ပွဲက ရုတ်တရက် ငြီးငွေ့ဖွယ် ကောင်းသော အခြေအနေ တစ်ရပ်သို့ ဝင်ရောက်သွားခဲ့သည်။
မော်ရင်ညိုက ကွင်းဘေးတွင် လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ကာ ရပ်နေပြီး ဘာစီလိုနာ၏ နည်းဗျူဟာ အပြောင်းအလဲများကို သေချာစွာ စောင့်ကြည့်နေကာ သူ၏ ကစားသမားများကို ပြုပြင် ပြောင်းလဲရန် လိုအပ်သည့် အချက်များကို အော်ဟစ် သတိပေးနေလေသည်။
“ဘော့စ် တကယ်လို့ ဒီနေ့ပွဲကို ဒီအတိုင်းပဲ အဆုံးသတ်နိုင်မယ် ဆိုရင် အိမ်ကွင်း ပြန်ရောက်တဲ့ အခါ ကျွန်တော်တို့ အများကြီး ပိုလွယ်ကူသွားမှာနော်”
လက်ထောက်နည်းပြ ဖာရီယာက နည်းဗျူဟာ သင်ပုန်းကို ချထားလိုက်ရင်း ပြောလိုက်၏။
“မရဘူး။ တကယ်လို့ အခြေအနေတွေက မင်းပြောသလို ဖြစ်လာခဲ့ရင် ဗယ်လ်ဗာဒီက အဝေးကွင်းမှာ သေချာပေါက် အသေအလဲ ရုန်းကန်လိမ့်မယ်။ ငါတို့ရဲ့ ခံစစ်တောင်ပံ နှစ်ဖက်စလုံးက အရမ်း အားနည်းနေသေးတယ်”
မော်ရင်ညိုက ခေါင်းယမ်းလိုက်သည်။
ချန်ပီယံလိဂ်၏ နှစ်ကျော့ ပွဲစဉ်များ အကြား အချိန်ကွာဟချက်က အလွန် တိုတောင်းလွန်းလှသဖြင့် အသင်းများ အနေဖြင့် ပြင်ဆင်မှုများ ပြုလုပ်ရန် အချိန် အလွန် နည်းပါးလှပေသည်။
နောက်တစ်ကျော့၌…
အက်ရှ်လေယန်းက သေချာပေါက် ကစားနိုင်မည် မဟုတ်သလို လုခ်ရှောကလည်း အရေးကြီးသည့် ပြိုင်ပွဲကြီးများတွင် အတွေ့အကြုံ အလွန် နည်းပါးလှပြီး ယခင်ကလည်း ပြင်းထန်သော ဒဏ်ရာ ရရှိထားဖူးသူ ဖြစ်သည်။
သူက မက်ဆီကို တောင့်ခံနိုင်ပါ့မလား…။
မော်ရင်ညိုက မျှော်လင့်ချက် သိပ်ကြီးကြီးမားမား မထားထားပေ။ မက်ဆီ၏ စွမ်းရည်ကို သူ သိထားသလို အရေးကြီးသည့် အခိုက်အတန့်များတွင် သူက မည်သို့ ပေါက်ကွဲထွက်လာနိုင်သည် ဆိုခြင်းကိုလည်း သူ ကောင်းကောင်း သိထားသည်။
ချူဖုန်းလိုမျိုးပေါ့။
ထို့ကြောင့် ပထမအကျော့တွင် ဂိုးများများ သွင်းနိုင်လေ ပို၍ စိတ်ချရလေ ဖြစ်ပြီး အိုးထရက်ဖို့ဒ်၌ အံ့ဖွယ်ဖြစ်ရပ် ထပ်မံ မဖြစ်ပေါ်စေရန် ရှောင်ရှားနိုင်မည် ဖြစ်သည်။
ဖာရီယာက ရုတ်တရက် အော်ဟစ်လိုက်၏။ “သတိထား”
ပေါ့ဘာကို ကျော်ဖြတ်ပြီးနောက် ဘူးစကွက်စ်က ညာဘက် တောင်ပံရှိ မက်ဆီထံသို့ လှပသော မျှောထိုးပေးပို့မှု တစ်ခု ပြုလုပ်ပေးလိုက်သည်။
အာဂျင်တီးနားသားလေးက ဘောလုံးကို လက်ခံရယူပြီးနောက် ဂိုးစည်း အဆုံးဘက်သို့ မသွားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းက ခြိမ်းခြောက်မှု အလွန် နည်းပါးသောကြောင့်ပင်။
“မာတစ်ကို ကျော်ဖြတ်ဖို့ အတွက် အလယ်ကို ချိုးဝင်လာပြီ။ မက်ဆီရဲ့ ခြေဖျား အသုံးပြုမှုက တကယ်ကို မြန်လွန်းတယ်”
