လီယီတောင်း တိတ်ဆိတ်နေ၍ ကျန်းချိုင်တန်က ခပ်တိုးတိုး မေးလိုက်၏။
" အစ်ကိုယီတောင်း... ဘယ်လို လုပ်ကြမလဲ... အားလုံးက အစ်ကို့ရဲ့ တုံ့ပြန်မှုကို စောင့်နေကြတဲ့ ပုံပဲ... "
ဤအချိန်တွင် အင်တာနက် အသိုင်းအဝိုင်း တစ်ခုလုံးက လီယီတောင်း၏ တုံ့ပြန်မှုကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြလေသည်။
ဤဖြစ်ရပ်က အတော်လေး ဂယက်ရိုက်သွားပြီ ဖြစ်သဖြင့် လူတိုင်းက အသက်ရှူရန်ပင် မေ့ကာ စောင့်ကြည့်နေကြခြင်းလည်း ဖြစ်နိုင်ပေသည်။
ထို့ကြောင့် လူအများ၏ အာရုံစိုက်မှုကို လမ်းကြောင်းပြောင်းရန်နှင့် ဤအဖြစ်အပျက်ကို ဖုံးကွယ်ထားရန်မှာ မလွယ်ကူတော့ပေ။
ကျန်းချိုင်တန်၏ မေးခွန်းကြောင့် လီယီတောင်း ခဏမျှ တိတ်ဆိတ်သွား၏။
' ကြည့်ရတာ... ငါ ဝင်ပါဖို့ မလိုလောက်ဘူး ထင်တယ်... '
ခဏမျှ စဉ်းစားပြီးနောက် ဖုန်းကို ထုတ်ကာ စာတစ်ကြောင်း တင်လိုက်လေသည်။
" ဓားသွားကို ခဏလောက် ဝဲပျံခွင့် ပေးထားလိုက်... "
သူ ဤစာကို တင်လိုက်သည်နှင့် တစ်ပြိုင်နက် ဆယ်မိနစ်ပင် မပြည့်သေးမီ comment ပေါင်း ၉၉၉ ကျော်သွားခဲ့လေပြီ။
" အစ်ကိုယီတောင်းရဲ့ စကားက ဘာအဓိပ္ပာယ်လဲ... ဓားသွားကို ခဏလောက် ဝဲပျံခွင့် ပေးထားလိုက် ဟုတ်လား... ဒါ တကယ့် ဓားကောက် အစစ်ကို ပြောတာလား... "
" ငါတော့ နည်းနည်း ဇဝေဇဝါ ဖြစ်နေပြီ... အစ်ကိုယီတောင်းက အမြဲတမ်း ထူးခြားတဲ့ နည်းလမ်းတွေ သုံးတာပဲ... "
" ဘာလို့ အဲဒီလောက် အချိန်ဆွဲနေရတာလဲ... သူတို့က တံခါးလာခေါက်ပြီး စိန်ခေါ်နေပြီလေ... ဘာလို့ သူတို့ကို ချက်ချင်း မရှင်းပစ်လိုက်တာလဲ... ဘာလို့ ဓားသွားကို ဝဲပျံခွင့် ပေးထားရမှာလဲ... "
" ဟုတ်တယ်... အစ်ကိုယီတောင်းက ဘာကို ဆိုလိုချင်တာလဲ... သူ့ဓား တုံးသွားလို့လား... "
" ဟားဟား... မင်းတို့က အစ်ကိုယီတောင်းရဲ့ အတွေးတွေကို နားမလည်ပါဘူး... သူက ' ဓားသွားကို ခဏလောက် ဝဲပျံခွင့် ပေးထားလိုက် ' လို့ ပြောတာက သေမင်းဓားသွား လွှဲချလိုက်ပြီ ဆိုတာကို အရိပ်အမြွက် ပေးနေတာလေ... အကျိုးသက်ရောက်မှုက အခုချက်ချင်း မပေါ်လာသေးလို့ပဲ ဖြစ်ရမယ်... "
" ဪ... အခုမှ သဘောပေါက်တော့တယ်... အစ်ကိုယီတောင်း စတင် လှုပ်ရှားနေပြီပေါ့... ငါတို့ စောင့်ကြည့်ရုံပဲ... "
