ရထားတွဲ အရှိန်ကျသွားပြီးနောက် မကြာမီမှာပင် ပြင်းထန်စွာ စတင် လှုပ်ခါလာလေသည်။
ထိုမျှမကသေးဘဲ ရထားတွဲက လမ်းကြောင်းမှ သွေဖည်သွားသည်ကိုပါ သူတို့ ခံစားလိုက်ကြရ၏။
လီယီတောင်း ရင်ထဲ လေးလံသွားတော့သည်။
သူ အပြင်သို့ လှမ်းကြည့်လိုက်ရာ ရထားတွဲက အခြား သံလမ်းတစ်ခုပေါ်သို့ ကူးပြောင်းသွားကြောင်း သတိထားမိလိုက်၏။
ထို့ပြင် အဆင်းလမ်း ဖြစ်နေသောကြောင့် စောစောက လျော့ကျသွားသော အရှိန်မှာ တဖြည်းဖြည်း ပြန်လည် မြင့်တက်လာနေလေသည်။
ကျန်းချိုင်တန် ဇဝေဇဝါ ဖြစ်သွားပြီး လီယီတောင်းကို စိုးရိမ်တကြီး စိုက်ကြည့်နေ၏။
" အစ်ကိုယီတောင်း... ဘာတွေ ဖြစ်နေတာလဲ... ဒီရထားက... ဒီ... "
လီယီတောင်း ပြန်မဖြေပေ။ ထူးဆန်းသော အချက်တစ်ခုကို သူ သတိထားမိလိုက်၏။
ဘယ်အချိန် ကတည်းကမှန်း မသိ၊ သူတို့ ရထားတွဲထဲတွင် ခရီးသည် တစ်ယောက်မျှ မရှိတော့ပေ။
သူနှင့် ကျန်းချိုင်တန် နှစ်ယောက်တည်းသာ ရှိနေခြင်း ဖြစ်၏။
ထို့ပြင် သူတို့၏ ရထားတွဲမှာ ရထား၏ နောက်ဆုံးတွဲ ဖြစ်ကြောင်းကိုလည်း စောစောကတည်းက သူ သတိထားမိခဲ့သည်။
၎င်းမှာ သူတို့ သီးသန့် ပစ်မှတ်ထား ခံလိုက်ရကြောင်း ထင်ရှားလှပေသည်။
" ဟက်... အခု ဘယ်လိုနေလဲ... သေရမှာကို ကြောက်တဲ့စိတ် ခံစားနေရပြီ မဟုတ်လား... "
လီယီတောင်း ဖုန်းထဲရှိ Live မှတစ်ဆင့် ချယ်ရီပန်း သေမင်း၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်လေသည်။
သေမင်း၏ အသံတွင် အောင်နိုင်သူ၏ မာန်မာနများ ပြည့်နှက်နေလျက်။
" မရုန်းကန်နဲ့တော့... မင်း လွတ်မှာ မဟုတ်ဘူး... ရထား လမ်းချော်သွားရင် အခု ခုန်ချလည်း သေမှာပဲ... "
" ပြီးတော့... ငါ တွက်တာသာ မှန်မယ် ဆိုရင်... မင်း ခုန်ချစရာ နေရာတောင် ရှိမှာ မဟုတ်ဘူး... "
ဤတစ်ကြိမ်တွင်တော့ သူ ပြောသည်မှာ မှန်နေလေသည်။
အရှိန် ပိုပိုမြန်လာသည်နှင့်အမျှ သူတို့က ရှေ့ရှိ ကျိုးကျနေသော တံတားဆီသို့ ရထားက ခပ်ပြင်းပြင်း ဦးတည်သွားနေလေသည်။
ဤလမ်းကြောင်းအတိုင်းသာ ဆက်သွားမည် ဆိုပါက သူတို့အတွက် သေရန်သာ ရှိတော့၏။
လီယီတောင်း သက်ပြင်းတစ်ချက် မချဘဲ မနေနိုင်တော့ပေ။
အန္တရာယ်များက နေရာတိုင်းတွင် ရှိနေပုံ ရသည်။
သူ့ကို အဖွဲ့အစည်း မည်မျှက အာရုံစိုက်နေကြမှန်းကိုပင် သူ မသိပေ။ မည်သို့ပင်ဖြစ်စေ ရန်သူများ ဝိုင်းရံနေသည်ဟု သူ ခံစားနေရ၏။
" အစ်... အစ်ကိုယီတောင်း... ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ... "