“ပေးဖို့လုပ်…”
ဘောလုံး ဝေဖန်ရေးဆရာ စကားပင် ဆုံးအောင် မပြောနိုင်သေးမီ မက်ဆီက ရိုးရှင်းသော ပခုံးယိမ်း လူလိမ်ခေါက်ကွက်နှင့် လားရာ ပြောင်းလဲခြင်းတို့ကို အသုံးပြုကာ ဟာရဲရားကို အလွယ်တကူ ကျော်ဖြတ်သွားခဲ့လေပြီ။
သူက ဆက်လက် ထိုးဖောက်ရန် ပြင်လိုက်ချိန်မှာပင် ကတုံးနှင့် လူတစ်ယောက်က ဘေးဘက်မှ ရုတ်တရက် ထွက်ပေါ်လာ၏။
အက်ရှ်လေယန်း…
သူ၏ ယနေ့ ခံစစ် တာဝန်က ဟာရဲရားကို မက်ဆီအား ကာကွယ်ရာတွင် ကူညီပေးရန် ဖြစ်သည်။ သို့သော် မက်ဆီက အက်ရှ်လေယန်း၏ ခြေထောက် အောက်မှနေ၍ ဘောလုံးကို အသာလေး လိမ်ခေါက် ကျော်ဖြတ်သွားပြန်သည်။
နူးကမ့် ကွင်းကြီး တစ်ခုလုံး မိုးခြိမ်းသံ အလား အားပေးသံများဖြင့် ပဲ့တင်ထပ်သွားပြီး ဘာစီလိုနာ ပရိသတ်များက သူတို့၏ လည်စည်းများကို အရူးအမူး ဝှေ့ယမ်းကာ ဘာစီလိုနာ၏ ဘုရင်ကြီးကို အာရုံစိုက် ကြည့်ရှုနေကြလေသည်
သူတို့၏ အမြင်တွင် မက်ဆီ မလုပ်နိုင်သော အရာဟူ၍ မရှိပေ။
ဟာရဲရားက လှည့်ကာ ခံစစ်တွင် ဆက်လက် ပါဝင်ရန် ကြိုးစားနေချိန်တွင် မက်ဆီက ရာကီတစ်ထံသို့ နောက်ပြန် ပေးပို့ရန် ရွေးချယ်လိုက်၏။
“ကျွန်တော် နားလည်ပြီ”
“မော်ရင်ညိုက ဟာရဲရားကို ညာဘက် တောင်ပံမှာ ထားရတဲ့ အကြောင်းရင်းက သူရော အက်ရှ်လေယန်းပါ လှုပ်ရှားမှု အတော်လေး မြန်ဆန်ကြလို့ကိုး”
“သူတို့ထဲက တစ်ယောက် မက်ဆီရဲ့ ကျော်ဖြတ်တာကို ခံလိုက်ရရင်တောင် နောက်တစ်ယောက်က အချိန်ဆွဲပေးနိုင်ပြီး သူတို့နှစ်ယောက် ပေါင်းပြီး ခံစစ် အားထုတ်မှုကို ညှိနှိုင်း လုပ်ဆောင်နိုင်တာပေါ့”
ဘာစီလိုနာ၏ တိုက်စစ်က အရာမထင်ခဲ့သဖြင့် သူတို့က နောက်ဆုတ်ကာ ဘောလုံးကို စိတ်ရှည် လက်ရှည် ဆက်လက် ပေးပို့နေကြတော့သည်။
အက်ရှ်လေယန်းနှင့် ဟာရဲရားတို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်စီ၏ ရင်ထဲရှိ ဖိအားများကို အပြန်အလှန် ခံစားမိလိုက်ကြသည်။
‘သောက်ရူးတွေ’
သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စာရင်းအင်းများအရ မက်ဆီ၏ ခြေလှမ်း အကြိမ်အရေအတွက်က ၄.၄ ဟတ်ဇ် အထိ ရှိပြီး ယင်းက တစ်စက္ကန့်လျှင် ခြေ ၄.၄ လှမ်း လှမ်းနိုင်သည်ဟု အဓိပ္ပာယ်ရသည်။
မှတ်သားထားရမည့် အချက်မှာ အူစိန်ဘော့၏ ခြေလှမ်း အကြိမ်အရေအတွက်ကပင် ၄.၂ ဟတ်ဇ်သာ ရှိခြင်းပင်…။ သို့သော် ဘော့၏ ခြေတံများက အများကြီး ပိုရှည်လေသည်။
