“ညီအစ်ကိုတို့ ငါထင်တာတော့ မင်းတို့တွေ အာရုံစိုက်နေတဲ့ အချက်က မှားနေပြီထင်တယ်။ ငါတို့က ဘယ်လို ခံစစ် ကစားရမလဲ ဆိုတာကို တွေးမနေသင့်ဘူး”
ချူဖုန်းက လည်ချောင်း တစ်ချက် ရှင်းလိုက်ပြီး ဆက်ပြောလိုက်၏။
“တိုက်စစ် ဆင်ရမယ် ဘာစီလိုနာရဲ့ ခံစစ်က ရောဘတ်တို၊ ပီကေး၊ လန်းဂလတ်နဲ့ အယ်လ်ဘာတို့နဲ့ ဖွဲ့စည်းထားတာလေ”
“ပီကေးကလွဲရင် ကျန်တဲ့ ကစားသမားတွေရဲ့ တစ်ဦးချင်း ခံစစ် စွမ်းရည်တွေက သိပ်ပြီး မကောင်းလှဘူး”
“တကယ် ပြိုင်ဘက်ရဲ့ ဂိုးဧရိယာနားမှာ ငါရယ်၊ ရီယက်ဒ်ရယ်သာ ရှိနေမယ် ဆိုရင် သူတို့ရဲ့ ခံစစ်ကို သေချာပေါက် လွှမ်းမိုးထားနိုင်မှာပဲ”
ချူဖုန်းက စကားပြောနေရင်း တစ်ခုခု လိုအပ်နေသည်ဟု ခံစားလိုက်ရသဖြင့် သူ၏ အိတ်ထဲ၌ အသင့် ဆောင်ထားသော အဖြူရောင် သင်ပုန်းလေး တစ်ခုကို ထုတ်ယူလိုက်ပြီး သူ၏ အသင်းဖော်များကို နည်းဗျူဟာများ စတင် ရှင်းပြလေတော့သည်။
“ဒါ့အပြင် ဘာစီလိုနာရဲ့ ကွင်းလယ်ကလည်း ခန္ဓာကိုယ် စွမ်းရည်ပိုင်းမှာ အားနည်းချက် ရှိနေတယ်”
“ဒါကြောင့် ငါတို့က ဘယ်ဘက် တောင်ပံ ကနေ တတ်နိုင်သမျှ တိုက်စစ်ဆင်မယ်။ ရည်ရွယ်ချက်က ဘာစီလိုနာရဲ့ ခံစစ်ကို ဆွဲဆန့်ဖို့နဲ့ ဘူးစကွက်စ်ကို ပင်နယ်တီ ဧရိယာထဲကနေ ဆွဲထုတ်ဖို့ပဲ”
“တကယ်လို့ ဒီအချိန်မှာ ငါတို့က ရာကီတစ်ကို ဆန့်ကျင်ပြီး တန်ပြန် တိုက်စစ် ဆင်မယ်ဆိုရင် ကွင်းလယ်နဲ့ ရှေ့တန်းကို တိုက်ရိုက် ချိတ်ဆက်နိုင်မှာပဲ”
“...”
