ကျန်းချိုင်တန် တံတွေး တစ်ချက် မျိုချလိုက်ပြီး စိုးရိမ်တကြီးဖြင့်...
" ကျွန်... ကျွန်တော် တောင်းပန်ပါတယ် အစ်ကိုယီတောင်း... ကျွန်တော် အိပ်ပျော်သွားလို့ သူခိုးပါတာကို သတိမထားမိလိုက်ဘူး... "
ကျန်းချိုင်တန် စကားကြောင့် လီယီတောင်း သက်ပြင်းချသွား၏။
" မင်း အိပ်ပျော်သွားတာကို ငါ့ကို ဘာလို့ လာတောင်းပန်နေရတာလဲ... ရထားပေါ် သူခိုးပါတာက မင်း အပြစ်မှ မဟုတ်တာ... ပြီးတော့ ငါ့ပိုက်ဆံအိတ်လေ... ငါပေါ့လို့ အခိုးခံရတာ... မင်း တောင်းပန်စရာ မလိုပါဘူး... "
လီယီတောင်း စကားကြောင့် ကျန်းချိုင်တန် အံ့အားသင့်သွားပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်... " ဒါပေမဲ့... " ဟု စိုးရိမ်တကြီး ပြောလိုက်လေသည်။
" ကဲပါ... တော်ပါတော့... ယွမ် တစ်သောင်းတည်းပါကွာ... အဲ့လောက်နဲ့တော့ ငါလည်း မွဲမသွားပါဘူး... "
" ရထားပေါ်က ဆင်းရင် ပိုက်ဆံ နည်းနည်း ထပ်ထုတ်ဖို့ ဘဏ်ကို ဝင်ကြတာပေါ့... "
လီယီတောင်း အရေးတယူသိပ်မလုပ်၍ ကျန်းချိုင်တန် ငြိမ်ကျသွားလေသည်။ သို့သော် သူ့မျက်လုံးများထဲတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည့် အရိပ်အယောင်များက အထင်းသား။
ယနေ့ခေတ်တွင် သူလို လူငယ်မျိုးက တကယ်ကို ရှားပါးလှသည်ဟု ဆိုရပေမည်။
သို့သော် သူ ထ၍ ရေချိုးခန်းသို့ သွားရန် ပြင်လိုက်ချိန်မှာပင် လီယီတောင်း၏ ကုတင်ခေါင်းရင်း နံရံပေါ်မှ အရာတစ်ခုကို ရုတ်တရက် သတိထားမိလိုက်၏။
အဲဒီမှာ သွေးရောင်ရဲရဲ သင်္ကေတ တစ်ခု ရှိနေတယ်... ဓားကောက်ပုံစံကြီး...။
သူ ဇဝေဇဝါဖြင့် စိုက်ကြည့်နေမိ၏။
သူ့အကြည့်ကို သတိထားမိသွားသော လီယီတောင်းကလည်း ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။
' ဟမ်… တစ်ယောက်ယောက်က သွေးနဲ့ ဓားကောက်ပုံစံ ဆွဲသွားတာလား... '
' ပြီးတော့ ငါ့ခေါင်းရင်းမှာ ဆွဲသွားတာ... '
လီယီတောင်း မျက်လုံးများ ချက်ချင်း ရေခဲတမျှ အေးစက်သွားတော့၏။
' တစ်ယောက်ယောက်က ငါ့ကို အနောက်မြောက်ပိုင်းကို မသွားစေချင်ဘူးပဲ... '
' ပိုဆိုးတာက သတ္တုတွင်း အလုပ်သမား အာမောက်ရဲ့ အမှုကို ငါ့ကို ဝင်မစုံစမ်းစေချင်တာ... '
