လီယီတောင်းတို့ အဖွဲ့ ဆယ်မိနစ်ခန့် စောင့်လိုက်ရ၏။
ရဲကား အတန်းလိုက်ကြီးနှင့်အတူ လူနာတင်ယာဉ် တစ်စီး အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာလေသည်။
ကံကောင်းသည်မှာ အနီးဆုံး ရွာနှင့် သိပ်မဝေးလှသဖြင့် ကယ်ဆယ်ရေး အဖွဲ့များ အတော်လေး မြန်မြန် ရောက်လာကြခြင်း ဖြစ်၏။
လူနာတင်ယာဉ်ပေါ်တွင် သူနာပြုမလေးက လီယီတောင်း၏ ဒဏ်ရာရနေသော လက်မောင်းကို ပတ်တီးစည်းပေးနေလေသည်။ သို့သော် လီယီတောင်း စိတ်ထဲတွင်တော့ အတွေးများက ဝဲပျံနေလျက်။
ပို၍ တိတိကျကျ ဆိုရလျှင် သူ စောင့်ဆိုင်းနေခြင်း ဖြစ်၏။
စောစောက ချယ်ရီပန်း သေမင်းအပေါ် သူ သေဆုံးမှု စုံစမ်းစစ်ဆေးခြင်း ပြုလုပ်ရန် ကြိုးစားခဲ့သော်လည်း ဤကိစ္စက သူနှင့် ပတ်သက်နေ၍လားတော့ မသိ... သေဆုံးမှု စုံစမ်းစစ်ဆေးခြင်းက သေဆုံးရမည့် အကြောင်းရင်းကို " အမည်မသိ " ဟုသာ ပြသနေလေသည်။
" အစ်ကို... ဒဏ်ရာက သိပ်မပြင်းပါဘူး... နောက်ရက်တွေကျရင် ဆေးခန်းလာပြီး ပတ်တီးလာလဲဖို့ မမေ့နဲ့နော်... "
ချိုသာသော အသံလေးက လီယီတောင်း၏ အတွေးများကို ဖြတ်တောက်လိုက်လေသည်။
" ဟုတ်... ကျေးဇူးပါပဲဗျာ... "
လီယီတောင်း ယဉ်ကျေးစွာ ပြန်ဖြေလိုက်၏။
" ဟိုလေ... အစ်ကိုက အစ်ကိုယီတောင်း လားဟင်... "
လီယီတောင်း ဖုန်းထုတ်ရန် ပြင်လိုက်ချိန်မှာပင် သူနာပြုမလေး၏ အမေးကို ရုတ်တရက် ကြားလိုက်ရလေသည်။
သူ လှည့်ကြည့်လိုက်ရာ သူနာပြုမလေး မျက်နှာပေါ်တွင် ဝမ်းသာအံ့သြနေသည့် အမူအရာကို တွေ့လိုက်ရ၏။
" ဟယ်... အရမ်းဝမ်းသာတာပဲ... အစ်ကိုက တကယ်ကြီး အစ်ကိုယီတောင်း ဖြစ်နေတာကိုး... ကျွန်မက အစ်ကို့ရဲ့ ပရိသတ်ပါ... ဒီနေ့ အစ်ကို့ကို အပြင်မှာ တွေ့ရလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး... ဓာတ်ပုံလေး တွဲရိုက်လို့ ရမလားဟင်... "
သူမ၏ မျှော်လင့်ချက် ပြည့်နှက်နေသော အကြည့်များကြောင့် လီယီတောင်း ငြင်းမရက်တော့ပေ။
ဘာပဲဖြစ်ဖြစ်... သူနာပြု ယူနီဖောင်းလေးနဲ့ ဆိုတော့ ငြင်းဖို့ ခက်တာပေါ့လေ...။
သူနာပြုလေးနှင့် ဓာတ်ပုံရိုက်ပြီးနောက် လီယီတောင်းက ချယ်ရီပန်း သေမင်း၏ Live ကို ပြန်ဖွင့်လိုက်လေသည်။
