လီယီတောင်း၏ စကားများကြောင့် Live ထဲရှိ ပရိသတ်များကို လုံးဝ ပွက်လောရိုက်သွားခဲ့လေသည်။
ချယ်ရီပန်း သေမင်း၏ Live ထဲတွင်လည်း အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်ကုန်၏။
" မိုက်တယ်... အစ်ကိုယီတောင်းက တကယ့်ကို အမိုက်စားပဲ... "
" မယုံနိုင်စရာပဲ... အစ်ကိုယီတောင်း... အဲဒီစကားက တအားမိုက်တယ်နော်... မတ်တပ်ရပ်ပြီး လက်ခုပ်တောင် တီးပေးချင်တယ်... "
" အစ်ကိုယီတောင်း... ကျွန်တော်တို့ အစ်ကို့ကို အားပေးတယ်... သူ့ကို ဖြုတ်ချလိုက်... "
" သိပ်ဟုတ်တယ်ဗျာ... အစ်ကိုယီတောင်းက ပြောနေပြီနော်... @ချယ်ရီပန်း သေမင်း... အစ်ကိုယီတောင်းဘက်က ပြန်ဖြေနေပြီနော်… မင်း ဘယ်လိုလုပ်မလဲ ကြည့်ရသေးတာပေါ့... "
" ဒီကောင်က အမှိုက်ကောင်ပါကွာ... မင်းတို့ ချယ်ရီပန်း နိုင်ငံမှာပဲ သွားပြီး အထာကျပြနေလိုက်... ငါတို့ နိုင်ငံကို ဘာလာလုပ်တာလဲ... "
" ငါတို့က သေမင်း ဆိုလို့ အစ်ကိုယီတောင်း တစ်ယောက်တည်းကိုပဲ အသိအမှတ်ပြုတယ်... မင်းက အမှိုက်ပဲ... "
" ဟုတ်တယ်... အမှိုက်ကောင်... "
လီယီတောင်း စကားများက ပရိသတ်များ၏ မျိုသိပ်ထားရသော ဒေါသများကို ပေါက်ကွဲထွက်သွားစေရန် ထွက်ပေါက် တစ်ခု ဖွင့်ပေးလိုက်သလိုပင်။
Live ထဲတွင် ရှိနေသော ချယ်ရီပန်း သေမင်း ဆိုသူ မျက်နှာထားမှာ လုံးဝ ညိုမည်းသွားလေသည်။
သို့သော် မည်သို့ပင်ဖြစ်စေ သူ၏ ဒေါသကို သူ ထိန်းချုပ်ထားနိုင်ပုံ ရ၏။
ပရိသတ်များနှင့် သူ အချေအတင် စကားမများသလို လီယီတောင်း၏ စိန်ခေါ်မှုကိုလည်း သူ မတုံ့ပြန်ပေ။
ထိုအစား... သူ၏ ဖုန်းမှနေ၍ " ယီတောင်း နာရေးဝန်ဆောင်မှု " ဟု သူ ရိုက်ထည့် ရှာဖွေလိုက်၏။
ရှာဖွေမှု ရလဒ်များ ပေါ်လာသောအခါ လီယီတောင်း၏ ပင်မစာမျက်နှာနှင့် သူ ယခင်က တင်ထားခဲ့သော ဗီဒီယို အချို့ကို သူ တွေ့လိုက်ရသည်။
ချယ်ရီပန်း သေမင်းက ထိပ်ဆုံးမှ ဗီဒီယိုကို နှိပ်လိုက်လေသည်။
လူတိုင်း ဇဝေဇဝါ ဖြစ်နေချိန်မှာပင် ထိုဗီဒီယိုကို သူ Like ပေးလိုက်ပြီး comment တစ်ခု ချန်ထားခဲ့၏။
" ယင်နဲ့ယန် သခင်... မင်းကို သေမင်းရဲ့ ရင်ခွင်ထဲ ပြန်ခေါ်သွားပေးမယ်... ဒီဘဝမှာ... ကံစပ်တဲ့ သူတွေကိုပဲ ငါ လိုက်ပို့ပေးမယ်... "
သူ၏ ဤလုပ်ရပ်ကြောင့် Live ထဲရှိ လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြရလေသည်။
အစကတည်းက ကြည့်နေသော ပရိသတ် အနည်းငယ်ကသာ ၎င်း၏ အဓိပ္ပာယ်ကို နားလည်ကြ၏။
ဒါက... အစ်ကိုယီတောင်း သေရမယ်လို့ ကြိုဟောလိုက်တာပဲ...။