ကျန်းချိုင်တန် တစ်ယောက် လုံးဝ ကြောက်လန့်နေလေပြီ။
ကြုံတွေ့နေရသည့် အလွန် ဆိုးရွားသော အခြေအနေကို သူလည်း သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။
လီယီတောင်းက သူ့ကို နှစ်သိမ့်လိုက်သည်။
" မပြာနဲ့... ပြတင်းပေါက်ကို ခွဲပြီး ခုန်ချဖို့ နည်းလမ်း ရှာရမယ်... "
အခု အချိန်မှာ တစ်ခုတည်းသော နည်းလမ်းက ပြတင်းပေါက်ကို ရိုက်ခွဲဖို့ပဲ...။
မဟုတ်ရင် တခြား နည်းလမ်း လုံးဝ မရှိတော့ဘူး…။
ကျန်းချိုင်တန် မတုံ့ဆိုင်းတော့ဘဲ အနီးနားရှိ မီးသတ်ဗူးကို ခပ်သွက်သွက် ဆွဲယူကာ ပြတင်းပေါက်ကို ရိုက်ခွဲရန် ကြိုးစားတော့သည်။
သို့သော် မီးသတ်ဗူးဖြင့် ပြတင်းပေါက်ကို ပထမဆုံး အကြိမ် ရိုက်ချလိုက်ချိန်တွင် လီယီတောင်း ရင်ထဲ လေးလံသွားတော့၏။
ပြတင်းပေါက်မှာ အနည်းငယ်မျှပင် ပျက်စီးသွားသည့် အရိပ်အယောင် မပြပေ။
ဒီနှုန်းနဲ့ ဆိုရင် ငါးမိနစ် အတွင်းမှာ ငါတို့ ခွဲနိုင်မှာ မဟုတ်ဘူး...။
ဒါပေမဲ့ ငါတို့မှာ ငါးမိနစ် အချိန်တောင် ကျန်သေးလို့လား...။
ချယ်ရီပန်း သေမင်း ပြောခဲ့သည့် တစ်မိနစ် ဆိုသည်မှာ ချဲ့ကား ပြောဆိုခြင်း ဖြစ်သော်လည်း သူတို့တွင် အလွန်ဆုံး သုံးမိနစ်ခန့်သာ အချိန်ကျန်တော့၏။
သူတို့ သေချာပေါက် ပြုတ်ကျတော့မည်။
ရထား ပြတင်းပေါက် မကွဲသွားသည်ကို မြင်၍ ကျန်းချိုင်တန် ခဏတာ မှင်သက်သွားလေသည်။
သို့သော် သူက မီးသတ်ဗူးကို ရူးသွပ်နေသည့်အလား လွှဲယမ်းကာ ပြတင်းပေါက်ကို တရစပ် ရိုက်ချနေတော့၏။
လီယီတောင်း ဝင်မကူတော့ပေ။ တစ်ယောက် ရိုက်သည်ဖြစ်စေ၊ နှစ်ယောက် ရိုက်သည်ဖြစ်စေ သိပ်ကွာခြားမှု မရှိပေ။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။
မကြာမီမှာပင် နှစ်မိနစ် ကုန်ဆုံးသွားခဲ့လေပြီ။
ကျန်းချိုင်တန် အစွမ်းကုန် ကြိုးစားနေသော်လည်း ပြတင်းပေါက်တွင် အက်ကွဲကြောင်းလေး တစ်ခုသာ ဖြစ်ပေါ်လာလေသည်။
အပြည့်အဝ ပွင့်သွားအောင် ခွဲရန်မှာ မဖြစ်နိုင်ပေ။
အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး လီယီတောင်း သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်း ကြိုးစားလိုက်၏။
ဒီအချိန်မှာ ပြာယာခတ်နေလို့ ဘာမှ အကူအညီ ဖြစ်လာမှာ မဟုတ်ဘူး...။
သို့သော် သူ တည်ငြိမ်သွားသည့်တိုင် အထူး ဖြေရှင်းနည်းများ မရှိပုံ ရပေသည်။
အပြင်ဘက်က အင်အား တစ်ခုခု ဝင်မပါလာဘူး ဆိုရင်ပေါ့...။
ရထားကို ရပ်တန့်သွားစေနိုင်မယ့် အရာ တစ်ခုခု...။
ဒါမှမဟုတ်...
