ရှီတုန်းသည် အနီးအနားတွင် လှည့်လည်သွားလာနေသော ကျင့်ကြံသူ ကင်းထောက်များအား အေးစက်သောအကြည့်ဖြင့် စိုက်ကြည့်နေသည်။
ပဋိပက္ခ စတင်ခဲ့သည့်အချိန်မှစ၍ နှစ်ဖက်စလုံး၏ ကင်းထောက်များကြားတွင် တိုက်ပွဲများမှာ မရပ်မနား ဖြစ်ပွားနေခဲ့သည်။
ကင်းထောက်ဆိုသည်မှာ စစ်တပ်၏ အထက်တန်းစား စစ်သည်များဖြစ်သည့်အတွက် ထိုတိုက်ပွဲများမှာ အချိန်တိုတောင်းသော်လည်း အလွန်ပင် ပြင်းထန်ပြီး တစ်ဖက်ဖက် မသေဆုံးမချင်း သို့မဟုတ် အပြင်းအထန် ဒဏ်ရာမရရှိမချင်း ရပ်တန့်သွားလေ့မရှိပေ။
ရှီတုန်းမှာမူ အံ့အားသင့်ခြင်း မရှိပေ။
စစ်တပ်အတွင်း နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သူဖြစ်၍ သူ၏နှလုံးသားမှာ ကျောက်တုံးတစ်တုံးကဲ့သို့ မာကျောနေခဲ့ပြီဖြစ်သည်။ ကင်းထောက်များကြားမှ ပဋိပက္ခများသည် လာမည့်စစ်ပွဲကြီး၏ အစပျိုးခြင်းသာဖြစ်ကြောင်း သူကောင်းစွာသိပြီး မိမိလူများအပေါ်တွင်လည်း ယုံကြည်ချက် အပြည့်အဝ ရှိထားသည်။
သူ၏နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့ကြသော ထိုကင်းထောက်များသည် မိမိတို့၏ ထူးချွန်သော အရည်အချင်းများနှင့် တာဝန်ကျေပွန်မှုတို့ဖြင့် ရာထူးတိုးမြှင့်ခံထားရသူများ ဖြစ်ကြသည်။
သို့သော်လည်း နောက်ဆုံးရ အခြေအနေများက သူ့အား တုန်လှုပ်သွားစေသည်။
သုံးရက်ဆိုသည့် တိုတောင်းလှသော ကာလအတွင်းမှာပင် သူ၏ အထက်တန်းစား ကင်းထောက် နှစ်ဆယ့်ခုနစ်ယောက်မှာ သေဆုံးခြင်း သို့မဟုတ် အပြင်းအထန် ဒဏ်ရာရခြင်းများ ဖြစ်ပွားခဲ့သည်။
ကျောက်ဆောင်တစ်ခုနှယ် မာကျောသော နှလုံးသားပိုင်ရှင် ရှီတုန်းပင်လျှင် ထိုသတင်းကို ကြားလိုက်ရသည့်အခါ အေးစက်စက် ခံစားလိုက်ရသည်။ ဒဏ်ရာရသူနှင့် သေဆုံးသူအရေအတွက်မှာ တိုက်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို သက်သေပြနေသည်။
ပို၍ဆိုးသည်မှာ မိမိတို့၏ ထိခိုက်မှုနှင့် နှိုင်းယှဉ်ပါက ရန်သူဘက်တွင် ကျဆုံးမှုမှာ ပြောပလောက်အောင် မရှိခြင်းပင်။ ရှီတုန်း၏ အကြည့်တို့မှာ ရေခဲပြင်ကဲ့သို့ အေးစက်သွားတော့သည်။
အစွမ်းထက်လှသော ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရပြီ ဟု သူ နားလည်လိုက်သည်။
သို့သော် ဤအချက်က သူ့အား ထိတ်လန့်သွားစေခြင်း သို့မဟုတ် ယုံကြည်မှု ကင်းမဲ့သွားစေခြင်းမျိုး လုံးဝမဖြစ်စေခဲ့ပေ။