ယင်းကပင် မက်ဆီ မည်မျှ ကြောက်စရာ ကောင်းကြောင်းကို ပြသနေသည်။ နောက်ခံလူများက သူ၏ ရည်ရွယ်ချက်ကို ကြိုတင် ခန့်မှန်းနိုင်လျှင်တောင်မှ ရုပ်ပိုင်းဆိုင်ရာ အရ သူ့ကို မီအောင် လိုက်နိုင်စွမ်း မရှိကြပေ။
ထို့ကြောင့် ကစားသမား နှစ်ဦးစလုံးက မက်ဆီနှင့် ရင်ဆိုင်ရချိန်တွင် သူတို့၏ အာရုံစိုက်မှုကို အမြင့်ဆုံး အဆင့်အထိ ထားရှိထားကြသည်။
“ငါတို့ မက်ဆီကို ထိန်းချုပ်ထားနိုင်သရွေ့ ငါတို့ အလွယ်တကူ အနိုင်ရနိုင်တယ်”
ဤသည်မှာ ပွဲမတိုင်မီက မော်ရင်ညို ပြောခဲ့သော စကားပင် ဖြစ်သည်။
တိုက်ဆိုင်လိုက်တာ။
“ငါတို့ ချူကို ထိန်းချုပ်ထားနိုင်သရွေ့ မန်ချက်စတာ ယူနိုက်တက်ကို အလွယ်တကူ လွှမ်းမိုးထားနိုင်တယ်”
ဗယ်လ်ဗာဒီကလည်း အလားတူ စကားမျိုးကို ပြောခဲ့သေးသည်။
သို့သော် ပြောတာက လွယ်သလောက် လုပ်ရတာက ခက်ခဲလှသည် မဟုတ်ပါလား…။
“မင်းတို့ ကျော်ဖြတ်ခံရရင် ပြတ်ပြတ်သားသား ဖောင်းဘောလုပ်လိုက်။ ပင်နယ်တီ ဧရိယာထဲမှာ မဟုတ်သရွေ့ ရတယ်”
ဘောလုံး သေသွားသော အခြေအနေကို အခွင့်ကောင်းယူကာ ချူဖုန်းက သူ၏ အသင်းဖော်များကို ပြောလိုက်၏။
နောက်ဆုံးတွင် သူက ထပ်ဖြည့်ပြောလိုက်သည်။ “ပင်နယ်တီ ဧရိယာ ရှေ့တည့်တည့်မှာ ဆိုရင်တောင် ကိစ္စမရှိပါဘူး။ ဘာလို့လဲဆိုတော့ ငါတို့ ဂိုးသမားက ဒေးဗစ်လေ”
ထိုစကားကို ကြားသောအခါ ဒီဂီယာ၏ မျက်နှာ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး သူက စိတ်ထဲမှ တွေးလိုက်၏။
‘ကျေးဇူးတင်လိုက်တာဗျာ’
မက်ဆီ၏ ပြစ်ဒဏ်ဘော ကန်သွင်းမှု စွမ်းရည်များကလည်း အတော်လေး ကောင်းမွန်လှသည် မဟုတ်ပါလား…။
သို့သော် တကယ်တမ်းတွင် သူက အနည်းငယ်တော့ စိတ်လှုပ်ရှားနေမိသည်။ မည်သို့ပင်ဆိုစေ သူ၏ အသင်းဖော်များ၏ အသိအမှတ်ပြုခြင်းကို ခံရသည်မှာ အတော်လေး ခံစားလို့ ကောင်းပေသည်။
ပွဲကစားချိန် (၁၇) မိနစ်…
ဘာစီလိုနာတို့က နောက်ထပ် တိုက်စစ် တစ်ကြိမ် ဆင်လာပြန်ပြီး ဤတစ်ကြိမ်တွင်တော့ ဘယ်ဘက် တောင်ပံကို ရွေးချယ်လိုက်ကြသည်။
ဘာစီလိုနာ နောက်ခံလူ အယ်လ်ဘာက ဘောလုံးကို လက်ခံရယူပြီးနောက် အာသာနှင့် ဝမ်းတူး ကစားကာ ဂိုးစည်း အဆုံးဘက်သို့ ဆက်လက် ဆွဲပြေးသွားလေသည်။
ဘာစီလိုနာ အသင်းတွင် အမြန်ဆန်ဆုံး ကစားသမား တစ်ဦး အနေဖြင့် သူသည် ဘာစီလိုနာတို့ ဘယ်ဘက် တောင်ပံမှ တိုက်စစ်ဆင်ချိန်တိုင်း အလွန် အရေးပါလှသည်။
ကော်တင်ဟိုက မာတစ် ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် အတွင်းသို့ ဝင်လာပြီး ဝမ်-ဘစ်ဆာကာမှာမူ အနည်းငယ် စိုးရိမ်နေပုံ ရကာ လျှောထိုး ဖျက်ထုတ်မှုကို ချက်ချင်း ပြုလုပ်လိုက်၏။
