လက်နက် ဖြစ်နေသည် မဟုတ်ပါလား…။
ထို့အပြင် ဘာစီလိုနာနှင့် မန်ချက်စတာ ယူနိုက်တက်တို့၏ ထိပ်တိုက် တွေ့ဆုံမှု မှတ်တမ်းကို ကြည့်မည် ဆိုလျှင် ဥရောပ ပြိုင်ပွဲများတွင် နှစ်သင်းစလုံးက (၁၁) ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ချန်ပီယံလိဂ်တွင် မန်ယူက (၁) ပွဲနိုင်၊ (၄) ပွဲသရေ၊ (၃) ပွဲရှုံး ရလဒ် ထွက်ပေါ်ထားကာ ဖလားဆုရှင်များ ဖလားပြိုင်ပွဲတွင် ဘာစီလိုနာက (၁) ပွဲနိုင်၊ (၂) ပွဲရှုံး ရလဒ် ရရှိထားသည်။
ယေဘုယျအားဖြင့် ကြည့်မည်ဆိုလျှင် ဘာစီလိုနာက (၄) ပွဲနိုင်ကာ အသာစီး ရထားလေသည်။
နှစ်သင်း နောက်ဆုံး တွေ့ဆုံခဲ့သည်မှာ (၂၀၁၀-၁၁) ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဖြစ်သည်။ ဝင်ဘလေ ကွင်းကြီးထဲတွင် မန်ချက်စတာ ယူနိုက်တက်တို့က (၂) နှစ်အတွင်း ဘာစီလိုနာကို ၂ခါတိတိ ရှုံးခဲ့လေသည်။
ခန်းမ၏ အနောက်ဘက်ရှိ ဖိတ်ကြားထားသော ဧည့်သည်တော်များ နေရာတွင်တော့ ဆာအဲလက်စ် ဖာဂူဆန်၏ ပေါင်ပေါ်တင်ထားသော လက်များက အနည်းငယ် တုန်ယင်နေ၏။
ဘာစီလိုနာသာ မရှိခဲ့ဘူးဆိုလျှင် ရီးရဲလ်မက်ဒရစ် မတိုင်မီ မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ် ဖလားကို နှစ်ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်သည့် စွမ်းဆောင်ရည်မျိုးကို ကောင်းကောင်းကြီး လုပ်ပြနိုင်ခဲ့ပေလိမ့်မည်။
ဘာစီလိုနာသာ မရှိခဲ့ဘူးဆိုလျှင် ခရစ်စတီယာနို ရော်နယ်ဒို တစ်ယောက် မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာသွားမည် မဟုတ်ဘဲ ရီးရဲလ်မက်ဒရစ်တွင် ကဲ့သို့ပင် ဂန္ထဝင် ကစားသမား တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့ပေလိမ့်မည်။
ဘာစီလိုနာသာ မရှိခဲ့ဘူးဆိုလျှင်...
