[ ကတောင်... အရည်အသွေး အလွန်မြင့်မားသော ဖောက်သည်ကို ရှာဖွေတွေ့ရှိပါသည်၊ ID : ချယ်ရီပန်း သေမင်း ]
[ သေဆုံးမှု အခြေအနေ စစ်ဆေးခြင်း - တန်ပြန်ကျိန်စာကြောင့် သေဆုံးမည်၊ သေဆုံးနိုင်ခြေ ၁၀၀% ]
[ သင့်အနေဖြင့် ဤအရည်အသွေး အလွန်မြင့်မားသော ဖောက်သည်အား ချက်ချင်း Follow လုပ်ရန် အကြံပြုအပ်ပါသည်။ ]
ရထား လမ်းချော်သွားပြီးနောက် ချက်ချင်းပင် လီယီတောင်း ခေါင်းထဲ ဤအသိပေးချက် ဝင်လာခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့်ပင် လီယီတောင်း ချက်ချင်း Follow လိုက်ခြင်း ဖြစ်၏။
တကယ်တမ်းတွင် လီယီတောင်း ဤအသိပေးချက်ကို အစပိုင်းက မရရှိခဲ့ပေ။
လီယီတောင်း သေဘေးမှ သီသီလေး လွတ်မြောက်သွားပြီးနောက်မှသာ ၎င်းက ပေါ်လာခဲ့ခြင်း ဖြစ်၏။
ဒါက ဘာကို ဆိုလိုတာလဲ...။
ရှင်းနေတာပဲလေ...။
ချယ်ရီပန်း သေမင်းက လီယီတောင်းကို ပစ်မှတ်ထားနေပြီ ဆိုတဲ့ သဘောပဲ...။
ကျန်းချိုင်တန် တစ်ယောက် မြေကြီးပေါ်တွင် ထိုင်လျက် အမောတကော အသက်ရှူနေလေသည်။
လီယီတောင်းလည်း အသက်ကို အငမ်းမရ ရှူနေလျက်။
ထိုနေရာမှာပင် ထိုင်လျက် ကယ်ဆယ်ရေးကို စောင့်နေလိုက်ကြသည်။
ဤမျှ ကြီးမားသော မတော်တဆမှုကြီး ဖြစ်ပြီးနောက် ကယ်ဆယ်ရေး အဖွဲ့များ မလာဘဲ နေမည်လား။
" အင်း... ငါ အိပ်ချင်မူးတူး ဖြစ်နေတာလား... ဒါမှမဟုတ် အစ်ကိုယီတောင်းက သူ့ရဲ့ ကြော်ငြာစာသားကို တင်လိုက်တာလား... "
" ဟုတ်တယ်... အစ်ကိုယီတောင်းရဲ့ စာသားပဲ... ဒါပေမဲ့ သူ ဘာဖြစ်နေတာလဲ... ဘာလို့ ကြော်ငြာ တင်နေတာလဲ... "
" ငါလည်း နည်းနည်း ရှုပ်သွားပြီ... ခုနက တစ်ယောက်ယောက် ပြောတာ အစ်ကိုယီတောင်းရဲ့ ရထားတွဲ လမ်းချော်သွားတယ် ဆို... သူက ဘယ်လိုလုပ် မက်ဆေ့ချ်တွေ တင်နိုင်သေးတာလဲ... "
" ငါတော့ ဇဝေဇဝါ ဖြစ်နေပြီ... အစ်ကိုယီတောင်း ဘာတွေ လုပ်နေတာလဲ... "
" ဒါ ဘာအဓိပ္ပာယ်လဲ... အစ်ကိုယီတောင်း ဘာမှ မဖြစ်ဘူး ဆိုတဲ့ သဘောပေါ့... မင်းတို့တွေ မမြင်ဘူးလား... အစ်ကိုယီတောင်းက ချယ်ရီပန်း သေမင်းကို Follow စာရင်းထဲ ထည့်လိုက်ပြီလေ... "
" လခွမ်း... အစ်ကိုယီတောင်းက အမိုက်စားပဲ... @ချယ်ရီပန်း သေမင်း... သေဖို့သာ ပြင်ထားတော့... "