ဤအချိန်တွင် Live ကို ကြည့်ရှုနေသူ အရေအတွက်က သန်းနှင့်ချီ နေပြီ ဖြစ်၏။
Live တစ်ခုလုံးတွင် ဆဲဆိုသံများ ကျွက်ကျွက်ညံနေလေပြီ။
ထို့ပြင် မရေမတွက်နိုင်သော လူများက လီယီတောင်းကို Tag တွဲနေကြလေသည်။
လူတိုင်း၌ တူညီသော မေးခွန်း တစ်ခုတည်းသာ ရှိ၏။
ဒီခွေးကောင် ဘယ်တော့ သေမှာလဲ...။
အထူးသဖြင့် လီယီတောင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စများအပြီးတွင် ချယ်ရီပန်း သေမင်း၏ Live က လူတိုင်း၏ ဒေါသကို အပြည့်အဝ ဆွပေးလိုက်လေပြီ။
ဘာပဲဖြစ်ဖြစ် လီယီတောင်းက သူတို့ အထဲက တစ်ယောက်လေ... ဒါကြောင့် အားလုံးက ဘုံရန်သူကို ညီညီညွတ်ညွတ်နဲ့ တိုက်ခိုက်နေကြတာပေါ့...။
Live ထဲတွင် ဆဲဆိုသံများ ညံလာသည်နှင့်အမျှ ပထမဆုံး အကြိမ်အဖြစ် သူ့ မျက်နှာ အမူအရာ ပြောင်းလဲသွားလေသည်။
သူ့နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာ၏။
" တချို့လူတွေက လူပြက်လေးတွေ သက်သက်ပဲ ဖြစ်ဖို့ ကံပါလာတာ... "
" ကမ္ဘာပေါ်မှာ အရေးပါတဲ့ သေမင်းတမန် ဆိုတာ တစ်ပါးတည်းပဲ ရှိတယ်... "
ဤလျှို့ဝှက်ဆန်းကြယ်သော စကား နှစ်ခွန်းက Live ထဲရှိ ပရိသတ်များ၏ ဆဲဆိုမှုများကို တစ်ဖန် ပြန်လည် ဆွပေးလိုက်ပြန်လေသည်။
" တကယ့်ကို လေကျယ်ကောင်ပဲ... "
" ဟုတ်တယ်... သူက ကမ္ဘာပေါ်မှာ တစ်ပါးတည်းသော သေမင်းတမန်လို့ သူ့ကိုယ်သူ ထင်နေလို့ ဒီလို လုပ်နေတာ မဟုတ်လား... "
" ဟက်... မင်းတို့ ချယ်ရီပန်း နိုင်ငံကိုပဲ ပြန်သွားလိုက်တော့... ဒါဆို အစ်ကိုယီတောင်း က မင်းကို ချမ်းသာပေးရင်ပေးလိမ့်မယ်... ဟားဟား... "
" အတိအကျပဲ... ကမ္ဘာပေါ်မှာ သေမင်းတမန် တစ်ပါးတည်း ရှိတယ် ဆိုရင်တောင် အဲဒါ အစ်ကိုယီတောင်း ပဲ... မင်းက ဘာကောင်မို့လို့လဲ... "
Live ထဲရှိ ဆဲဆိုသံများကို ကြည့်ရင်း ချယ်ရီပန်း သေမင်း နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ထပ်မံ ပေါ်လာပြန်လေသည်။
သူက မျက်နှာကို တည်ငြိမ်အောင် ထိန်းသိမ်းထားရင်း...
" စလိုက်ကြရအောင်... " ဟု ပြောလိုက်၏။
၎င်းမှာ ချယ်ရီပန်း စံအိမ်မှ အဘိုးအိုကို အချက်ပြလိုက်သော စကားပင်။
တပ်ဖွဲ့ ၃၆ ဌာနချုပ်...