နည်းဗျူဟာများက ရိုးရှင်းပြီး ရှုပ်ထွေးမှု မရှိသော်လည်း လက်တွေ့ အကောင်အထည်ဖော်ရန်ကတော့ သေချာပေါက် မရိုးရှင်းလှပေ။
ယင်းက အမှန်တရားပင် ဖြစ်သည်။
ထို့အပြင် မန်ချက်စတာ ယူနိုက်တက်၏ ခံစစ်က သာမန်မျှသာ ဖြစ်ပြီး ဘောလုံးလောက၏ ထိပ်တန်း အဆင့်နှင့် အတော်လေး ကွာဟနေဆဲ ဖြစ်သည်။
ဘာစီလိုနာ၏ ရှေ့တန်းတွင် မက်ဆီ၊ ဆွာရက်ဇ်နှင့် ကော်တင်ဟိုတို့ ပါဝင်ပြီး ပထမ နှစ်ဦးမှာ လာလီဂါ၏ ဂိုးသွင်းအများဆုံး ကစားသမား နှစ်ဦးပင် ဖြစ်သည်။ အရန်ခုံတန်းတွင်လည်း ဒမ်ဘီလီနှင့် မယ်လ်ကွန် တို့ ကဲ့သို့သော ကစားသမားများ ရှိနေသေးသည်။
သူတို့၏ တိုက်စစ် စွမ်းရည်က ဥရောပတွင် ထိပ်တန်း အဆင့်၌ ရှိနေပေသည်။
ထို့ကြောင့် ဘာစီလိုနာကို ရင်ဆိုင်ရာတွင် ခံစစ်ပိတ်ပြီး တန်ပြန် တိုက်စစ် နည်းဗျူဟာကို အသုံးပြုမည့် အစား ပိုမို တိုက်ရိုက်ကျကျဖြင့် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ပြိုင်ဘက်၏ ခံစစ်ကို ဘယ်သူက အရင် ထိုးဖောက်နိုင်မလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့။
မန်ချက်စတာ ယူနိုက်တက် ကစားသမားများက တဖြည်းဖြည်းနှင့် အတွေးနယ်ချဲ့သွားကြပြီး အစားအသောက်များ ရောက်လာချိန်မှသာ သတိပြန်ဝင်လာကြတော့သည်။
ဟာရဲရားက လက်မထောင်ပြလိုက်ပြီး အော်ပြောလိုက်၏။ “ချူ ဒီနေ့ကစပြီး မင်းက နည်းပြပဲ။ ငါက မင်းရဲ့ လက်ထောက်နည်းပြ လုပ်မယ်ကွာ”
“ဒါ ကျွန်တော့်ရဲ့ အကြံဉာဏ် မဟုတ်ပါဘူး။ ဘော့စ်ရဲ့ အကြံဉာဏ်ပါဗျ” ဟု ချူဖုန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။
ယခုအချိန်အထိ သူက အရေးကြီးသော ပွဲစဉ်များ အပြီးတွင် မော်ရင်ညိုနှင့် တိုင်ပင်ဆွေးနွေးလေ့ရှိသော အကျင့်ဟောင်းလေးကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ဘောလုံးကစားရာတွင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အလေးထားသော်လည်း နည်းဗျူဟာများကလည်း အလားတူပင် အရေးကြီးလှသည် မဟုတ်ပါလား။
ထိုစဉ် ဒီဂီယာက နောက်ပြောင်လိုက်၏။ “ငါတို့ကတော့ မင်းကို အားကျလွန်းလို့ သေတော့မယ်။ အမြဲတမ်း ဘော့စ်ရဲ့ ရုံးခန်းထဲမှာပဲ အချိန်ဖြုန်းနေတာကိုး”
မန်ချက်စတာ ယူနိုက်တက်ရှိ လူတိုင်းက သူတို့နှစ်ဦး၏ ဆက်ဆံရေးကို သိကြသည်။ ယင်းက ဆရာနှင့် တပည့် ဟူသော အသုံးအနှုန်းထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
တစ်ခါတစ်ရံတွင် ကစားသမားများ အနေဖြင့် သူတို့က အမှန်တကယ်ပင် အားကျမိကြသော်လည်း အကယ်၍ သူတို့ကိုယ်တိုင်သာ သွားရမည် ဆိုလျှင်တော့ အကြောင်းပြချက် အမျိုးမျိုး ပေးကြပေလိမ့်မည်။
ဆူပူကြိမ်းမောင်း ခံရသည်မှာ အနေရခက်သလို ပြီးခဲ့သည့် အဖြစ်အပျက်များကို အမြဲတမ်း ပြန်လည် သုံးသပ်နေရသည်ကလည်း လွန်စွာ ပင်ပန်းလွန်းလှသည် မဟုတ်ပါလား။
“မြန်မြန် စားကြ။ အေးသွားရင် စားလို့ မကောင်းဘဲ နေလိမ့်မယ်”
ထိုစဉ် ဝမ်ရှီချူက ရေနွေးငွေ့ ပွက်ပွက်ဆူနေသော ပင်လယ်ငါးခူ ပေါင်း တစ်ပွဲကို သယ်ဆောင်လာခဲ့ပြီး သူ၏ မျက်လုံးများက ချူဖုန်းကို ကြည့်ရင်း ကျေနပ် အားရမှုများဖြင့် ပြည့်နှက်နေ၏။
ချူဖုန်း မန်ချက်စတာ ယူနိုက်တက် လူငယ် အကယ်ဒမီသို့ ဝင်ရောက်လာချိန်မှစ၍ ပထမအသင်းသို့ တိုးမြှင့်ခံရပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည့် အချိန်အထိ...