' ကြည့်ရတာ... အခု ငါလုပ်နေတဲ့ အလုပ်တွေက အမှန်တရားနဲ့ ပိုနီးစပ်လာနေပြီ ထင်တယ်... '
' လူအများစု မသိတဲ့ ကမ္ဘာတစ်ခုဆီကို ငါ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီပဲ... '
" အစ်... အစ်ကိုယီတောင်း... ဒါက... "
ကျန်းချိုင်တန် တစ်ယောက် လုံးဝကို ဇဝေဇဝါ ဖြစ်နေလေပြီ။
လီယီတောင်းကတော့ ဤကိစ္စကို သိပ်ဂရုမစိုက်ရန် အချက်ပြသည့် အနေဖြင့် တည်ငြိမ်စွာ လက်ကာပြလိုက်၏။
" ရထားက ဘူတာကို ဆိုက်တော့မယ်... သွား မျက်နှာသစ်လိုက်ဦး... ပြီးရင် ဒါကို ဖျက်ဖို့ တဘက်စို တစ်ထည် ယူခဲ့... "
" ဟုတ်... ဟုတ်ကဲ့... "
လီယီတောင်း၏ တည်ငြိမ်နေသော အမူအရာကြောင့် ကျန်းချိုင်တန်လည်း ခိုင်းသည့်အတိုင်း သွားလုပ်လေသည်။
လီယီတောင်းကတော့ သွေးရောင် ဓားကောက် သင်္ကေတကို အေးစက်စက် မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
' မနေ့က ခါးပိုက်နှိုက်က ငါ့ပိုက်ဆံအိတ်ကို ယူသွားရုံတင် မကဘူး... ငါ့ကို သတိပေးတဲ့အနေနဲ့ ဒီဓားကောက်ပုံကိုပါ ဆွဲသွားတာပဲ... '
' ဒါ… သူတို့က အချိန်မရွေး ငါ့ကို သတ်နိုင်တယ်... သူတို့ ကိစ္စတွေကို ဝင်မပါနဲ့လို့ သတိပေးသွားတာပဲ... '
သူတို့ အဘယ်ကြောင့် လီယီတောင်းကို တစ်ခါတည်း အပြတ်ရှင်းမသွားရသည့် အကြောင်းရင်းကတော့ ရှင်းပေသည်။ လီယီတောင်း အတော်လေးနာမည်ကျော်ကြားနေပြီ ဖြစ်ပြီး သတ္တုတွင်း အလုပ်သမား အာမောက်၏ အမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေချိန် ဖြစ်၏။
အကယ်၍ ယခုအချိန်တွင် လီယီတောင်း တစ်ခုခု ဖြစ်သွားပါက အခြေအနေ ပိုမို ဆိုးရွားသွားပေလိမ့်မည်။ ၎င်းမှာ သူတို့အတွက် ကောင်းကျိုး မရှိပေ။
ထို့ပြင် လီယီတောင်းကို သတ်ဖြတ်ရန် သူတို့ မဝံ့ရဲကြပေ။
တကယ်လို့ ငါတို့ သတ်ဖို့လုပ်လိုက်ရင်… လီယီတောင်း မသေဘဲ… ငါတို့ အရင်သေသွားမှာ ဟုတ်ပေ့ ဖြစ်နေမယ်… သေမင်းရဲ့ အကာအကွယ် စွမ်းရည်ဆိုတာ နောက်စရာမှ မဟုတ်တာ...။
ငါးမိနစ် ကြာပြီးနောက်…
ကျန်းချိုင်တန်က ဓားကောက်ကို သေသေချာချာ ဖျက်ပစ်လိုက်၏။
ရထားဆိုက်ရန် နာရီဝက်ခန့်လိုသေးသည်။
ထို့ကြောင့် နှစ်ယောက်သား လီယီတောင်း ဝယ်လာသော ဝက်သားပေါင်းပူပူနွေးနွေးကို အတူတူ စားရင်း အချိန်ဖြုန်းနေလိုက်သည်။