" သွားသေလိုက်စမ်း @ချယ်ရီပန်း သေမင်း... တုန်ဆင်းနေလိုက်တော့ အမှိုက်ကောင်... "
" ဟားဟား... အစ်ကိုယီတောင်းက တကယ့် အန္တရာယ်နဲ့ ကြုံရမှာ မဟုတ်ဘူး ဆိုတာ ငါ သိပါတယ်... အစ်ကိုယီတောင်း အကောင်းဆုံးပဲ... သူ့ကို အစ်ကိုယီတောင်း အဆုံးသတ်ပေးလိမ့်မယ်... ငါတို့ သေမင်းတမန် တပ်ဖွဲ့က အမြဲတမ်း အစ်ကို့ကို အားပေးနေမယ်... "
" သေမင်းတမန် တပ်ဖွဲ့ ရောက်လာပြီ... အစ်ကိုယီတောင်း... ကျွန်တော်တို့က အစ်ကို့ရဲ့ ခိုင်မာတဲ့ နောက်ခံ အားပေးသူတွေပါ... "
" အစ်ကိုယီတောင်း ရောက်လာပြီ... သူ့ကို ဘယ်သူ စိန်ခေါ်ရဲလဲ... အစ်ကိုယီတောင်းက ဒီကိစ္စကို ရှင်းပေးလိမ့်မယ်... "
" ချယ်ရီပန်း သေမင်း ဆိုတာ ဘာမှ မဟုတ်ဘူး... အစ်ကိုယီတောင်း ရဲ့ လက်ကနေ သူ ဘယ်လို လွတ်အောင် ပြေးမလဲ ကြည့်ရသေးတာပေါ့... "
" သူ့ကို ဖြုတ်ပစ်လိုက်... ဟုတ်တယ်... အဲဒါပဲ... သူ့ကို ဖြုတ်ပစ်လိုက်... ပြဿနာ မရှိဘူး... "
စောစောက သူတို့၏ စိုးရိမ်ပူပန်မှုများနှင့် ဇဝေဇဝါ ဖြစ်မှုများက စိတ်အားထက်သန်မှု အဖြစ်သို့ ပြောင်းလဲသွားလေပြီ။ တစ်ချိန်တည်းမှာပင် အခြားသူများကလည်း လီယီတောင်း၏ အခြေအနေကို အာရုံစိုက်နေကြ၏။
" အစ်ကိုယီတောင်း... အစ်ကိုယီတောင်း... အခု အခြေအနေ ဘယ်လိုလဲ... @ယီတောင်း နာရေးဝန်ဆောင်မှု... ရထား တကယ် လမ်းချော်သွားတာလား... လူနာတင်ယာဉ် ခေါ်ပေးဖို့ လိုသေးလား... "
" ဟုတ်တယ်... အစ်ကိုယီတောင်း... ဘာတွေ ဖြစ်နေတာလဲ... "
" အားလုံး စိတ်မပူကြပါနဲ့... ခုနက ရထားပေါ်မှာ ကြေညာချက် တစ်ခု ထွက်လာတယ်... အစ်ကိုယီတောင်း တို့ ဘေးကင်းပါတယ်တဲ့... ကယ်ဆယ်ရေး အဖွဲ့တွေလည်း လာနေပြီတဲ့... "
" ကြားရတာ ဝမ်းသာပါတယ်... ငါ့ယောက်ျား ဘာမှ မဖြစ်လို့ တော်သေးတာပေါ့... "
" နေပါဦး... အပေါ်ကလူ ဘာပြောလိုက်တာလဲ... အဲဒါ ငါ့ယောက်ျားပါ... "
" သူ့ကို အရူးအမူး သွားမဖြစ်ကြနဲ့... အစ်ကိုယီတောင်းက နင်တို့လို ကောင်မလေးတွေကို စိတ်ဝင်စားမှာ မဟုတ်ဘူး... "
" ဟုတ်တယ်... အစ်ကိုယီတောင်းက ငါ့လို နူးညံ့တဲ့ ယောကျ်ားလေးတွေကိုပဲ သဘောကျတာ... "
" အော့... ငါ့အပေါ်က တစ်ယောက်... ငါ အန်ချင်လာပြီ... ခုလေးတင် ထမင်းစားထားတာ... အခု အန်ချင်လာပြီ... "