သူက မျက်မြင်သက်သေ တစ်ဦးအဖြစ် ရှိနေခဲ့သည်။ ယင်းအတွက် ရင်ထဲ၌ အတော်လေး ခံစားမိ၏။
“ဦးလေးဝမ် ထိုင်ပြီး ကျွန်တော်တို့နဲ့ အတူတူ စားပါလား”
ချူဖုန်းက ဗီဒီယို တစ်ခု တင်လိုက်ပြီးနောက် ဝမ်ရှီချူကို ပြောလိုက်သည်။ လိုအပ်နေချိန်တွင် ရေတစ်စက်မျှ ကူညီဖူးသူကို စမ်းရေပေါက် တစ်ခုလုံးဖြင့် ကျေးဇူးဆပ်သင့်သည် မဟုတ်ပါလား။
ဦးလေးဝမ်က ထိုစဉ်က သူ့ကို အများကြီး ကူညီပေးခဲ့ဖူးသော်လည်း ယခု သူက ဘဝမှာ အောင်မြင်မှုများ ရရှိနေချိန်တွင်တော့ ဦးလေးဝမ်က သူ့ကို ကျေးဇူးဆပ်ခွင့် မပြုတော့ပေ။
ထို့ကြောင့် ချူဖုန်း အနေဖြင့် သူ့ကိုယ်ပိုင် နည်းလမ်းများကိုသာ အသုံးပြုရတော့မည်။ ယခု သူ ခေါ်လာသော အသင်းဖော်များက ထျန်းဝမ်ထန်း စားသောက်ဆိုင်ကို သူတို့၏ လူမှုကွန်ရက် အကောင့်များတွင် ကြော်ငြာပေးခြင်း သို့မဟုတ် ပရိသတ်များနှင့် မိတ်ဆက်ပေးခြင်းတို့ ပြုလုပ်ကောင်း ပြုလုပ်ကြပေလိမ့်မည်။
“ရှောင်ချူ… ဆိုင်ရဲ့ သတင်းတွေကို ဆက်ပြီး ဖြန့်မနေပါနဲ့တော့ကွယ်။ ဦးလေးဝမ်က အသက် (၆၀) ကျော်နေပြီ။ ပိုက်ဆံကို သိပ်ပြီး စိတ်ဝင်စားမှု မရှိတော့ပါဘူး”
“အခုချိန်မှာ မန်ချက်စတာ ယူနိုက်တက် ပရိသတ် တစ်ယောက် အနေနဲ့ မင်းတို့တွေ ချန်ပီယံဆုတွေ ထပ်ပြီး ဆွတ်ခူးနိုင်တာကိုပဲ မြင်ချင်ပါတော့တယ်”ဟု ဝမ်ရှီချူက လက်မှိုင်ချစွာဖြင့် ပြောလိုက်၏။
“စိတ်မပူပါနဲ့။ ဒီကြက်သားမျှင် စပ်စပ်လေး အတွက်နဲ့တင် ကျွန်တော် ဘာစီလိုနာကို သေတဲ့အထိ တိုက်ခိုက်သွားမှာပါ”
ချူဖုန်း စကားပင် မပြောရသေးမီ မက်ဂွိုင်းယားက အရင် ဝင်ဖြေလိုက်လေသည်။ သူက ဤနေရာမှ အစားအစာများကို လုံးဝ ရူးသွပ်နေပြီ ဖြစ်သည်။
“ကောင်းပါပြီ။ ကောင်းပါပြီ။ အများကြီး စားကြပါ။ နောက်ထပ် ဟင်းပွဲ နည်းနည်း ကျန်နေသေးတယ်နော်”
ဝမ်ရှီချူ၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်သွားတော့သည်။
---
