ယဲ့လင်း၏ အဓိကတာဝန်မှာ ထောက်ပံ့ရေးအရာရှိဖြစ်သော်လည်း မိုစစ်တပ်အတွင်းရှိ မည်သူမဆို တိုက်ပွဲဝင် ဗီဇကို ပိုင်ဆိုင်ထားကြရသည်။
မိုတို့၏ လောကတွင် ခွန်အားသည်သာ အရာရာဖြစ်ပြီး အဆင့်အတန်း ချမ်းသာကြွယ်ဝမှုနှင့် မျိုးနွယ်စု၏ မျှော်လင့်ချက်များအားလုံးကို သွေးထွက်သံယို တိုက်ပွဲများမှတစ်ဆင့်သာ ရယူနိုင်ကြသည်။
ယဲ့လင်းသည် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခြင်းနှင့် ဝေးကွာနေခဲ့သော်လည်း သူ၏ သွေးကြောထဲတွင် စီးဆင်းနေသော တိုက်ပွဲဝင် ဗီဇမှာ ပျောက်ကွယ်သွားခြင်းမရှိချေ။
တိုက်ပွဲအစီအရင်၏ အလယ်ဗဟိုမှနေ၍ ကွပ်ကဲနေသော ယဲ့လင်း၏ ပုံစံသည် ဇိုမိုနှင့် အလွန်ပင် ကွဲပြားနေသည်။
မိုတို့၏ ရိုးရာတိုက်ခိုက်ရေး ဗိုလ်ချုပ်များသည် များသောအားဖြင့် တိုက်ပွဲအစီအရင်၏ ရှေ့ဆုံးမှနေ၍ ဓားသွားအလား ဦးဆောင်လေ့ရှိကြသည်။ ထိုသို့ပြုလုပ်ခြင်းက တပ်ဖွဲ့တစ်ခုလုံး၏ စွမ်းအားကို အရှေ့သို့ စုစည်းနိုင်စေပြီး အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ဖြစ်ပေါ်စေသည်။ သို့သော် ဇိုမိုမှာမူ အစီအရင်၏ ဗဟိုချက်တွင်သာ တည်ရှိနေသည်။
ဇိုမို၏ နေရာယူပုံသည် မိုတို့ထက် ကျင့်ကြံသူများ၏ ပုံစံနှင့် ပို၍ ဆင်တူနေသည်။ ဤအချက်က ယဲ့လင်းအား အံ့အားသင့်စေသကဲ့သို့ ယုတ္တိမရှိဟုလည်း ထင်မိစေသည်။
"ဒီနေရာမှာ တကယ်တမ်း ဘယ်သူက အစစ်အမှန် မိုတွေလဲ..."
ထိုအချက်က သူ့စိတ်ထဲတွင် ခဏတာ ဖြတ်ပြေးသွားသော်လည်း သူ အလျင်အမြန်ပင် အာရုံပြန်စုစည်းလိုက်သည်။
ပတ်ဝန်းကျင်ရှိ စွမ်းအားကြိုးမျှင်များမှာ သူ့ထံသို့ တုံ့ပြန်စီးဝင်လာပြီး သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ယခင်ကထက် ပိုမိုရှင်းလင်းလာသည်။ ထိုကြီးမားသော ခွန်အား စီးဆင်းမှုကို ခံစားလိုက်ရသည့်အခါ ယဲ့လင်း၏ မျက်ဝန်းများမှာ မှိုင်းညို့သော အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်။
နှစ်ပေါင်းများစွာ အေးခဲနေခဲ့သော သူ၏ တိုက်ပွဲဝင်လိုစိတ်များမှာ မီးတောက်တစ်ခုအလား ပြန်လည်နိုးထလာသည်။ သူသည် အတိတ်က ငယ်ရွယ်စဉ်ကာလများတွင် ခံစားခဲ့ရဖူးသော စိတ်လှုပ်ရှားမှုများကို ပြန်လည်ရရှိလိုက်သည်။ သူ့အဖို့ ဤတိုက်ပွဲသည် တာဝန်တစ်ခုထက် ကျော်လွန်၍ သူ၏ တိုက်ပွဲဝင်ဗီဇကို စမ်းသပ်မည့် အခွင့်အရေးတစ်ခု ဖြစ်လာတော့သည်။