ဆန့်ကျင်ဘက်အနေနှင့် သူ၏ ရေခဲတမျှ တည်ငြိမ်သော မျက်နှာဖုံးအောက်တွင် တိုက်ပွဲဝင်လိုစိတ်တို့မှာ ဖြည်းဖြည်းချင်း လှုပ်ခတ်လာခဲ့သည်။
သူ၏ ဘေးတွင်ရှိနေသော ဒုတိယတပ်မှူးမှာမူ ပတ်ဝန်းကျင်၌ လှည့်လည်နေသည့် ကျင့်ကြံသူ ကင်းထောက်များကို ကြည့်ကာ မိမိတို့၏ အထက်တန်းစား ကင်းထောက်များ ရှုံးနိမ့်ခဲ့ရသည်ကို ယုံကြည်နိုင်စွမ်း မရှိသေးဘဲ အံ့ဩထိတ်လန့်နေဆဲပင် ဖြစ်သည်။
"တိမ်ပင်လယ်နယ်မြေမှာ ဒီလောက်အစွမ်းထက်တဲ့ တပ်ဖွဲ့မျိုး တကယ်ရှိနေတာလား"
ဒုတိယတပ်မှူးက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
တိမ်ပင်လယ်နယ်မြေအတွင်း စတင်ဝင်ရောက်လာချိန်တွင် သူတို့အနေဖြင့် မည်သည့်အချက်အလက်ကိုမျှ မသိရှိခဲ့သော်လည်း ယခုအခါ သတင်းအချက်အလက်များ တဖြည်းဖြည်း စုဆောင်းမိလာသည်နှင့်အမျှ အခြေအနေမှာ ပိုမိုရှင်းလင်းလာသည်။
ဤမျှ အစွမ်းထက်သော တပ်ဖွဲ့တစ်ခု ရှိနေကြောင်း မည်သည့်သတင်းအရင်းအမြစ်ကမျှ ဖော်ပြခဲ့ခြင်းမရှိပေ။ ယခင်က သူတို့ အနိုင်ယူခဲ့ဖူးသော တိမ်ပင်လယ်၏ ထိပ်တန်းတပ်ဖွဲ့များနှင့် ယှဉ်လိုက်ပါက ယခုကြုံတွေ့နေရသည့် လျှို့ဝှက်တပ်ဖွဲ့၏ စွမ်းဆောင်ရည်မှာ နှိုင်းယှဉ်စရာပင် မရှိတော့ပေ။
'ဒါက တိမ်ပင်လယ်ရဲ့ အသန်မာဆုံးတပ်ဖွဲ့ဖြစ်တဲ့ နစန်းတပ်ဖွဲ့များလား' ဟု သူ တွေးမိသည်။
ရှီတုန်းမှာမူ စကားတစ်ခွန်းမျှ မဆိုပေ။ ရန်သူ့ဇာစ်မြစ်ကို ခန့်မှန်းနေခြင်းထက် လက်ရှိအောင်ပွဲကိုသာ သူ အာရုံစိုက်ထားသည်။
ရန်သူ၏ နာမည် သို့မဟုတ် သမိုင်းကြောင်းထက် သူ၏ မျက်လုံးထဲတွင် အောင်ပွဲတစ်ခုသာ ရှိသည်။ ရန်သူ့ကင်းထောက်များက ထူထပ်သော ကွန်ရက်တစ်ခုကို ဖန်တီးထားသဖြင့် ရှီတုန်း၏ တပ်ဖွဲ့မှာ အပြင်သို့ မထွက်နိုင်တော့ပေ။
သတင်းအချက်အလက် အဆက်အသွယ် ပြတ်တောက်သွားခြင်းသည် သဲနွံထဲတွင် ပိတ်မိနေသကဲ့သို့ ခံစားရစေသည်။ ရန်သူသည် တိုက်ခိုက်ရန် လောနေပုံမရဘဲ ကင်းထောက်များမှလွဲ၍ အဓိကအင်အားစုကို အရိပ်အယောင်မျှပင် မပြသပေ။
ရုတ်တရက် ရှီတုန်း၏စိတ်ထဲတွင် လိပ်ကျွန်းဟူသော အမည်တစ်ခု ပေါ်လာသည်။
'ဒီတပ်ဖွဲ့က လိပ်ကျွန်းတပ်ဖွဲ့များလား'
လိပ်ကျွန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်မှာ အလွန်နည်းပါးလှသည်။ ယခင်က ဖြစ်ပွားခဲ့သော ပဋိပက္ခ အသေးစားလေးများနှင့် ယခုရုတ်တရက် ပေါ်ထွက်လာသော လျှို့ဝှက်တပ်ဖွဲ့၏ ဆက်စပ်မှုကို ရှီတုန်း ချက်ချင်း သဘောပေါက်သွားသည်။