ဘာစီလိုနာ ဆိုသည်က သူ၏ နှလုံးသားကို ခြောက်လှန့်နေသည့် အိပ်မက်ဆိုး တစ်ခုဖြစ်ပြီး ထိုအကြောင်းကို တွေးမိတိုင်း သူ၏ ရင်တွေ တုန်ယင်လာရစမြဲပင်။
သူ့ဘေးတွင် ရပ်နေသော စခိုးလ်ကတော့ နှုတ်ခမ်းကို တွန့်လိုက်၏။ တကယ်တော့ သူက ဘာစီလိုနာကို သာမန်မျှသာဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ်တုန်းက မန်ချက်စတာ ယူနိုက်တက်တို့ ဥရောပ၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိချိန်၌ သူတို့သည် ဘာစီလိုနာကို နင်းဖြတ်ကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း မဟုတ်ပါလား။
ထို့အပြင် ထိုပွဲ၌ ကမ္ဘာ့အဆင့်မီ အနိုင်ဂိုးကို သွင်းယူခဲ့သူမှာလည်း သူကိုယ်တိုင်ပင် ဖြစ်သည်။
“ဘော့စ်... နောက်ဆုံး တစ်ခေါက်တုန်းက ကျွန်တော်တို့ ဒီလို ဘတ်စ်ကား ပိတ်ရပ်တဲ့ နည်းဗျူဟာကို သုံးခဲ့တယ် ဆိုတာ မှတ်မိနေသေးတယ်နော်”ဟု စခိုးလ်က မေးလိုက်၏။
ထိုစကားကို ကြားသောအခါ ဖာဂူဆန်၏ လက်များက ချက်ချင်း တုန်ယင်မှု ရပ်တန့်သွားပြီး သူက တီးတိုး ရေရွတ်လိုက်သည်။
“ခံစစ်ကို တင်းကျပ်ထား။ ဘောလုံးကို ရှေ့တန်းဆီ မြန်မြန် ပို့။ ပြီးတော့ ကွင်းလယ်မှာ သိပ်မရှုပ်ယှက်ခတ်စေနဲ့။ ဇာဗီနဲ့ အင်နီယေစတာတို့ ရှိနေတဲ့ အချိန်တုန်းကတောင် ဒီနည်းဗျူဟာက ဘာစီလိုနာကို အလုပ်ဖြစ်ခဲ့တာပဲလေ”
“ဒါဆို အခု ကွင်းလယ် ထိန်းချုပ်မှု ကျဆင်းနေတဲ့ ဒီဘာစီလိုနာ အသင်းနဲ့ ရင်ဆိုင်ရရင်ရော”
စကားပြောပြီးသည်နှင့် သူ၏ မျက်လုံးများက တစ်ဖန် ပြန်လည် တောက်ပလာပြီး မဲခွဲပွဲ အခမ်းအနား အပြီးတွင် မော်ရင်ညိုနှင့် စကားပြောရန် ပြင်ဆင်လိုက်လေသည်။ သူက တစ်ဖက်လူကို အမိန့်ပေးချင်၍ မဟုတ်ဘဲ ဖြစ်နိုင်ခြေရှိသော ချဉ်းကပ်မှု တစ်ခုကို ပံ့ပိုးပေးချင်ရုံသာ ဖြစ်သည်။
သို့သော် သူတို့ မသိခဲ့သည်က မော်ရင်ညိုက ထိုကဲ့သို့သော ပြဿနာများကို ကြိုတင် စဉ်းစားထားပြီး ဖြစ်ကာ ဘာစီလိုနာကို ရင်ဆိုင်ရန် ဖြေရှင်းနည်း တစ်ခုကိုပါ ဖန်တီးထားပြီး ဖြစ်သည်ဆိုခြင်းကိုပင်။
၎င်းက ပုံကြမ်း အဆင့်သာ ရှိသေးသော်လည်း နှစ်သင်းလုံး၏ ပွဲစဉ်က တစ်လအကြာမှ ကျင်းပမည် ဖြစ်သောကြောင့် ပစ်မှတ်ထား ပြင်ဆင်မှုများ ပြုလုပ်ရန် အချိန်အလုံအလောက် ရရှိထားလေသည်။
“ဗိုလ်လုပွဲမှာ တွေ့ရဖို့ မျှော်လင့်ပါတယ်ဗျာ”
မော်ရင်ညိုက အတွေးရေယာဉ်ကျောမှ ရုန်းထွက်လိုက်ပြီး သူ၏ မိတ်ဆွေဟောင်းကို နှုတ်ဆက်လိုက်၏။
