မြေပြင်မှ လောင်ကျွမ်းနေသော မီးလျှံတို့သည် တဖျတ်ဖျတ် လူးလွန့်ကာ တောက်ပနေသည်။
လိပ်ကျွန်းတစ်ခွင် ပူပြင်းခြောက်သွေ့သော အငွေ့အသက်တို့ ရုတ်တရက် မြင့်တက်လာသည်။ ပြင်းထန်လှသော အပူလှိုင်းတို့မှာ ပတ်ဝန်းကျင်သို့ မုန်တိုင်းသဖွယ် ပျံ့နှံ့သွားလေသည်။
မီးနဂါးကြီး ပျံသန်းကာ မျဉ်းနီတစ်လျှောက်ကို ဖုံးလွှမ်းသွားသောအခါ ယင်ယန်တိမ်တိုက်မိုးကြိုးအစီအရင်မှာ အိပ်စက်ရာမှ ရုတ်တရက် နိုးထလာသည်။
တိမ်လွှာတို့ကြား၌ လျှပ်စီးတို့ တဖျတ်ဖျတ်လက်ကာ မိုးခြိမ်းသံတို့ ဝုန်းခနဲ မြည်ဟည်းသွားပြီး ကြောက်မက်ဖွယ်ကောင်းလှသော ကောင်းကင်ယံရှုခင်းတစ်ခုကို ဖန်တီးလိုက်တော့သည်။
ဘုန်း…
လူတိုင်း သက်ပြင်းချနိုင်မည့် အခိုက်အတန့်လေးမှာပင် ဟိန်းထွက်သွားသော အသံကြီးနှင့်အတူ တောက်ပသည့် မီးတိမ်နီကြီးတစ်ခုမှာ တောင်ငယ်လေးဆီမှ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာလေသည်။
ဖြောင်း... ဖြောင်း... ဖြောင်း...
တောင်ငယ်လေးမှ လွင့်တက်လာသော တိမ်နီကြီးတို့သည် ယင်ယန်တိမ်တိုက်မိုးကြိုးအစီအရင် ၏ တိမ်လွှာများထံ ပျံသန်းသွားပြီးနောက် တစ်သားတည်း စုပ်ယူပေါင်းစပ်သွားကြသည်။ အကယ်၍ အပြင်ဘက်မှ လှမ်းမျှော်ကြည့်ပါက လိပ်ကျွန်းတစ်ဝိုက်တွင် ဘယ်သောအခါမှ ကွဲလွင့်မသွားတတ်သည့် တိမ်ထူကြီးများမှာ တောက်လောင်နေသော အနီရောင်အဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့ရပေမည်။
ဇိုမို သက်ပြင်းချလိုက်သကဲ့သို့ ကျန်လူများလည်း စိတ်သက်သာရာ ရသွားကြသည်။
လောင်ကျွမ်းနေသော အပူလှိုင်းများ ပျောက်ကွယ်သွားပြီးနောက် ကျွန်း၏ အပူချိန်မှာလည်း ဖြည်းညင်းစွာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။
မီးတိမ်တိုက်များမှာမူ ကောင်းကင်ယံတွင် ဆက်လက်လွင့်မျောလျက်ရှိနေဆဲပင်။
ဇိုမို မသိလိုက်ရသည်မှာ သူ၏ လုပ်ဆောင်ချက်များအပြီးတွင် ယင်ယန်တိမ်တိုက်မိုးကြိုးအစီအရင်ကြီးမှာ အသွင်သဏ္ဍာန် လုံးဝပြောင်းလဲသွားခြင်းပင်။
အသံလျှပ်စီး သစ်ကြားပင်၏ စွမ်းအားမှာ နေမင်းနတ်သစ်ပင်နှင့် ယှဉ်ပါက မည်သို့မျှ မမီပေ။
