"ဟေ့... ပုလေး "
သူ၏အနောက်ဘက်မှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။
ပုစစ်တုန်းသည် လမ်းလျှောက်နေမှုကို ရပ်တန့်လိုက်ပြီး အသံပိုင်ရှင်ကို မြင်လိုက်ရသည့်အခါ ဝမ်းသာသွားသည်။ သူသည် ရှေ့သို့ အပြေးသွားကာ တစ်ဖက်လူ၏ပခုံးကို စိတ်လှုပ်ရှားစွာဖြင့် လက်သီးနှင့် ထိုးလိုက်ရင်း ဆိုသည်။
“ဟာဟား... အာကျဲ့... မင်းလည်း မထွက်သွားသေးဘူးလား။ ငါက မင်းသွားပြီတောင် ထင်နေတာ”
“ထွက်သွားရအောင် ဘယ်ကို သွားရမှာလဲကွာ”
အာကျဲ့က မချိပြုံး ပြုံးလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ပိန်သွယ်ပြီး ပညာတတ်တစ်ဦး၏ ဟန်ပန်ရှိကာ နဖူးပေါ်တွင် ကြယ်ပုံသဏ္ဌာန် အမှတ်အသားလေးတစ်ခု ရှိသည်။ သူသည် ပုစစ်တုန်းနှင့် ငယ်စဉ်ကတည်းက အတူတူကြီးပြင်းလာခဲ့သူများ ဖြစ်ကြသည်။ နောက်ပိုင်းတွင် သူတို့နှစ်ဦး ဂိုဏ်းမတူတော့သော်လည်း အမြဲ အဆက်အသွယ် ရှိနေခဲ့ကြသည်။
“မင်းပြောတာ မှန်တယ်”
ပုစစ်တုန်း၏အသံတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။ သူသည် နေရောင်ခြည်ကဲ့သို့ တောက်ပသော အပြုံးတစ်ခုကို အလျင်အမြန် ပြုံးပြလိုက်ပြီး “အခု မင်းဘာလုပ်နေလဲ။ အလုပ်ရပြီလား” ဟု မေးမြန်းသည်။
“မြို့တည်ဆောက်နေတာလေ”
အာကျဲ့က အကောင်အထည် ပေါ်လာတော့မည့် မြို့အား လက်ညှိုးထိုးပြလိုက်သည်။
“ကျွန်းသခင်က ရွှမ်လင်းမြို့ကို ပြန်လည်တည်ဆောက်ချင်နေတာ။ ငါက အလတ်စား ကာကွယ်ရေးအစီအရင်တစ်ခုအတွက် တာဝန်ယူထားတယ်"
“ဝိုး...”
ပုစစ်တုန်းက အံ့အားသင့်သော အမူအရာကို ပြသလိုက်သည်။
“မင်းက အခု အဲဒီလောက်တောင် စွမ်းနေပြီလား။ ငါက မင်း ဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့် စက္ကူတံဆိပ်လောက်ပဲ လုပ်တတ်သေးတယ်လို့ ထင်နေတာ"
အာကျဲ့က စိတ်ပျက်လက်ပျက်ဖြင့် ဆိုသည်။
“ဒီလောက် နှစ်တွေအများကြီး နေခဲ့ရတာပဲကွာ။ ဟူး... ဂိုဏ်းချုပ်သာ တိမ်ပင်လယ်နယ်မြေကနေ ထွက်မသွားချင်ဘူးဆိုရင် ငါလည်း ဂိုဏ်းကနေ ထွက်လာမှာ မဟုတ်ဘူး"
“ငါလည်း အတူတူပဲကွာ"