ရန်သူသည် အချိန်ဆွဲနေခြင်းဖြစ်သည်။ သူတို့သည် တစ်ခုခုကို စောင့်ဆိုင်းနေကြသည်။ လိပ်ကျွန်း၏ ကာကွယ်ရေး တည်ဆောက်မှု ပြီးစီးမည့်အချိန်ကို စောင့်နေခြင်းလော။
သို့သော်လည်း ဤမျှလောက် ရိုးရှင်းမည် မဟုတ်ဟု ရှီတုန်း ထင်သည်။ ဤတိုတောင်းသော ထိတွေ့မှုအတွင်းမှပင် တစ်ဖက်တိုက်ပွဲဗိုလ်ချုပ်၏ အန္တရာယ်ရှိမှုကို သူ အနံ့ခံမိနေသည်။ ကျွမ်းကျင်သော ဗိုလ်ချုပ်တစ်ဦးသည် လိပ်ကျွန်းကို ကာကွယ်ရုံသက်သက်ဖြင့် စစ်ဗျူဟာကို ဆွဲမည်မဟုတ်ပေ။ ရန်သူ၏ ရည်ရွယ်ချက်မှာ နက်ရှိုင်းပြီး အန္တရာယ်များလိမ့်မည်။
ရှီတုန်း၏ နှလုံးသားမှာ ရုတ်တရက် တုန်ခါသွားပြီးနောက် သူ လှည့်ကာ အမိန့်ပေးလိုက်သည်။
"ယဲ့လင်းရဲ့ အခြေအနေကို အခုချက်ချင်း စုံစမ်းစမ်း"
ရုတ်တရက် အမိန့်ပေးလိုက်သည့် တပ်မှူး၏ အပြုအမူကြောင့် ဒုတိယတပ်မှူးမှာ ခေတ္တမျှ ကြောင်အသွားပြီးမှ အလျင်အမြန် တုံ့ပြန်လိုက်သည်။
"ဟုတ်ကဲ့ပါ"
ရှီတုန်းသည် လက်ထဲရှိ အင်းဆက်အမည်းလေးတစ်ကောင်အား ထုတ်ယူကာ လက်ချောင်းကို ခွဲလိုက်သည်။ ထို့နောက် လက်ချောင်းကို ခါယမ်းလိုက်ရာ အင်းဆက်၏နဖူးအတွင်းသို့ သွေးတစ်စက် စီးဝင်သွားသည်။ အင်းဆက်လေးမှာ သူ၏ လက်ဖဝါးထဲတွင်ပင် တဖြည်းဖြည်း မှေးမှိန်သွားပြီး လုံးဝ ပျောက်ကွယ်သွားတော့သည်။
အချိန်မှာ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသော်လည်း အင်းဆက်လေးမှာ ပြန်လည်ရောက်ရှိမလာတော့ပေ။ ထိုအခါ ဒုတိယတပ်မှူး၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားသည်။
ထင်သည့်အတိုင်းပင်…။
ရှီတုန်း၏ သံသယများမှာ အတည်ဖြစ်သွားပြီဖြစ်သည်။ ယခင်က ရန်သူ့ရည်ရွယ်ချက်များကို ခန့်မှန်းရုံသာ ရှိခဲ့သော်လည်း ယခုမူ အားလုံးမှာ ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။
"ငါတို့မှာ မိုမြက်မျိုးစေ့တွေ ပါသေးလား"
ရှီတုန်းက ရုတ်တရက် မေးလိုက်သည်။
"ပါပါတယ်"
ဒုတိယတပ်မှူးက အလိုအလျောက် ပြန်ဖြေလိုက်သည်။
ရှီတုန်းသည် ခါးတွင် ချိတ်ဆွဲထားသော ကင်းမြီးကောက်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ လေတိုက်ရာဘက်သို့ မျက်နှာမူကာ ခေါင်းမော့လိုက်သောအခါ သူ၏ အပြာရောင်ဦးထုပ်လေးမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။