သို့သော် အယ်လ်ဘာ က ဘောလုံးကို ရှေ့သို့ အားပါပါ ပုတ်ထုတ်လိုက်ပြီး သူရော ဘောလုံးပါ လွတ်မြောက်သွားအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ဘောလုံးက စည်းအပြင်သို့ မထွက်သွားမီလေးတွင် သူက ဘယ်ခြေဖြင့် အမြင့် ဖြတ်တင်ဘော တစ်လုံး တင်ပေးလိုက်ရာ ဘောလုံးက ပင်နယ်တီ အမှတ် နေရာသို့ တိတိကျကျ ကျဆင်းလာခဲ့သည်။
“ဆွာရက်ဇ်”
“လာလီဂါ ဂိုးသွင်းအများဆုံး စာရင်းမှာ ဒုတိယ နေရာက ကစားသမားပါ”
ဥရုဂွေး နိုင်ငံသား လူးဝစ် ဆွာရက်ဇ်သည် တစ်ချိန်က လီဗာပူးလ် ကစားသမား တစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် မန်ချက်စတာ ယူနိုက်တက်နှင့် ကစားရချိန်တွင် ပို၍ပင် စိတ်အားထက်သန်နေတတ်သည်။ သို့သော် အမြင့်ဘောများနှင့် ပတ်သက်လာလျှင် သူက မက်ဂွိုင်းယားကို လုံးဝ ယှဉ်နိုင်စွမ်း မရှိပေ။
သူ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ပေ။
“ဒုတိယ အကြိမ် ပြန်ကျလာတဲ့ ဘောလုံးကို မန်ချက်စတာ ယူနိုက်တက်ရဲ့ ကာကွယ်မှုက အရမ်း အားနည်းနေတယ်။ ရာကီတစ်ကို လူကပ်ထားတဲ့သူ မရှိဘူး”
“ကန်လိုက်ပြီ။ အားပါတဲ့ ဗော်လီကန်ချက်ပါ”
“နှမြောစရာပါပဲဗျာ။ ထောင့်က အနည်းငယ် လွဲသွားပြီး ညာဘက် ဂိုးတိုင် ဘေးကနေ ကပ်ထွက်သွားခဲ့ပါတယ်”
ကွင်းထဲရှိ ဘာစီလိုနာ ဘောလုံး ဝေဖန်ရေးဆရာက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ကိုင်ကာ ဆက်တိုက် သက်ပြင်းချနေတော့သည်။
ပွဲကြည့်စင်ပေါ်ရှိ ဘာစီလိုနာ ပရိသတ်များလည်း ထိုနည်းတူပင်။
ချူဖုန်းက လက်ခုပ်ကို ကျယ်လောင်စွာ တီးလိုက်၏ “အားလုံးပဲ စိတ်ဓာတ် တက်ကြွကြစမ်းပါ။ တိုက်စစ်ပိုင်း နေရာကို အာရုံစိုက်ထားကြ”
မက်ဆီက ပင်နယ်တီ ဧရိယာ၏ အဝေးတိုင်ဘက်သို့ ဆုတ်ခွာသွားပြီး ဟာရဲရား၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားကာ သူ ရှိနေသင့်သည့် ညာဘက် တောင်ပံတွင် အန္တရာယ်ကြီးသည့် နေရာလွတ် တစ်ခုကို ဖန်တီးပေးလိုက်လေသည်။
ဤအခြေအနေမျိုးတွင် ရက်ရှ်ဖို့ဒ်က အမှန်တကယ်ပင် နောက်သို့ ဆင်းကာ အကာအကွယ် ပေးသင့်ပေသည်။
ထို့ကြောင့် ချူဖုန်းက သူ့အနီးသို့ သွားကာ သတိပေးလိုက်၏။ “မားကပ်စ်… မင်း ခံစစ် ကစားတဲ့ အချိန်မှာ ပိုပြီး နောက်ဆုတ် နေရာယူပါ။ ပြီးတော့ မင်းရဲ့ အသင်းဖော်တွေရဲ့ နေရာယူမှုကိုလည်း သေချာ ဂရုစိုက်ကြည့်ဦး”
ရက်ရှ်ဖို့ဒ်က ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ခုနက သူ အနည်းငယ် အာရုံလွင့်သွားခဲ့ပြီး ယခု ပြန်တွေးကြည့်လျှင်ပင် ကြက်သီးထမိနေဆဲ ဖြစ်သည်။