ပုစစ်တုန်းက သက်ပြင်းချလိုက်သည်။ သူတို့နှစ်ဦးစလုံး စိတ်ဓာတ်ကျသွားကြသည်။ သူတို့အတွက်မူ ဂိုဏ်းဆိုသည်မှာ ဒုတိယအိမ်လိုပင် ဖြစ်သည့်အတွက် ထွက်ခွာလာရမည်ကို သဘာဝကျကျပင် ဝန်လေးခဲ့ကြခြင်း ဖြစ်သည်။
“ထားလိုက်ပါတော့ကွာ... ဒီအကြောင်းတွေ မပြောကြတော့ဘူး"
ပုစစ်တုန်းက စိတ်ကို ပြန်စုစည်းလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆိုသည်။
“ဒါနဲ့ ငါ လိပ်နက်တပ်ဖွဲ့မှာ အရွေးခံရတယ် သိလား။ မမိုက်ဘူးလား"
“မင်းက အဲဒီလောက်စွမ်းလို့လား"
ဤတစ်ကြိမ်တွင်မူ အာကျဲ့ဘက်မှ အံ့အားသင့်သွားရသည်။
“ရွေးချယ်တဲ့ စစ်ဆေးမှုက အရမ်းတင်းကျပ်တယ်လို့ ငါကြားထားတယ်။ မင်းလိုအပျော်တမ်းကောင်တောင် ဝင်ခွင့်ရတယ်ဆိုရင်တော့ ပြီးပြီပဲ။ ငါ့ရဲ့အနာဂတ်အတွက် နည်းနည်းတောင် စိုးရိမ်လာပြီ"
ပုစစ်တုန်းက မျက်စောင်းထိုးလိုက်ပြီး “နောင်ကျရင် မင်းလိုကောင်တွေကို ကာကွယ်ပေးရမယ့် ငါကမှ ဝမ်းနည်းရမှာကွ" ဟု ပြန်လည်စနောက်လိုက်သည်။
“အဲဒါ မင်းရဲ့ ဂုဏ်ကျက်သရေပါပဲ ပုလေးရာ”
အာကျဲ့က ရယ်မောရင်း ပုစစ်တုန်း၏ ပုခုံးကို ပုတ်လိုက်သည်။ ထို့နောက် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“အဲဒီက လေ့ကျင့်ရေးတွေက အရမ်းခက်တယ်လို့ ငါကြားတယ်။ မင်းမှာ လင်းဆေးလုံးတွေ လုံလောက်ရဲ့လား... ငါ့ဆီမှာ နည်းနည်းရှိတယ်...”
“မလိုဘူး... မလိုဘူး"
ပုစစ်တုန်းက လက်ခါပြလိုက်ပြီး ကြွားလုံးထုတ်ချင်သော လေသံဖြင့် ဆိုသည်။
“တကယ်တော့လေ... ငါ့ဘဝမှာ ဒီလောက်ဇိမ်ကျကျနဲ့ ကျင့်ကြံရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။ ငါတို့က နေ့တိုင်း တတိယအဆင့် ကျောက်စိမ်းနှစ်တုံးနဲ့ အခြေခံအားဖြည့်ဆေးလုံး တစ်လုံးစီရတယ်။ အဲဒါတွေကို နေ့တိုင်း ကုန်အောင်သုံးရတာကွ။ ပြီးတော့ အညစ်အကြေးတွေကို ဖယ်ရှားပြီး လင်းစွမ်းအင်တွေကို သန့်စင်ပေးဖို့ သန့်စင်ရေးဆေးလုံးကို တစ်ပတ်တစ်ခါ ရသေးတယ်"
အာကျဲ့၏ ပါးစပ်ကြီး ဟောင်းလောင်းပွင့်သွားပြီး စကားများပင် ထစ်ငေါ့သွားတော့သည်။
“အဲ... အဲဒါက အရမ်းဇိမ်ကျလွန်းနေပြီ"