ကျွီ... ကျွီ... ကျွီ...
လီယီတောင်း အခြား ဖြစ်နိုင်ခြေ တစ်ခုကို စဉ်းစားနေချိန်မှာပင် ရထားတွဲက အရာတစ်ခုခုကို တိုက်မိသွားသည့်အလား စူးရှသော အသံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။
ထို့နောက် ရထားတွဲ တစ်ခုလုံး သိသိသာသာ စောင်းသွားတော့၏။
ဝုန်း...
ကျွီ...
ကျယ်လောင်သော ဆောင့်သံကြီး ထွက်ပေါ်လာပြီးနောက် ထိုတိုက်သည်တိုက် အသံများ ဆက်တိုက် ပေါ်ထွက်လာလေသည်။
ရထားတွဲ မမျှော်လင့်ဘဲ မှောက်သွားခြင်းပင်။
၎င်းကသာ ရထားကို ရပ်တန့်သွားစေနိုင်လေသည်။
လီယီတောင်း ပြန်ထလာချိန်တွင် ရထားတွဲက ရပ်တန့်နေပြီ ဖြစ်၏။
ကျန်းချိုင်တန်လည်း ဖြည်းဖြည်းချင်း တွားသွားပြီး ပြန်ထလာလေသည်။
သူက ကွဲလုနီးပါး ဖြစ်နေသော ပြတင်းပေါက်နှင့် အလွန် နီးကပ်နေခဲ့သဖြင့် ပွန်းပဲ့ ဒဏ်ရာ အနည်းငယ် ရရှိသွားခဲ့၏။
လီယီတောင်း သူ့အနားသို့ သွားကာ ထူပေးလိုက်သည်။
" မင်း အဆင်ပြေရဲ့လား... "
ကျန်းချိုင်တန် ခေါင်းညိတ်ပြလိုက်၏။
ရထား ရုတ်တရက် စောင်းသွားပြီး မှောက်သွားခြင်းကြောင့် ပြင်ပ တံခါးများ၏ သော့များ ပျက်စီးသွားပုံ ရလေသည်။
ထို့ကြောင့် ရထားတွဲ တံခါးမှာ ပွင့်နေပြီ ဖြစ်၏။
လီယီတောင်းနှင့် ကျန်းချိုင်တန်တို့ ပွင့်နေသော တံခါးမှတစ်ဆင့် အပြင်သို့ ထွက်လာခဲ့ကြသည်။ သို့သော် အပြင်သို့ ရောက်သောအခါ လီယီတောင်း ခဏတာ မှင်သက်သွားရလေသည်။
သူတို့က ရှေ့ရှိ ကျိုးကျနေသော တံတားနှင့် မီတာ တစ်ရာပင် မကွာတော့။
စောစောက ရထားတွဲ၏ အရှိန်အရ ဆိုလျှင် မျက်တောင် တစ်ခတ် အတွင်း သူတို့ ထိုနေရာသို့ ရောက်သွားမည် ဖြစ်၏။
အကယ်၍ ရထားသာ နောက်ဆုံး အချိန်လေးတွင် မှောက်မသွားခဲ့လျှင် သူတို့ အသက်ရှင်နိုင်ခြေက အလွန် နည်းပါးသွားပေလိမ့်မည်။
' ဒါတွေ အားလုံးက တိုက်ဆိုင်မှုပဲလား... '
လီယီတောင်း သေချာ မသိသော်လည်း သူ တစ်ခုတော့ သိလိုက်၏။ ဤအခြေအနေက ရိုးရှင်းသည်ထက် များစွာ ပိုနေလေသည်။
ချယ်ရီပန်း သေမင်း၏ Live ထဲတွင်…
" ဝိုး... ဒါ မယုံနိုင်စရာပဲ... မိနစ်အထိ အတိအကျ ကြိုဟောနိုင်တာလား... မင်း တကယ် ဘာကိုမှ မကြောက်တာပဲ... "
