လေ့ကျင့်ရေး ပြီးဆုံးသွားပြီးနောက် ဘာစီလိုနာ ကစားသမားများ စု၍ လမ်းလျှောက်လာခဲ့ကြသည်။
“ဂျရတ်… ချူကို တားဆီးနိုင်မယ်လို့ မင်း ယုံကြည်ချက် ရှိရဲ့လား” လန်းဂလတ်က တိုးတိုးလေး မေးလိုက်၏။
သူ့မှာတော့ ယုံကြည်ချက် ဆို၍ တစ်စက်မျှ မရှိပေ။ ချူဖုန်း၏ ဗီဒီယိုများကို ကြည့်ရုံနှင့်ပင် သူ၏ ကြောက်မက်ဖွယ် ကောင်းသော အယိမ်းအနွဲ့တို့ကို ကြောက်မိနေသည်။
ထိပ်တိုက် ရင်ဆိုင်ရမည် ဆိုပါက မည်မျှတောင် ကြောက်စရာ ကောင်းလိမ့်မည်နည်း…။
“သူ့ကို ကြောက်စရာ ကောင်းတဲ့ အရာ တစ်ခုလို့ မစဉ်းစားပါနဲ့ကွာ။ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးလ် ကစားတဲ့ ပွဲကို ငါ ကြည့်ခဲ့ပါတယ်။ သူက တကယ်ပဲ ဥရောပရဲ့ ထိပ်တန်း တိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ”
ထို့နောက် ပီကေးက သူ့ပေါင်ကြားကို တစ်ချက် ငုံ့ကြည့်လိုက်ပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ဒါပေမယ့် တစ်ဦးချင်း ရင်ဆိုင်ရတဲ့ အနေအထားမျိုးမှာတော့ သူ့ကို ငါ တကယ် မကြောက်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ လူလိမ်ခေါက်ကွက်တွေ အားလုံးကို ငါ ဖောက်ထွင်း မြင်နိုင်လို့ပဲ”
အနီးနားတွင် ရပ်နေသော အမ်တီတီကတော့ နှုတ်ခမ်း တစ်ချက် တွန့်လိုက်ပြီး စိတ်ထဲမှ ကြိတ်ကာ တွေးလိုက်၏။ ‘ဘယ်သူမဆို ကြွားလို့တော့ ရတာပါပဲ’
(၂၀၁၂-၁၃) ချန်ပီယံလိဂ် ရာသီတုန်းက ပီကေးက မီဒီယာများကို ပြောခဲ့ဖူးသည်။ “ဘိုင်ယန် မြူးနစ်ကို ပြန်ပြီး အနိုင်ယူနိုင်တဲ့ အသင်း တစ်သင်း ရှိတယ်ဆိုရင် အဲဒါ ဘာစီလိုနာပဲ” တဲ့လေ။
ပြီးတော့ ရလဒ်က ဘာဖြစ်သွားလဲ…။
ပီကေး၏ ခံစစ်က လုံးဝ ပြိုလဲသွားပြီး သုံးဂိုးတိတိ ပေးလိုက်ရသည် မဟုတ်ပါလား…။
မည်သို့ပင်ဆိုစေ အမ်တီတီကတော့ ပီကေး ထိုမျှလောက် အစွမ်းထက်သည် ဆိုခြင်းကို မယုံကြည်ပေ။
အနီးနားရှိ အယ်လ်ဘာက အကြံပေးလိုက်၏။ “ဂျရတ်… မင်း သတိထားတာတော့ ပိုကောင်းလိမ့်မယ်။ တစ်ခါတလေမှာ ရိုးရှင်းတဲ့ အရှိန်မြှင့်တင်မှု တစ်ခုကြောင့် သူက နောက်ခံလူ တစ်ယောက်ကို အလွယ်တကူ ကျော်ဖြတ်သွားနိုင်တယ်”
“အင်း” ပီကေးက နောက်ဆုံးတော့ အနည်းငယ် လေသံ လျှော့သွားလေသည်။