“ချီးပဲ... ဂိုဏ်းကြီးတွေက တပည့်တွေကို ဘယ်လို ကျင့်ကြံစေသလဲဆိုတာ အခုမှပဲ ငါသိတော့တယ်။ ဒီလောက်တောင် ပံ့ပိုးပေးနေမှတော့ သူတို့ မအောင်မြင်ဘဲ နေပါ့မလားကွာ။ ကျောက်စိမ်းထဲက လင်းစွမ်းအင်တွေကို စုပ်ယူတာရယ် အခြေခံအားဖြည့်ဆေးလုံးရဲ့ ဆေးအာနိသင်ကို စုပ်ယူတာရယ်နဲ့တင် တစ်နေ့တာရဲ့ တစ်ဝက်လောက် ကုန်သွားပြီ။ အဲဒီနောက်တော့ တိုက်ပွဲအစီအရင် လေ့ကျင့်ရေးပဲ။ တကယ်လို့ ငါတို့ နည်းနည်းလေးများ မှားသွားရင် အပြစ်ပေးခံရဖို့သာ စောင့်နေပေတော့"
ကျင့်ကြံခြင်း၏ နာကျင်မှုများကို တွေးမိသောအခါ ပုစစ်တုန်း နှုတ်ခမ်းသပ်လိုက်သည်။
“အကျိုးအမြတ်တွေ ရထားပြီးမှတော့ ညည်းမနေနဲ့တော့"
အာကျဲ့က အားကျစွာဖြင့် “ကျွန်းက အရမ်းချမ်းသာတယ်ဆိုတာ အရင်ကတည်းက ငါကြားဖူးပါတယ်။ ဒီလောက်တောင် ချမ်းသာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ မင်းတော့ တကယ်ကို အမြတ်ကြီးထွက်သွားတာပဲ" ဟု ဆိုသည်။
“ဟာဟား... အင်းပေါ့ကွ"
ပုစစ်တုန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။
“ငါက ဓားကျင့်ကြံသူ မဟုတ်တာ နည်းနည်းတော့ နှမြောစရာပဲ။ လိပ်ကျွန်းက ဓားကျင့်ကြံသူတွေကို လေ့ကျင့်ပေးတဲ့နေရာမှာ အကောင်းဆုံးပဲကွ။ ဆရာဝေ့ရဲ့ ဓားအနှစ်သာရကို မင်းမမြင်ဖူးသေးလို့... တကယ့်ကို ထူးဆန်းဆန်းကြယ်လွန်းတယ်"
“အို... သေချာကြိုးစားလုပ်ပါ။ နောင်တစ်ချိန် မင်းအောင်မြင်လာရင် ငါ့ကို ကာကွယ်ပေးပေါ့"
အာကျဲ့က ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်သည်။
ပုစစ်တုန်းက ကိစ္စတစ်ခုကို သတိရသွားပြီး အလျင်အမြန်ပင် ပြောလိုက်သည်။
“အာကျဲ့... မင်း ရွှေကျီးကန်းတပ်ဖွဲ့ကို သွားပြီး ဝင်ခွင့်လျှောက်ကြည့်ပါလား။ အဲဒီမှာ ပစ္စည်းသွန်းလုပ်တာ တံဆိပ်အစီအရင်တွေနဲ့ ဆေးလုံးဖော်စပ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ ကျင့်ကြံသူတွေ အပြည့်ပဲ။ အဲဒီကို ဝင်ခွင့်ရတဲ့သူတွေက ရွှေကျီးကန်းမီးတောက်ကိုပါ ရတယ်လို့ ငါကြားတယ်"
“ရွှေကျီးကန်းမီးတောက်…စတုတ္ထအဆင့် ရွှေကျီးကန်းမီးတောက်လား...”
သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ အာကျဲ့၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“အင်း" ပုစစ်တုန်းက အားပါးတရ ခေါင်းညိတ်လိုက်သည်။
“ပစ္စည်းသွန်းလုပ်နည်းတွေကို အဲဒီမှာ သင်ပေးတယ်လို့ ငါကြားတယ်။ ငါတို့ ကျင့်ကြံတဲ့အခါ သုံးတဲ့ လင်းဆေးလုံးတွေ အားလုံးကိုလည်း ရွှေကျီးကန်းတပ်ဖွဲ့ကပဲ ဖော်စပ်ပေးတာလေ။ ငါတစ်ခါက အရှင်မာဖန်နဲ့အတူ အဲဒီကို ရောက်သွားဖူးတယ်။ အဲဒီမှာ မြေကြီးပေါ် အလကားလွှင့်ပစ်ထားတဲ့ ပစ္စည်းကောင်းတွေ အများကြီးပဲကွ။ နေရာတိုင်းမှာ မြင်နေရတာ... ကြည့်ရင်းနဲ့ကို ငါ့ရင်တွေနာလာတယ်"
“ရွှေကျီးကန်းတပ်ဖွဲ့က ဘယ်ဘက်မှာလဲ"
အာကျဲ့က သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် အလျင်အမြန် မေးမြန်းလိုက်တော့သည်။
ပုစစ်တုန်းက လက်ညှိုးထိုးပြလိုက်သည်။
“အို... ဟိုဘက်မှာလေ"
နောက်ထပ် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ အာကျဲ့တစ်ယောက် ထိုဘက်သို့ လှည့်ကာ တဟုန်ထိုး ပြေးသွားလေတော့သည်။
“အနည်းဆုံးတော့ နှုတ်ဆက်သွားဦးမှပေါ့ကွာ...”
ပုစစ်တုန်း ငေးကြောင်သွားပြီးနောက် ရေရွတ်လိုက်မိသည်။
…
လူများမှာ စီးဆင်းဝင်ရောက်လာကြသည်။
လိပ်ကျွန်းသည် ရေတွက်၍မရနိုင်သော ကျင့်ကြံသူ အမြောက်အမြားကို ဆွဲဆောင်နေသည့် ဧရာမ သံလိုက်တုံးကြီးတစ်ခုနှင့် တူနေသည်။
တိမ်ပင်လယ်နယ်မြေမှ ထွက်ခွာသွားရန် ဆန္ဒမရှိသော ကျင့်ကြံသူများအတွက် ဤအခွင့်အရေးမှာ တစ်ခုတည်းသာ ရှိတော့သည်။ မကြာမီမှာပင် လိပ်ကျွန်းသည် ထိုမျှများပြားသော ကျင့်ကြံသူများကို နေရာချထားပေးရန် မဖြစ်နိုင်တော့ချေ။
ထို့အပြင် ကျွန်းပေါ်တွင် နေမင်းနတ်သစ်ပင်ကဲ့သို့သော အရာများကို ထားရှိသည့် တားမြစ်နယ်မြေများစွာလည်း ရှိနေသေးသည်။ မျက်လုံးများမှာ သိပ်များလွန်းနေပြီ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ မှတ်မိသွားခဲ့ပါက မကောင်းချေ။
ထို့ကြောင့် ဇိုမိုတစ်ယောက် ရွှမ်လင်းမြို့အား ပြန်လည်တည်ဆောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အစပိုင်းတွင် သခင်မလေးက လိပ်ကျွန်းအား ငါးစာအဖြစ် အသုံးချပြီး မိုစစ်တပ်ကို ဆွဲဆောင်ရန် အစီအစဉ်ဆွဲခဲ့သည်။ သို့သော် ဆက်တိုက်ဝင်ရောက်လာသော လူအုပ်ကြီးကို ကြည့်ပြီး ထိုအကြံအစည်ကို စွန့်လွှတ်လိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် တိမ်တောင်ပံများနှင့် လွင့်မျောတိမ်တိုက်များကို ပိုင်ဆိုင်ထားသော ကြက်သွေးရောင်ငှက်တပ်ဖွဲ့မှာ အလွန်လှုပ်ရှားရလွယ်ကူပြီး ပြောက်ကျားစစ်ဆင်ရေးအတွက် အလွန်သင့်လျော်နေသည်။