ကံကောင်းထောက်မစွာပင် မိုးကြိုးနှင့် မီးဓာတ်မှာ ဆန့်ကျင်ဘက်ဖြစ်မနေသဖြင့် အသံလျှပ်စီး သစ်ကြားပင်မှာ နေမင်းနတ်သစ်ပင်၏ ဖိနှိပ်ခြင်းကို မခံခဲ့ရချေ။ သို့သော် ယခုအခါတွင်မူ သစ်ကြားပင်မှာ အစီအရင်စွမ်းအား၏ အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်သွားလေပြီ။
ဇိုမို နဖူးမှ ချွေးစက်များကို သုတ်လိုက်ရင်း ကျောချမ်းသွားမိသည်။
နေမင်းနတ်သစ်ပင်၏ စွမ်းအားကို လျှော့မတွက်ရဲခဲ့သော်လည်း ဤမျှကြီးမားသော အမှားမျိုး လုပ်မိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ပြဿနာကြီးတစ်ခု ဖန်တီးမိလုနီးပါးပင်။
သို့သော်လည်း အဆင်ပြေသွားခဲ့ပြီ မဟုတ်လော။
အခြေအနေများ တည်ငြိမ်သွားသည်ကို မြင်လျှင် လူတိုင်း အလျင်အမြန်ပင် လူစုခွဲ၍ ထွက်ခွာသွားကြသည်။ မည်သူမျှ ဇိုမိုထံ လာရောက်မေးမြန်းခြင်း မရှိကြသလို ဝေ့ရှန်းပင်လျှင် တစ်စုံတစ်ရာ မပြောမဆိုဘဲ တိုက်ရိုက် ထွက်ခွာသွားလေသည်။
ဇိုမိုသည် အမြဲတစေ ပြဿနာများကို ဖန်တီးလေ့ရှိသူဟု လူတိုင်းက သတ်မှတ်ထားကြပြီးဖြစ်ရာ အားလုံး ကျင့်သားရနေကြပြီဖြစ်သည်။ အမှန်သာ ငြိမ်းချမ်းသော အချိန်ကာလမျိုး ရောက်လာပါက “အရှင် ဒီရက်ပိုင်း ဘာလို့ ငြိမ်နေပါလိမ့်” ဟုပင် လူများက တွေးတောမိကြပေလိမ့်မည်။
မီးတိမ်တိုက်များ ထွက်ပေါ်နေခြင်းမှာ လျော့ပါးသွားသော်လည်း လုံးဝ ရပ်တန့်သွားခြင်း မရှိသေးပေ။
ဤလုပ်ငန်းစဉ်သည် ရက်အတော်ကြာမြင့်မည်ဟု ဇိုမို ခန့်မှန်းထားသည်။
ယင်ယန်တိမ်တိုက်မိုးကြိုးအစီအရင်သည် နောက်ဆုံးတွင် မည်သို့သော ပုံစံမျိုး ထွက်ပေါ်လာမည်ကိုပင် သူကိုယ်တိုင် ကြိုတင် မသိရှိပေ။ လုပ်ငန်းစဉ် ပြီးဆုံးသည်အထိ တောင်ငယ်လေးဘေးတွင် စောင့်ဆိုင်းနေရင်း ပျင်းရိလာသဖြင့် စိတ်မထိန်းနိုင်ဘဲ သူ၏ အခြားတိုက်ပွဲဝင် ပစ္စည်းများကို စတင်စစ်ဆေးတော့သည်။
သို့သော် ကျောက်စိမ်းနက်ရောင် အရိုးများကိုမူ သူ ထိတွေ့ရန်ပင် မဝံ့ရဲတော့ပေ။ အကယ်၍ နောက်ထပ် ပြဿနာတစ်ခုခု ထပ်ဖြစ်လာပါက သူ့တွင် အသက်တစ်ချောင်းတိုးရှိနေဦးတော့ လုံလောက်မည်မဟုတ်ပေ။ သို့သော် ထူးဆန်းသည်မှာ ထိုကျောက်စိမ်းနက်အရိုးများမှာ အပြည့်အစုံရှိသော အရိုးစုတစ်ခုအဖြစ် ပေါင်းစပ်၍ မရခြင်းဖြစ်သည်။