မက်ဆီက သူ့အသင်းဖော်များ၏ ဆွေးနွေးချက်များကို နားထောင်ရင်း ပြီးခဲ့သည့် ရာသီ ချန်ပီယံလိဂ် ပွဲစဉ်ကို အကြောင်းမဲ့သက်သက် တွေးမိသွား၏။ အကယ်၍ သူတို့သာ ရိုးမားကို ရှုံးနိမ့် မသွားခဲ့ဘူး ဆိုလျှင် သူတို့က ဆီမီးဖိုင်နယ်တွင် မန်ချက်စတာ ယူနိုက်တက်နှင့် ရင်ဆိုင်ခဲ့ရမည် ဖြစ်သည်။
ချူဖုန်း၏ စွမ်းရည်များက ယခုရာသီတွင် တစ်ဖန် ပြန်လည် တိုးတက်လာခဲ့ပြန်ပြီ။
“လီယို မင်းက လိဂ်ဂိုး (၃၃) ဂိုး သွင်းထားပြီးပြီနော်။ အဲဒီ ကောင်လေး နောက်မှာ တစ်ဂိုးပဲ လိုတော့တာ။ နောက်ပွဲကျရင် မင်း သူ့ကို သေချာပေါက် ကျော်တက်သွားမှာပါ”
ပီကေးက အသင်းဖော်များ သူ့အပေါ် သိပ်ပြီး အာရုံမစိုက်ကြသည်ကို သတိပြုမိသွားသောအခါ မက်ဆီ ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
“ငါ အစွမ်းကုန် ကြိုးစားမှာပါ” မက်ဆီက ခေါင်းညိတ်လိုက်၏။
ယခုရာသီတွင် သူ၏ ရည်မှန်းချက်က ဘလွန်းဒီအောဆု ဖြစ်သောကြောင့် လုံလောက်သော ဆုတံဆိပ်များ ဆွတ်ခူးနိုင်ရန် လိုအပ်ပေသည်။ လိဂ်ချန်ပီယံဆုနှင့် စပိန် စူပါဖလားတို့လောက်နှင့်တော့ လုံလောက်မည် မဟုတ်ပေ။
သူတို့က ချန်ပီယံလိဂ် ဖလားကို မဖြစ်မနေ ဆွတ်ခူးရန် မလိုသော်လည်း အနည်းဆုံးတော့ ဆီမီးဖိုင်နယ် အထိတော့ ရောက်ရှိသင့်ပေသည်။ ထို့ကြောင့် သူက ချူဖုန်းကို သူ၏ အကြီးမားဆုံး ပြိုင်ဘက် အဖြစ် သတ်မှတ်ထားပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် ချူဖုန်းကို သေချာပေါက် တားဆီးရပေမည်။
နှစ်သင်းလုံးရှိ ကစားသမားများ၏ ရှုပ်ထွေးလှသော အတွေးများကြားတွင် အချိန်များ ကုန်လွန်သွားခဲ့ပြီး ဧပြီလ (၁၁) ရက်နေ့သို့ ရောက်ရှိလာခဲ့လေပြီ။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်များ စတင်ပါတော့မည်။
………………………
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်ကို ဘာစီလိုနာအသင်း၏ နူးကမ့်ကွင်းတွင် ယှဉ်ပြိုင် ကစားကြပေသည်။ နှစ်သင်းစလုံး၏ ကစားသမားများက အားမာန်အပြည့်ဖြင့် ဘောလုံးကွင်းထဲသို့ ဝင်လာပြီး မကြာမီမှာပင် အဝေးကွင်း ပွဲကြည့်ပရိသတ်စင်ဘက်မှ ကျယ်လောင်သော အားပေးသံများ ထွက်ပေါ်လာလေသည်။
“မန်ယူ”
“ဂိုး”