" အစ်ကိုယီတောင်း အခု ရထားပေါ်မှာ ဆိုတာ ငါ သိတယ်... ဒါပေမဲ့ ရထားမှာ ပြဿနာ တက်နိုင်တယ်လို့ မင်း ပြောချင်တာလား... ရယ်စရာတွေ လာမလုပ်နဲ့... "
" အတိအကျပဲ... အလုံခြုံဆုံး သယ်ယူပို့ဆောင်ရေး စနစ်ကို ရွေးရမယ် ဆိုရင် ငါက ရထားကိုပဲ ရွေးမှာ... ဘယ်သူက ရထားမှာ ပြဿနာ တက်နိုင်တယ်လို့ ပြောမှာလဲ... "
" ဒါနဲ့ အစ်ကိုယီတောင်းက ဘာလို့ ရထားပေါ် ရောက်နေတာလဲ... မင်းက ဘယ်လိုလုပ် သိတာလဲ... "
" ရထားပေါ် တက်တုန်းက ငါ သူ့ကို မြင်လိုက်တယ် ဆိုရင်ကော... မင်းတို့ ယုံမလား... "
" အိုး ဘုရားရေ... ကံကောင်းလိုက်တာ... မင်း ဘယ်ရထားပေါ်မှာလဲ... ငါလည်း ရထားပေါ်မှာပဲ... ငါတို့များ ဆုံနိုင်မလား မသိဘူး... "
" ငါ T390 ပေါ်မှာ... အနောက်မြောက်ပိုင်းကို သွားနေတာ... ရထားပေါ် တက်တုန်းက အစ်ကိုယီတောင်း ကို လူငယ် တစ်ယောက်နဲ့ အတူတူ အနောက်ဆုံး အိပ်စင်တွဲဆီ သွားတာ မြင်လိုက်တယ်... အစ်ကိုယီတောင်း တစ်ခုခု သွားလုပ်ဖို့များလား မသိဘူး... "
" အနောက်မြောက်ပိုင်း ဟုတ်လား... လူငယ် တစ်ယောက်... အဲဒီ လူငယ်က သတ္တုတွင်း အလုပ်သမား အာမောက်ရဲ့ မိသားစုများ ဖြစ်နေမလား... "
" ဝိုး... မင်း တကယ် တော်တာပဲ... အဓိပ္ပာယ် ရှိသွားပြီ... ဒါဆို အစ်ကိုယီတောင်းက သတ္တုတွင်း အလုပ်သမား အာမောက်ရဲ့ နာရေးကို သွားတာပေါ့... "
" ဖြစ်နိုင်တယ်... "
အားလုံး ဆွေးနွေးနေကြစဉ်မှာပင် စောစောက ရထားပေါ်တွင် ရှိနေသည်ဟု ပြောခဲ့သူက ရုတ်တရက် အာမေဍိတ် သင်္ကေတ အများအပြားကို တင်လိုက်လေသည်။
" ဖက်ခ်... တကယ်ကြီးဟ... အစ်ကိုယီတောင်း ရဲ့ ရထားတွဲ လမ်းချော်သွားပြီ... "
" ဘာ... "
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြ၏။
လမ်းချော်သွားတယ် ဟုတ်လား...။
" ဟေ့... နောက်နေတာလား... အစ်ကိုယီတောင်း က... "
" မဟုတ်ဘူး... မဟုတ်ဘူး... ဒီခွေးကောင်ကြောင့် အစ်ကိုယီတောင်း တကယ်ကြီး ဒုက္ခရောက်သွားတာလား... "
" ဒီခွေးကောင်က တကယ် အဲဒီလောက် စွမ်းတာလား... "
" ရှူး... တိုးတိုးလုပ်... သူ Follow လိုက်တာ ခံရဦးမယ်... "