အရိုး သုံးချောင်း ပျောက်ဆုံးနေသည်။
“ငါ တစ်ခုခုများ ကျန်ခဲ့တာလား…”
ဇိုမို စိတ်ထဲတွင် ဝေခွဲမရ ဖြစ်သွားသည်။ သူ အလွန်ပင် သေချာစွာ ရှာဖွေခဲ့သဖြင့် အမှားအယွင်းရှိစရာ အကြောင်းမရှိဟု ယူဆထားမိသည်။ ဤအရိုးများမှာ မည်သူ့အရိုးများဖြစ်ပြီး မည်သည့်နေရာတွင် အသုံးပြုရမည်ကို သူ မသိသော်လည်း ကျောက်စိမ်းနက်ဖြင့် ထွင်းထုထားသောကြောင့် ဤအရာများသည် သာမန်မဟုတ်ကြောင်း သူ ပြင်းပြင်းထန်ထန် ခံစားမိနေသည်။
ဇိုမိုသည် ထိုပဟေဠိကို ဘေးသို့ ခေတ္တဖယ်ထားလိုက်ပြီး အခြားပစ္စည်းများကို ဆက်လက်စစ်ဆေးလိုက်သည်။
သူ့ထံတွင် နေမင်းနတ်ကျောင်းတော်မှ ရရှိထားသော နေမင်းမျိုးစေ့များ အများအပြား ရှိနေသည်။ ထိုအရာများမှာ ရှန်စွမ်းအား ကျင့်ကြံရာတွင် အလွန်ထိရောက်ပြီး အလွန်အစွမ်းထက်သည့် ကျီးကန်းဆူး များအဖြစ် သွန်းလုပ်နိုင်ကြောင်း ဇိုမို ကြားဖူးသည်။ အစ်ကိုကြီး ချင်လင်းပင်လျှင် ဤကျီးကန်းဆူးကြောင့် ဒဏ်ရာရခဲ့ဖူးသည်။ သို့သော် ပြဿနာမှာ နေမင်းမျိုးစေ့ကို မည်သို့အသုံးပြုရမည် သို့မဟုတ် ကျီးကန်းဆူး မည်သို့သွန်းလုပ်ရမည်ကို ဇိုမို လုံးဝ မသိရှိခြင်း ဖြစ်သည်။
ခေတ္တမျှ ဟိုလှန်ဒီလှန် ကြည့်ရှုပြီးနောက် ဤရှေးဟောင်းရတနာများမှာ တန်ဖိုးကြီးမားလှသော်လည်း မိမိအနေဖြင့် မည်သို့အသုံးပြုရမည်ကို တစ်စက်လေးမျှ နားမလည်ကြောင်း သိရှိလိုက်ရသဖြင့် ဇိုမိုမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရတော့သည်။
နေမင်းနတ်ကျောင်းတော်မှ ရရှိသော ရှေးဟောင်းမှော်အဆောင်များသည် အသုံးမဝင်လှသော်လည်း အကြီးအကဲ ရှန်ဝူဟိုင်နှင့် အခြားသူများထံမှ သိမ်းယူရရှိခဲ့သော ပစ္စည်းများကမူ ချက်ချင်းအသုံးပြုနိုင်သည့် အရည်အသွေးမြင့် မှော်အဆောင်များ ဖြစ်နေသည်။
မှော်အဆောင်မျိုးစုံကို မြင်ဖူးတွေ့ဖူးသည့် ဇိုမိုပင်လျှင် ထိုရတနာများရှေ့တွင် မျက်လုံးများ အရောင်လက်သွားမိသည်။
ကျောက်စိမ်းချိတ်သစ်ပင် သွေးစာလုံးခေါင်းလောင်း အလောင်းကောင်ပင်လယ် ဝါးတောင်ဝှေးစသည့် ပစ္စည်းများမှာ ဈေးကွက်သို့ ရောက်သွားပါက တန်ဖိုးဖြတ်၍ပင် မရနိုင်သည့် အရာများသာ ဖြစ်သည်။