မန်ချက်စတာ ယူနိုက်တက် ပရိသတ်များ၏ အားပေးသံများက မကျယ်လောင်လှသော်လည်း နူးကမ့် ကွင်းကြီး တစ်ခုလုံးတွင်တော့ ရှင်းလင်းပြတ်သားစွာ ပဲ့တင်ထပ်နေလေသည်။
မန်ချက်စတာ ယူနိုက်တက်တို့က အစွမ်းကုန် အားထုတ်မှုဖြင့် ပွဲကို စတင်ခဲ့ပြီး ရှေ့တက် ဖိအားပေးခြင်းဖြင့် ဘောလုံးကို ရယူနိုင်ခဲ့ကာ ဆက်တိုက်ဆိုသလို နည်းဗျူဟာမြောက် ရွေ့လျားမှုများ ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် ဘောလုံးက ချူဖုန်း၏ ခြေဖျားဆီသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက်တွင်ကား ထုံးစံအတိုင်း ချူဖုန်းသည် ဘောလုံးကို ဂိုးပေါက်နှင့် မိတ်ဆက်ပေးလိုက်လေသည်။ ချူဖုန်းက ဂိုးဧရိယာထိပ်မှ နေ၍ ဝေ့ဝိုက် ကန်သွင်းခဲ့ခြင်း ဖြစ်ပေသည်။
“ကမ္ဘာ့အဆင့်ဂိုးပဲ…”
ယခုပွဲစဉ်ကို ကြည့်ရှုနေသော ပရိသတ် အားလုံး၏ စိတ်ထဲတွင် ယခု အခိုက်အတန့်၌ ဤအတွေးမျိုး တူညီစွာ ဝင်ရောက်လာကြသည်။
ဘာစီလိုနာ ပရိသတ်များ ကတော့ ဤကဲ့သို့ လွယ်လွယ်ကူကူ ဂိုးပေးလိုက်ရသည့် အဖြစ်ကို လုံးဝ လက်မခံနိုင်ကြပေ။
သူတို့က လာလီဂါ၏ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းလေ။
ထို့ကြောင့် ဘာစီလိုနာ ပရိသတ်များက ကျယ်လောင်စွာ လှောင်ပြောင် အော်ဟစ်လာကြ၏။
“ကျက်သရေမရှိတဲ့ လန်းဂလတ်… မင်းက ဘယ်လိုလုပ် ဒီလောက်တောင် ညံ့ဖျင်းရတာလဲ”
“သောက်ရူး ဗယ်လ်ဗာဒီ အမ်တီတီကို ဗဟိုနောက်ခံလူ နေရာမှာ ဆက်မသုံးရင် ဒီလိုမျိုးတွေ ထပ်ဖြစ်ဦးမှာပဲ”
“ဒီဗြိတိန်ကောင်တွေ ဂိုးခိုးသွားတာ”
“...”
ဘာစီလိုနာ ပရိသတ်များက ကစားသမားများ၏ စွမ်းရည် ကွာဟချက်ကြောင့် ဂိုးပေးလိုက်ရသည် ဆိုခြင်းကို ရိုးရှင်းစွာပင် မယုံကြည်နိုင်ကြပေ။
‘မော်ရင်ညိုက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ ညစ်ပတ်တဲ့ နည်းလမ်းတွေကို သုံးသွားတာ သေချာတယ်’
အနှီ ပေါ်တူဂီလူမျိုးက အင်တာမီလန်နှင့် ရီးရဲလ်မက်ဒရစ်တို့ကို ကိုင်တွယ်စဉ်ကလည်း ပွဲအစတွင် အထူး အစီအမံများ မကြာခဏ ပြုလုပ်လေ့ ရှိသည် မဟုတ်ပါလား။
လူရှစ်သောင်းကျော်၏ လှောင်ပြောင်မှုများ ၊ အော်သံများနှင့် ဆဲရေးတိုင်းထွာမှုများ ကြားတွင် ချူဖုန်းက သူ၏ ကိုယ်ပိုင် အောင်ပွဲခံဟန် ဖြစ်သော လေထဲသို့ ခုန်တက်ကာ လက်သီးဆုပ်ပြီး လေထုကို ထိုးချလိုက်သည့် ဟန်ဖြင့် အောင်ပွဲခံလိုက်လေသည်။