" ဖက်ခ်... လူအမျိုးမျိုး ရှိတာပဲ... ဒါနဲ့... အစ်ကိုယီတောင်း Live လွှင့်လို့ ရမလား... @ယီတောင်း နာရေးဝန်ဆောင်မှု... "
" ဟုတ်တယ်... အစ်ကိုယီတောင်း... Live လွှင့်ပါဦး... @ယီတောင်း နာရေးဝန်ဆောင်မှု... "
" ဟုတ်တယ်... အစ်ကိုယီတောင်း... ကျေးဇူးပြုပြီး Live လွှင့်ပေးပါ... @ယီတောင်း နာရေးဝန်ဆောင်မှု... "
အားလုံးက သူ့ကို Live လွှင့်ရန် တိုက်တွန်းနေကြသည်ကို လီယီတောင်း သတိထားမိသော်လည်း လျစ်လျှူရှုထားလိုက်၏။
အခုက Live လွှင့်ဖို့ အချိန်ကောင်း မဟုတ်ဘူးလေ...။
အရှေ့ဘက်ရှိ ကျိုးကျနေသော တံတားကိုသာ တိတ်တဆိတ် ငေးကြည့်နေလိုက်၏။
တံတားပေါ်ရှိ အက်ကွဲကြောင်းများက အသစ်စက်စက်…။ ဤအရာက မကြာသေးမီကမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဖြစ်နိုင်သည်မှာ အချိန်သိပ်မကြာသေးကြောင်း ညွှန်ပြနေလေသည်။
ဤအရာ အားလုံးကို တစ်စုံတစ်ယောက်က တမင်တကာ ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းသွားလေပြီ။
' တစ်ယောက်ယောက်က ငါ့ကို သေစေချင်နေတာပဲ... ဒါက သူတို့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ရမယ်... '
သူ ကျန်းချိုင်တန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အတွေးထဲ နစ်မျောသွားလေသည်။
' သူများ ဖြစ်နေမလား... ' ဟု လီယီတောင်း စိတ်ထဲမှ တွေးလိုက်မိ၏။
သို့သော် မကြာမီ သူ ခေါင်းခါလိုက်သည်။
ကျန်းချိုင်တန် ဤသို့ လုပ်ရန် အကြောင်းပြချက် မရှိပေ။
ရထားပေါ်ရှိ အရေးကြီးသော အချိန်တွင် သူ၏ လုပ်ရပ်များ၊ လီယီတောင်းကို သူ ရှာဖွေတွေ့ရှိခဲ့ပုံများက သရုပ်ဆောင်နေသည်နှင့် မတူပေ။
သို့သော် လီယီတောင်း လုံးဝ အမှုမဲ့ အမှတ်မဲ့ နေ၍တော့ မရပေ။
ဘာပဲဖြစ်ဖြစ်... ရန်သူရဲ့ ထောင်ချောက်ထဲ ရောက်သွားရတဲ့ အကြောင်းရင်းက ကျန်းချိုင်တန် ငါ့ကို လာရှာလို့ပဲလေ...။
ဒီအရာ အားလုံးက တမင်တကာ ဖန်တီးထားတာ မဟုတ်ဘူးလို့ ဘယ်သူ သေချာ ပြောနိုင်မှာလဲ...။
ဖြစ်နိုင်တာက...
သတ္တုတွင်း အလုပ်သမား အာမောက်မှာ တကယ်ပဲ သားတစ်ယောက် ရှိရဲ့လား...။
အရာအားလုံးကို... အတည်ပြုဖို့ လိုတယ်...။
တစ်ချိန်တည်းမှာပင်...