သို့သော် ဇိုမိုအား အလွန်အမင်း စိတ်လှုပ်ရှားစေသည်မှာ ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူဖြစ်သည့်အပြင် ထျန်းဟွမ်းဂိုဏ်း၏ အကြီးအကဲဖြစ်သူ ရှန်ဝူဟိုင်၏ ပစ္စည်းများပင် ဖြစ်သည်။ ဤဂုဏ်ပုဒ်နှစ်ခုကပင် ရှန်ဝူဟိုင်၏ ကြွယ်ဝမှုမှာ ဝါးတောင်ဝှေးအဘိုးအိုနှင့် အခြားသူများ၏ အဆင့်နှင့် ယှဉ်နိုင်မည်မဟုတ်ကြောင်း သက်သေပြနေသည်။
ရှန်ဝူဟိုင်၏ ပစ္စည်းများထဲတွင် ဆဋ္ဌမအဆင့်အောက် နိမ့်သော မှော်အဆောင်ဟူ၍ မရှိပေ။
အမျိုးအစားချင်း မတူညီကြသော်လည်း အားလုံးမှာ အလွန်သေသပ်လှပပြီး စွမ်းအားကြီးမားကြသည်။ ရှန်ဝူဟိုင်အနေဖြင့် အနာကျင်ဆုံးဖြစ်ရမည်မှာ သူ၏ လက်စွပ်လေး ဆုံးရှုံးသွားခြင်းပင်။ နှစ်ပေါင်းများစွာ အပင်ပန်းခံ စုဆောင်းထားသည့် ရတနာများနှင့် ကုန်ကြမ်းပစ္စည်းအားလုံးမှာ ယခုအခါ ဇိုမို၏ အကျိုးအမြတ်များ ဖြစ်လာခဲ့ပြီဖြစ်သည်။
သို့သော် ဇိုမိုအတွက်လည်း အခက်အခဲရှိနေသည်။
ပစ္စည်းများမှာ မျက်စိကျစရာ ကောင်းလောက်အောင် များပြားသော်လည်း တိုက်ရိုက်ထုတ်သုံးရန် မဝံ့ရဲပေ။ ဤပစ္စည်းများမှာ ညစ်ညမ်းနေပြီး မူလပိုင်ရှင်တို့နှင့် ပတ်သက်နေသည့် ခြေရာလက်ရာများ ရှိနေသည်။ တစ်စုံတစ်ယောက်ကသာ ဤပစ္စည်းများ၏ မူလရင်းမြစ်ကို အရိပ်အမြွက်မျှ သိသွားပါက ဇိုမိုအတွက် ကြီးမားသော ဘေးအန္တရာယ် ကျရောက်လာပေမည်။
ထျန်းဟွမ်းဂိုဏ်းကဲ့သို့သော မဟာဂိုဏ်းကြီးတစ်ခုအနေဖြင့် သက်ပြင်းတစ်ချက်ချလိုက်ရုံမျှဖြင့် သူ့ခန္ဓာကိုယ်လေး ပြာကျသွားနိုင်သည်ကို ဇိုမို ကောင်းကောင်းသိသည်။ လူလုံးထွက်ပြပြီး သုံးရန်ဆိုသည်မှာ ဝေးစွ ရောင်းချရန်ပင် သူ မရဲဝံ့ပေ။
အသုံးပြု၍လည်းမရ ရောင်း၍လည်းမရသည့် အခြေအနေတွင် ဇိုမို၌ တစ်ခုတည်းသော နည်းလမ်းသာ ကျန်ရှိတော့သည်။ ထိုအရာများအား အခြေခံ၍ မှော်အဆောင်အသစ်များအဖြစ် ပြန်လည်သွန်းလုပ်ရန်ပင် ဖြစ်သည်။
“ဒါကတော့ တကယ့်ကို ကြီးမားတဲ့ အလုပ်ကြီးပဲ”
တောင်လိုပုံနေသော ပစ္စည်းများကို ကြည့်ရင်း ဇိုမိုတစ်ယောက် မချိပြုံး ပြုံးလိုက်မိသည်။
ဤတစ်ကြိမ် ပြဿနာ အကြီးအကျယ် ရှာခဲ့ပြီးနောက်တွင် မိမိအနေဖြင့် အမြတ်ထွက်သည်ဟု ဆိုနိုင်မည်လား သို့မဟုတ် အရှုံးပေါ်သည်ဟု ဆိုရမည်လားဆိုသည်ကို သူကိုယ်တိုင်ပင် ဝေခွဲမရ ဖြစ်နေတော့သည်။