သူ၏ သမုဒ္ဒရာနှင့်တူသော မျက်ဝန်းများထဲတွင် စူးရှသော အလင်းတန်းများ ပေါ်ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှေ့သို့ ပြတ်သားစွာ ချီတက်လိုသော စစ်သည်တစ်ယောက်၏ အားမာန်တို့ဖြင့် ပြည့်နှက်နေသည်။
"ငါတို့ရဲ့ ပစ်မှတ်က လိပ်ကျွန်းပဲ... အစွမ်းကုန် အရှိန်တင်ပြီး ချီတက်ကြ"
တစ်ဖက်တွင်မူ ကုန်းစွန်းချာမှာ အံ့ဩသွားသည်။ ဤမိုစစ်တပ်က မည်သည့် သတိပေးချက်မျှ မရှိဘဲ ရုတ်တရက် အရှိန်မြှင့်တင်လာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ရန်သူတို့သည် ပြီးပြည့်စုံသော ထိုးစစ်ဆင် တိုက်ပွဲအစီအရင်ကို ဖွဲ့စည်းကာ ချွန်ထက်သောဓားတစ်လက်ကဲ့သို့ လိပ်ကျွန်းဆီသို့ တည့်မတ်စွာ ဦးတည် ချီတက်လာနေကြသည်။
ရန်သူ့ဗိုလ်ချုပ်သည် သူ၏ ရည်ရွယ်ချက်ကို ရိပ်မိသွားပြီဖြစ်ကြောင်း သံသယဖြစ်စရာ မလိုတော့ပေ။ သူတို့အနေဖြင့် တန်ပြန်တိုက်ခိုက်မှု လာမည်ကို မျှော်လင့်ထားသော်လည်း ဤမျှ ပြင်းထန်သော တုံ့ပြန်မှုမျိုးကိုမူ မထင်မှတ်ထားခဲ့ပေ။
အများအားဖြင့် ဆုတ်လမ်းဖြတ်တောက်ခံလိုက်ရပါက စစ်ကူပေးရန်အတွက် နောက်သို့ ပြန်လှည့်ကြမည်သာ ဖြစ်သည်။ သို့သော် ဤမိုစစ်တပ်ကမူ ဆန့်ကျင်ဘက်ပြုကာ အရှိန်တင်၍ ရှေ့သို့ ပြင်းထန်စွာ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
ဤသည်မှာ ရဲရင့်မှုများ ပြည့်နှက်နေသည့် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုပင်။ ရန်သူများ ဖြစ်ကြသော်လည်း ကုန်းစွန်းချာတစ်ယောက် အားကျချီးမွမ်းစွာဖြင့် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
ရန်သူသည် သူ့အား နောက်ဆုံးအဆုံးအဖြတ် တိုက်ပွဲတစ်ခု ဆင်နွှဲရန် ဖိအားပေးနေပြီဖြစ်သည်။
အကယ်၍သာ ရန်သူတို့ လိပ်ကျွန်းသို့ ရောက်ရှိသွားပါက ကုန်းစွန်းချာ အနိုင်ရခဲ့လျှင်ပင် သေဆုံးမှု အရေအတွက်မှာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
လိပ်ကျွန်း၏ ကာကွယ်ရေးမှာ ခိုင်မာသော်လည်း ဤမျှများပြားသော ကျင့်ကြံသူများကို ထိန်းသိမ်းရန် မဖြစ်နိုင်ပေ။ ထို့အပြင် ရွှမ်လင်းမြို့ ပြန်လည်တည်ဆောက်ရေးမှာလည်း မပြီးစီးသေးသဖြင့် ကာကွယ်ရေးမှာ အားနည်းချက်များစွာ ရှိနေဆဲဖြစ်သည်။
အကယ်၍ အခြားအချိန်တစ်ခုသာ ဖြစ်ပါက အောင်ပွဲတစ်ခုအတွက် လူအင်အားကို အရင်းအနှီးအဖြစ် သုံးစွဲရန် ကုန်းစွန်းချာ တုံ့ဆိုင်းမည်မဟုတ်ပေ။ သို့သော် လက်ရှိအခြေအနေတွင်မူ ပျက်စီးနေသော တိမ်ပင်လယ်နယ်မြေသည် သူတို့အတွက် မည်သည့်အကျိုးအမြတ်မျှ ရှိမနေပေ။
