နိုင်ငံတကာ ပွဲစဉ်ရက်များက လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
မကြာမီ မတ်လ (၃၀) ရက်နေ့သို့ ရောက်ရှိလာပြီး မန်ချက်စတာ ယူနိုက်တက်က အမှတ်ပေးဇယား အဆင့် (၁၂) မှ ဝက်ဖို့ဒ်ကို အိမ်ကွင်းတွင် လက်ခံ ကစားရမည် ဖြစ်သည်။
မော်ရင်ညို၏ ဆူပူကြိမ်းမောင်းမှုကို ခံထားရသောကြောင့် ယနေ့ပွဲစဉ်တွင် မန်ချက်စတာ ယူနိုက်တက် ကစားသမားများက ပွဲချိန် တစ်လျှောက်လုံး အလွန် အာရုံစိုက် ကစားခဲ့ကြပြီး (၂-၀) ရလဒ်ဖြင့် သက်တောင့်သက်သာ အနိုင်ရရှိခဲ့သည်။
ကံမကောင်းစွာဖြင့် ချူဖုန်းက ဒီနေ့တွင် သိပ်ပြီး ကံမကောင်းလှပေ။ သူ၏ ကန်ချက် နှစ်ကြိမ်စလုံးက ဂိုးဘားတန်းနှင့် တိုင်များကိုသာ သွားမှန်နေခဲ့သည်။
မာရက်ဇ်ကတော့ အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး နှစ်ဂိုး သွင်းယူနိုင်ခဲ့သည်။
ဤသို့ဖြင့် ပရီးမီးယားလိဂ် ပွဲစဉ် (၃၂) ပြီးဆုံးသွားပြီး ဧပြီလသို့ နီးကပ်လာသည်နှင့်အမျှ ချန်ပီယံလိဂ် ပွဲစဉ်များလည်း စတင်တော့မည် ဖြစ်သည်။
ပရီးမီးယားလိဂ် ပွဲစဉ် (၃၂) ပြီးဆုံးသွားပြီးနောက် အမှတ်ပေးဇယား အနေအထားက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လက်ရှိ ထိပ်ဆုံး (၆) သင်းမှာ မန်ချက်စတာ စီးတီး၊ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးလ်၊ တော့တင်ဟမ် ဟော့စပါး၊ ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ပင် ဖြစ်သည်။
ပရီးမီးယားလိဂ်တွင် အသင်းငယ်ဆိုတာ မရှိဘူးဟု မကြာခဏ ပြောဆိုလေ့ ရှိကြသော်လည်း ထိပ်ဆုံး (၆) နေရာကိုတော့ အင်အားကြီး ခြောက်သင်းကသာ လွှမ်းမိုးထားဆဲ ဖြစ်သည်။
မည်သို့ပင်ဆိုစေ ခေတ်သစ် ဘောလုံးလောက ဆိုသည်မှာ စီးပွားရေးဆန်သော အားကစား တစ်ခု ဖြစ်နေပြီ မဟုတ်ပါလား။ ငွေမရှိလျှင် ကစားသမားကောင်းများကို မဝယ်နိုင်သလို ကစားသမားကောင်းများ မရှိလျှင်လည်း ရလဒ်ကောင်းများကို မရရှိနိုင်ပေ။
လက်စတာ စီးတီးကဲ့သို့သော အံ့ဖွယ် ဖြစ်ရပ်မျိုးက နှစ်ဘယ်လောက်ကြာမှ တစ်ကြိမ် ဖြစ်ပေါ်လာနိုင်မည်နည်း။ ထို့အပြင် သူတို့က အသင်းပိုင်ရှင် ပြောင်းလဲပြီးနောက်မှသာ အံ့ဖွယ်ဖြစ်ရပ်ကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
(၄) ရက်အကြာတွင် ပရီးမီးယားလိဂ် ပွဲစဉ် (၃၃) ကို စတင်ခဲ့သည်။
မန်ချက်စတာ ယူနိုက်တက်တို့က မိုလိုင်းနက်စ် ကွင်းကြီးသို့ တစ်ဖန် ပြန်လည် အလည်အပတ် ရောက်ရှိလာခဲ့ပြန်သည်။