ယဲ့လင်း၏ ပုံရိပ်သည် မြူခိုးလုံးကြီးတစ်ခုအလား လေထဲတွင် ဝိုးတိုးဝါးတား ဖြစ်သွားပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သူ့ လက်အောက်ရှိ မိုစစ်သည်များ၏ မျက်ဝန်းများမှာ လတ်ဆတ်သော သွေးစက်များဖြင့် ဆိုးထားသကဲ့သို့ နီရဲတောက်လောင်လာကြသည်။ တိတ်ဆိတ်မှုကြားမှပင် သတ်ဖြတ်လိုသော အငွေ့အသက်များမှာ လေထုထဲသို့ ကြီးမားသော ဖိအားတစ်ခုအဖြစ် ရိုက်ခတ်လာသည်။
"မြူခိုးလက်ဝါး ပင်လယ်"
ဝေ့၏ မျက်နှာပေါ်ရှိ အမြဲ ပြုံးရွှင်နေတတ်သော အမူအရာမှာ ရုတ်တရက် အေးခဲသွားပြီး အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာသည်။
"အဲဒါ ဘာလဲ..."
ဇိုမိုမှာ ပေါ့ဆနေ၍ မဖြစ်တော့ကြောင်း ရိပ်မိလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်သူ့တပ်ဖွဲ့မှာ ဖောင်းကားကြီးမားလာပြီး ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်များကြောင့် ဇိုမို၏ ရင်ဘတ်ထဲတွင် ဖိစီးမှုတစ်ခုကို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ပုယောင်၏ အသံမှာ ဇိုမို၏ အသိစိတ်ပင်လယ်ထဲ၌ ပဲ့တင်ထပ်လာသည်။ သူ၏ လေသံထဲတွင် စိတ်လှုပ်ရှားမှုနှင့်အတူ သူတစ်ပါး ဒုက္ခရောက်သည်ကို သဘောကျနေသည့် အရိပ်အယောင်များ ပါဝင်နေသည်။
"အရမ်း စိတ်ဝင်စားဖို့ကောင်းတဲ့ မိုကျင့်စဉ်တစ်ခုပဲ။ အတိတ်တုန်းက ငါနဲ့ ဝေ့လေး ဒါမျိုး ကြုံဖူးတယ်။ အဲဒီအချိန်တွေကို ငါ တကယ် သတိရမိတာပဲ..."
ပုယောင်က အတိတ်ကို လွမ်းဆွတ်နေသည့်ပုံစံဖြင့် အသံရှည်ဆွဲ ပြောလိုက်သည်။ ဝေ့၏ အပြုံးမှာမူ ပိုမို အသက်မဲ့လာပြီး မျက်နှာအမူအရာမှာ တင်းမာသွားသည်။ ဇိုမို၏ ရင်ထဲတွင် နိမိတ်မကောင်းသည့် ခံစားချက်များမှာ ပိုမိုကြီးထွားလာသည်။
"အရမ်း အစွမ်းထက်လို့လား..."
ဇိုမိုက စိုးရိမ်တကြီး မေးလိုက်သည်။
ပုယောင်က နှုတ်ခမ်းထောင့်ကို ကွေးညွတ်ကာ ခေါင်းခါပြလိုက်သည်။
"အစွမ်းထက်တာတော့ မဟုတ်ဘူး... ဒါပေမဲ့ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတယ် ဟားဟား"
ပုယောင်၏ ဓားသွားများကဲ့သို့ ချွန်ထက်ပြီး ရူးသွပ်နေသည့် ရယ်သံကြီးမှာ ဇိုမို၏ အသိစိတ်ပင်လယ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
ဇိုမိုသည် သူတို့ ရင်ဆိုင်နေရသော ရန်သူမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ရိပ်မိလိုက်သည်။
...