ပြီးတော့... သူ လုပ်သွားတဲ့ ပုံစံက အစ်ကိုယီတောင်း လုပ်လေ့ရှိတဲ့ ပုံစံနဲ့ တထေရာတည်းပဲ...။
ဒါက ပေါ်ပေါ်တင်တင် စိန်ခေါ်လိုက်တာပဲ...။
စောစောက လူနှစ်ယောက် သေဆုံးမည့် အကြောင်းကို သူ ကြိုဟောခဲ့သော်လည်း ဤသို့သော လုပ်ရပ်မျိုး မလုပ်ခဲ့ပေ။
သို့သော် ယခုတော့ လူတိုင်းရှေ့တွင်... အထူးသဖြင့် လီယီတောင်း၏ ရှေ့တွင်... သူ ဤသို့ လုပ်ပြလိုက်ခြင်း ဖြစ်၏။
ဒါက ရိုးရိုး စိန်ခေါ်ရုံတင် မကတော့ဘူး...။
" လခွမ်း... အစ်ကိုယီတောင်း သည်းခံနိုင်မလားတော့ မသိဘူး... ငါကတော့ သည်းမခံနိုင်ဘူး... ချသာချ အစ်ကိုယီတောင်း... "
" ငါ ချယ်ရီပန်း နိုင်ငံကို သွားမယ့် လေယာဉ်ပေါ် ရောက်နေပြီ... အဲဒီ သေမင်း ဆိုတဲ့ ကောင့်ကို ငါ Follow မလုပ်ဘူး... ငါ ကိုယ်တိုင် သွားတွေ့မယ်... အစ်ကိုယီတောင်းရဲ့ အမာခံ ပရိသတ် တစ်ယောက် အနေနဲ့ ငါတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်ယူရမယ်... "
" @ယီတောင်း နာရေးဝန်ဆောင်မှု... အစ်ကိုယီတောင်း... ဒါကို မြင်လား... သူက အစ်ကို့ကို စိန်ခေါ်နေတာနော်... သည်းခံနေဦးမှာလား... "
" တကယ်ပြောတာ... ဒီအမှိုက်ကောင် ဘာလုပ်ချင်နေတာလဲ... အစ်ကိုယီတောင်းက သူ့ကို ပြန် Follow လာမှာကို မကြောက်ဘူးလား... "
" ဟက်... အစ်ကိုယီတောင်းသာ သူ့ကို Follow လိုက်ရင် သူ ဒီလောက် မောက်မာနိုင်တော့မှာ မဟုတ်ဘူး... "
comment များ Live ထဲတွင် ပွက်လောရိုက်နေသော်လည်း ချယ်ရီပန်း သေမင်း နှုတ်ခမ်းထောင့်တွင် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့်အလား အပြုံးဖျော့ဖျော့ တစ်ခု ပေါ်လာလေသည်။
လီယီတောင်းကတော့ ဤစိန်ခေါ်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားရ၏။
' ဒီလူက ငါ့ကို ရန်စချင်နေတာလား... '
' အာရုံစိုက်ခံချင်လို့လား... ဒါမှမဟုတ် သူ့ဆီမှာ တကယ်ပဲ အထူး စွမ်းရည် တစ်ခုခု ရှိနေလို့လား... '
" ဟားဟား... ဒါက တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ... "
လီယီတောင်းက နှုတ်ခမ်းလေး ကွေးရုံ ပြုံးကာ မှတ်ချက်ချလိုက်သည်။
သူ တကယ်ပင် စိတ်ဝင်စားသွားခြင်း ဖြစ်၏။
" ချယ်ရီပန်း သေမင်း... ငါ မင်းဆီမှာ ကြိုတင် ဘိုကင် လုပ်ရမလား... တကယ်လို့ လုပ်မယ် ဆိုရင် လျှော့ဈေးရော ရမလား... "
ချယ်ရီပန်း သေမင်းက ထိုတုံ့ပြန်မှုကို ဖတ်ပြီး တစ်ဖန် ပြုံးလိုက်ပြန်၏။
" ဘိုကင် လုပ်စရာ မလိုပါဘူး... မင်း လုပ်ရင်တောင် ငါ လာဖို့ အချိန်ရမှာ မဟုတ်ဘူး... "