ဝေးလံခေါင်သီသည့် ဆင်ခြေဖုံး ရပ်ကွက် တစ်ခုတွင် အဘိုးအို တစ်ဦးကလည်း ချယ်ရီပန်း သေမင်း၏ Live ကို ကြည့်ရှုနေလေသည်။
သူ့ညာဘက်လက်ထဲရှိ ကျောက်တုံး ဘောလုံး နှစ်လုံးကို အေးအေးဆေးဆေး လှည့်ကစားနေပြီး မျက်နှာထားက တည်ငြိမ်နေ၏။
သို့သော်...
Live ထဲက comment များ အကြားမှ လီယီတောင်း commentကို သူ မြင်လိုက်ရချိန်တွင်တော့ ကျောက်တုံးလှည့်နေသည့် ညာဘက်လက် ရုတ်တရက် ရပ်တန့်သွားလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ ဘေးနားရှိ ဖုန်းက မြည်လာ၏။
သူ သုံးစက္ကန့်ခန့် ငြိမ်နေပြီးမှ ဖုန်းကို ကိုင်လိုက်၏။
ဆယ်စက္ကန့် အကြာတွင် သူ ပြန်ချလိုက်လေသည်။
သူ့မျက်နှာက အလွန်အမင်း ညိုမည်းနေလျက်။ ဒေါသအရိပ်အငွေ့တို့ပင် တစွန်းတစ ထင်းလျက်။
ကျရှုံးသွားပြီ...။
ဒီလောက် သေချာ စီစဉ်ထားတဲ့ အစီအစဉ်ကြီးတောင် မမျှော်လင့်ဘဲ ကျရှုံးသွားခဲ့တာပဲ...။
" ပထမ အဆင့် အစီအစဉ် ကျရှုံးသွားပြီ ဆိုတော့... အခု ငါတို့ စွန့်စားရတော့မယ်... "
" အထက်က လူတွေ ဘာတွေ တွေးနေလဲ ဆိုတာကို ငါ မသိဘူး... ဘာလို့ ဒီလောက် အန္တရာယ်များတဲ့ လူမျိုးကို သွားစော်ကားချင်ရတာလဲ... "
အဘိုးအိုက ခပ်တိုးတိုး ရေရွတ်ရင်း ခေါင်းခါလိုက်လေသည်။
ထို့နောက် သူ၏ အနောက်ဘက်ရှိ လျှို့ဝှက် အခန်းတစ်ခုထဲသို့ ဝင်သွားလိုက်၏။ ဆယ်မိနစ်ခန့် အကြာတွင် သူ ပြန်ထွက်လာရာ မျက်နှာက ဖြူရော်နေလေသည်။
အခန်းထဲတွင် သူ မည်သည်တို့ ပြင်ဆင်ခဲ့သည်ကို မည်သူမျှ မသိပေ။
သူ ထိုင်ခုံသို့ ပြန်သွားပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ကာ ဖုန်းခေါ်၏။
" မင်း အကောင့်ထဲကို ယွမ် ၁၀ သန်း လွှဲပေးလိုက်ပြီ... သူ့ကို ကျိန်စာတိုက်ဖို့ မင်း ပူးပေါင်း ကူညီပေးဖို့ လိုတယ်... "
" အရာအားလုံးကို ငါ ပြင်ဆင်ပြီးပြီ... မင်းက ကြားခံနယ် အနေနဲ့ပဲ လုပ်ပေးဖို့ လိုတယ်... "
တစ်ဖက်မှ ဖုန်းကိုင်သူမှာ ချယ်ရီပန်း သေမင်းပင် ဖြစ်လေသည်။
ကြားခံနယ် အဖြစ် လုပ်ဆောင်ရခြင်းမှာ လွယ်ကူသော အလုပ် မဟုတ်ပေ။ အမှားအယွင်း သေးသေးလေး တစ်ခုကပင် သူ့အတွက် ကြီးမားသော ပေးဆပ်မှု ဖြစ်သွားစေနိုင်သည်။
ထို့ကြောင့် ယွမ် ၁၀ သန်း ရမည် ဆိုလျှင်ပင် သူ သေချာ စဉ်းစားရန် လိုအပ်ပေသည်။
အဘိုးအိုမှာ ချယ်ရီပန်း သေမင်းထံမှ ချက်ချင်း အကြောင်းပြန်ချက် မရသဖြင့် စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။
ထို့ကြောင့် မငြင်းနိုင်လောက်သည့် ကမ်းလှမ်းမှုတစ်ခုဖြင့် ကမ်းလှမ်းလိုက်၏။
" တကယ်လို့ ဒါ အောင်မြင်သွားရင် မင်း နာမည်ကြီးလာအောင် မတော်တဆမှု ငါးခု ဖန်တီးပေးဖို့ ငါ ကူညီနိုင်တယ်... အဲဒီအချိန်ကျရင် မင်းရဲ့ အစီအစဉ်ကို မင်း စလို့ ရပြီ... "
ထိုအခါမှ ချယ်ရီပန်း သေမင်းက အံကြိတ်ကာ...