ရွှမ်လင်းမြို့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ အလွန်လျင်မြန်လှသည်။ လူအင်အား အမြောက်အမြား ရှိနေသဖြင့် အချိန်ကျပ်တည်းနေကြောင်း လူတိုင်းသိရှိကာ အပြင်းအထန် အလုပ်လုပ်ကြသည်။
လတ်တလောတွင် ဇိုမိုမှာ အလွန်ချမ်းသာကြွယ်ဝနေသည်။ ဤသည်မှာ မိုစစ်တပ်အား ရင်ဆိုင်ရန် ပထမဆုံး မတ်တပ်ရပ်ရဲသည့်အတွက် ရရှိလာသော အကျိုးကျေးဇူးပင် ဖြစ်သည်။
အကာအကွယ်ရယူရန် ဇိုမိုထံ ရောက်လာကြသော လျောင်ချိချန်ကဲ့သို့ ကုန်သည်များသည်လည်း သဘာဝကျကျ ရင်းနှီးမြှုပ်နှံလိုကြသည်။
တိမ်ပင်လယ်နယ်မြေမှ ထွက်ခွာသွားကြမည့် စီးပွားရေးလုပ်ငန်းရှင်များက သူတို့သယ်ဆောင်၍မရသော ပစ္စည်းများအား ဇိုမိုထံ လှူဒါန်းခဲ့ကြသည်။ ဤသည်မှာ နောင်တစ်ချိန်တွင် အသုံးဝင်လာနိုင်မည့် ကျေးဇူးကြွေးတစ်ခုပင်။
ဤသို့သော အခြေအနေမျိုးနှင့် ကြုံလာသောအခါ ဇိုမို အားလုံးကို လက်ခံလိုက်သည်။
“ဘာ... သယ်ဖို့ မလွယ်ဘူးဟုတ်လား။ ကိစ္စမရှိဘူး... ငါ့လူတွေကို လွှတ်ပြီး သယ်ခိုင်းလိုက်မယ်"
အမြော်အမြင်ရှိသူများက ဇိုမိုအပေါ် လောင်းကြေးထပ်လိုက်ကြသည်။ ကုန်သည်အဖွဲ့အစည်း များစွာက ရွှမ်လင်းမြို့ ပြန်လည်တည်ဆောက်ရေးတွင် အကူအညီမျိုးစုံကို တက်ကြွစွာ ထောက်ပံ့ပေးခဲ့ကြသည်။
ဤအခြေအနေအောက်တွင် ဇိုမို၏စွမ်းအားမှာ အလျင်အမြန် ကြီးထွားလာသည်။ လိပ်ကျွန်းပတ်ဝန်းကျင်တွင် ထူးဆန်းသော ကြီးပွားတိုးတက်မှုကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
သူတို့၏ပန်းတိုင်ကို အတည်ပြုပြီးနောက် ဇိုမို၏လက်အောက်ရှိ လူများက ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်နှင့် မြင့်မားသော စိတ်ဓာတ်များကို ပြသလာကြသည်။
ဤသည်မှာ ဇိုမို၏ဘဝတွင် လုပ်ဖူးသမျှ အကြီးမားဆုံး စီးပွားရေး အပေးအယူ ကြီးတစ်ခု ဖြစ်လာနိုင်သည်။ သူ၏ယခင် စီးပွားရေး အပေးအယူများသည် ဤအပေးအယူနှင့် ယှဉ်လျှင် ကလေးကစားစရာ အဆင့်သာ ရှိသည်။ တိုက်ပွဲများ စတင်တော့မည် ဖြစ်သော်လည်း ဤတိုက်ပွဲအတွင်း ပါဝင်နေသော ဧရာမအခွင့်အရေးကြီးကို ဇိုမို ထိုးထွင်းသိမြင်ခဲ့သည်။
‘ငါက တကယ်ပဲ စီးပွားရေးလုပ်ဖို့ မွေးဖွားလာတာများလား...’