…
တိမ်ပင်လယ်နယ်မြေ၏ ကျင့်ကြံသူအပေါင်းသည် နေမင်းနတ်ကျောင်းတော်၏ ရုန်းရင်းဆန်ခတ်မှုများအကြား နစ်မွန်းနေချိန်တွင် ထိုနယ်မြေ၏ အလွန်နက်ရှိုင်းသော အရပ်တစ်ခု၌ ထူးဆန်းသော အခြေအနေတစ်ခု ဖြစ်ပေါ်နေသည်။
အလင်းရောင်ဟူ၍ လုံးဝမရှိဘဲ ကျယ်ဝန်းသော အက်ကွဲကြောင်းကြီးတစ်ခုသည် မည်းမှောင်စွာ တည်ရှိနေသည်။
ရုတ်တရက် ထိုအမှောင်ထုထဲမှ အရပ်ရှည်သော လူရိပ်တစ်ခု လှမ်းထွက်လာသည်။
မကြာမီတွင် အခြားသော လူရိပ်များလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ အဖွဲ့၏ ရှေ့ဆောင်ဖြစ်သူက ရပ်တန့်ကာ နောက်သို့ လှည့်ကြည့်လိုက်ပြီး အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။
"ကျင့်ကြံသူတွေရဲ့ အနံ့ကို ငါ ရနေတယ်..."
တစ်ဖက်တွင်မူ ရှန်ဝူဟိုင်သည် လက်ထဲရှိ ဂိုဏ်း၏ သီးသန့်စက္ကူကြိုးကြာရုပ်ကို မျက်နှာပျက်စွာဖြင့် အားပြင်းပြင်း ချေမွပစ်လိုက်သည်။ သူ၏ အောက်တွင်ရှိသော လီရှုမှာ ထိုမြင်ကွင်းကို ကြည့်၍ တုံ့ဆိုင်းစွာပင် မေးမြန်းလိုက်သည်။
"အကြီးအကဲ..."
လီရှုသည် ထိုစက္ကူကြိုးကြာရုပ်ကို ကောင်းစွာမှတ်မိသည်။ ၎င်းသည် ဂိုဏ်း၏ အရေးကြီးသော သတင်းစကားများအတွက်သာ အသုံးပြုသည့်အရာ ဖြစ်သည်။ ဂိုဏ်းက သူတို့အား ပြစ်ဒဏ်ပေးလိုက်ခြင်းလော သို့မဟုတ် စိတ်ပျက်ဖွယ် သတင်းစကားများ ပါလာခြင်းလောဟု လီရှု တွေးတောရင်း စိုးရိမ်နေမိသည်။
ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့် ရှန်ဝူဟိုင်သည် ပုံမှန်အားဖြင့် စိတ်တည်ငြိမ်သူဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ၏ ဒေါသကို မထိန်းနိုင်အောင် ဖြစ်နေရသည်။
ရှန်ဝူဟိုင်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် သူ၏ ခံစားချက်များကို အတင်းအကျပ် ဖိနှိပ်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
"ငါတို့ ပြန်မယ်"
"ပြန်မယ် ဟုတ်လား..."
လီရှုမှာ ထိတ်လန့်သွားပြီး မယုံကြည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။
"ဒါပေမဲ့... ကျွန်တော်တို့ ဘာတစ်ခုမှ ရှာမတွေ့သေးဘူးလေ..."