ယင်းက ဝုလ်ဗ် ပရိသတ်များကို တစ်ညလုံး အိပ်မပျော်နိုင်အောင် ဖြစ်စေခဲ့၏။ အထူးသဖြင့် နှစ်သင်းစလုံးက အက်ဖ်အေဖလား ကွာတားဖိုင်နယ်တွင် ယှဉ်ပြိုင် ကစားခဲ့ရုံသာ ရှိသေးသည် မဟုတ်ပါလား။
ဘယ်လိုလုပ် သူတို့တွေ ထပ်ပြီး တွေ့ကြပြန်တာလဲ…။
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်၏ ပွဲစဉ်ဇယား ရေးဆွဲမှုက ရှုပ်ထွေးလွန်းနေပြီ ဆိုသည်ကို ဝုလ်ဗ် ပရိသတ် တစ်ဦး၏ ပိုစတာက သက်သေပြနေလေသည်။
မန်ချက်စတာ ယူနိုက်တက်၏ နောက်ထပ် ပွဲစဉ်က ချန်ပီယံလိဂ် ဖြစ်ပြီး (၈) ရက်တိတိ လိုသေးသောကြောင့် မော်ရင်ညိုက မည်သည့် အင်အားကိုမျှ ချန်လှပ်မထားတော့ဘဲ သူ၏ အတောင့်တင်းဆုံး လူစာရင်းကိုသာ ထုတ်သုံးလာခဲ့သည်။
ဂိုးသမား နေရာတွင် ဒီဂီယာ ပြောင်းလဲ ပါဝင်လာသည်မှလွဲ၍ ဝုလ်ဗ်နှင့် ကစားခဲ့သော ပြီးခဲ့သည့် ပွဲစဉ်က လူစာရင်းနှင့် အတူတူပင် ဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား တစ်ခုခုများ ရှိနေသလားတော့ မသိပေ။ ဒီဂီယာ တစ်ယောက် မက်ဂွိုင်းယား နောက်တွင် ရပ်နေရပြီ ဆိုလျှင် မက်ဂွိုင်းယားက အလွန်ကို တည်ငြိမ်နေတတ်သည်။
ရှုပ်ယှက်ခတ်နေသော အမှားများ ဆိုသည်ကို မေ့ထားလိုက်ပါ။ သူက ဘောလုံးကို လုံခြုံစွာဖြင့်သာ ပေးပို့လေ့ ရှိကြသည်။
ထို့ကြောင့်ပင် အရန်ခုံတန်းမှ စောင့်ကြည့်နေသော ရိုမဲရိုး တစ်ယောက် ဒေါသထွက်သွားပြီး မက်ဂွိုင်းယားကို ပြင်းပြင်းထန်ထန် ဆဲရေးတိုင်းထွာကာ ဟာရဲရားကို တိုင်တော့၏။
“ဟယ်ရီ ဆိုတဲ့ကောင်က တကယ့် ခွေးမသားပဲ။ ငါ့ရဲ့ ပေးဂိုးမရှိပွဲ နှစ်ပွဲကို ဖျက်ဆီးပစ်တာဗျာ။ နှစ်ကြိမ်စလုံး သူ ဘောလုံးကို လက်နဲ့ သွားထိလို့ချည်းပဲ”
သူ့ခမျာ အံကို တင်းတင်းကြိတ်ထားပုံထောက်လျှင် အမှန်တကယ် ဒေါသထွက်နေကြောင်း သိသာလှသည်။
“ဒါကတော့ မင်းတို့နှစ်ယောက် တွဲကစားရတာ သိပ်မကြာသေးတော့ နားလည်မှု မရသေးလို့ နေမှာပါ။ နောက်နှစ်နှစ်လောက် နေရင်တော့ ဟယ်ရီ သေချာပေါက် ဒီလိုအမှားမျိုး ထပ်လုပ်တော့မှာ မဟုတ်ပါဘူးကွ”
ထိုအခြေအနေကို မြင်တော့ ဟာရဲရားလည်း နှစ်သိမ့်စကား ပြောရုံကလွဲ၍ ဘာမှ မတတ်နိုင်ပေ။
“နောက်ထပ် နှစ်နှစ်ဆို ငါ အာဂျင်တီးနား ပြန်ပြီး အနားယူတော့မှာကွ” ဟု ရိုမဲရိုးက စိတ်တိုတိုဖြင့် ပြန်ပြောလိုက်သည်။