" နောက်ငါးမိနစ်နေရင် မင်း အခု ရောက်နေတဲ့ နေရာမှာ ' အံ့သြစရာ ' တစ်ခု ဖြစ်လိမ့်မယ်... အဲဒီအချိန်ကျရင်... ငါ လာတာကို စောင့်နေနိုင်ဖို့ အချိန်တောင် မင်းဆီမှာ ရှိတော့မှာ မဟုတ်ဘူး... "
" ဟင်... "
‘ ငါးမိနစ် ဟုတ်လား... '
' အံ့သြစရာ ဟုတ်လား... '
' နောက်ငါးမိနစ် အတွင်း ငါ မတော်တဆမှု တစ်ခုခုနဲ့ ကြုံရမယ်လို့ သူ ပြောချင်တာလား... '
တကယ်လို့ ဒီလူက လေလုံးထွားနေတာ မဟုတ်ဘူး ဆိုရင် သူ့ဆီမှာ တကယ့် စွမ်းရည် တစ်ခုခုတော့ ရှိရမယ်...။
ဒါမှမဟုတ်... မတော်တဆမှု တစ်ခုခု ဖြစ်အောင် သူ ကိုယ်တိုင် ပြင်ဆင်ထားတာများလား...။
လီယီတောင်း နောက်ထပ် မက်ဆေ့ချ် တစ်ခု ရိုက်ထည့်လိုက်၏။
" ဒါဆို ငါ့ကို သတိပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ရမလား... "
ချယ်ရီပန်း သေမင်းက ခေါင်းခါလိုက်သည်။
" မင်း ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး... ဘာလို့လဲ ဆိုတော့ ဒါက သတိပေးတာ မဟုတ်ဘူး... အဖြစ်အပျက် အမှန်ကို ပြောပြနေတာပဲ... "
" မင်း ထွက်ပြေးဖို့ လမ်းမရှိတော့ဘူး... မင်း အခု ရောက်နေတဲ့ နေရာကနေ... ထွက်ပေါက် မရှိတော့ဘူး... "
စကားဆုံးသွားချိန်တွင် သူ့မျက်လုံးများထဲ၌ ထူးဆန်းပြီး ယုတ်မာသည့် အရိပ်အယောင်လေး တစ်ခု ခဏတာ ပေါ်လာသော်လည်း အလျင်အမြန် ဖုံးကွယ်လိုက်လေသည်။
သို့သော် လီယီတောင်းကတော့ ၎င်းကို သတိထားမိလိုက်၏။
ဒီစကားတွေက... နည်းနည်းတော့ ထူးဆန်းနေတယ်…။
တစ်ခုခုကို ဖုံးကွယ်ထားသလိုပဲ...။
တစ်ချိန်တည်းမှာပင် အစ်ကိုယီတောင်းနှင့် ချယ်ရီပန်း သေမင်းတို့၏ အပြန်အလှန် စကားပြောဆိုမှုများကြောင့် Live ထဲတွင် လုံးဝ ပေါက်ကွဲကုန်တော့၏။
" လခွမ်း... ဒီကောင်က အစ်ကိုယီတောင်း နောက်ငါးမိနစ်နေရင် သေမယ်လို့ ပြောနေတာလား... သက်သေ မရှိဘဲ လေလုံးထွားနေတာ... "
" တကယ်ပါပဲ အစ်ကိုယီတောင်း... သူက ခင်ဗျားကို လာ Follow နေတာကို ဘာလို့ သူ့ကို ပြန်မချေပသေးတာလဲ... "
" ဟုတ်တယ်... ခင်ဗျားရဲ့ သေမင်းဓားသွားရော... "
" တကယ်ပြောတာလား... အစ်ကိုယီတောင်း... ခင်ဗျား ဒါကို သည်းခံနေဦးမှာလား... သူနဲ့ အချိန်ဖြုန်းပြီး စကားပြောနေမယ့် အစား... သူ့ကို ' သတ် ' လိုက်တော့လေ... "
" အစ်ကိုယီတောင်း... ခင်ဗျားက ဒီအမှိုက်ကောင်ကို အခု ချက်ချင်း ' မသတ် ' နိုင်ဘူးလို့ ပြောချင်တာလား... "
" အပေါ်ကကောင်... မင်းပြောတာ နည်းနည်းတော့ အဓိပ္ပာယ် ရှိတယ်... မဟုတ်ရင် အစ်ကိုယီတောင်း ရဲ့ ဒေါသနဲ့ဆို ဒီကောင့်ကို Follow ပြီးလောက်ပြီ... "