‘ဗိုလ်လုပွဲကျမှ တွေ့ကြတာပေါ့’ဂွါဒီယိုလာကလည်း စိတ်ထဲမှ တွေးလိုက်သည်။
သူ့အမြင်အရ ပြောရလျှင် မန်ချက်စတာ ယူနိုက်တက်၏ လူစာရင်းက ဘာစီလိုနာထက် ပိုမို မျှတမှု ရှိနေပြီး သူတို့၌ ကြောက်မက်ဖွယ် တိုက်စစ် ခြိမ်းခြောက်မှုလည်း ရှိနေသောကြောင့် အဝေးကွင်းတွင် သရေကစားပြီး အိမ်ကွင်းတွင် အနိုင်ယူကာ နောက်တစ်ဆင့်သို့ တက်ရောက်သင့်သည်ဟု ယူဆထားသည်။
သို့သော် ဘာစီလိုနာတွင်လည်း သူ့ကိုယ်ပိုင် ပြဿနာများ ရှိမနေသည်တော့ မဟုတ်ပေ။
ဂွါဒီယိုလာသည် ကမ္ဘာပေါ်တွင် မက်ဆီကို အနားလည်ဆုံး လူတစ်ယောက်ဟု ဆိုနိုင်သလို ဘောလုံးနည်းပြများ အကြားတွင် အကျော်ကြားဆုံး မက်ဆီ၏ ပရိသတ် တစ်ဦးလည်း ဖြစ်သည်။
ထို့အပြင် ချူဖုန်းက သူ၏ အဖိုးတန် သမီးလေးကို ခိုးယူသွားသည် ဟူသော အချက်ကိုပါ ထည့်ပေါင်းလိုက်သောအခါ မန်ချက်စတာ ယူနိုက်တက်တို့ ရှုံးနိမ့်သွားခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည် ဟူသော အတွေးမျိုး သူ့ခေါင်းထဲ ဝင်လာတော့သည်။ ထိုသို့ဆိုလျှင် ထိုခွေးကောင်လေးလည်း ရှုံးနိမ့်မှု၏ အရသာကို ခံစားရမည် မဟုတ်ပါလား။
‘ဒီလိုဆိုရင် အဲဒီကောင်လေး ငါ့ရှေ့မှာ အမြဲတမ်း ပတ်ချာလှည့် နေတာမျိုးကို ထပ်ပြီး ခံစားရတော့မှာ မဟုတ်ဘူး’
ထိုအတွေးနှင့်အတူ ဂွါဒီယိုလာက မက်ဆီထံ ချဉ်းကပ်သွားပြီး သူတို့နှစ်ဦး ရင်းနှီးစွာ နှုတ်ဆက် စကားပြောဆိုလိုက်ကြသည်။
မော်ရင်ညိုနဲ့ ချူဖုန်းတို့ကတော့ကော...။
သူတို့နှစ်ဦးက အခမ်းအနား ကျင်းပရာ နေရာမှ ထွက်ခွာလာခဲ့ကြပြီး မန်ချက်စတာသို့ ညတွင်းချင်း ပြန်လာခဲ့ကြလေပြီ။ အကြောင်းမှာ နောက်ထပ် နှစ်ရက်အကြာတွင် သူတို့ကို စောင့်ကြိုနေသော ပွဲစဉ် တစ်ပွဲ ရှိနေသေးသောကြောင့်ပင်။
ထိုအချိန်၌ အင်တာနက်ပေါ်တွင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲပွဲ ရလဒ်များ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပြီး ကြီးမားသော မုန်တိုင်းတစ်ခု တိုက်ခတ်သွားခဲ့လေပြီ။
ဂျူဗင်တပ်စ်နှင့် အေဂျက်စ်တို့ တွေ့ဆုံနေပြီး ပေါ်တိုနှင့် လီဗာပူးလ်တို့ကတော့ သူတို့၏ ပြိုင်ဘက်များမှာ ဥရောပ အင်အားကြီး အသင်းများ မဟုတ်သောကြောင့် လူစိတ်ဝင်စားမှု သိပ်မရခဲ့ပေ။