ထိုအချိန်မှာပင် ချူဖုန်းက ပင်နယ်တီ ဧရိယာ အစွန်းတွင် ဘောလုံးကို လက်ခံရယူလိုက်ပြီးနောက် လှည့်ထွက်ကာ ဝုလ်ဗ် ဂိုးပေါက်ဆီသို့ အပြင်းအထန် ကန်သွင်းကာ ဂိုးသွင်းယူလိုက်၏။
ဟာရဲရားက ချက်ချင်း မတ်တပ်ရပ်ကာ အကျယ်ကြီး အော်ဟစ် အောင်ပွဲခံလိုက်ပြီး တစ်ချိန်တည်းမှာပင် စကားလမ်းကြောင်းကို အခြားကိစ္စ တစ်ခုဆီသို့ ပြောင်းလဲလိုက်သည်။
“ငါတို့ ဘာစီလိုနာကို နိုင်နိုင်မယ်လို့ မင်း ထင်လား”
“ငါကတော့ ယုံကြည်မှု အပြည့် ရှိနေတုန်းပဲကွ။ အိုးထရက်ဖို့ဒ်မှာ ငါတို့ ဘာစီလိုနာကို တစ်ခါမှ မရှုံးဖူးသေးဘူးလေ”
ဖီးလ်ဂျုံးစ်က မန်ချက်စတာ ယူနိုက်တက်၏ ဝါရင့် ကစားသမား တစ်ဦး ဖြစ်ပြီး အချက်အလက် မျိုးစုံကို သိရှိထားသူ ဖြစ်သည်။
“ဒါပေမယ့် သူတို့မှာ မက်ဆီ ရှိတယ်လေကွာ။ မင်းသာ သူ့ကို လူကပ် ကစားရမယ် ဆိုရင် မကြောက်ဘူးလား” ဟု ဟာရဲရားက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
အဘယ်ကြောင့်ဆိုသော် သူသည် ယခင်က အက်သလက်တစ် ဘီလ်ဘာအို အသင်းတွင် ကစားခဲ့ဖူးပြီး မက်ဆီနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးကာ မက်ဆီ မည်မျှ ကြောက်စရာ ကောင်းကြောင်းကို ကောင်းကောင်းကြီး သိထားသောကြောင့်ပင်။
ရိုးရိုးသားသား ပြောရလျှင် ဖီးလ်ဂျုံးစ်၏ စွမ်းရည် အဆင့်အတန်း အရဆိုလျှင် မက်ဆီကို ထိန်းချုပ်ရန် ခက်ခဲလိမ့်မည်ဟု သူက ယူဆထားသည်။
“ဘယ်သူက မက်ဆီကို လူကပ် ကစားမယ်လို့ ပြောလို့လဲ”
ဖီးလ်ဂျုံးစ်က နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။
“ငါတို့က အသင်းလိုက် ကစားဟန်ကို သုံးမယ်လေ။ ငါတို့ရဲ့ ကွင်းလယ်နဲ့ ခံစစ်တန်းကိုသာ နီးနီးလေး ထားလိုက်မယ် ဆိုရင် မက်ဆီကို တားဆီးဖို့ အတွက် လွယ်သွားမှာပေါ့”
“မင်းပြောတာလည်း ယုတ္တိရှိတာပဲ” ဟာရဲရားက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက ပေါင်ကို ရိုက်ချလိုက်ပြီး “ဒါ့အပြင် ငါတို့ဆီမှာ ချူ ရှိနေသေးတယ်လေ”
“ဓမ္မဓိဋ္ဌာန်ကျကျ ပြောရရင် သူက မက်ဆီထက် ပိုညံ့တယ်လို့ ငါ မထင်ဘူးကွ”
“ပုဂ္ဂလဓိဋ္ဌာန်ကျကျ ပြောရရင်တော့ သူက မက်ဆီထက် ပိုတော်တယ်လို့တောင် ငါထင်သေးတယ်”
ဟာရဲရား၏ စကားကို ကြားပြီးနောက် မန်ချက်စတာ ယူနိုက်တက် အရန်ခုံတန်းမှ ကစားသမား အားလုံးက မျက်လုံး လန်ပြလိုက်ကြ၏။ သူတို့အားလုံးတွင် အတွေးတစ်ခုတည်းသာ ရှိသည်။
‘ဒါကို မင်း ပြောနေဖို့ လိုသေးလို့လားကွာ’
ဒုတိယပိုင်း ပွဲကစားချိန် (၆၅) မိနစ်တွင် အဝေးကွင်း ပရိသတ်များထံမှ ကျယ်လောင်သော အားပေးသံများ တစ်ဖန် ထွက်ပေါ်လာပြန်သည်။