အခြားတစ်ဖက်တွင်လည်း ရှီတုန်း၏ တပ်စခန်း၌ စိုးရိမ်ပူပန်မှုများ ရှိနေသည်။
"အရှင်ယဲ့လင်းရဲ့ အခြေအနေ ဘယ်လိုနေမလဲ မသိဘူး။ တစ်ဖက်ရန်သူက အရှင်ယဲ့လင်းကို ပစ်မှတ်ထားပြီး လောင်းကြေးထပ်တာဆိုတော့ သူတို့လွှတ်လိုက်တဲ့ တပ်ဖွဲ့က သေချာပေါက် အားကောင်းမှာပဲ..."
ဒုတိယတပ်မှူး၏ စိုးရိမ်တကြီး ညည်းညူသံမှာ ရှီတုန်း၏ သည်းခံနိုင်စွမ်းကို ကုန်ဆုံးသွားစေသည်။
"ယဲ့လင်းအတွက် မင်း စိုးရိမ်ပေးစရာ မလိုဘူး"
ရှီတုန်းက စိတ်မရှည်စွာဖြင့် ဖြတ်ပြောလိုက်သည်။
"ဒါပေမဲ့..."
ဒုတိယတပ်မှူး၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသော စိုးရိမ်မှုများကို ကြည့်ကာ ရှီတုန်း အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ သက်ပြင်းတစ်ချက်ချ၍ စကားစလိုက်သည်။
"ယဲ့လင်းကို အထင်မသေးနဲ့။ သူကျင့်ကြံထားတာက မြူခိုးလက်ဝါး ပင်လယ်ပဲ"
"အာ..."
ဒုတိယတပ်မှူးမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်ပင် ဟောင်းလောင်းပွင့်သွားသည်။ မြူခိုးလက်ဝါး ပင်လယ်ဟူသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းပြီး ရှားပါးသည့် ကျင့်စဉ်ဖြစ်ကြောင်း သူကောင်းကောင်းသိသည်။
ထောက်ပံ့ရေးအရာရှိတစ်ဦးသာ ဖြစ်သည့် ယဲ့လင်းသည် ဤမျှမြင့်မားသော ကျင့်စဉ်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူမျှ မတွေးထားခဲ့ကြပေ။
"နှမြောစရာပဲ... သူသာ မြူခိုးမိုခန္ဓာကိုပါ ပေါင်းစပ်ကျင့်ကြံထားနိုင်ရင် ပိုပြီးတော့တောင် အစွမ်းထက်ဦးမှာ..."
ရှီတုန်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထိုစကားအဆုံးတွင် ရှီတုန်း ရုတ်တရက် ခေါင်းမော့လိုက်သည်။
သူ၏ အပြာရောင် မျက်ဝန်းများမှာ စူးရဲသွားပြီး လက်သည် ခါးတွင် ချိတ်ထားသော ကင်းမြီးကောက်ဓားဆီသို့ အလိုအလျောက် ရောက်သွားသည်။
ကောင်းကင်ယံမှ အောက်သို့ ငုံ့ကြည့်လိုက်ပါက မိုစစ်တပ်ကြီးတစ်ခုလုံးမှာ မည်သည့်အမိန့်ပေးချက်မျှ မပါဘဲ စက်ယန္တရားတစ်ခုကဲ့သို့ ရုတ်တရက် ရပ်တန့်သွားသည်ကို တွေ့မြင်ရပေမည်။ စည်းချက်ညီစွာ အမှားအယွင်းမရှိ ပြင်ဆင်လိုက်သည့် ထိုတပ်ဖွဲ့၏ ရှေ့တွင် ဇိုမိုတို့အဖွဲ့ တိတ်ဆိတ်စွာ ပေါ်လွင်လာသည်။