လီယီတောင်းကတော့ စားရင်းနှင့် ဖုန်းကို ပွတ်နေ၏။
comment များ အရ သူ မြင်တွေ့သမျှမှာ သူ ခန့်မှန်းထားသည့် အတိုင်း သဝေမတိမ်းပင်။
သို့သော် သေဆုံးမှု စုံစမ်းစစ်ဆေးခြင်းမှတစ်ဆင့် အရာအားလုံးကို သူ ကြိုသိထားပြီး ဖြစ်၍ လက်ရှိ ရလဒ်များအတွက် အံ့သြမနေတော့ပေ။
သို့သော် ဖုန်းကို ပွတ်ကြည့်နေရင်း comment များ တမျိုးတမြည် ထူးဆန်းနေသည်ကို သူ သတိထားမိလိုက်သည်။
" အစ်ကိုယီတောင်း... အစ်ကိုယီတောင်း... တစ်ယောက်ယောက်က အစ်ကို့ကို စိန်ခေါ်နေတယ်... လခွမ်း... ငါတော့ သည်းမခံနိုင်တော့ဘူး... "
" ဖက်ခ်... အစ်ကိုယီတောင်း... မြန်မြန် လာကြည့်ပါဦး... သူ့ကိုယ်သူ ချယ်ရီပန်း သေမင်း လို့ ခေါ်တဲ့ကောင်က အစ်ကို့ကို လာစိန်ခေါ်နေတယ်... သူက အစ်ကို့ကို အဆုံးသတ်ပေးမယ်တဲ့... "
" အိုး ဘုရားရေ... အဲဒီ ငတုံးက လူသတ်တာကို Live လွှင့်နေတာဟ... "
" ဖက်ခ်... သူ တကယ်ကြီး လုပ်လိုက်တာပဲ... ခုနလေးတင် သူက လူတစ်ယောက်ကို Follow လုပ်ပြီး ဗိုက်ကို ကိုယ့်ဘာသာ ဓားနဲ့ ထိုးပြီး သေလိမ့်မယ်လို့ ပြောတာ... တစ်မိနစ်တောင် မကြာဘူး... တကယ်ကြီး ဖြစ်သွားတာ... "
" လခွမ်း... ချယ်ရီပန်း နိုင်ငံက လူတွေက ဒီလောက်တောင် ရက်စက်ကြတာလား... တကယ်ကြီး လုပ်ပစ်လိုက်တာလား... "
" တကယ့်ကို ရူးချင်စရာပဲ... ဒီကောင်က နောက်ထပ် သေဆုံးမှု တစ်ခုကို ထပ်ဟောကိန်း ထုတ်ပြန်ပြီ... သူ လူတစ်ယောက်ကို Follow လုပ်ပြီး ရုတ်တရက် နှလုံးရပ်ပြီး သေလိမ့်မယ်လို့ ပြောတာ... တကယ်ကြီး ဖြစ်သွားတယ်ဟ... "
" အစ်ကိုယီတောင်း... အစ်ကိုယီတောင်း... တစ်ယောက်ယောက်က အစ်ကို့ နေရာကို လုဖို့ ကြိုးစားနေတယ်... ဒီအတိုင်း လွှတ်ထားလို့ မရဘူးနော်... "
ဤ comment များကို ကြည့်ရင်း လီယီတောင်း မှင်သက်သွားလေသည်။
' ချယ်ရီပန်း သေမင်း ဟုတ်လား... '
' အဲဒါက ဘယ်လို နာမည်ကြီးလဲ... '
ယခုအချိန်အထိ လီယီတောင်းပင်လျှင် သူ၏ နာမည်ကို သေမင်းတမန် အစ်ကိုယီတောင်း ဟု တရားဝင် မပြောင်းရသေးပေ။
၎င်းမှာ လူများက သူ့ကို ခေါ်ဝေါ်သည့် နာမည် သက်သက်သာ ဖြစ်၏။
သူ့နာမည်က ရိုးရိုးရှင်းရှင်း ယီတောင်း နာရေးဝန်ဆောင်မှု ဟူ၍သာ…။