တိုက်ပွဲဗိုလ်ချုပ်တစ်ဦး ဖြစ်လာရန်သာ ရည်မှန်းထားသော ကုန်းစွန်းချာအတွက် ဤအချက်မှာ နားလည်ရလွယ်ကူသည့် ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။
ယခင်က ဇိုမို ထိုစကားများကို ပြောလိုက်စဉ်က ကုန်းစွန်းချာ အံ့အားသင့်ခဲ့ရဖူးသည်။
သို့သော်လည်း အချိန်အခါ မရွေး အခြေအနေ မရွေး ဇိုမို၏ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံပေးမည့်သူ တစ်ဦးရှိရမည်ဆိုလျှင် ထိုသူမှာ သူတစ်ယောက်တည်းသာ ဖြစ်ရမည်။
အစ်ကိုကြီး၏ ဆုံးဖြတ်ချက် မှန်မမှန် ရင်ဆိုင်ရမည့် အခက်အခဲများ မည်မျှရှိမရှိ ဆိုသည်မှာ သူ့အတွက် အရေးမကြီးပေ။ သူ၏ ဉာဏ်စွမ်းကို အသုံးပြုရမည့် တစ်ခုတည်းသော ရည်မှန်းချက်မှာ အောင်ပွဲရရန် အစီအစဉ်ဆွဲရန်သာ ဖြစ်သည်။
"မင်းက နောက်ဆုံးအဆုံးအဖြတ် တိုက်ပွဲကို လိုချင်နေတာလား"
ကုန်းစွန်းချာ၏ မျက်ဝန်းများထဲတွင် ရူးသွပ်သော အလင်းတန်းများ တဖျတ်ဖျတ် လက်လာသည်။ ဆံပင်စများအောက်မှ အရိပ်ကြောင့် သူ၏ မျက်နှာမှာ အနည်းငယ် ဝါးတားတား ဖြစ်နေသည်။
"လာခဲ့လေ..."
သူ၏ နှုတ်ခမ်းများ အလိုအလျောက် ကွေးညွတ်သွားပြီး ပုံမှန်အတိုင်း ရှက်ရွံ့ရွံ့ အပြုံးလေးတစ်ခုကို ဖန်တီးလိုက်တော့သည်။
အခြားတစ်ဖက်တွင်မူ...။
"ငါတို့ နိုင်ပါ့မလား"
ပုစစ်တုန်းက ချွေးသီးများ ရေစီးကြောင်းသဖွယ် စီးကျနေရင်း အမောတကော မေးလိုက်သည်။
သူတို့မှာ ပုံမှန်မဟုတ်သော အလွန်ခက်ခဲကြမ်းတမ်းသည့် လေ့ကျင့်ရေးအစီအစဉ်ကို ဖြတ်သန်းခဲ့ရသဖြင့် ခန္ဓာကိုယ်ထဲရှိ ခွန်အားအားလုံး ကုန်ခမ်းနေပြီဖြစ်သည်။
'ဒါ တကယ်ကို မိစ္ဆာတွေရဲ့ လေ့ကျင့်နည်းပဲ' ဟု သူ တွေးလိုက်မိသည်။
ယခုကဲ့သို့သော လေ့ကျင့်ရေးမျိုးကို မည်သူမျှ မကြားဖူးခဲ့သလို တွေးပင် မတွေးရဲခဲ့ကြပေ။ အထူးအခွင့်အရေးများစွာ ရရှိထားသော်လည်း တပ်သားများကြားတွင် ညည်းညူသံများနှင့် မကျေနပ်ချက်များမှာ ပေါများနေသည်။
လူအချို့မှာ ထွက်ပြေးရန်ပင် ကြိုးစားခဲ့ကြသေးသည်။ သို့သော် ထွက်ပြေးရန် ကြိုးစားသူများ အဖမ်းခံရပြီး မာဖန်၏ ဓားအစီအရင်ထဲသို့ ပစ်သွင်းခံလိုက်ရချိန်မှစ၍ ထိုနေရာမှ ထွက်ပေါ်လာသော လူမဆန်သည့် အော်ဟစ်သံများကြောင့် လိပ်နက်တပ်ဖွဲ့ဝင်များ၏ ဦးရေပြားမှာပင် ထုံကျဉ်သွားခဲ့ရသည်။