“အပြောင်းအရွှေ့ သတင်းတွေက မင်းအပေါ် သက်ရောက်မှု မရှိစေနဲ့။ အခုချိန်မှာ ပြိုင်ပွဲက အရေးအကြီးဆုံးပဲ”
ချူဖုန်းက အများကြီး ထပ်မပြောတော့ပေ။ သူ ယခုလို ပြောရသည့် အကြောင်းအရင်းမှာ ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်း၌ ဘာစီလိုနာက ရက်ရှ်ဖို့ဒ်ကို ခေါ်ယူရန် စိတ်ဝင်စားနေသည် ဆိုသော သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့သောကြောင့်ပင်…။
ထို့နောက် ဘာစီလိုနာတို့က မန်ချက်စတာ ယူနိုက်တက်ကို ရင်ဆိုင်ရန် နည်းလမ်း ရှာတွေ့သွားပြီး လျင်မြန်သော ဘောလုံး ပေးပို့မှုများနှင့် ပွဲ၏ ရစ်သမ်ကို ထိန်းချုပ်ကာ တောင်ပံ နှစ်ဖက်စလုံးမှ အစဉ်မပြတ် စမ်းသပ် တိုက်ခိုက်မှုများ ပြုလုပ်လာကြသည်။
အကယ်၍ မန်ချက်စတာ ယူနိုက်တက်၏ ခံစစ်သာ ယိမ်းယိုင်သွားခဲ့လျှင် သူတို့က ချက်ချင်း အရှိန်တင်ပြီး ဒေါင်လိုက် ပေးပို့မှုများကို အသုံးပြုကာ ဂိုးပေါက်ကို ခြိမ်းခြောက်ကြ၏။
ပွဲက မသိမသာဖြင့် မိနစ် (၃၀) သို့ ရောက်ရှိလာခဲ့လေပြီ။
အယ်လ်ဘာက ဂိုးစည်း အဆုံးမှနေ၍ ကော်တင်ဟိုထံသို့ ဘောလုံးကို နောက်ပြန် ခုတ်တင်ပေးလိုက်သည်။ ကော်တင်ဟိုက ဘာစီလိုနာ အတွက် ကစားပေးရန် ကလေးဘဝ ကတည်းက အိပ်မက်မက်ခဲ့သူ ဖြစ်သည်။
ကလော့ပ်က ကော်တင်ဟိုကို ဘာစီလိုနာသို့ မပြောင်းရန် အကြိမ်ပေါင်း များစွာ ဖျောင်းဖျမှုတို့ ပြုလုပ်ခဲ့ဖူးသည်။ “လီဗာပူးလ်မှာ မင်းက အဓိက ကစားသမား နေရာကို ရရှိလိမ့်မယ်။ အသင်းက မင်းကို ဗဟိုပြုပြီး လူစာရင်းကို ဆက်လက် တည်ဆောက်သွားမယ်။ ပြီးတော့ မင်းရဲ့ တိုက်စစ် ပါရမီတွေကို မင်း စိတ်တိုင်းကျ ထုတ်ဖော်ခွင့် ရလိမ့်မယ်။ ဒါပေမယ့် ဘာစီလိုနာမှာတော့ မင်းက သာမန် ကစားသမားပဲ ဖြစ်ခွင့်ရလိမ့်မယ်”
နောက်ပိုင်း အဖြစ်အပျက်များက ကလော့ပ်၏ စကားများ မှန်ကန်ကြောင်း သက်သေပြခဲ့လေသည်။
(၂၀၁၇-၁၈) ရာသီ ဒုတိယပိုင်းတွင် ကော်တင်ဟိုက ပွဲစဉ် (၁၈) ပွဲ ကစားရာ၌ (၈) ဂိုး သွင်းယူပြီး (၅) ဂိုး ဖန်တီးပေးနိုင်ခဲ့ကာ သူ၏ ပြီးပြည့်စုံသော စွမ်းဆောင်ရည်ဖြင့် နူးကမ့် ကွင်းကြီးကို လွှမ်းမိုးနိုင်ခဲ့ပြီး ပရိသတ်များကို သူ၏ နောက်ရာသီ အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေစေခဲ့သည်။
သို့သော် အင်နီယေစတာ အနားယူသွားခြင်းနှင့်အတူ နေရာ အပြောင်းအလဲများ၊ အခန်းကဏ္ဍ အပြောင်းအလဲများနှင့် ကစားဟန် ကွဲပြားမှုများ စသည်တို့ ပေါင်းစပ်သွားသောအခါ...