မက်ဂွိုင်းယား၏ အဝေးပေးပို့မှုကို ချူဖုန်းက ခေါင်းတိုက်ချပေးလိုက်ရာ မာရက်ဇ်က ဘောလုံးကို ထိန်းသိမ်းပြီးနောက် နောက်ခံလူကို လိမ်ခေါက် ကျော်ဖြတ်ကာ ဘယ်ခြေဖြင့် ဂိုးပေါက်၏ ဘယ်ဘက်သို့ ကန်သွင်းလိုက်ရာ ရလဒ်က (၀-၂) ဖြစ်သွားတော့သည်။
ထို့နောက် မော်ရင်ညိုက လူစားလဲလှယ်မှု ပြုလုပ်လိုက်ပြီး ချူဖုန်း နေရာတွင် လူငယ် ကစားသမား ဂရင်းဝုဒ်ကို အစားထိုးကာ လူငယ်လေးကို တိုးတက်ရန် အခွင့်အရေး ပေးလိုက်သည်။ ကံမကောင်းစွာဖြင့် ထို့နောက်တွင် မည်သည့် ဂိုးမှ ထပ်မံ မဝင်တော့ပေ။
မန်ချက်စတာ ယူနိုက်တက်တို့က အခွင့်အရေး အတော်များများ ဖန်တီးနိုင်ခဲ့သော်လည်း ဂရင်းဝုဒ်သည် အဆုံးသတ် သေချာမှုနှင့် လူလိမ်ခေါက်ခြင်း နှစ်ခုစလုံးတွင် ချူဖုန်းနှင့် အများကြီး အလှမ်းကွာနေသေးသည်။
သို့သော် မန်ချက်စတာ ယူနိုက်တက် ပရိသတ်များကတော့ ဤကိစ္စကို သိပ်ပြီး ဝေဖန် ပြစ်တင်ခြင်း မရှိခဲ့ကြပေ။
ယင်းက ဂရင်းဝုဒ် အရမ်း ညံ့လွန်းနေ၍ မဟုတ်ဘဲ ချူဖုန်းက လွန်စွာ စွမ်းဆောင်ရည် မြင့်မားနေသောကြောင့်ပင်။
နောက်ဆုံးတွင် မန်ချက်စတာ ယူနိုက်တက်တို့က မိုလိုင်းနက်စ် ကွင်းကြီးမှ (၃) မှတ် ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယား ဒုတိယ နေရာကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။
ဤပွဲစဉ်နှင့် တစ်ချိန်တည်းမှာပင် မန်ချက်စတာ စီးတီးက ကာဒစ်ဖ် စီးတီးနှင့် ကစားခဲ့ပြီး မည်သည့် အံ့ဖွယ် ရလဒ်မှ ထွက်ပေါ်မလာခဲ့ပေ။
မန်ချက်စတာ စီးတီးတို့က (၂-၀) ဖြင့် အလွယ်တကူ အနိုင်ရရှိသွားခဲ့သည်။
ဒီဘရိုင်းနားနှင့် ဆာနေးတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြပြီး ဆာနေးကတော့ ဂိုးသွင်းအများဆုံး စာရင်းတွင် ချူဖုန်းနှင့် (၄) ဂိုးသာ ကွာဟတော့ပြီး ဒုတိယ နေရာ၌ ရပ်တည်နေသည်။
(၄) ဂိုး ဆိုသည်ကို များလှပြီဟု မထင်လိုက်ပါနှင့်။
မှတ်သားထားရမည့် အချက်မှာ မန်ချက်စတာ စီးတီးတို့သည် အသင်းငယ်များနှင့် တွေ့လျှင် ဘယ်သော အခါမျှ အားနာလေ့ မရှိဘဲ (၆-၁) သို့မဟုတ် (၇-၀) ကဲ့သို့သော ရလဒ်မျိုး မကြာခဏ ထွက်ပေါ်လေ့ ရှိပြီး ဘန်လေနှင့် ဆောက်သမ်တန်တို့မှာ အကောင်းဆုံး ဥပမာများပင် ဖြစ်သည်။
အကယ်၍ ဆာနေးသာ ခြေစွမ်းပြနေပြီး ကံလည်း နည်းနည်းလေး ကောင်းမည် ဆိုပါက တစ်ပွဲတည်းနှင့်ပင် ချူဖုန်းကို အမီလိုက်နိုင်ရုံသာမက ကျော်တက်သွားနိုင်ချေလည်း ရှိပေသည်။