သို့သော် မန်ချက်စတာ စီးတီးနှင့် တော့တင်ဟမ်၊ မန်ချက်စတာ ယူနိုက်တက်နှင့် ဘာစီလိုနာတို့၏ ပွဲစဉ်များကတော့ ပရိသတ် အများစု၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့သည်။ ဧပြီလလယ်တွင် ကျင်းပမည့် ချန်ပီယံလိဂ် ပွဲစဉ်များအတွက် သူတို့က ပို၍ပင် စိတ်လှုပ်ရှားနေကြပြီး အချိန်တွေ မြန်မြန်ကုန်ကာ ထိုနေ့သို့ ချက်ချင်း ရောက်သွားစေရန် ဆုတောင်းနေကြတော့သည်။
မတ်လ (၁၇) ရက်၊ မိုလိုင်းနက်စ် ကွင်းကြီး…
အက်ဖ်အေဖလား ကွာတားဖိုင်နယ်- ဝုလ်ဗ်နှင့် မန်ချက်စတာ ယူနိုက်တက်
ဝုလ်ဗ် အသင်းက ရာသီဝက် ကာလတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် (၁၁) မှ အဆင့် (၇) အထိ တက်လှမ်းနိုင်ခဲ့သည်။ အကယ်၍ သူတို့သာ ဤခြေစွမ်းကို ဆက်ထိန်းထားနိုင်မည် ဆိုပါက ယူရိုပါလိဂ် ပလေးအော့ဖ် နေရာကိုပင် ရရှိနိုင်ပေလိမ့်မည်။
ထို့ကြောင့် မော်ရင်ညိုက လုံးဝ ပေါ့ဆမနေဘဲ သူ၏ အတောင့်တင်းဆုံး လူစာရင်းကိုသာ ထုတ်သုံးခဲ့သည်။
ချူဖုန်းနှင့် မာရက်ဇ်တို့က တိုက်စစ်မှူး နှစ်ဦးအဖြစ် ကစားမည် ဖြစ်ပြီး ပေါ့ဘာကတော့ ကွင်းလယ် တိုက်စစ် နေရာတွင် ဆက်ရှိနေမည် ဖြစ်သည်။ ကွင်းလယ် ခံစစ် ကစားသမားများ အဖြစ် မာတစ်နှင့် ကန်တေတို့က မက်တော်မီနေးနှင့် တွဲဖက် ကစားကြမည် ဖြစ်သည်။
နောက်တန်းတွင် လုခ်ရှော၊ မက်ဂွိုင်းယား၊ ဒေးဗစ် လူးဝစ်ဇ်နှင့် ဝမ်-ဘစ်ဆာကာတို့ ပါဝင်ကြပြီး ရိုမဲရိုးကို ဂိုးသမား အဖြစ် ရွေးချယ်ထားလေသည်။
ဝုလ်ဗ် အသင်းကလည်း သူတို့၏ အင်အားအပြည့် ပါဝင်သော လူစာရင်းကို ထုတ်သုံးလာခဲ့သည်။ ယခုရာသီတွင် သူတို့၏ တစ်ခုတည်းသော ရည်မှန်းချက်များမှာ ဥရောပ ပြိုင်ပွဲ ဝင်ခွင့်နှင့် အက်ဖ်အေဖလားတို့သာ ဖြစ်သောကြောင့် သူတို့၏ ပွဲစဉ်ဇယားက မန်ချက်စတာ ယူနိုက်တက်ထက် အများကြီး ပိုမို ချောင်ချိနေသည်။ ကစားသမားများကလည်း အလွန် ကောင်းမွန်သော ခြေစွမ်းများကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
ပွဲမစမီကတည်းက ဤပွဲစဉ်သည် လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး အထူးသဖြင့် တရုတ် ပရိသတ်များ၏ စိတ်ဝင်စားမှုကို အများဆုံး ရရှိခဲ့သည်။ အကြောင်းမှာ ဝုလ်ဗ် အသင်းသည် ဆောင်းရာသီ အပြောင်းအရွှေ့ ကာလအတွင်း တရုတ် တောင်ပံ ကစားသမား ဝမ်ကျားဟောင်ကို ခေါ်ယူထားသောကြောင့်ပင်။