ကော်တင်ဟို တစ်ယောက် ဖိအားများ အောက်သို့ ရောက်ရှိသွားပြီး သူ၏ စွမ်းဆောင်ရည်များက လုံးဝကို ဆိုးရွားလွန်းလှသည်။ သူသည် သူ၏ ပွဲထွက်ခွင့် နေရာကိုပင် ဒမ်ဘီလီထံသို့ လက်လွှတ်ရတော့မည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကော်တင်ဟို အနေဖြင့် ဗယ်လ်ဗာဒီ၏ ယုံကြည်မှုကို ပြန်လည် ရရှိရန် ယခုအခါ မိမိကိုယ်ကို တစ်ဖန် ပြန်လည် သက်သေပြရမည် ဖြစ်သည်။
ထို့ကြောင့် ယနေ့ ပွဲက သူ့အတွက် အကောင်းဆုံး စင်မြင့်ပင် ဖြစ်သည်။
ကော်တင်ဟိုက သူ၏ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ယိမ်းနွဲ့ကာ ကန်သွင်းရန် နေရာလွတ် တစ်ခုကို ဖန်တီးယူလိုက်ပြီးနောက် အားပါသော ကန်ချက် တစ်ချက်ကို ကန်သွင်းလိုက်သည်။
“မြားတစ်စင်းက တိမ်တိုက်တွေကို ဖောက်ထွင်းသွားသလို ၊ စစ်တပ်ကြီး တစ်တပ်လုံး ချီတက်လာသလိုပါပဲဗျာ”
ကျန်းကျွင်းက မသိစိတ်မှ လီဗာပူးလ် ပရိသတ် တစ်ဦး၏ အမြင်သို့ ပြောင်းလဲသွားပြီး တစ်ဝက်လောက် အော်ပြီးမှသာ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားတော့သည်။
ဘောလုံးက လေကို ခွင်းကာ ဂိုးပေါက်ဆီသို့ တိုးဝင်လာသော်ငြား ဒီဂီယာက ခုန်ထတက်ကာ ဖမ်းယူလိုက်လေသည်။
ကော်တင်ဟိုက စိတ်ပျက်လက်ပျက်ဖြင့် လက်ကို ခါယမ်းလိုက်၏။
သူက အတွင်းသို့ ချိုးဝင်ပြီး အဝေးကန်ချက် တစ်ခု မပြုလုပ်ခဲ့သည်မှာ မည်မျှ ကြာပြီဖြစ်ကြောင်းကိုပင် မေ့လျော့နေခဲ့လေပြီ။ အဘယ်ကြောင့်ဆိုသော် ဘာစီလိုနာ၏ တောင်ပံများက မက်ဆီ၏ သီးသန့် နယ်မြေများ ဖြစ်နေသောကြောင့်ပင်။
သူ ဆက်လက် ညည်းတွားရန် အချိန်ပင် မရလိုက်မီ အယ်လ်ဘာက သူ့ကို ဟိန်းဟောက်လိုက်၏။ “သူတို့ တန်ပြန် တိုက်စစ် ဆင်နေပြီ။ မင်း ခံစစ်ကို ပြန်မဆင်းဘူးလား”
ဒီဂီယာက အဝေးဘော တစ်လုံး ကန်တင်လိုက်ရာ ဘောလုံးက ကွင်းလယ်သို့ တိုက်ရိုက် ရောက်ရှိသွားလေသည်။
ပီကေးက ချူဖုန်းကို တင်းကျပ်စွာ ကပ်ထားပြီး သူ့ကို တွန်းထုတ်ရန် ကြိုးစားနေသော်လည်း အတွင်းစိတ်ထဲတွင်တော့ ‘ဒီကောင်လေးက သန်မာပုံ မပေါ်ပါဘူး။ ဘာလို့ ငါ သူ့ကို နည်းနည်းလေးတောင် တွန်းလို့ မရရတာလဲ’ ဟု တွေးတောနေမိသည်။