" အတိအကျပဲ... ရလဒ်ကို ငါတို့ စောင့်ကြည့်ကြတာပေါ့... "
" အစ်ကိုယီတောင်း စလှုပ်ရှားပြီ ဆိုတော့ ငါ စိတ်အေးသွားပြီ... အဲဒီ အမှိုက်ကောင်တွေကို ရှင်းပစ်ပြီး ငါတို့ နိုင်ငံသားတွေကို ကယ်တင်ပေးပါ... "
" ဟုတ်တယ်... ငါတို့က သေမင်းကို မယုံကြည်ရင်တောင် အစ်ကိုယီတောင်း ကိုတော့ အမြဲတမ်း ယုံကြည်တယ်... အစ်ကိုယီတောင်းကမှ တကယ့် သေမင်းတမန် အစစ်ပဲ... "
" ငါတို့ အစ်ကိုယီတောင်းကို အမြဲတမ်း ယုံကြည်တယ်... "
" အစ်ကိုယီတောင်း... အစ်ကို့ကို အားကိုးပါတယ်နော်... "
ဆက်တိုက် တက်လာနေသော comment များကို ကြည့်ရင်း လီယီတောင်း တိတ်ဆိတ်နေလိုက်၏။
သို့သော် ဗီဒီယိုကို ကြည့်နေစဉ် ထိုလူများ အားလုံးက အရည်အသွေး အလွန်မြင့်မားသော ဖောက်သည်များ ဖြစ်နေသည်ကို သူ တွေ့ရှိခဲ့ရ၏။
သူတို့၏ သေဆုံးနိုင်ခြေက ၁၀၀ ရာခိုင်နှုန်း…။
သူတို့ သေဆုံးရမည့် အကြောင်းရင်း အတွက်တော့ လီယီတောင်း အနေဖြင့် သက်တမ်း တစ်နှစ်သာ ကုန်ဆုံးခံပြီး စုံစမ်းလိုက်ရာ... လက်စားချေမှုကြောင့် သေဆုံးရမည် ဖြစ်ကြောင်း သိလိုက်ရလေသည်။
ဤအဖွဲ့အစည်းက အတော်လေး ကံဆိုးသည် သို့မဟုတ် အလုပ်လုပ်ရာတွင် အရည်အချင်း မရှိဟုပင် ဆိုရပေမည်။
သူတို့ စုဆောင်းလာသော ဝန်ထမ်းများထဲတွင် ဘဝအတွေ့အကြုံ ယူနေသူ တစ်ယောက် ပါလာခဲ့ခြင်း ဖြစ်၏။ ထိုသူ၏ မိသားစု ပိုင်ဆိုင်မှု အတိအကျကို မသိရသော်လည်း ဖခင်ဖြစ်သူမှာ သြဇာအာဏာ ကြီးမားသူ တစ်ဦး ဖြစ်ကြောင်းကတော့ သံသယ ဝင်စရာ မလိုပေ။
ထို့ကြောင့် သူ့သား ပြန်ပေးဆွဲခံရကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ၏ အင်အား အားလုံးကို အသုံးပြုကာ အလျင်အမြန် ရှာဖွေလေသည်။
သို့သော် ထိုအဖွဲ့အစည်းက ဟန်ပြ သက်သက်သာ ဖြစ်နေခဲ့၏။
နောက်ကွယ်မှ တကယ့် တရားခံ အစစ်များကို ရှာဖွေရန်တော့ ပဟေဠိ တစ်ခု ဖြစ်နေဆဲပင်။
ဓားစာခံများ၏ အခြေအနေနှင့် ပတ်သက်၍လည်း မည်သည့် သဲလွန်စမျှ မရရှိခဲ့ကြပေ။
အကယ်၍ လီယီတောင်း၏ သေဆုံးမှု စုံစမ်းစစ်ဆေးခြင်း ရလဒ်များသာ တိကျမှန်ကန်ခဲ့မည် ဆိုပါက ဤကိစ္စမှာ စတင် အသက်ဝင်နေပြီ ဖြစ်ပြီး မနက်ဖြန် နံနက် သတင်းများတွင် သေချာပေါက် ပါလာမည် ဖြစ်၏။