ပန်းတိုင်ကို အောင်မြင်ပြီးနောက် ဘာဆက်လုပ်ရမည်ကို မည်သူသိနိုင်ပါမည်နည်း။ ဇိုမို စဉ်းစားရန်ပင် ပျင်းရိနေသည်။ ဤသည်မှာ ကြီးမားသော အခွင့်အရေးကြီးတစ်ခု ဖြစ်သော်လည်း ဆုပ်ကိုင်နိုင်ရန်မှာ ထင်သလောက် မလွယ်ကူပေ။
ကံကောင်းထောက်မစွာဖြင့် လတ်တလောတွင် အရာအားလုံး ချောမွေ့စွာ တိုးတက်နေပုံရသည်။ သို့သော် ဇိုမို ထိုအရာများအား ခေါင်းထဲ ထည့်မထားပေ။ သူ တည်ငြိမ်စွာပင် အခြေအနေကို အကဲဖြတ်လိုက်သည်။
ဤကြီးထွားလာနေသော စွမ်းအားများသည် ပူဖောင်းများကဲ့သို့ဖြစ်ကြောင်း သူ ရှင်းလင်းစွာ သိထားသည်။ အကယ်၍သာ မိုစစ်တပ်ကို အနိုင်မယူနိုင်ပါက ဤပူဖောင်းများအားလုံး ချက်ချင်းပေါက်ကွဲသွားပေမည်။
တိတ်ဆိတ်နေသော အာဂွီကို ကြည့်ရင်း ဇိုမို၏ ဂနာမငြိမ်ဖြစ်နေသော နှလုံးသားမှာ တည်ငြိမ်သွားတော့သည်။
“အာဂွီ... ငါ အရမ်းတောင်းပန်ပါတယ်။ ရေတိမ်သန္ဓေသားကို သွားရှာဖို့ တိုက်ပွဲတွေပြီးတဲ့အထိ ငါတို့ စောင့်ရဦးမယ်"
သူက တောင်းပန်သည့်ဟန်ဖြင့် တိုးတိုးလေး ဆိုလိုက်သည်။
အာဂွီက မည်သည့်လှုပ်ရှားမှုမျှမရှိဘဲ တိတ်ဆိတ်စွာ ထိုင်နေဆဲပင်။ သူတို့နှစ်ဦး တိတ်ဆိတ်စွာ မျက်နှာချင်းဆိုင် စိုက်ကြည့်နေကြသည်။
“အာဂွီ... နင်က ဘယ်သူလဲ"
အာဂွီကိုကြည့်ရင်း ဇိုမို တိုးတိတ်စွာ မေးလိုက်သည်။ ခေတ္တမျှကြာပြီးနောက် သူခေါင်းငုံ့သွားသည်။ သူ၏မျက်နှာအမူအရာမှာ အနည်းငယ် စိတ်ဓာတ်ကျနေပုံပေါ်သည်။
“ငါကရော ဘယ်သူလဲ"
ရုတ်တရက် လက်တစ်ဖက် လှမ်းလာပြီး ဇိုမို၏လက်ကို ဆုပ်ကိုင်လိုက်သည်။
ဇိုမို တောင့်တင်းသွားပြီး ခေါင်းကို ဝုန်းခနဲ မော့ကြည့်လိုက်သည်။ အာဂွီ၏မျက်နှာမှာ ထင်းတုံးတစ်တုံးကဲ့သို့ ခံစားချက်ကင်းမဲ့နေဆဲဖြစ်သော်လည်း လွတ်ဟာနေသော မျက်ဝန်းများ၏ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာ၌ အားပျော့သောအလင်းတန်းလေးတစ်ခု ရှိနေသည်။
အာဂွီ လှုပ်ရှားလိုက်ခြင်းပင်။
ဒဏ်ရာရပြီးကတည်းက သူမဘာသာ ဆန္ဒအလျောက် လှုပ်ရှားခဲ့သည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်ပင်။