ဘောလုံးက သူ့ရှေ့သို့ ကျဆင်းလာချိန်တွင် ချူဖုန်းက အမြင့်သို့ ခုန်တက်ကာ နောက်ပြန် ခေါင်းတိုက် ချပေးလိုက်၏။
“လှလိုက်တာ ရှောင်ချူက သူရဲ့ တိုက်စစ်ထောက်တိုင် အခန်းကဏ္ဍကို အကောင်းဆုံး အသုံးချသွားနိုင်ခဲ့တယ်။ ပေါ့ဘာက ဘောလုံးကို မထိန်းတော့ဘဲ ညာဘက် တောင်ပံဆီကို ပေးပို့လိုက်ပါပြီ”
“မန်ချက်စတာ ယူနိုက်တက်တို့က သူတို့ရဲ့ တိုက်စစ်ကို ပြောင်းလဲလိုက်ပြီဗျ”
“မာရက်ဇ်”
အယ်လ်ဘာ၏ ရှေ့သို့ ပြေးထွက်မှုများက ဘာစီလိုနာ၏ တိုက်စစ် နည်းဗျူဟာများထဲမှ တစ်ခု ဖြစ်သော်လည်း သူက အသက် (၃၁) နှစ် ရှိနေပြီ ဆိုသည်ကို လျစ်လျူရှု၍ မရနိုင်ပေ။
ရှေ့တက်သွားပြီးနောက် နောက်ပြန် မဆင်းနိုင်ခြင်းက ပုံမှန်ပင်…။
မာရက်ဇ်က ဘောလုံးကို လက်ခံရယူပြီး လွယ်လွယ်ကူကူ ရှေ့တက်သွားချိန်တွင် အာသာက အသေအလဲ နောက်သို့ လိုက်ပါလာပြီး ပင်နယ်တီ ဧရိယာထိပ်နား ရောက်မှသာ အမီလိုက်နိုင်တော့သည်။
“ရီယက်ဒ် ရှေ့ကို”
ချူဖုန်းက စကားပြောနေရင်း အမြန်ဆုံး အရှိန်ဖြင့် ရှေ့သို့ ပြေးထွက်သွားကာ ပီကေးနှင့် လန်းဂလတ်တို့ ကြားမှ ဖောက်ထွက်သွားလေသည်။
မာရက်ဇ်က တုံ့ဆိုင်းမနေဘဲ ညာခြေဖြင့် ဖြတ်တင်ဘော တစ်လုံးကို ပေးပို့လိုက်၏။
ဘောလုံးက မြက်ခင်းပြင် တစ်လျှောက် လိမ့်ဆင်းလာပြီး ပင်နယ်တီ ဧရိယာ အစွန်းဆီသို့ တိုးဝင်လာသည်။
“သူ့ကို ဖြတ်ပိတ်မယ်”
ပီကေးက ဟိန်းဟောက်လိုက်ပြီး ဘယ်ဘက်သို့ ကွေ့ဝင်လိုက်သည်။ လန်းဂလတ်လည်း ထိုနည်းတူပင်။
ကျဉ်းမြောင်းလာသော ကွက်လပ်ကို မြင်သောအခါ ချူဖုန်းက အံကို တင်းတင်းကြိတ်ကာ အတင်း တိုးထွက်လိုက်လေသည်။
‘ဘန်း’
ကြွက်သားများ အချင်းချင်း အားပါပါ တိုးတိုက်မိသွားပြီး ပီကေးနှင့် လန်းဂလတ်တို့၏ ခန္ဓာကိုယ်များက ထိန်းမရဘဲ တစ်ဖက်စီသို့ လွင့်စင်သွားကြတော့သည်။
“ပိတ်ဆို့ ခံစစ်ကြားထဲကနေ ကြမ်းတမ်းတဲ့ ထိုးဖောက်မှုကြီးပါဗျာ”
“ပြီးသွားပြီ”
“တစ်ဦးချင်း အနေအထားပါ”
ပွဲကြည့်စင်ပေါ်ရှိ မန်ချက်စတာ ယူနိုက်တက် ပရိသတ်များက ရုတ်တရက် မတ်တပ်ရပ်လိုက်ကြပြီး သူတို့၏ မျက်လုံးများက မျှော်လင့်ချက်များ အပြည့်ဖြင့် ထိုကျောပြင်ကို ကြည့်နေကြသည်။