ထို့ကြောင့် လီယီတောင်းက စောစောက " ဓားသွားကို ခဏလောက် ဝဲပျံခွင့် ပေးထားလိုက် " ဆိုသည့် စာကို တင်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော် တကယ်တမ်းတွင် ထိုကိစ္စက ဤမျှ ရိုးရှင်းလိမ့်မည် မဟုတ်ပေ။
ဤအဖွဲ့အစည်းကို ဖျက်ဆီးလိုက်ရုံဖြင့် ပြဿနာ ပြီးဆုံးသွားပြီဟု ယုံကြည်လောက်အောင် လီယီတောင်း မတုံးအပေ။
လက်ရှိတွင် ရန်သူက အမှောင်ထဲ၌ လှုပ်ရှားနေပြီး သူကတော့ အလင်းရောင်အောက်တွင် ရှိနေ၏။
ရန်သူက မည်သူ ဖြစ်သည်၊ သူတို့၏ ရည်ရွယ်ချက်က မည်သည်တို့ ဖြစ်သည်ကို သူ မသိသေးပေ။
ထို့ကြောင့် သူက တစ်လှမ်းချင်းစီသာ သွားနိုင်ပြီး အခြေအနေ အပြောင်းအလဲများအပေါ် မူတည်၍ တုံ့ပြန်ရန်သာ ရှိတော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။
လီယီတောင်းနှင့် ကျန်းချိုင်တန်တို့ နှစ်ယောက်လုံး အိပ်မောကျသွားကြလေပြီ။
သို့သော် အင်တာနက် တစ်ခွင်လုံးကတော့ ရပ်တန့်မသွားခဲ့ပေ။
မရေမတွက်နိုင်သော လူများက သေမင်းဓားသွား ခုတ်လွှဲချမည့် အချိန်ကို စောင့်ဆိုင်းနေကြလေသည်။ ကျန်းချောင်ယန်နှင့် လီဟွေ့တို့ပင် ဤကိစ္စကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြ၏။
နောက်တစ်နေ့ နံနက် ၅ နာရီခန့်တွင် တော့ရလဒ်များ ထွက်ပေါ်လာခဲ့လေသည်။
ပုံများနှင့်တကွ ဖော်ပြထားသော ကြေညာချက် တစ်ခုက အင်တာနက် တစ်ခွင် လုံးဝ ပျံ့နှံ့သွား၏။ ဤအရာ အားလုံးက လီယီတောင်း၏ သေဆုံးမှု စုံစမ်းစစ်ဆေးခြင်း ရလဒ်များနှင့် တစ်ထပ်တည်း ကျနေလေသည်။
ထို့ကြောင့် လီယီတောင်း၏ " ဓားသွားကို ခဏလောက် ဝဲပျံခွင့် ပေးထားလိုက် " ဆိုသည့် စာကြောင်းမှာ ထပ်မံ ခေတ်စားလာပြန်တော့သည်။
" အစ်ကိုယီတောင်းက တကယ့်ကို အစ်ကိုယီတောင်းပါပဲ... သူပြောတဲ့ စကားတွေက တကယ် မှန်တာပဲ... တကယ် မိုက်တယ်... "
" ဟားဟား... အစ်ကိုယီတောင်းရဲ့ သေမင်းတမန် ဆိုတဲ့ ဂုဏ်ပုဒ်က တကယ်ကို ထိုက်တန်တာပဲ... "
" ဒါပေမဲ့ နှမြောစရာ ကောင်းတာက... ဒီအဖွဲ့အစည်းက အတုကြီး ဖြစ်နေတာဟ... ငါတို့ နိုင်ငံသားတွေက အခုထိ ပျောက်ဆုံးနေတုန်းပဲ... "