"စုံစမ်းဖို့ အချိန်မရှိတော့ဘူး"
ရှန်ဝူဟိုင်က စိတ်မရှည်သည့်ကြားမှ လေသံကို လျှော့ချ၍ ပြောသည်။
"ဂိုဏ်းချုပ်က ငါတို့ကို ချက်ချင်း ပြန်လာဖို့ အမိန့်ပေးနေတယ်။ ငါ့ကို ဘာလို့ ပြန်ရတာလဲဆိုပြီး မမေးနဲ့ ဒီအဘိုးကြီးလည်း အကြောင်းရင်းကို မသိဘူး"
ရှန်ဝူဟိုင်၏ လေသံတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။ ဤခရီးစဉ်တွင် သူသည် လူအများ၏ အကြည့်အောက်၌ ဂုဏ်သိက္ခာကျဆင်းခဲ့ရပြီး တိမ်ပင်လယ်နယ်မြေတွင် ထျန်းဟွမ်းဂိုဏ်း၏ အာဏာကို အသုံးပြုကာ ရက်ပေါင်းများစွာ စုံစမ်းခဲ့သော်လည်း အနည်းငယ်မျှသော ခြေရာလက်ရာကိုပင် ရှာမတွေ့ခဲ့ပေ။ ဤသို့သော အရှုံးအနိုင်ဖြင့် မည်သို့ လိုလိုလားလား ပြန်သွားနိုင်မည်နည်း။
သို့သော်လည်း ရှန်ဝူဟိုင်၏ စိတ်ထဲတွင် ဝေခွဲမရသော မေးခွန်းများ ဖြစ်ပေါ်နေသည်။ ဂိုဏ်း၏ အထက်ပိုင်းခေါင်းဆောင်များသည် ပုံမှန်အားဖြင့် တာဝန်ကိစ္စများကို ဝင်ရောက်စွက်ဖက်လေ့ မရှိကြပေ။ ယခုကဲ့သို့ အလျှော့အတင်းမရှိ အမိန့်သဖွယ် ပြန်ခေါ်သည့် လုပ်ရပ်မျိုးကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။
“ဂိုဏ်းထဲမှာများ တစ်ခုခု ဖြစ်နေတာလား…”
ဤအတွေးဝင်လာသည်နှင့် သူ ချက်ချင်းပင် ဖျောက်ပစ်လိုက်သည်။ ဂိုဏ်း၏ အခြေအနေမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ တည်ငြိမ်ခဲ့ပြီး ဂိုဏ်းချုပ်၏ နေရာမှာလည်း ကျောက်ဆောင်တစ်ခုနှယ် ခိုင်မာလှသည်။
ဂိုဏ်းအတွင်းပိုင်းရှိ အာဏာလုပွဲများမှာလည်း အခြားဂိုဏ်းများနှင့် ယှဉ်လျှင် အလွန်ပင် ညင်သာလွန်းပြီး အားလုံးမှာ တံဆိပ်အစီအရင် လေ့လာမှုများတွင်သာ နစ်မြုပ်နေလိုကြသူများ ဖြစ်သည်။ ရှန်ဝူဟိုင်ကိုယ်တိုင်ကလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက သူသည် အမှောင်လေဟာနယ် မီးတောက်ကို ဖော်ဆောင်နိုင်ခဲ့မည် မဟုတ်ပေ။
ထျန်းဟွမ်းသည် ဘုံလေးပါး ကောင်းကင်တွင် အကောင်းဆုံးဂိုဏ်းဟု ရှန်ဝူဟိုင်ရော လီရှုပါ အမြဲယုံကြည်ထားခဲ့ကြသည်။
ပြင်ပရန်သူဟူသည်မှာ သူတို့၏ အဘိဓာန်ထဲတွင် မရှိသော စကားလုံးပင်။ တိုက်ခိုက်ရေးတွင် အသန်မာဆုံးဟု ကျော်ကြားသော ခွန်းလွန်ဂိုဏ်းပင်လျှင် ထျန်းဟွမ်း၏ မှော်အဆောင်များနှင့် တံဆိပ်အစီအရင်များကို မှီခိုနေရသည် မဟုတ်ပါလော။ ထို့ကြောင့်လည်း သူတို့အား အဘယ်ကြောင့် ဤမျှ အသည်းအသန် ပြန်ခေါ်နေရသနည်းဆိုသည့်အချက်က ရှန်ဝူဟိုင်အား ခေါင်းရှုပ်စေသည်။