" အစ်ကိုယီတောင်းက Follow ပြီး သတိပေးတတ်တယ်... Follow ခံရတဲ့ သူတွေမှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိတယ်လေ... ဒါပေမဲ့ ဒီခွေးကောင်က... ဘာလို့ ငါ နည်းနည်း ကြောက်လာရတာလဲ... "
" အစ်ကိုယီတောင်း တကယ်ပဲ... သေချာရဲ့လား... ခုနက ရထား အကြောင်း ပြောတဲ့သူ... နောက်နေတာ မဟုတ်ဘူးမလား... "
" ငါ နောက်နေတာ မဟုတ်ဘူး... မကြာခင် သတင်းတွေ တက်လာတော့မှာ... အစ်ကိုယီတောင်း စီးတဲ့ အိပ်စင်တွဲ တစ်တွဲလုံး သံလမ်းကနေ ချော်ထွက်သွားတာ... ပြီးတော့ အရှေ့မှာလည်း ကျိုးနေတဲ့ တံတားကြီး ရှိတယ်... သူတို့ တအား အန္တရာယ် များနေပြီ... "
" ဘုရားရေ... ဘယ်လို လုပ်ကြမလဲ... အစ်ကိုယီတောင်း အဆင်ပြေရဲ့လား... "
" စိတ်မပူပါနဲ့... အစ်ကိုယီတောင်း ဒီလိုနဲ့ ပြီးသွားမယ် ဆိုတာကို ငါ လုံးဝ မယုံဘူး... "
" ဟုတ်တယ်... ငါလည်း မယုံဘူး... အစ်ကိုယီတောင်း ထွက်လာပြီး သူတို့ မှားကြောင်း သက်သေပြတာကို စောင့်ကြမယ်... "
" ငါလည်း မယုံချင်ဘူး... ဒါပေမဲ့ ငါလည်း ရထားပေါ်မှာပဲလေ... ပြီးတော့ ခုနက သူပြောတာတွေက အမှန်တွေ ဖြစ်ပုံပဲဟ... အစ်ကိုယီတောင်း ရထားတွဲ တကယ် လမ်းချော်သွားတာ... သူတို့ တအား ဒုက္ခရောက်နေပြီ... "
" ဘယ်လို လုပ်ကြမလဲ... ဘယ်လို လုပ်ကြမလဲ... "
ထိုအချိန်မှာပင်... ရုတ်တရက် ရင်းနှီးနေသော comment တစ်ခု စခရင်ပေါ်တွင် ပေါ်လာ၏။
“ သေပြီးရင် စိတ်ပူစရာ မလိုပါဘူး... လီယီတောင်းက လိုက်ပို့ပေးပါမယ်... တစ်နေရာထဲမှာ အစုံရနိုင်တဲ့ ဝန်ဆောင်မှုကြောင့် သင် ချစ်ရသူတွေ စိတ်အေးချမ်းစေဖို့ အာမခံပါတယ်... ကြိုတင် ဘိုကင် လုပ်မယ်ဆိုရင် ၅၀ ရာခိုင်နှုန်း လျှော့ဈေး ရှိပါတယ်... “
Comment ပို့လိုက်သူမှာ ယီတောင်း နာရေးဝန်ဆောင်မှုပင် ဖြစ်လေသည်။
ထိုမျှမကသေးပေ။ ချယ်ရီပန်း သေမင်း၏ ID မှာလည်း အစ်ကိုယီတောင်း၏ Follow စာရင်းထဲသို့ ရောက်သွားပြီ ဖြစ်ကြောင်း ပရိသတ်များ သတိထားမိလိုက်ကြ၏။
ဟမ်… အစ်ကိုယီတောင်း comment ပေးလိုက်ပြီလား...။
ဒါ ဘာအဓိပ္ပာယ်လဲ...။
အစ်ကိုယီတောင်း ဘေးကင်းတယ် ဆိုတဲ့ သဘောပေါ့...။
ပြီးတော့... အစ်ကိုယီတောင်း စ လှုပ်ရှားပြီ ဆိုတဲ့ သဘောလည်း သက်ရောက်တယ်လေ...။
***