မာဖန်သည် စခန်းဘေးတွင် ဓားအစီအရင် ငါးဆယ်ကို တပ်ဆင်ရန် ရွှေကျီးကန်းတပ်ဖွဲ့မှ ကျွမ်းကျင်သူများကို အကူအညီတောင်းခဲ့သည်။ နေ့စဉ် လေ့ကျင့်နေစဉ်အတွင်း ဓားအစီအရင်ထဲမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် အော်ဟစ်သံများကြောင့် စခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေ့ရှိသည်။
ပုစစ်တုန်းမှာမူ ထွက်ပြေးရန် တစ်ခါမျှ မတွေးဖူးခဲ့ပေ။ ပါရမီမရှိသော်လည်း ဒုက္ခကို သည်းခံနိုင်စွမ်းရှိသော သူသည် ဤကြမ်းတမ်းသော လေ့ကျင့်ရေးအဆင့်နှင့် တဖြည်းဖြည်း အသားကျလာသည်။ လူတစ်ယောက်၏ အလားအလာမှာ သူကိုယ်တိုင် ထင်မှတ်ထားသည်ထက် ပို၍ ကြီးမားနိုင်ကြောင်း သူ သက်သေပြနေသည်။
ကြက်သွေးရောင်ငှက်တပ်ဖွဲ့နှင့် အစောင့်တပ် ထွက်ခွာသွားသည်ကို အခြားသူများ မသိနိုင်သော်လည်း သူတို့နှင့် ကပ်လျက်ရှိသော လိပ်နက်တပ်ဖွဲ့မှာမူ တန်ပြန်ထိုးစစ် စတင်နေပြီဖြစ်ကြောင်း ကောင်းစွာ သိရှိထားသည်။
အားလပ်ချိန်တိုင်းတွင် သူတို့သည် အခြေအနေများကို စုပေါင်း ဆွေးနွေးလေ့ရှိကြသည်။
"သူတို့ နိုင်လောက်ပါတယ်"
လိုဝေ့က တိုးတိုးလေး ပြောလိုက်သည်။ သူသည် တပ်ဖွဲ့၏ အဓိက တိုက်စစ်မှူးနှင့် ဓားကျင့်ကြံသူဖြစ်သော်လည်း သူ၏လေသံတွင် ယုံကြည်မှုမှာ အလွန်ပင် နည်းပါးနေသည်။
"ငါတို့လည်း ပါဝင်ချင်လိုက်တာကွာ။ မိုစစ်တပ်ကို တိုက်ဖို့လာခဲ့ကြတာ မဟုတ်ဘူးလား။ ဒီမှာ ပုန်းပြီး နေ့တိုင်း လေ့ကျင့်နေရတာ အရမ်းစိတ်အိုက်ဖို့ ကောင်းတယ်"
တာကျန်းက သူ့ရှေ့သွားကြီး နှစ်ချောင်းကို ပေါ်အောင်ထားကာ ငြီးငြူလိုက်သည်။
လိုဝေ့က ခေါင်းမမော့ဘဲ တုံ့ပြန်လိုက်သည်။
"ကြက်သွေးရောင်ငှက်တပ်ဖွဲ့နဲ့ အစောင့်တပ်တောင် မနိုင်ဘူးဆိုရင် ငါတို့က တစ်လုတ်စာတောင် ရှိမှာ မဟုတ်ဘူး။ အရင်က ငါ့ကိုယ်ငါ အစွမ်းထက်တယ်လို့ ထင်ခဲ့ပေမယ့် အခုမှပဲ အဲဒီအတွေးက ဘယ်လောက် ရယ်စရာကောင်းလဲဆိုတာ သိသွားပြီ"
ထိုစကားကြောင့် အားလုံး တိတ်ဆိတ်သွားကြသည်။ ရက်အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် သူတို့နှင့် ထိပ်တန်းတပ်ဖွဲ့များကြားရှိ ကွာဟချက်မှာ မည်မျှကြီးမားကြောင်း နောက်ဆုံး သူတို့ နားလည်လာကြပြီဖြစ်သည်။
"မင်းတို့ အမြင်ကျတော့ရော... အစောင့်တပ်နဲ့ ကြက်သွေးရောင်ငှက်တပ်ဖွဲ့... ဘယ်သူက ပိုသန်မာမယ် ထင်လဲ"