“လှလိုက်တာဗျာ”
“မန်ချက်စတာ ယူနိုက်တက်တို့က ပွဲချိန် (၅) မိနစ်တောင် မပြည့်သေးခင်မှာ ဦးဆောင်ဂိုး ရသွားခဲ့ပြီ။ အိပ်မက်ဆန်တဲ့ စတင်မှုပါပဲ”
“ပြီးတော့ မန်ချက်စတာ ယူနိုက်တက် အတွက် ဒီဂိုးကို သွင်းယူပေးခဲ့တာက ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား၊ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းစက် ရှောင်ချူပါပဲ”
“လန်းဂလတ်ရဲ့ စည်းလွတ်ဝါးလွတ် ဖျက်ထုတ်မှုကို ရင်ဆိုင်ရချိန်မှာ သူက အရမ်း ရိုးရှင်းတဲ့ ဘောလုံး ပင့်ကျော်ခြင်းလေးနဲ့တင် အကောင်းဆုံး သွင်းဂိုး အခွင့်အရေး တစ်ရပ်ကို ဖန်တီးယူသွားပြီး ဘာစီလိုနာ ဂိုးပေါက်ထဲကို တည်တည်ငြိမ်ငြိမ်ပဲ ကန်သွင်းသွားခဲ့ပါတယ်”
“ကျွန်တော် ထင်ပါတယ်။ လန်းဂလတ် တစ်ယောက် အခုချိန်မှာ အရမ်းကို နောင်တရနေလောက်ပြီ”
ကျန်းကျွင်း၏ မျက်နှာပေါ်တွင် အနည်းငယ် အံ့အားသင့်နေဟန် ပေါ်လွင်နေ၏။
ရိုးရိုးသားသား ပြောရလျှင် ယနေ့ပွဲစဉ်က အကြိတ်အနယ် ရှိမည်ဖြစ်ပြီး နှစ်သင်းစလုံး ဂိုးရရန် အချိန်အတော်ကြာ တိုက်ခိုက်ရလိမ့်မည်ဟု သူက ထင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ဂိုးက ဤမျှ ရုတ်တရက်ကြီး ရောက်လာလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ထားခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် မန်ချက်စတာ ယူနိုက်တက်တို့ ဦးဆောင်ခွင့် ရသွားခဲ့ပြီ ဖြစ်ရာ ကျန်းကျွင်း တစ်ယောက် ပို၍ ပို၍ ပျော်ရွှင်လာပြီး သူ၏ နှုတ်ခမ်းစွန်းများက အပြုံးတစ်ခု အဖြစ် ကွေးတက်သွားလေသည်။
“တကယ်တော့ လန်းဂလတ်ကိုလည်း အရမ်းကြီး အပြစ်တင်လို့ မရပါဘူး။ သူက အရန် ဗဟိုနောက်ခံလူ တစ်ယောက်သာသာ ဖြစ်နေတာကိုး”
ကျန်းလုက နားလည်ပေးနိုင်သော လေသံဖြင့် ရှင်းပြလိုက်သည်။ “ဘာစီလိုနာကို ရောက်လာကတည်းက အမ်တီတီက မကြာခဏ ဒဏ်ရာရနေတော့ လန်းဂလတ် အတွက် ဒီလို ကံကြမ္မာမျိုးက ကောင်းသလား၊ ဆိုးသလား ဆိုတာတောင် ကျွန်တော် မသိတော့ပါဘူးဗျာ”
လန်းဂလတ် အတွက် ကောင်းမွန်သော အခွင့်အရေး တစ်ရပ် ရရှိခဲ့သည်ကတော့ သေချာပါသည်။ သို့သော် သူက အသုံးမချနိုင်ခဲ့လျှင် ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