ရှီတုန်းသည် ကင်းမြီးကောက်ဓား၏ လက်ကိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
သူ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်သွားပြီး ကျောကို မတ်မတ်ထားလျက် ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည်။ သူ၏ ခြေလှမ်းတိုင်းနှင့်အတူ ပတ်ဝန်းကျင်ရှိ လေထုမှာ တုန်ခါသွားပြီး သူ၏ အရှိန်အဝါမှာလည်း တောင်တန်းကြီးတစ်ခုအလား ကြီးမားလာသည်။
တပ်ဖွဲ့၏ အရှေ့ဆုံးသို့ ရောက်ရှိချိန်တွင် ဓားအိမ်မှ ဆွဲထုတ်လိုက်သော ဓားတစ်လက်ကဲ့သို့ သူ၏ အစွမ်းအစများကို လေထုထဲတွင် အပြည့်အဝ ထုတ်ဖော်ပြသလိုက်တော့သည်။ ကင်းမြီးကောက်ဓားကို ဆွဲထုတ်၍ ရှေ့သို့ ချိန်ရွယ်လိုက်သည့် အခိုက်အတန့်တွင် စစ်မြေပြင်တစ်ခုလုံးမှာ သေမင်းတမန်၏ အရှိန်အဝါများဖြင့် ဖုံးလွှမ်းသွားသည်။
အခြားတစ်ဖက်တွင်မူ ကုန်းစွန်းချာသည် ရှီတုန်း၏ ထိုလှုပ်ရှားမှုကို မြင်လိုက်ရသည့်အခါ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။ သူ၏ တည်ငြိမ်နေသော မျက်ဝန်းများမှာလည်း ရုတ်တရက် ဆူပွက်လာသည်။ ရှက်ရွံ့နေဟန်ရှိသည့် အပြုံးလေးထဲတွင် ဖုံးကွယ်မထားနိုင်သော ရူးသွပ်မှုများနှင့် အားကျချီးမွမ်းခြင်းများ ရောထွေးနေသည်။
ရန်သူ၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်ချိန်တွင် သူသည် ရှေ့ထွက်ကာ လိပ်ကျွန်းဆီသို့ တည့်မတ်စွာ ချီတက်လာသည်။ ဤရဲရင့်သော လုပ်ရပ်တစ်ခုတည်းကပင် သခင်မလေး၏ လေးစားမှုကို ရရှိရန် လုံလောက်နေပြီဖြစ်သည်။
ကြက်သွေးရောင်ငှက်တပ်ဖွဲ့၏ အမြန်နှုန်းကို သတိပြုမိသွားသည့်အခါ ရန်သူသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ဘဲ အစွမ်းကုန် အရှိန်တင်ကာ တိုက်ခိုက်လာသည်။ အဆင်အခြင်မဲ့သည်ဟု ထင်ရသော်လည်း ဤလုပ်ရပ်သည် ကြက်သွေးရောင်ငှက်တပ်ဖွဲ့၏ ကိုယ်ပိုင်နယ်မြေ အားသာချက်ကို ချက်ချင်းပင် ပျက်ပြားသွားစေပြီး အစောပိုင်းတိုက်ပွဲသို့ အတင်းအကျပ် ဆွဲခေါ်လိုက်ခြင်းပင် ဖြစ်သည်။
"တော်တော်လေး ကောင်းတဲ့ ပြိုင်ဘက်ပဲ..."