ပုစစ်တုန်းက တိတ်ဆိတ်မှုကို ဖျက်ကာ မေးလိုက်သည်။
"အဲဒါ ပြောနေစရာ လိုသေးလို့လား... သေချာပေါက် ကြက်သွေးရောင်ငှက်တပ်ဖွဲ့ပဲပေါ့"
တာကျန်းက မစဉ်းစားဘဲ ချက်ချင်း ဖြေသည်။
ထိုခေါင်းစဉ်ကြောင့် လူတိုင်း၏ စိတ်ဝင်စားမှုများ နိုးကြားလာပြီး အပြိုင်အဆိုင် ဝင်ပြောကြတော့သည်။
“ငါလည်း ကြက်သွေးရောင်ငှက်တပ်ဖွဲ့လို့ပဲ ထင်တယ်”
"ကြက်သွေးရောင်ငှက်တပ်ဖွဲ့ကွ …အရှင်မာဖန်က အရမ်း အစွမ်းထက်လွန်းတယ် "
"ကြက်သွေးရောင်ငှက်တပ်ဖွဲ့က တိရစ္ဆာန်တွေက လူတွေမှ မဟုတ်တာ "
သူတို့ ကိုယ်တိုင် တိုက်ရိုက် မြည်းစမ်းဖူးကြသည်။ သူတို့ထဲမှ အချို့မှာ ကြက်သွေးရောင်ငှက်တပ်ဖွဲ့ထက် ပို၍အစွမ်းထက်သော တပ်ဖွဲ့မျိုး ဤလောကတွင် ရှိနိုင်မည်မဟုတ်ဟုပင် အခိုင်အမာ ယုံကြည်နေကြသည်။
ပုစစ်တုန်းသည် တိတ်ဆိတ်နေသည့် လိုဝေ့အား သတိပြုမိသွားသည်။
"လိုဝေ့... မင်းရော ဘယ်လိုထင်လဲ"
လိုဝေ့မှာ သူလုပ်လက်စ အလုပ်ကို ရပ်တန့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"ငါလည်း အတိအကျတော့ မသိဘူး။ ဒါပေမဲ့ အစောင့်တပ်က ကြက်သွေးရောင်ငှက်တပ်ဖွဲ့နဲ့ ယှဉ်နိုင်တယ်ဆိုကတည်းက သူ့မှာလည်း သူ့အားသာချက်တွေ ရှိနေမှာပဲလို့ ငါ ခံစားမိတယ်"
သူ စကားပြောနေစဉ် လွန်ခဲ့သောရက်အနည်းငယ်က အစောင့်တပ်မှ လူတစ်ယောက်နှင့် ဆုံတွေ့ခဲ့ရသည်ကို ရုတ်တရက် သတိရသွားသည်။ ထိုလူက သူ့အား တစ်ချက် လှမ်းကြည့်လိုက်ရုံမျှဖြင့် သူ၏ သွေးများအားလုံး အေးစက်ခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအမှတ်တရမှာ သူ့အတွက် နက်ရှိုင်းသော စွဲမှတ်မှုတစ်ခု ဖြစ်ခဲ့သည်။
လိုဝေ့ ထိုအကြောင်းကို အခြားသူများအား ပြောပြရန် ပြင်ဆင်နေစဉ်မှာပင် မြေကြီးထဲမှ ထွက်ပေါ်လာသည့် တစ္ဆေတစ်ကောင်အလား မာဖန်၏ အေးစက်တည်ငြိမ်သော အသံမှာ ရုတ်တရက် ပဲ့တင်ထပ်လာသည်။
"မင်းတို့ နားတာ လုံလောက်ပြီ... နောက်တစ်ပိုင်း လေ့ကျင့်ဖို့ ပြင်ကြတော့"
ထိုအသံကို ကြားသည်နှင့် လူတိုင်းမှာ ချက်ချင်း ခုန်ထလိုက်ကြပြီး လေ့ကျင့်ရေးကွင်းပြင်ဆီသို့ အပြေးအလွှား သွားကြတော့သည်။
မာဖန်၏ ရုပ်သွင်မှာ လေထဲတွင် တဖြည်းဖြည်း ပေါ်ထွက်လာပြီး အဝေးဆီသို့ ငေးမောကြည့်နေမိသည်။ သူ စိတ်ထဲတွင် ညည်းတွားလိုက်မိတော့သည်။
"ဒါ တကယ်ကို ဒုက္ခများတာပဲ... ငါတော့ အရမ်းမိုက်တဲ့ တိုက်ပွဲကြီးတစ်ခုကို လွဲသွားပြီ"
***