ယင်းအစား သူ၏ ညံ့ဖျင်းသော စွမ်းဆောင်ရည်ကြောင့် ပရိသတ်များ၏ ဝေဖန်မှုများနှင့် အများပြည်သူ၏ လှောင်ပြောင်မှုများကိုသာ ခံရတော့သည်။
လန်းဂလတ် တစ်ယောက် အလွန် စိတ်ဓာတ်ကျနေပြီး ဥက္ကဋ္ဌကြီး ပီကေးကို မကျေမချမ်း ဖြစ်နေသော မျက်နှာထားဖြင့် ကြည့်လိုက်၏။
သူ၏ စိတ်ထဲတွင်တော့ ပွဲမတိုင်မီက အားလုံး သဘောတူထားပြီး ဖြစ်သည်။ သူက မာရက်ဇ်ကိုသာ လူကပ် ကစားရန် လိုအပ်ပြီး မန်ချက်စတာ ယူနိုက်တက် ကျောနံပါတ် (၇) ကိုတော့ ပီကေးက တာဝန်ယူမည်ဟု ပြောထားခဲ့သည် မဟုတ်ပါလား။
သို့သော် ပြိုင်ဘက်က သူတို့၏ နည်းဗျူဟာကို ပြောင်းလဲလိုက်ချိန်တွင် ပီကေး တစ်ယောက် ငါးမျှားချိတ်တွင် ငြိသွားသော ငါးတစ်ကောင်လို အမိခံလိုက်ရသည်။
နောက်ဆုံးတော့ အားလုံးက သူ့အပြစ်ချည်းပဲ ဖြစ်သွားရတော့တာလား။
‘ဘာစီလိုနာမှာ ကစားရတာ တကယ်ကို ခက်ခဲလွန်းတယ်’ လန်းဂလတ်က တီးတိုး ညည်းတွားလိုက်မိသည်။
ပီကေးက အနည်းငယ် အနေရခက်သွားပြီး ဆီမီဒို ကို တင်းမာသော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်၏။
“မင်း ခံစစ် ကစားတဲ့ အချိန်မှာ သတိထား။ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေကို လွယ်လွယ်ကူကူ မကျော်ဖြတ်ပါစေနဲ့။ မဟုတ်ရင် မင်းနေရာကို ငါက ဝင်ပြီး အကာအကွယ် ပေးနေရလိမ့်မယ်”
ဆီမီဒို တစ်ယောက် သူ ကြားလိုက်ရသော စကားကြောင့် လုံးဝကို နားဝေတေတေ ဖြစ်သွားတော့သည်။
‘ပီကေး ခင်ဗျား ဘာတွေ ပြောနေလဲ ဆိုတာ ခင်ဗျားကိုယ်တိုင် ပြန်ကြားရဲ့လား?’
အက်ရှ်လေယန်းနှင့် ရက်ရှ်ဖို့ဒ်တို့ကို တစ်ယောက်တည်း ရင်ဆိုင်ရချိန်တွင် သူ့အနေဖြင့် ဘောလုံး သယ်ဆောင်လာသူကို ရှေ့ထွက် တားဆီးရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။
မဟုတ်ပါက ပြိုင်ဘက်က အတွင်းသို့ ဝင်ရောက်လာပြီး တိုက်ရိုက် ကန်သွင်းသွားနိုင်သည် မဟုတ်ပါလား။
သို့သော် ဥက္ကဋ္ဌကြီး ပီကေးက ဘာစီလိုနာတွင် ကာလရှည်ကြာ နာမည်ရထားသူ ဖြစ်ရာ ဆီမီဒို အနေဖြင့် ပြန်လည် ငြင်းဆန်နိုင်စွမ်း မရှိပေ။ မဟုတ်ပါက နောက်ရာသီတွင် သူ ရောင်းထုတ်ခံရပေလိမ့်မည်။
“ငါတို့ တစ်ဂိုး ပေးလိုက်ရတော့ရော ဘာဖြစ်လဲ။ ပြန်ချေပလို့ ရတာပဲ မဟုတ်ဘူးလား”