ထိုမျက်နှာဖုံးစွပ်ကောင်သည် အဝေးဆုံးသို့ ထွက်ပြေးသွားလောက်ပြီဟု လူအများက ခန့်မှန်းကြသော်လည်း ရှန်ဝူဟိုင်နှင့် လီရှုတို့မှာမူ သူသည် တိမ်ပင်လယ်နယ်မြေထဲတွင် ရှိနေသေးသည်ဟု အခိုင်အမာ ယုံကြည်နေကြသည်။
နယ်မြေအားလုံးကို ပိတ်ဆို့ထားသော်လည်း တစ်စုံတစ်ယောက်မျှ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းမကြားရပေ။
'အဲ့ဒီကောင်... ဒီနယ်မြေထဲမှာ ရှိနေရမယ်'
သို့သော်လည်း ရှန်ဝူဟိုင်မှာ ပြန်သွားရန် အလွန်ပင် မလိုလားဖြစ်နေသည်။
တစ်ဖက်တွင်မူ တောင်ငယ်လေးမှ နောက်ဆုံး မီးတိမ်တိုက် ထွက်ပေါ်လာပြီးနောက်တွင်မူ လောင်ကျွမ်းနေသော တောင်ငယ်လေးမှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး အပူချိန်များလည်း ပြန်လည်ကျဆင်းသွားသည်။
တောင်ငယ်လေးမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသော်လည်း ပတ်ဝန်းကျင်ရှိ အပင်များမှာမူ ပြောင်စင်အောင် လောင်ကျွမ်းသွားကာ ကျောက်တုံးနက်များသာ ကျန်ရစ်ခဲ့တော့သည်။
ဇိုမို လိုဏ်ဂူထဲသို့ ဝင်ရောက်ကြည့်ရှုလိုက်ရာ နေမင်းနတ်သစ်ပင်သည် ထိခိုက်မှုမရှိသည့်အပြင် ယခင်ကထက်ပင် ပိုမို ကျန်းမာသန်စွမ်းနေသည်ကို တွေ့လိုက်ရသည်။
လိုဏ်ဂူထဲမှ အထွက်တွင် သူ ကောင်းကင်သို့ ပျံတက်လိုက်သည်။ အထက်ကို မော့ကြည့်လိုက်သောအခါ လိပ်ကျွန်း၏ တိမ်တိုက်များသည် နေဝင်ဆည်းဆာကဲ့သို့ လိမ္မော်ရောင် အနီရောင်တို့ဖြင့် လှပခမ်းနားနေသည်ကို မြင်လိုက်ရသည်။
အစီအရင်အသစ်ကို အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားချေပြီ။
ယခင် ယင်ယန် တိမ်တိုက်မိုးကြိုးအစီအရင်သည် မြေမီးလျှံများ၏ သက်ရောက်မှုကြောင့် လုံးဝ အသွင်ပြောင်းသွားကာ စီးဆင်းမီးလျှံ တိမ်တိုက်မိုးကြိုးအစီအရင်ဟူ၍ အစီအရင်သစ်တစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။ ဤအစီအရင်အသစ်မှာ ယခင်တစ်ခုထက် များစွာပိုမို အစွမ်းထက်လှသည်။
ဇိုမိုသည် ကျောက်စိမ်းချိတ်သစ်ပင်အား တောင်ပိုင်းအပြာရောင် လေဟာနယ်အစီအရင်၏ ဗဟိုချက်တွင် စိုက်ပျိုးလိုက်သည်။ ထိုသစ်ပင်မှ ထုတ်လွှတ်သော သစ်သားဓာတ် စွမ်းအင်များသည် အစီအရင်ကြီးကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးမည်ဖြစ်ရာ မဟာအစီအရင်၏ စွမ်းအားမှာ ပိုမိုမြင့်မားလာမည်ဖြစ်သည်။