ကုန်းစွန်းချာ၏ မျက်ဝန်းတို့တွင် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့ လွှမ်းခြုံလာသည်။ ထိုက်တန်သော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရခြင်း၏ စိတ်လှုပ်ရှားမှုကြောင့် သူ၏ လည်ပင်းကြောများပင် နီရဲလာသည်။ သူ၏ အာရုံခံကွန်ရက်သည် လေထုထဲသို့ ပျံ့နှံ့သွားသည်။
"စကြရအောင်"
မြူခိုးလက်ဝါးပင်လယ်…။
ယဲ့လင်း၏ တိုက်ခိုက်မှု စတင်လာပြီဖြစ်သည်။ ဇိုမိုတွင် မေးခွန်းထုတ်ရန် အချိန်မရှိတော့ပေ။
ဝှစ်…
မိုစစ်တပ်၏ အလယ်ဗဟိုတွင် မြူခိုးလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာပြီး အလျင်အမြန်ပင် ကြီးထွားလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် လေထုကို ဖုံးလွှမ်းသွားကာ ထောင်ပေါင်းများစွာသော စစ်သည်တို့ကို မျိုချသွားသည်။ မီးခိုးရောင် မြူခိုးများအတွင်း၌ ဧရာမ သားရဲကြီးတစ်ကောင် လှုပ်ရှားနေသကဲ့သို့ မငြိမ်မသက် ဖြစ်နေသည်။
ဇိုမို၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်ဖြင့် တောက်ပနေသည်။
ပုယောင်နှင့် ဝေ့တို့၏ တုံ့ပြန်မှုက ရန်သူသည် အလွန်အစွမ်းထက်ကြောင်း သက်သေပြနေသည်။ သို့သော် တိုက်ပွဲ စတင်သည်နှင့် ဇိုမို၏ စိတ်ထဲတွင် မည်သည့် ကြောက်ရွံ့မှု တုံ့ဆိုင်းမှုမျှ မရှိတော့ပေ။
မဟာနေမင်း မိုခန္ဓာ၏ စွမ်းအားများက သူ့ကိုယ်ခန္ဓာအတွင်း တရွရွ လှည့်ပတ်နေသည်။ ရှန်စွမ်းအားကို ကျင့်ကြံပြီးနောက်ပိုင်း စွမ်းအားသုံးရပ်ဖြစ်သည့် လင်းစွမ်းအင် အသိစိတ် ရှန်စွမ်းအား တို့၏ ချိတ်ဆက်မှုမှာ ပိုမိုနီးကပ်လာခဲ့သည်။ တစ်ခုကို လှုပ်ရှားလိုက်ရုံဖြင့် ကျန်စွမ်းအားများမှာလည်း အလိုအလျောက် နိုးကြားတက်ကြွလာသည်။
သို့သော် ဇိုမို၏ အာရုံစိုက်မှုမှာ သူ့ကိုယ်ပိုင် ခန္ဓာကိုယ်ပေါ်တွင် မဟုတ်ပေ။ သူ့အနောက်တွင် ရှိနေသော ဒုက္ခခံအစောင့်တပ်သား တစ်ဦးချင်းစီအပေါ်တွင်သာ အာရုံစိုက်ထားသည်။
သူ့အနောက်တွင် ဖယောင်းတိုင်မီးလျှံ နှစ်ထောင် ရှိနေသကဲ့သို့ပင်။
မီးလျှံတစ်ခုစီတိုင်းသည် ကြယ်တစ်ပွင့်စီနှင့် တူညီပြီး သူ၏ နှလုံးခုန်သံ စည်းချက်အတိုင်း တုန်ခါနေကြသည်။ ထိုအထဲတွင် ရှုလုံနှင့် အာဝန်တို့၏ မီးလျှံမှာ အတောက်ပဆုံးဖြစ်သည်။ ဇိုမိုသည် တိုက်ပွဲ၏ အလှည့်အပြောင်းကို ဖန်တီးရန် စဉ်းစားခန်း ဝင်နေတော့သည်။
ဖယောင်းတိုင်မီးလျှံ နှစ်ထောင်သည် တစ်ပြိုင်နက်တည်း တုန်ခါနေသည်။