ရာကီတစ်က ဝင်ရောက် အကြံပေးလိုက်သည်။ “မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်က ငါတို့ရဲ့ ခံစစ်ကို ထပ်မဖောက်နိုင်အောင် ငါ နည်းနည်း နောက်ဆုတ်ပြီး ကစားပေးမယ်”
ဆီမီဒိုက အတော်လေး စွမ်းရည်ရှိသူ ဖြစ်ကြောင်း သူ သိထားသည်။ အထူးသဖြင့် ကွင်းလယ်လူ အများစုထက်ပင် သာလွန်ကောင်းမွန်သော ဘောလုံးပေးပို့နိုင်စွမ်း ရှိပေသည်။
ယခုရာသီ လာလီဂ နှင့် ချန်ပီယံလိဂ် ပွဲစဉ်များတွင် သူ၏ ဘောလုံး ပေးပို့မှု တိကျနှုန်းက (၈၈%) အထက်တွင် ရှိနေလေသည်။ မဟုတ်ပါက သူသည် ဘာစီလိုနာ၏ ပွဲထွက် အစွန် နောက်ခံလူ ဖြစ်လာနိုင်မည် မဟုတ်ပေ။
ထို့အပြင် နောက်ဆုံးတွင် ထိုဂိုးအတွက် မည်သူ့တွင်မှ အပြစ် မရှိပေ။ မန်ချက်စတာ ယူနိုက်တက်၏ နည်းဗျူဟာပိုင်း ပြင်ဆင်မှုကို တွက်ချက်မှု လွဲချော်သွားခြင်းသာ ဖြစ်သည်။
“အခွင့်အရေး ရတာနဲ့ သူတို့ရဲ့ အစွန် နောက်ခံလူတွေကို နောက်ဆုတ်သွားအောင် ငါတို့ ညာဘက် တောင်ပံ ကနေ တိုက်စစ် ဆင်ကြမယ်”
မက်ဆီကလည်း သူ၏ ကိုယ်ပိုင် အတွေးအမြင်များကို ဝင်ပြောလိုက်၏။ ယခုအခါ မည်သူကမျှ ကန့်ကွက်ခြင်း မရှိတော့ဘဲ အားလုံးက နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ပွဲပြန်လည် စတင်ပါပြီ။
ဘာစီလိုနာတို့က သူတို့၏ ယခင် အမှားများမှ သင်ခန်းစာ ယူကာ ပွဲစတင်ခြင်း ပြုလုပ်ပြီးသည်နှင့် သူတို့၏ ကစားကွက်ကို ရှေ့သို့ ချက်ချင်း တိုးမြှင့်လိုက်ပြီး မန်ချက်စတာ ယူနိုက်တက်ကို ရှေ့တက် ဖိအားပေးရန် အချိန် မရစေဖို့ တားဆီးလိုက်ကြသည်။
သို့သော်...
မန်ချက်စတာ ယူနိုက်တက်တို့က ယင်းကို ကြိုတင် ခန့်မှန်းထားပုံ ရပြီး သူတို့၏ ကွင်းလယ်လိုင်းကိုသာ သေချာစွာ ကာကွယ်ထားကြသည်။
သို့သော် ယင်းက အသက်မပါသော နေရာယူ ခံစစ် ကစားခြင်း မဟုတ်ဘဲ ပြင်းထန်သော ဖိအားပေးမှုကို ဆက်လက် ပြုလုပ်နေခြင်းပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ပွဲက နေရာယူ ကစားရသော အနေအထားသို့ ရောက်ရှိသွားမည် ဆိုပါက ဘာစီလိုနာ၏ ချောမွေ့သော ဘောလုံး ပေးပို့မှုနှင့် ရွေ့လျားမှုများက အလုပ်ဖြစ်လာနိုင်ပြီး မန်ချက်စတာ ယူနိုက်တက်၏ ခံစစ်အပေါ် ကြီးမားသော ဖိအားများ ကျရောက်လာစေနိုင်သည် မဟုတ်ပါလား။
***