ညစာစားပွဲ ပြီးဆုံးခါနီးတွင် ချူဖုန်းက သူ၏ ဖုန်းကို ကောက်ကိုင်ပြီး ရလဒ်များကို စစ်ကြည့်လိုက်၏။ လာလီဂါ ပွဲစဉ် (၃၁) တွင် ဘာစီလိုနာက အက်သလက်တီကို မက်ဒရစ်ကို (၂-၀) ဖြင့် အနိုင်ရရှိခဲ့ပြီး အက်သလက်တီကို မက်ဒရစ်ထက် (၁၁) မှတ် အသာဖြင့် ဦးဆောင်နေလေသည်။
သူတို့က လိဂ်ချန်ပီယံဆုကို ရဖို့ သေချာသွားပြီ ဖြစ်သည်။
ယင်းပွဲစဉ်တွင် မက်ဆီနှင့် ဆွာရက်ဇ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြသော်လည်း အထင်ရှားဆုံး ကစားသမားမှာ ပြင်သစ် လူငယ်လေး ဒမ်ဘီလီပင် ဖြစ်သည်။ တိုက်စစ်နှင့် ခံစစ် နှစ်ခုစလုံးတွင် သူ၏ ပံ့ပိုးမှုများက အလွန် အရေးပါခဲ့ပြီး တောင်ပံများမှ ဖိအားများကို များစွာ လျော့ကျသွားစေခဲ့သည်။
“ဒမ်ဘီလီ က အတော်လေး ကောင်းတာပဲ။ သူ ပွဲထွက်ခွင့် ရလောက်မလား” အက်ရှ်လေယန်းက အနည်းငယ် စိုးရိမ်တကြီး မေးလိုက်၏။
ထိုစကားကို ကြားသောအခါ ချူဖုန်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ တစ်ခု ပေါ်လာလေသည်။ အကြောင်းမှာ သူ ပြန်လည် မမွေးဖွားလာမီက သူ သိထားသလောက် ဘာစီလိုနာ၌ ရှိနေစဉ် ဒမ်ဘီလီသည် စတာလင်းကဲ့သို့ပင် တစ်နေ့ရွှေ ၊ တစ်နေ့ငွေ ကစားသမားမျိုး ဖြစ်သောကြောင့်ပင်…။
“သူ ကစားတာဖြစ်ဖြစ် ၊ မကစားတာဖြစ်ဖြစ် ခင်ဗျားက ဘယ်နောက်ခံလူ နေရာမှာ ကစားရမယ် ဆိုရင် မက်ဆီနဲ့ ရာကီတစ်ကိုပဲ ရင်ဆိုင်ရမှာပါချူဖုန်းက ပခုံးတွန့်ပြလိုက်သည်။
“အေးကွာ။ ဒါဆိုလည်း ပြီးတာပါပဲ။ ငါက အသက်ရလာပြီ ဆိုတော့ သူ့လို လူငယ်တွေကို လိုက်ထိန်းရရင် မလွယ်ဘူးကွ” အက်ရှ်လေယန်းက မျက်နှာကို လက်ဝါးဖြင့် အုပ်ကာ ညည်းတွားလိုက်လေသည်။
ထိုစကားကို ကြားတော့ ချူဖုန်း၏ အပြုံးက ပျောက်ကွယ်သွား၏။ ပြန်လည် မမွေးဖွားလာမီက သူ၏ မှတ်ဉာဏ်များအရ ဘာစီလိုနာနှင့် မန်ယူအသင်းတို့ တွေ့ဆုံခဲ့သည့် ပွဲစဉ်တွင် အက်ရှ်လေယန်းသည် မက်ဆီ၏ အပြတ်အသတ် လွှမ်းမိုးခြင်းကို ခံခဲ့ရသည် မဟုတ်ပါလား။