ထိုမီးလျှံများအကြားတွင် စွမ်းအားကြိုးမျှင်များ အစီအရီ ယှက်နွယ်လာပြီး သတ်ဖြတ်ခြင်း အနှစ်သာရများက တရိပ်ရိပ် တိုးပွားလာသည်။ ဇိုမိုသည် မိမိ၏ ကိုယ်ခန္ဓာမှာ မှောင်မည်းသော ဖျက်ဆီးခြင်း စွမ်းအားများ ပြည့်နှက်နေသည့် ဖောင်းကားနေသော ပူဖောင်းကြီးတစ်ခုနှင့် တူနေကြောင်း ခံစားလိုက်ရသည်။ ထိုစွမ်းအားများက သူ၏ စိတ်ကို စဉ်ဆက်မပြတ် ရိုက်ခတ်နေသည်။
"သတ်"
ဇိုမို၏ ဟိန်းဟောက်သံတွင် နာကျင်မှုနှင့်အတူ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ လွှမ်းခြုံနေသည်။ ထိုအသံနှင့်အတူ သူ၏ ညာလက်ဝါးအား မြူခိုးနက်လုံးကြီးဆီသို့ အားကုန်စိုက်ထုတ်၍ ရိုက်ချလိုက်သည်။
ဒုက္ခခံအစောင့်တပ်သားများမှာလည်း တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
သတ်ဖြတ်ခြင်း အနှစ်သာရများမှ ဖြစ်တည်လာသော မြူခိုးနက်များသည် သမုဒ္ဒရာထဲသို့ စီးဝင်သွားသည့် မြစ်ရေများပမာ ဇိုမို၏ လက်ဝါးဆီသို့ စုစည်းသွားကြသည်။
ဇိုမို၏ လက်ဝါးပေါ်ရှိ နေမင်းအမှတ်အသားမှာ ရုတ်တရက် နိုးကြားလာသည်။ ပုံမှန်ဆိုလျှင် မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင်ဖြစ်ရမည့်အမှတ်အသားသည် ယခုမူ ကြောက်မက်ဖွယ်ကောင်းသော အနီရင့်ရောင်သို့ ပြောင်းလဲသွားသည်။
နေမင်းလက်ဝါးကျမ်း…။
ဝှစ်...
ရှူး... ရှူး...
ကောင်းကင်တစ်ခွင်လုံးတွင် ဟိန်းဟောက်သံများ လွင့်ပျံသွားသည်။ ဇိုမို၏ လက်ထဲမှ ထွက်ခွာသွားသော အနီရင့်ရောင် နေမင်းအမှတ်အသားသည် လေထုနှင့် လင်းစွမ်းအင်များကို ဒေါသတကြီး ဆွဲယူလိုက်သည်။
လေထုတစ်ခုလုံးသည် သွေးရောင်ခြယ်သခံလိုက်ရသကဲ့သို့ နီရဲသွားပြီး အပူချိန်မှာလည်း ချက်ချင်းပင် ထိုးတက်သွားသည်။
"နေမင်းလက်ဝါးကျမ်း... မဟာနေမင်း မိုခန္ဓာ"
ယဲ့လင်း၏ မျက်နှာတွင် အလွန်အမင်း တုန်လှုပ်ခြင်းများ ပြည့်နှက်နေသည်။ သွေးစစ်သော မိုတစ်ယောက်ဖြစ်သည့် ယဲ့လင်းအတွက် မိုခန္ဓာပေါင်းစုံကို ရင်းနှီးပြီးသားဖြစ်သော်လည်း ယခုမြင်ကွင်းကမူ သူ၏ ခံယူချက်များကို ခြေဖျက်ပစ်လိုက်သည်။
နေမင်းလက်ဝါးကျမ်းသည် မဟာနေမင်း မိုခန္ဓာ၏ အသွင်ပြောင်းခြင်း ခြောက်ခုထဲမှ တစ်ခုဖြစ်ပြီး မိုခန္ဓာအဆင့်သတ်မှတ်ချက်တွင် အဆင့်နှစ်နေရာ၌ ရှိသော အမြင့်မြတ်ဆုံးသော စွမ်းအားတစ်ခုဖြစ်သည်။
မူလက သွေးကြောစင်ကြယ်သော မိုများသာ ကျင့်ကြံနိုင်သည့် ထိုကျင့်စဉ်ကို လူသားကျင့်ကြံသူတစ်ယောက်က ကျင့်ကြံနေသည်ကို မြင်လိုက်ရသောအခါ ယဲ့လင်းမှာ ရူးသွပ်လုနီးပါး ဖြစ်သွားသည်။