သို့သော်လည်း မန်ချက်စတာ ယူနိုက်တက် ပရိသတ်များကတော့ သိပ်ပြီး စိုးရိမ်မနေကြပေ။ အဘယ်ကြောင့် ဆိုသော် သူတို့က ချူဖုန်း၏ အားသာချက်များကို ကောင်းကောင်းကြီး သိထားသောကြောင့်ပင်။
‘တည်တည်ငြိမ်ငြိမ်နဲ့ တက်လာမယ်။ ပြီးတော့ နောက်ပိုင်းမှာ အရှိန်မြှင့်တင်ပြီး ပေါက်ကွဲထွက်လာလိမ့်မယ်’
လောင်းကစား ကုမ္ပဏီများမှ ထုတ်ပြန်ထားသော ကြေးများအရလည်း ချူဖုန်းက လိဂ်ရွှေဖိနပ်ဆုကို ကာကွယ်နိုင်မည့် အနေအထားတွင် ရေပန်းအစားဆုံး ဖြစ်နေလေသည်။
ယနေ့ပွဲစဉ်တွင် (၃) မှတ် သေချာသွားပြီးနောက် မန်ချက်စတာ ယူနိုက်တက် ကစားသမားများက သီးသန့် တိုင်ပင် ဆွေးနွေးကြရန် တွေ့ဆုံပွဲလေး တစ်ခု ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ကြကာ မြို့ထဲရှိ ထျန်းဝမ်ထန်းစားသောက်ဆိုင်သို့ သွားရောက်ခဲ့ကြသည်။
တစ်ဖက်တွင်လည်း လွန်ခဲ့သော ရက်အနည်းငယ်က ကြိုးပမ်းအားထုတ်မှုများ အတွက် ဆုချီးမြှင့်ခြင်း ဖြစ်ပြီး အခြားတစ်ဖက်တွင်တော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အတွက် အောင်ပွဲခံခြင်းပင် ဖြစ်သည်။
အစားအသောက်များ မလာမီ နားနေချိန်လေး အတွင်း အားလုံးက ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြပြီး မကြာမီ ရင်ဆိုင်ရတော့မည့် ဘာစီလိုနာ အကြောင်းကို အလိုအလျောက်ပင် ပြောဆိုမိနေကြသည်။
“အန်ဂိုလို… မနှစ်က ကမ္ဘာ့ဖလားတုန်းက မင်းတစ်ယောက်တည်း မက်ဆီကို လူကပ် ကစားခဲ့တာ မဟုတ်ဘူးလား”
ရက်ရှ်ဖို့ဒ်က နောက်ပြောင်ချင်သော ဟန်ဖြင့် စပ်ဖြီးဖြီး ပြုံးကာ မေးလိုက်၏။
လူတိုင်း အံ့အားသင့်သွားရသည်မှာ ကန်တေက ထိုစကားကို အမှန်တကယ် ယုံကြည်သွားပြီး အဲဒီလို မဟုတ်ပါဘူး ဟူသော အဓိပ္ပာယ်ဖြင့် လက်ကို ကပျာကယာ ခါယမ်းကာ ပြောလိုက်သောကြောင့်ပင်။
“မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်သင်းလုံး အတူတူ လုပ်ခဲ့ကြတာပါ”
ယင်းက သူ နှိမ့်ချပြောဆိုနေခြင်း သက်သက် မဟုတ်ပေ။
အကယ်၍ ထိုပွဲစဉ်ကို ပြန်ကြည့်မည်ဆိုလျှင် မက်ဆီက လူလိမ်ခေါက်ကွက် အတော်များများကို ပြုလုပ်နိုင်ခဲ့သော်လည်း အကြိမ်တိုင်း၌ ပြင်သစ် ကစားသမား တစ်ဦးက သူ့အတွက် အကာအကွယ် ပေးရန် အဆင်သင့် ရှိနေခဲ့သည်ကို မြင်တွေ့ရမည် ဖြစ်သည်။
ဤသည်ကား ပြင်သစ်ခံစစ် အတွက် သော့ချက်ပင် ဖြစ်သည်။
***