" တကယ်ကြီးလား... ဘယ်လို လုပ်ကြမလဲ... ဒီအမှိုက်ကောင်က တကယ့် သေမင်းတမန် အစစ် ဖြစ်နေပြီး... အစ်ကိုယီတောင်းက အတုကြီး ဖြစ်နေတာလား... "
" ဟင့်အင်း... မဖြစ်နိုင်ဘူး... အစ်ကိုယီတောင်း... နောက်မဆုတ်နဲ့... ခင်ဗျား ဘယ်သူလဲ ဆိုတာ သူ့ကို ပြလိုက်စမ်းပါ... "
Live ထဲတွင် ဆဲဆိုသံများနှင့် အထင်သေးသည့် comment များ ပြည့်နှက်နေသော်လည်း ချယ်ရီပန်း သေမင်းကတော့ ယုံကြည်မှု အပြည့်ရှိသော မျက်နှာထားဖြင့် တိတ်ဆိတ်နေလေသည်။
လီယီတောင်းကလည်း ဘာစကားမျှ မဆိုတော့ဘဲ သေမင်း၏ စောစောက စကားများကိုသာ တွေးတောနေလိုက်၏။
' ငါးမိနစ် ဟုတ်လား... '
' အခု ရောက်နေတဲ့ နေရာကနေ ထွက်ပြေးလို့ မရဘူး ဟုတ်လား... '
လက်ရှိတွင် လီယီတောင်းနှင့် ကျန်းချိုင်တန်တို့က ရထားပေါ်တွင် ရောက်နေကြခြင်း ဖြစ်သည်။
' ရထားပေါ်ကနေ ထွက်ပြေးလို့ မရဘူး ဆိုတဲ့ အကြံအစည်က... '
' ငါ့ကို တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စေတာပဲ... '
' ဒီလူက ငါတို့ စီးနေတဲ့ ရထားကို ပစ်မှတ်ထားလောက်တဲ့အထိ ရက်စက်တာလား... '
လီယီတောင်း တစ်ကိုယ်လုံး ကြက်သီးများ ဖြန်းကနဲ ထသွားလေသည်။
' ငါ့ကို တိုက်ရိုက် အန္တရာယ် ပေးလို့ မရဘူး ဆိုတာကို သူ ရိပ်မိသွားလို့များလား... '
ဘာပဲဖြစ်ဖြစ်... လီယီတောင်းက တချို့လူတွေ အမြင်မှာ တော်တော်လေး လျှို့ဝှက်ဆန်းကြယ်တဲ့သူ တစ်ယောက် ဖြစ်နေပြီလေ...။
' အင်း… ငါ့ကို တိုက်ရိုက် အန္တရာယ် မပေးဘဲ တခြား နည်းလမ်း တစ်ခုခုကို သုံးပြီး သေမင်းရဲ့ အကာအကွယ် စွမ်းရည် ကနေတောင် ကာကွယ်လို့ မရနိုင်တဲ့ အန္တရာယ်မျိုး ဖန်တီးဖို့ ကြိုးစားလိမ့်မယ်... '
အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး လီယီတောင်း အချိန်ကို ကြည့်လိုက်သည်။
သုံးမိနစ်တောင် ကုန်သွားခဲ့ပြီ...။
ဒီကိစ္စသာ အမှန်ဖြစ်မယ် ဆိုရင် ငါတို့မှာ နှစ်မိနစ်ပဲ အချိန်ရတော့မယ်...။
ထိုအချိန်လေးမှာပင် လီယီတောင်း တစ်ယောက် အခြေအနေကို ထပ်မံ စုံစမ်းရန် အိပ်စင် တံခါးကို ဖွင့်လိုက်ချိန်၌...
မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပေါ်လာလေသည်။
ရုတ်တရက် ရထားတွဲ တစ်ခုလုံး အနည်းငယ် တုန်ခါသွားပြီး ရထား အရှိန် လျော့ကျသွားသည်ကို လီယီတောင်း ခံစားလိုက်ရ၏။
တစ်ခုခုတော့ မှားနေပြီ ဆိုသည်ကို သူ ချက်ချင်း သဘောပေါက်လိုက်သည်။
' ကြည့်ရတာ... အစီအစဉ် စလိုက်ပြီ ထင်တယ်... '
' ဒီလူတွေက တကယ်ပဲ ရထားပေါ်မှာ တစ်ခုခု လုပ်ဖို့ စီစဉ်ထားတာပဲ... '
***