တရုတ် ပရိသတ်များက ချူဖုန်း၏ စံနမူနာကို ကြည့်ကာ ဝမ်ကျားဟောင် အပေါ်၌လည်း မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိနေကြသည်။ ကံမကောင်းစွာဖြင့် သူက စပို့တင်း လစ္စဘွန်း အသင်းထံသို့ ရာသီကုန်အထိ အငှားချထားခြင်း ခံရသောကြောင့် သူတို့နှစ်ဦး မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်တော့ မရခဲ့ပေ။
“မန်ချက်စတာ ယူနိုက်တက်က အရမ်းကို ကြမ်းတမ်းလွန်းတယ်။ သူတို့က အစကတည်းက ဖိအားပေး ကစားနေတာ။ ပြီးတော့ တော်တော်လေးလည်း ထိရောက်တယ်ဗျ”
“ဝုလ်ဗ်ရဲ့ ကွင်းလယ်နဲ့ ခံစစ်မှာ ဘောလုံးပေးပို့မယ့် ကစားသမား မရှိဘူး။ ဒါကြောင့် သူတို့က အဝေးဘောတွေနဲ့ပဲ ရှေ့ကို ပို့ပေးနိုင်တယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ အဲဒီ အဝေးဘောတွေ ကျလာမယ့် နေရာမှာ ကြိုတင် နေရာယူထားပြီးသားပဲ”
“လှလိုက်တာ မက်ဂွိုင်းယားက ကန်တေ ဆီကို ခေါင်းတိုက် ချပေးလိုက်တယ်။ ပြီးတော့ သူတို့ ချက်ချင်းပဲ တန်ပြန် တိုက်စစ် ဆင်တော့မယ်”
“ဒီနည်းဗျူဟာက ရင်းနှီးနေသလိုပဲ။ မော်ရင်ညိုက လီဗာပူးလ် ဆီကနေ ကူးချလာတာ ဖြစ်ရမယ်”
ပေါ့ဘာက ကန်တေဆီမှ ရောက်လာသော မျှောထိုးပေးပို့မှုကို ဂိုးပေါက်နှင့် ကျောပေးထားလျက် လက်ခံရယူလိုက်ပြီးနောက် ဗွီ ပုံသဏ္ဍာန် လိမ်ခေါက်ကွက်ကို ကျွမ်းကျင်စွာ အသုံးပြုကာ ပြိုင်ဘက်ကို ကျော်ဖြတ်သွားပြီး အကြည့်လွှဲ ပေးပို့မှုကို ထပ်မံ ပြုလုပ်လိုက်ပြန်သည်။
သူက အလွန်ကို ဟန်ရေးပြလွန်းလှလေသည်။
ပြီးခဲ့သည့် လအနည်းငယ်က မော်ရင်ညို၏ ဆုံးမမှုကို ခံရပြီးနောက်ပိုင်း သူက ပြဿနာရှာရန် တွေးတောမှု မှန်သမျှကို စွန့်လွှတ်လိုက်ပြီး သူ အနှစ်သက်ဆုံး ကွင်းလယ် တိုက်စစ် နေရာတွင်သာ လိမ္မာရေးခြားစွာ ကစားနေတော့သည်။
ကင်မရာက ရွေ့လျားနေသော ဘောလုံးကို အမြန် လိုက်လံ ရိုက်ကူးနေ၏။
မာရက်ဇ်က ဘောလုံးကို မထိန်းတော့ဘဲ ဂိုးစည်း အဆုံးမှနေ၍ ဖြတ်တင်လိုက်သော်လည်း သူ၏ ညာခြေ ဖြတ်တင်ဘောက အတွင်းဘက်သို့ အလွန် ရောက်သွားသောကြောင့် ဝုလ်ဗ် ဂိုးသမားက လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ ကာကွယ်ရန် ရှေ့တက်လာသည်။
ဘောလုံးက အပေါ်သို့ မြင့်တက်သွားပြီး ပင်နယ်တီ အမှတ် အနီးသို့ ကျဆင်းလာသည်။
ထိုအချိန်တွင် ချူဖုန်း၏ ခေါင်းထဲ၌ အတွေးနှစ်ခု ချက်ချင်း လင်းလက်သွား၏။ အကယ်၍ သူက ဘောလုံးကို ခေါင်းတိုက်ရာတွင် အားအလုံအလောက် မပါခဲ့လျှင် ဂိုးသမား အမှားလုပ်မိမှသာ ဂိုးရနိုင်မည် ဖြစ်ပြီး မဟုတ်ပါက သေချာပေါက် ဂိုးဝင်မည် မဟုတ်ပေ။
ထို့ကြောင့်...