ထို့အပြင် ဇိုမိုသည် ကျောက်စိမ်းချိတ်သစ်ပင်အောက်တွင် နေမင်းမျိုးစေ့ သုံးစေ့ကို မြှုပ်နှံလိုက်သည်။ အကယ်၍ နေမင်းမျိုးစေ့၏ စွမ်းအားကို သစ်ပင်က စုပ်ယူနိုင်ပါက စကြာဝဠာ အစိမ်းရောင် ကျောက်စိမ်းချိတ်သစ်ပင် အဖြစ် အဆင့်တက်သွားနိုင်မည်ဖြစ်သည်။
ဤအစီအရင်နှစ်ခု၏ အကာအကွယ်အောက်တွင် လက်ရှိ လိပ်ကျွန်းမှာ မည်သူမျှ ထိုးဖောက်ဝင်ရောက်ရန် မဖြစ်နိုင်တော့ပေ။ ဇိုမို၏ စိတ်ထဲတွင် အစဉ်စိုးရိမ်ပူပန်နေရသော ဝန်ထုပ်ဝန်ပိုးကြီးမှာ လျော့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ရှန်ဝူဟိုင် ရောက်လာလျှင်ပင် လိပ်ကျွန်းအား အတင်းအဓမ္မ ဝင်ရောက်ရန် မလွယ်ကူတော့ချေ။
'ဒီအစ်ကိုကြီးသာ ရတနာတွေကို သွန်းလုပ်ပြီး ရှန်စွမ်းအားကို ကျင့်ကြံပြီးသွားရင်... ရှန်ဝူဟိုင်နဲ့ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါ ဘယ်သူနိုင်မလဲ ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး'
ဇိုမိုတစ်ယောက် ကြီးမားသော ရည်မှန်းချက်များဖြင့် ပြည့်နှက်နေစဉ်မှာပင် သူ၏ ဦးခေါင်းအထက်မှ ကောင်းကင်ယံမှာ ရုတ်တရက် မှောင်မည်းသွားသည်။ သူ အံ့အားသင့်စွာဖြင့် ခေါင်းမော့ကြည့်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားတော့သည်။
ယခုလေးတင် ကြည်လင်နေသော ကောင်းကင်မှာ နေဝင်ဆည်းဆာ ရောက်သွားသကဲ့သို့ ဖြစ်သွားပြီး တောက်ပနေသော နေမင်းကြီးပင် မြူခိုးနက်တစ်လွှာဖြင့် ဖုံးကွယ်ခြင်း ခံလိုက်ရသကဲ့သို့ အားပျော့တုန်ခါလာသည်။
ဤမြင်ကွင်းမှာ ကမ္ဘာပျက်တော့မည့်နှယ် ထိတ်လန့်စရာ ကောင်းလှသည်။ လေပြင်းတစ်ချက် ဝှစ်ခနဲ တိုက်ခတ်သွားပြီး ဇိုမိုမှာ အအေးဒဏ်ကြောင့် တဆတ်ဆတ် တုန်ယင်လာမိသည်။ ထိုလေပြင်းထဲတွင် ငရဲပြည်မှ လာသကဲ့သို့ အလွန်အစွမ်းထက်သော ယင်ဓာတ်နှင့် အေးစက်သော စွမ်းအင်များ ပြည့်နှက်နေသည်။
ဝေ့ရှန်း ကျုံးရူ ရှဲ့ရှန်နှင့် အခြားသူများအားလုံး ကောင်းကင်သို့ ပျံတက်လာကြပြီး ဇိုမိုဘေးတွင် စုရုံးရောက်ရှိလာကြသည်။ သူတို့အားလုံး၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ..."
***