ဖြတ်တင်ဘော (၁၁) ကြိမ်၊ အောင်မြင်မှုနှုန်း (၀%) နှင့် ပွဲချိန် တစ်လျှောက်လုံး အမှားအယွင်း (၃၂) ကြိမ် ပြုလုပ်ခဲ့သည်။ ထိုပွဲစဉ်တွင် မန်ချက်စတာ ယူနိုက်တက်တို့ကလည်း အလွန် ဆိုးရွားစွာ ကစားခဲ့ကြပြီး ညတွင်းချင်း စံချိန် (၃) ခုပင် တင်ခဲ့သေးသည်။
(၁၄) နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ်တွင် ဂိုးပေါက် တည့်မတ်မှု တစ်ကြိမ်မျှ မရှိခဲ့ခြင်း။
ယခုရာသီ ချန်ပီယံလိဂ်တွင် အိမ်ကွင်း နိုင်ပွဲ တစ်ပွဲတည်းသာ ရှိခဲ့ခြင်း။
ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ကိုယ့်ဂိုးကိုယ်သွင်းမိမှု အများဆုံး အသင်း အဖြစ် မှတ်တမ်းဝင်သွားခြင်း။
စသည်တို့ ဖြစ်ပေသည်။
“အရမ်းကြီး မစိုးရိမ်ပါနဲ့ဗျာ။ စာချုပ် ချုပ်တဲ့ ပထမနှစ် လို့ပဲ သဘောထားလိုက်ပါ” ဟု ချူဖုန်းက ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်သည်။
အကယ်၍ ခံစစ်က ဘာစီလိုနာကို မတောင့်ခံနိုင်ဘူး ဆိုလျှင်တော့ ဘာစီလိုနာ အနေဖြင့် တိုက်စစ် ဆင်ရန် အင်အား မရှိတော့သည် အထိ သူတို့၏ ကွင်းဘက်ခြမ်းတွင် ဖိအား အလုံအလောက် ပေးလိုက်ရုံပင်…။
အချိန်အတော်ကြာ စကားစမြည် ပြောဆိုပြီးနောက် သူတို့ အဖွဲ့လည်း လူစုခွဲလိုက်ကြပြီး မည်သူကမျှ ဒုတိယ အချီ အဖြစ် နိုက်ကလပ် သို့ မသွားကြတော့ပေ။ အကြောင်းမှာ သူတို့ ရှေ့တွင် ကြောက်မက်ဖွယ် ကောင်းသော ပြိုင်ဘက် တစ်ဦး ရှိနေသောကြောင့်ပင်။
ဖိအားက လူတွေကို ပိုကြိုးစားချင်စိတ် ဖြစ်လာစေတယ် ဆိုသော ဆိုရိုးစကားအတိုင်းပင် ကစားသမားတိုင်းက ဘာစီလိုနာပွဲ အတွက်သာ ကြိုးစားနေကြ၏။
နောက်ရက် အနည်းငယ်က ပုံမှန် လေ့ကျင့်ရေးနှင့် နည်းဗျူဟာ ရှင်းလင်းချက်များဖြင့်သာ ကုန်လွန်သွားခဲ့သည်။ နေ့စဉ် နေ့တိုင်းက အတော်လေး ငြီးငွေ့ဖွယ် ကောင်းလှ၏။
——
ဂမ်ပါ စီးတီး လေ့ကျင့်ရေးကွင်း ၊ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အကြို။