သူက ညာခြေကို မြက်ခင်းပြင်ပေါ်တွင် ဆောင့်နင်းလိုက်ပြီး ခန္ဓာကိုယ် အလေးချိန်ကို နောက်သို့ ရွှေ့ကာ လေထဲသို့ ခုန်တက်လိုက်သည်။ ကိုယ်လုံးက မြေကြီးနှင့် ပြိုင်တူ ဖြစ်သွားချိန်တွင် သူ၏ ခါးနှင့် ဝမ်းဗိုက်ကို ရုတ်တရက် လိမ်ချိုးလိုက်၏။
‘ဘန်း’
ညာခြေက ဘောလုံးကို အားပါပါ ကန်သွင်းလိုက်ရာ ဂိုးပေါက်၏ ဘယ်ဘက်သို့ အရှိန်ပြင်းပြင်းဖြင့် လွင့်ပျံသွားတော့သည်။
ဘောလုံးက ဂိုးပေါက် အနီးသို့ ရောက်ချိန်တွင် မြေကြီးကို ထိကာ လားရာ ပြောင်းသွားပြီး ဂိုးစည်းကို ဖြတ်ကျော်ချိန်တွင် ဝုလ်ဗ် ဂိုးသမား၏ လက်နှင့် သီသီလေး လွတ်သွားခဲ့လေသည်။
“ဂိုး”
“ပွဲကစားချိန် (၁၀) မိနစ်တောင် မပြည့်သေးဘူး။ ချူဖုန်းက အခွင့်အရေးလို့ သိပ်မဆိုနိုင်တဲ့ အနေအထား တစ်ခုကို အရယူပြီး ရင်သပ်ရှုမောဖွယ် စက်ဘီးစီး ကန်ချက်နဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးလိုက်ပါပြီဗျာ”
“ဒါက စူပါစတား တစ်ယောက်ရဲ့ စွမ်းအားပဲ”
ချူဖုန်းက အောင်ပွဲခံသည့် အနေဖြင့် အသင်းဖော်များနှင့် စိတ်လှုပ်ရှားစွာ ဟိုက်ဖိုက်ရိုက်လိုက်သည်။ သူ၏ ကစားသမား ဘဝတွင် ဂိုးမည်မျှပင် သွင်းယူနိုင်ပါစေ… စက်ဘီးစီး ကန်ချက်ဖြင့် ဂိုးသွင်းရသည်ကိုတော့ ဘယ်တော့မှ ရိုးအီသွားမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ စက်ဘီးစီး ကန်ချက်ဖြင့် ဂိုးသွင်းရန် ဆိုသည်မှာ အလွန် ခက်ခဲလှပြီး လှုပ်ရှားမှုတိုင်းကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ရန် လိုအပ်ပေသည်။
ပုံမှန် လေ့ကျင့်ရေးတွင်ပင် ဂိုး သုံးဂိုး၌ တစ်ဂိုး ဝင်အောင် သွင်းနိုင်လျှင် အောင်မြင်မှုနှုန်း အတော်လေး မြင့်မားသည်ဟု ယူဆရသည်။ ထို့အပြင် ပြိုင်ပွဲအတွင်းရှိ ပတ်ဝန်းကျင် အခြေအနေက ပို၍ပင် ရှုပ်ထွေးလှသည် မဟုတ်ပါလား။
***