" အနည်းဆုံး မတော်တဆမှု ၁၀ ခု လိုမယ်... ငါ့အစီအစဉ်ကို မစခင် ဒီနည်းလမ်းနဲ့ ကြည့်ရှုသူ အလုံအလောက် စုဆောင်းရမယ်... "
မတော်တဆမှု ၁၀ ခု ဆိုသည့် တောင်းဆိုချက်ကြောင့် အဘိုးအို အနည်းငယ် ဒေါပွသွား၏။
သို့သော်…
" သဘောတူတယ်... "
ယခုအချိန်တွင် ချယ်ရီပန်း သေမင်းက မည်သည့် အခြေအနေမျိုး တောင်းဆိုစေကာမူ သူ လက်ခံရမည် ဖြစ်၏။ လီယီတောင်း အပေါ် သေစေနိုင်လောက်သည့် ကျိန်စာ တိုက်ရန်အတွက် ချယ်ရီပန်း သေမင်းကို သူ လိုအပ်နေသည် မဟုတ်ပါလား။
" ငါတို့ ဘယ်တော့ စမလဲ... "
" အခုချက်ချင်း... "
ချယ်ရီပန်း သေမင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
" ငါ့ကို ပြင်ဆင်ဖို့ ငါးမိနစ် အချိန်ပေး... Live ထဲကနေ ငါ့ရဲ့ ညွှန်ကြားချက်တွေကို စောင့်ကြည့်နေ... "
" ကောင်းပြီ... "
အဘိုးအို လက်ထဲရှိ ကျောက်တုံး ဘောလုံးများကို ဖြည်းညင်းစွာ လှည့်လိုက်လေသည်။
ခွပ်...
သူ အားနည်းနည်း သုံးလိုက်ရာ ကျောက်တုံး ဘောလုံး နှစ်လုံး ချက်ချင်း ကြေမွသွားတော့၏။
" မင်းက ဒီလောက်တောင် လောဘကြီးနေမှတော့... ငါ့မှာ သနားညှာတာမှု မရှိဘူးလို့ အပြစ်မတင်နဲ့တော့... ငါ့ရဲ့ ကျိန်စာအသစ် စွမ်းအားကို စမ်းသပ်ဖို့ မင်းကို ငါ အသုံးချရမှာပေါ့... "
' အဲဒီ အဘိုးကြီးက ငါ့ကို ကြားခံနယ် ထပ်လုပ်ခိုင်းချင်နေတာလား... ငါက သူ့အကွက်ထဲ ဝင်သွားမယ်လို့ တကယ်ပဲ ထင်နေတာလား... '
' သူက လီယီတောင်းအသက်နဲ့ ငါ့အသက်ကို လဲဖို့ လုပ်နေတာပဲ... '
' ဒီတစ်ခေါက်တော့... သူ့ကို သေတဲ့အထိ ငါ ဘယ်လို ကစားမလဲ ဆိုတာ စောင့်ကြည့်နေလိုက်... '
နှစ်ယောက်စလုံးတွင် ကိုယ်ပိုင် အစီအစဉ်များ၊ အတွေးများ ကိုယ်စီနှင့်…။
သူတို့ မသိခဲ့သည်က ယခုတစ်ခေါက် သူတို့ ပစ်မှတ်၏ အခြေအနေ အမှန်ကိုပင်။
***