မည်သည့်အကြောင်းကြောင့်မှန်းမသိသော်လည်း ဇိုမို၏ရင်ထဲတွင် ရုတ်တရက် နွေးထွေးသွားသည်။ ဤရိုးရှင်းသော လှုပ်ရှားမှုလေးက သူ့အား အလွန်အမင်း သက်သောင့်သက်သာဖြစ်သွားစေပြီး စိတ်ဓာတ်ကျဆင်းမှုများ အားလုံး လွင့်စင်သွားတော့သည်။ အာဂွီ၏လက်ကလေးမှာ အလွန်လှပပြီး အနည်းငယ်အေးစက်နေသည်မှလွဲလျှင် မည်သည့်အပြစ်အနာအဆာမျှ မရှိပေ။
ဇိုမိုမှာ အာဂွီ၏လက်အား ပြန်လည်ဆုပ်ကိုင်လိုက်ရင်း “ကျေးဇူးပါပဲ... အာဂွီ" ဟု ဆိုသည်။
“ကျွန်တော် ကန့်ကွက်တယ်"
“ကျွန်တော်လည်း ကန့်ကွက်တယ်"
“အရှင်... အရှင်ကိုယ်တိုင် အန္တရာယ်များတဲ့ အခြေအနေထဲကို ဝင်သွားလို့မရဘူး... ဒါက အရမ်းအန္တရာယ်များတယ်"
ဇိုမိုက စိတ်လှုပ်ရှားနေသော အုပ်စုကို ကြည့်လိုက်သည်။ ဤတုံ့ပြန်မှုအား သူ ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။
ဝေ့ရှန်းမှာ စကားမပြောသော်လည်း ဇိုမို၏အကြံအစည်များကို သဘောမတူကြောင်း သူ၏မျက်နှာအမူအရာတွင် ရှင်းလင်းစွာ ပေါ်လွင်နေသည်။ သူတစ်ယောက်တည်း မဟုတ်ပေ။ သခင်မလေး ရှုလုံနှင့် အခြားသူများလည်း ခေါင်းခါ၍ လက်မခံနိုင်ကြောင်း ပြသနေကြသည်။
ဇိုမို၏ ဘေးကင်းလုံခြုံမှုသည် သူတို့တပ်ဖွဲ့အတွက် မည်မျှအရေးပါကြောင်း လူတိုင်း သိထားကြသည်။ အကယ်၍ ဇိုမိုသာ တစ်စုံတစ်ရာ ဖြစ်ပျက်သွားပါက ဤအုပ်စုကြီးတစ်ခုလုံး ချက်ချင်း ပြိုကွဲသွားပေလိမ့်မည်။
ထိုသို့သော အခြေအနေမျိုး ဖြစ်ပေါ်စေနိုင်သည့် မည်သည့်အကြံပြုချက်ကိုမဆို လူတိုင်း အပြင်းအထန် ဆန့်ကျင်ကြမည်သာ။
တဖြည်းဖြည်းနှင့် လူများမှာ စိတ်လှုပ်ရှားနေရာမှ တည်ငြိမ်သွားကြသည်။ သူတို့၏ အကြည့်များမှာ ဇိုမိုထံသို့ ကျရောက်သွားသည်။ ဇိုမိုသည် ပုံမှန်အတိုင်း ပြုံးနေဆဲဖြစ်ပြီး မည်သည့်စိတ်လှုပ်ရှားမှုမျိုးကိုမျှ မပြသပေ။ လူတိုင်း တည်ငြိမ်သွားသည်ကို မြင်သောအခါ သူ ဖြည်းညင်းစွာ စကားစလိုက်သည်။
“ဒီကိစ္စကို ငါ သေချာစဉ်းစားပြီးသွားပြီ"
မည်သူမှ စကားမပြောကြပေ။ လူတိုင်းက ဇိုမို ဆက်ပြောမည့် စကားများကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ အရှင်နှင့် အချိန်အတော်ကြာ လက်တွဲလာခဲ့ပြီးနောက် အရှင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါက ပြောင်းလဲရန် အလွန်ခက်ခဲကြောင်းကို သူတို့ ကောင်းစွာ သိထားကြသည်။