ဘာစီလိုနာ ကစားသမားများက ခြေစမ်းပွဲ ကစားနေကြပြီး ဗယ်လ်ဗာဒီက ကွင်းဘေးမှ စောင့်ကြည့်နေကာ သူ၏ မျက်မှောင်များက ပို၍ ပို၍ တွန့်ချိုးလာလေသည်။
ဘာစီလိုနာသည် လွန်ခဲ့သော ရက်အနည်းငယ်က အက်သလက်တီကို မက်ဒရစ်နှင့် အရေးကြီးသော ပွဲစဉ် တစ်ပွဲ ကစားခဲ့ရသော်လည်း မန်ချက်စတာ ယူနိုက်တက်ကတော့ တစ်ပတ်တိတိ အနားယူခွင့် ရရှိထားခဲ့သည်။ ထို့အပြင် အသက်အရွယ် ကွာဟချက်ကလည်း ရှိနေသေးသည်။
ကြံ့ခိုင်မှုအရ မန်ချက်စတာ ယူနိုက်တက်တို့က သိသိသာသာ အသာစီး ရနေပေသည်။ ယင်းကြောင့်ပင် အိမ်ကွင်းတွင် ကစားရချိန်၌ မက်ဆီ၏ ခြေဖျားဆီသို့ ဘောလုံး မရောက်မီ မန်ချက်စတာ ယူနိုက်တက်၏ အရှိန်အဟုန်ကို ချေမှုန်းရန် ဘောလုံး လက်ဝယ်ထားရှိမှုနှင့် ပေးပို့မှုတို့ကို အဓိကထား လုပ်ဆောင်ရန် လိုအပ်ပေသည်။
မက်ဆီ ဂိုးသွင်းနိုင်မလား ဆိုတာနဲ့ ပတ်သက်လို့ကတော့…
ဗယ်လ်ဗာဒီက သိပ်ပြီး စိုးရိမ်မနေပေ။ အဘယ်ကြောင့်ဆိုသော် မက်ဆီသည် စူပါစတား တစ်ဦး ဖြစ်ပြီး ကမ္ဘာပေါ်တွင် အကောင်းဆုံး ဘောလုံး ကစားသမား တစ်ဦး ဖြစ်သည်ဟု သူက ယုံကြည်ထားသောကြောင့်ပင်…။
သူ့အမြင်တွင် မက်ဆီကို မည်သူမျှ မတားဆီးနိုင်ချေ။
ထိုအခိုက်အတန့်တွင် ကွင်းထဲ၌ ဒမ်ဘီလီ၏ မက်ဆီအပေါ် ဖျက်ထုတ်မှုက အနည်းငယ် ကြမ်းတမ်းသွားခဲ့သည်။
လက်ထောက်နည်းပြ တိုဒီဘိုက ချက်ချင်း ဝီစီ မှုတ်လိုက်ပြီး... “အော့စ်မန်… လီယိုနဲ့ ယှဉ်လုတဲ့ အချိန်မှာ သူ့ကို မထိနဲ့လေ။ အကယ်၍ သူသာ ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ”
ဒမ်ဘီလီလည်း တိတ်ဆိတ်စွာ ခေါင်းညိတ်ပြရုံမှလွဲ၍ ဘာမှ မတတ်နိုင်ပေ။
ပရော်ဖက်ရှင်နယ် ဘောလုံးလောကထဲသို့ မဝင်ရောက်မီက ဤကဲ့သို့သော စည်းမျဉ်းမျိုးကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ။ ဘာစီလိုနာသို့ ရောက်ရှိလာပြီးမှသာ သူက သတိပြုမိလာခဲ့ခြင်း ဖြစ်သည်။
***