ပထမပိုင်း မပြီးဆုံးမီလေးတွင် သူက နှစ်ဂိုးမြောက်ကို သွင်းယူနိုင်ပါ့မလား…။
ချူဖုန်းက အင်အားသုံးကာ ထိုးဖောက် ဝင်ရောက်သွားပြီးနောက် ဟန်ချက်ညီမှုများကလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့က ချန်ပီယံရှစ် အသင်းများမှ ဗဟိုနောက်ခံလူများ မဟုတ်ဘဲ ပီကေးနှင့် လန်းဂလတ်တို့ပင် ဖြစ်သည် မဟုတ်ပါလား။
ထို့အပြင် သူ ခံစစ်ကို မထိုးဖောက်နိုင်မီလေးတွင် တာစတီဂျန်က သူ၏ ဂိုးပေါက်ကို စွန့်ခွာရန် ရွေးချယ်လိုက်ပြီ ဖြစ်ရာ ယခုအခါ သူတို့နှစ်ဦး အကြားတွင် တစ်မီတာခန့်သာ ကွာဝေးတော့သည်
ထပ်မံ ပြင်ဆင်မှုများ ပြုလုပ်ရန် အချိန် မရှိတော့ပေ။
ချူဖုန်းက ပြုတ်ကျလာသော အရှိန်ကို အသုံးပြုကာ ဘောလုံးကို ညာခြေဖြင့် အားပါပါ ထိုးကန်လိုက်လေသည်။
သို့သော် ကံမကောင်းစွာဖြင့်...
တာစတီဂျန်၏ တွက်ချက်မှုက တိကျလွန်းနေခဲ့သည်။ ကန်ချက်က သူ၏ ခြေထောက်ကို သွားမှန်ပြီး စည်းအပြင်သို့ ထွက်သွားလေသည်။
“ဖူး…. တာစတီဂျန် လုပ်ပြသွားပါပြီ။ သူက ဘာစီလိုနာရဲ့ ဂိုးပေါက်ကို ကယ်တင်သွားခဲ့တာပါ”
“ဒါပေမယ့် ကျွန်တော် ပြောရရင် မန်ချက်စတာ ယူနိုက်တက်ရဲ့ တန်ပြန် တိုက်စစ် အကျိုးသက်ရောက်မှုက တကယ်ကို မြင့်မားလွန်းပါတယ်”
“ဒီအတွက် သော့ချက်ကတော့ သဘာဝကျကျပဲ ရှောင်ချူပါပဲ”
“အရှိန်ပြင်းပြင်းနဲ့ နှစ်ယောက်ညှပ် ဖျက်ထုတ်မှုကို ရင်ဆိုင်ရချိန်မှာတောင် သူက သူ့ရဲ့ ပြိုင်ဘက်ကင်း အပြေးစွမ်းရည်နဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေကို အသုံးပြုပြီး အတင်း အဓမ္မ ထိုးဖောက်သွားနိုင်သေးတာပါ”
ကျန်းကျွင်း တစ်ယောက် အံ့အားသင့်သွားပြီး ဆက်တိုက် သက်ပြင်းချနေတော့သည်။
“ဒီတစ်ခေါက် တန်ပြန် တိုက်စစ်က ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေမယ့် ဘာစီလိုနာတို့ကတော့ ပိုပြီး သတိထား ဆင်ခြင်လာကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”
“ပထမပိုင်း ပုံမှန် ပွဲကစားချိန် (၁၀) မိနစ်ခန့် ကျန်ပါသေးတယ်။ နောက်ထပ် ဂိုးတွေ များ ထပ်မြင်ရဦးမလား မသိဘူးဗျ”
“မန်ချက်စတာ ယူနိုက်တက်ရဲ့ ထောင့်ကန်ဘောကို အရင် ကြည့်လိုက်ကြရအောင်ဗျာ”
***