ဒါပေမဲ့ ဒီလူသစ်က သူ့ကိုယ်သူ ချယ်ရီပန်း သေမင်းလို့ နာမည်ပေးထားတာလားဟ…။
ပြီးတော့ အွန်လိုင်းမှာ လူနှစ်ယောက်ကိုတောင် သတ်ပြီးသွားပြီ ဟုတ်လား...။
၎င်းက လီယီတောင်း၏ စူးစမ်းလိုစိတ်ကို အကြီးအကျယ် ဆွပေးလိုက်လေသည်။ ထို့ကြောင့် သူ မတုံ့ဆိုင်းတော့ဘဲ ချယ်ရီပန်း သေမင်းကို ချက်ချင်း ရှာဖွေလိုက်၏။
ရှာဖွေမှု ရလဒ်များ၏ ထိပ်ဆုံးတွင် Follower သန်းနှင့်ချီ ရှိသော ဗီဒီယို တစ်ခု ရှိနေလေသည်။
အမျိုးသား တစ်ဦး ဗီဒီယိုထဲတွင် ပေါ်လာ၏။ ဗီဒီယို၏ နောက်ခံ ပတ်ဝန်းကျင်ကလည်း အတော်လေး ခမ်းနားသော အခန်းတစ်ခုထဲတွင် ဖြစ်ပုံရသည်။
သူ၏ ဝတ်စုံမှာ အဖြူရောင် နောက်ခံတွင် ပန်းရောင် ချယ်ရီပန်းများ ပါဝင်ပြီး သီးသန့် ချုပ်လုပ်ထားပုံ ရ၏။
သူ့ပုံစံက လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်တို့ တလွင့်လွင့်။
အခန်းထဲတွင် လင်းလက်နေသော ဖယောင်းတိုင်ဖြူ အများအပြား ရှိနေပြီး မျက်နှာကြက် မီးရောင်များကပင် အထူး ဒီဇိုင်းဆွဲထားပုံ ရလေသည်။
ထိုအမျိုးသား ကိုယ်တိုင်ကတော့ လေးနက်သော မျက်နှာထားဖြင့် တင်ပျဉ်ခွေ ထိုင်နေ၏။
ဤမြင်ကွင်းကို ကြည့်ရင်း လီယီတောင်း အံ့အားမသင့်ဘဲ မနေနိုင်တော့ပေ။
' ငါက အရမ်း ပေါ့ပေါ့ဆဆ နိုင်လွန်းနေတာများလား... '
ဒီဗီဒီယိုရဲ့ ပရော်ဖက်ရှင်နယ်ဆန်ချက်ကို ကြည့်ပါဦး... လုံးဝ အမှန်အကန်ကြီး သေချာရိုက်ထားတာ…. အခန်းဆိုလည်း ရှယ်…။
ငါ့ကျ ဖုန်းတစ်လုံးနဲ့ ပြောချင်တာ တက်ပြောနေတဲ့ကောင်…။
လီယီတောင်း ထိုဗီဒီယိုကို အချိန်အကြာကြီး မကြည့်နေတော့ဘဲ အသုံးပြုသူ၏ ပင်မစာမျက်နှာသို့ တိုက်ရိုက် သွားလိုက်၏။
လွှင့်နေဆဲ ဖြစ်သော Live ကို သူ သတိထားမိပြီး ဝင်ကြည့်ရန် ရွေးချယ်လိုက်လေသည်။
[ " ယီတောင်း နာရေးဝန်ဆောင်မှု " မှ Live ထဲသို့ ဝင်ရောက်လာပါသည်။ ]
၎င်းမှာ ပလက်ဖောင်းက လီယီတောင်းကို သီးသန့် ပေးထားသော ပရိုမိုးရှင်း နည်းလမ်း တစ်ခု ဖြစ်၏။
သူ Live တစ်ခုထဲသို့ ဝင်သွားတိုင်း ဤမက်ဆေ့ချ်က ပေါ်လာပေလိမ့်မည်။
လီယီတောင်း ဝင်လာသည်နှင့် တစ်ပြိုင်နက် စည်ကားနေပြီးသား ဖြစ်သော Live မှာ တစ်ဖန် ပွဲဆူသွားပြန်လေသည်။