" ဒီအဖွဲ့အစည်းရဲ့ ခေါင်းဆောင် သေသွားတဲ့ အချိန်မှာ နောင်တများ ရသွားမလား မသိဘူးနော်... ဟားဟား... သူတို့ နာမည် မကြီးသွားတဲ့ အပြင် အသက်ပါ ပေးလိုက်ရတယ်... "
" ဟုတ်တယ်... ဟုတ်တယ်... ဒါပေမဲ့ အဲဒီ လက်နက်ကိုင် အဖွဲ့ သုံးဖွဲ့က ဒီအဖွဲ့အစည်းကို ဘာလို့ ဝိုင်းတိုက်ကြတာလဲ... တစ်ယောက်ယောက် ရှင်းပြပေးလို့ ရမလား... "
" ဟားဟား... ဒီကိစ္စက ရှင်းပြနေစရာကို မလိုတာ... သူတို့က မထိသင့်တဲ့ လူကို သွားထိမိလို့ပေါ့... "
" မဟုတ်ဘူး... မဟုတ်ဘူး... မင်းတို့ မှားနေပြီ... မထိသင့်တဲ့ လူကို သွားထိမိတာ မဟုတ်ဘူး၊ မပြန်ပေးဆွဲသင့်တဲ့ လူကို သွားပြန်ပေးဆွဲမိတာ... "
" အိုး ဘုရားရေ... ဆိုလိုတာက ပြန်ပေးဆွဲခံရတဲ့ လူတွေထဲက တစ်ယောက်ယောက်က လူကြီး တစ်ယောက်ရဲ့ သား ဒါမှမဟုတ် သမီး ဖြစ်နေတာလား... "
" အပေါ်က လူက တကယ် ဉာဏ်ကောင်းတာပဲ... ဒါပေမဲ့ အဖြေမှန်ပေမဲ့ ဆုတော့ မရှိဘူးနော်... "
" ဘာမှ ဆက်ပြောစရာ မလိုတော့ဘူး... အစ်ကိုယီတောင်းက အမိုက်ဆုံးပဲ... "
မရေမတွက်နိုင်သော comment များ အင်တာနက်ပေါ်တွင် ပြည့်နှက်နေပြီး လီယီတောင်းကို ပိုမို နာမည်ကြီးလာစေတော့သည်။
သို့သော် လီယီတောင်းကတော့ အင်တာနက်ပေါ်က ဆွေးနွေးမှုများကို လုံးဝ မသိရှိခဲ့ပေ။
ကျန်းချိုင်တန်ကို သူ ဇဝေဇဝါဖြင့် စိုက်ကြည့်နေပြီး ကျန်းချိုင်တန် ကလည်း သူ့ကို ကြောင်တောင်တောင် ပြန်ကြည့်နေလေသည်။
နောက်တစ်နေ့…
ယနေ့ခေတ်တွင် မိုဘိုင်းငွေပေးချေမှုများ ခေတ်စားနေသော်လည်း သူတို့ ရောက်နေသည့် ဝေးလံခေါင်သီသော ကျေးရွာများတွင် ငွေသားက အလွန် အသုံးဝင်ဆဲ ဖြစ်၏။
ထို့ကြောင့် လီယီတောင်းက ပိုပိုလိုလို ယွမ် တစ်သောင်း ထုတ်လာခဲ့သည်။ သို့သော် သူတို့ အလွန် အံ့အားသင့်သွားရသည်မှာ နောက်နေ့ နံနက် နိုးလာချိန်တွင် ပိုက်ဆံအိတ် ပျောက်ဆုံးနေကြောင်း တွေ့လိုက်ရခြင်းပင်။
ကျန်းချိုင်တန် ခိုးသွားရန် အကြောင်း မရှိပေ။ သူ့မျက်နှာ အမူအရာကို ကြည့်ရုံဖြင့် လီယီတောင်း သိပေသည်။
တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ သူတို့ ခါးပိုက်နှိုက် ခံလိုက်ရခြင်း ဖြစ်၏။
ဒီခေတ်ကြီးထဲမှာ " ခါးပိုက်နှိုက် " လုပ်စားနေတဲ့ သူတွေ ရှိသေးတယ်လားဟ...။
သူတို့ ငတ်သေမှာ မကြောက်ကြဘူးလား...။
***