“မိုစစ်တပ်ကို တိုက်ခိုက်တဲ့နေရာမှာ ညီလေးကုန်းစွန်းနဲ့ ကြက်သွေးရောင်ငှက်တပ်ဖွဲ့ကို ဘယ်သူမှ အစားမထိုးနိုင်ဘူး။ အစောင့်တပ်ရဲ့ တိုက်ခိုက်ရေးပုံစံက ပြောက်ကျားစစ်ဆင်ရေးနဲ့ မသင့်လျော်ဘူး။ ရှုလုံရဲ့ကိုယ်ရည်ကိုယ်သွေးက တည်ငြိမ်ပြီး တိုက်စစ်ထက် ခံစစ်ပိုင်းမှာ ပိုကျွမ်းကျင်တယ်။ ဒီတစ်ကြိမ်မှာ အစောင့်တပ်ရဲ့တာဝန်က တစ်ဖက်ရန်သူရဲ့ အခြေစိုက်စခန်းကို တိုက်ခိုက်ဖို့ပဲ။ ဒီအလုပ်အတွက် ငါ့လောက် သင့်တော်တဲ့သူ မရှိဘူးလို့ ငါခံစားရတယ်"
တစ်စုံတစ်ယောက်က စကားပြောရန် ပါးစပ်ဟလိုက်သည်ကို မြင်သောအခါ ဇိုမို လက်ကာပြလိုက်ပြီး ဆက်ပြောလိုက်သည်။
“အန္တရာယ်များတယ်ဆိုတဲ့ကိစ္စကို ထပ်မပြောကြနဲ့တော့။ ငါတို့က ကျောဘက်မှာ နံရံခံပြီး တိုက်နေကြရတာ... ဆုတ်လမ်း မရှိတော့ဘူး။ အရင် ယောင်ချာချာဘဝကို ပြန်သွားချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့...”
ဇိုမိုက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် “ခင်ဗျားတို့ သွားချင်ကြလို့လား" ဟု မေးလိုက်သည်။
ပရိသတ်များ တိတ်ဆိတ်သွားတော့သည်။
သူတို့၏ ပန်းတိုင်ကို မသတ်မှတ်ရသေးမီက ဤပြဿနာကို မည်သူမှ သတိမထားမိခဲ့ဘဲ ဘာမှမဟုတ်ဟု ခံစားခဲ့ကြသည်။
သို့သော် ပန်းတိုင်တစ်ခု သတ်မှတ်လိုက်သည်နှင့် ထီးကို အပေါက်ဖောက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ယခင်ကဲ့သို့ ယောင်ချာချာဘဝသို့ ပြန်သွားရန် မည်သူမှ ဆန္ဒမရှိကြတော့ပေ။
“ဒီဆုံးဖြတ်ချက်ကို ငါတို့ ချလိုက်တာနဲ့...”
ဇိုမို၏အကြည့်များက လူတိုင်းအပေါ်သို့ ဖြည်းညင်းစွာ ကျရောက်သွားသည်။ လူတိုင်း ပြင်းထန်သော ဖိအားတစ်ခုကို ခံစားလိုက်ကြရသည်။
“အကျိုးဆက်တွေကို ကြောက်ရွံ့ပိုင်ခွင့် မရှိတော့ဘူး"
ဇိုမို၏လေသံမှာ ခပ်ကင်းကင်းနိုင်သော်လည်း ထိုစကားလုံးများက ကျောက်တုံးကို ထိုးခွဲလိုက်သည့် ချွန်ထက်သောဓားတစ်လက်ကဲ့သို့ လူတိုင်း၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ ထွင်းထုသွားလေတော့သည်။
***