" အစ်ကိုယီတောင်း ရောက်လာပြီဟေ့... ယေး... နောက်ဆုံးတော့ အစ်ကိုယီတောင်း ရောက်လာပြီ... "
" ငါတော့ သည်းမခံနိုင်တော့ဘူး... ဒီအကြွားသန်ကောင် အစ်ကိုယီတောင်းနဲ့ တွေ့ဖို့ လိုနေပြီ... "
"သိပ်မှန်တာပေါ့... ချယ်ရီပန်း နိုင်ငံက ကောင်က ဘာလို့ ငါတို့ နိုင်ငံကို လာပြီး ဒီလို လာလုပ်နေရတာလဲ... "
" အစ်ကိုယီတောင်း ရောက်နေပြီ... သူ ဘယ်လို တုံ့ပြန်မလဲ ကြည့်ရအောင်... ဒီကောင် ခုနကတော့ ကြွားနေတာပဲ... "
" ဟုတ်တယ်... အစ်ကိုယီတောင်းရဲ့ လက်စွမ်းကို ကြည့်ပြီး တကယ့် သေမင်းတမန် အစစ် ဆိုတာ ဘယ်သူလဲ ပြပေးလိုက်... "
" ငါလည်း ဒီကောင့်ကို ကြည့်မရဘူး... ဒါပေမဲ့ ခုနက သူ လူနှစ်ယောက်ကို တကယ် သတ်သွားတာနော်... အစ်ကိုယီတောင်း အတွက် အန္တရာယ် ရှိနိုင်မလား... "
" မင်း ဘာတွေ ပြောနေတာလဲ... အစ်ကိုယီတောင်းက အန္တရာယ် ရှိမယ် ဟုတ်လား... ဟားဟား... သောက်ရမ်းမိုက်တဲ့ ဟာသပဲကွာ... "
" ဟေ့ကောင်တွေ... အစ်ကိုယီတောင်း ကမှ တကယ့် သေမင်းတမန် အစစ်ကွ... အဲဒီကောင်ကတော့လေ... အဲဒီ သေဆုံးမှု နှစ်ခုက အစစ်ဟုတ်ရဲ့လား ဆိုတာတောင် ငါ သံသယ ရှိတယ်... "
" ဟားဟား... အပေါ်ကကောင် ပြောတာ ထိမိနေရော... အပိုတွေ ပြောရင် လေကုန်တယ်... အစ်ကိုယီတောင်း ရဲ့ စွမ်းရည်ကိုပဲ ကြည့်ကြတာပေါ့... "
" @ယီတောင်း နာရေးဝန်ဆောင်မှု... အစ်ကိုယီတောင်း... စလှုပ်ရှားပါတော့... တကယ့် သေမင်းတမန် အစစ် ဆိုတာ ဘာလဲ ဒီအမှိုက်ကောင်ကို ပြပေးလိုက်... "
" ဟုတ်တယ်... သူ့ကို ရှင်းပစ်လိုက်... "
" သူ့ကို ရှင်းပစ်လိုက်... "
Live ထဲ ရောက်နေသော လီယီတောင်းက မောက်မာသော ဟန်ပန် ရှိသည့် ထိုအမျိုးသားကို စောင့်ကြည့်နေလေသည်။
ထိုအမျိုးသားမှာ ချယ်ရီပန်း နိုင်ငံမှ ဖြစ်ကြောင်း သူ အတည်ပြုလိုက်၏။
အစကတော့ နာမည်ကြီးချင်၍ ဘောင်မဝင်တန်းမဝင် လျှောက်လုပ်သော Streamer တစ်ယောက် ဖြစ်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် ယခုတော့ သူ့ကို ဒဲ့လာစိန်ခေါ်နေပြီမို့ လက်ပိုက်ကြည့်နေ၍ မဖြစ်တော့ပေ။
" မင်းက ငါ့ကို ဒဲ့ဖြုတ်ချင်နေတယ်လို့ ကြားတယ်... ကဲ... အခု ငါ ဒီကို ရောက်နေပြီ... မင်း ဘယ်လို ဖြုတ်ချင်လဲ... "
***