ဘုရားရေ... ကျင့်ကြံသူတွေက ဘယ်အချိန်ကတည်းက မိုခန္ဓာကို ကျင့်ကြံနိုင်သွားတာလဲ။ ဒါမှမဟုတ် အခုခေတ်မှာ ကျင့်ကြံသူတွေကြားထဲ မိုခန္ဓာကျင့်စဉ်က ခေတ်စားနေတာလား…။
ဒီနေရာမှာ တကယ်တမ်းက ဘယ်သူက အစစ်အမှန် မိုတွေလဲ...။
နေဦး... တစ်ဖက်ရန်သူကလည်း မိုသာ မဟုတ်ခဲ့ရင်...။
ယဲ့လင်း၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသော ဤရဲတင်းပြီး ရူးသွပ်လှသည့်အတွေးကြောင့် သူ ကိုယ်တိုင် အံ့အားသင့်သွားသည်။ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ သူ ရပ်တန့်သွားသည်။
မို... သူက မိုတစ်ယောက်ပဲ…။
တစ်ဖက်ရန်သူသည် အမှန်တကယ်ပင် မိုတစ်ယောက်ဖြစ်သည်။ မိုခန္ဓာကို ကျင့်ကြံနိုင်သူမှာ မိုများသာ ဖြစ်သည်။ ယဲ့လင်းသည် စစ်မျက်နှာပြင် ရှေ့တန်းမှ သတင်းအချက်အလက်များကို အမြဲ စောင့်ကြည့်နေသူဖြစ်ရာ မိုခန္ဓာကို ကျင့်ကြံသည့် ကျင့်ကြံသူတစ်ယောက်မှ မရှိခဲ့ဖူးကြောင်း သူကောင်းစွာ သိသည်။
ကျင့်ကြံသူများ၏ တရားကျင့်စဉ်များသည် မိုခန္ဓာနှင့် ဆင်တူယောင်ယောင် ဖြစ်နိုင်သော်လည်း ၎င်းတို့ကြားတွင် မွေးရာပါ ကွာခြားချက်များ အမြဲ ရှိနေမြဲဖြစ်သည်။
ဒါ... မဟာနေမင်း မိုခန္ဓာဆိုတာ ရာနှုန်းပြည့် သေချာတယ်။ ပြီးတော့ ဒီကျင့်စဉ်က တော်တော်မြင့်မားတဲ့ အဆင့်တစ်ခုအထိ ကျင့်ကြံပြီးသားပဲ…။
မဟာနေမင်း မိုခန္ဓာ၏ ကျင့်ကြံရခက်ခဲမှုမှာ စစ်သူကြီးအဆင့် မိုခန္ဓာများကြားတွင် အထင်ရှားဆုံးဖြစ်သည်။ ၎င်း၏ အသွင်ပြောင်းခြင်း ခြောက်ခုကို ကျင့်ကြံနိုင်ရန်ဆိုသည်မှာ အလွန်တရာမှပင် ခက်ခဲလှသည်။ ဤအနီရင့်ရောင် နေမင်းအမှတ်အသားသည် မည်သည့် တရားကျင့်စဉ်မှ မဟုတ်မှန်း ယဲ့လင်း အသေအချာ သိလိုက်ရသည်။
လေထုထဲတွင် ပျံ့လွင့်နေသော မီးခိုးနက် အမှုန်အမွှားလေးများပင်လျှင် အသန့်စင်ဆုံးသော မိုသတ်ဖြတ်ခြင်း အနှစ်သာရများဖြင့် ဖုံးလွှမ်းထားသည်။
သူ အမြင်မမှားပေ။ ယဲ့လင်းသည် သူ၏ အတွေးကြောင့်ပင် ကြောက်လန့်တုန်လှုပ်သွားသည်။
မိုတစ်ယောက်လား... ကျင့်ကြံသူတွေရဲ့ နယ်မြေထဲမှာ မျက်စိလည်လမ်းမှားနေတဲ့ မိုတစ်ယောက်လား…။
ကျင့်ကြံသူတို့၏ ကမ္ဘာထဲတွင် ပုန်းကွယ်နေသော အမြင့်ဆုံးသော သွေးကြောကို ပိုင်ဆိုင်ထားပြီး မိုစစ်တပ်တစ်ခုကို ဖန်တီးရန် ကြိုးစားနေသော မိုတစ်ယောက်။
ဤအမှန်တရားက ယဲ့လင်းအား တုန်လှုပ်ချောက်ချားသွားစေသည်။
“အို... ဘုရားရေ…”
***