အကြီးအကဲလျန်၏ ရုံးခန်းထဲတွင် အကြီးအကဲလျန်နှင့် ချီယွီချန် တို့အပြင် အခြား အကြီးအကဲ နှစ်ဦးပါ ရှိနေလေသည်။
သူတို့ရှေ့တွင် ချယ်ရီပန်း သေမင်း၏ Live ကို ဖွင့်ထား၏။
အခန်းထဲရှိ လူများ၏ မျက်နှာ အမူအရာများမှာ အနည်းငယ် တင်းမာနေလေသည်။ ချယ်ရီပန်း သေမင်းကို သူတို့ စောင့်ကြည့်နေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူက ချယ်ရီပန်း နိုင်ငံအတွင်းရှိ တရားဝင် အဖွဲ့အစည်း တစ်ခုမှ အဖွဲ့ဝင် တစ်ဦး ဖြစ်နေသောကြောင့်ပင်။
ထိုအဖွဲ့အစည်း၏ သဘောသဘာဝက တပ်ဖွဲ့ ၃၆ နှင့် အတော်လေး ဆင်တူလေသည်။
ထို့ပြင် ဘုံကျောင်းမှ ရာဇဝတ်ကောင်များ၏ အထိမ်းအမှတ် ကျောက်စာတိုင် ကိစ္စကလည်း သူတို့၏ လက်ချက်ပင် ဖြစ်၏။
ပြီးတော့ ဒီ ချယ်ရီပန်း သေမင်း...။
အကြီးအကဲလျန်နှင့် သူ၏ အပေါင်းအပါများက သူ့ကို အကြိမ်ကြိမ် ကိုင်တွယ် ဖြေရှင်းခဲ့ဖူးလေသည်။
Live ထဲက လူက တကယ်ကို စွမ်းရည် တချို့ ရှိနေတာ...။
Live ထဲရှိ စကားများနှင့် လုပ်ရပ်များကို ကြည့်ရင်း သူ စတင် လှုပ်ရှားရန် ပြင်နေပြီ ဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်ကြ၏။
အကြီးအကဲလျန်၏ ဘေးတွင် ရပ်နေသော ချီယွီချန်က မနေနိုင်တော့ဘဲ...
" အကြီးအကဲတို့... ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ... တကယ်လို့ သူသာ တကယ် အောင်မြင်သွားပြီး လီယီတောင်း တစ်ခုခု ဖြစ်သွားရင်... "
" ကျွန်တော်တို့ ဘယ်လို ရှင်းပြမလဲ... တကယ်လို့ အဲဒီ အရူးမကြီးက လီယီတောင်း တစ်ခုခု ဖြစ်သွားတယ် ဆိုတာကိုသာ သိသွားရင်... ကျွန်တော်တို့လည်း ဒုက္ခရောက်နိုင်တယ်နော်... "
" ဟမ့်... "
အကြီးအကဲလျန်၏ ဘယ်ဘက်ရှိ ဝဝဖိုင့်ဖိုင့် အကြီးအကဲက နှာခေါင်းရှုံ့လိုက်လေသည်။
" တစ်ခုခု ဖြစ်တော့ရော ငါတို့နဲ့ ဘာဆိုင်လို့လဲ... ငါတို့ လုပ်တာမှ မဟုတ်တာ... "
" တကယ်လို့ အဲဒီ အရူးမကြီးက ဒီကိစ္စအတွက် ငါတို့ကို အပြစ်တင်မယ် ဆိုရင်လည်း... ငါတို့က အလွယ်တကူ အနိုင်ကျင့်လို့ ရတဲ့ သူတွေမှ မဟုတ်တာ... သူ့ကို ကြောက်နေတယ်လို့ မထင်နဲ့... "
" ဟုတ်တယ်... ဒီကိစ္စကို ငါတို့ ဝင်စွက်ဖက်ဖို့ မလိုဘူး... တကယ်လို့ တစ်ဖက်ကသာ တကယ် အောင်မြင်သွားမယ် ဆိုရင် ပိုတောင် ကောင်းသေးတယ်... ငါတို့အတွက် အလားအလာရှိတဲ့ အန္တရာယ် တစ်ခုကို ဖယ်ရှားပေးလိုက်သလို ဖြစ်သွားမှာပဲ... "
အခြား အကြီးအကဲ တစ်ဦးကလည်း အလားတူ လေသံမျိုးဖြင့် ထောက်ခံလိုက်၏။
အကြီးအကဲလျန် တစ်ဦးတည်းသာ ဘာစကားမျှ မဟဘဲ တိတ်ဆိတ်နေလေသည်။
ဤမြင်ကွင်းကို မြင်သောအခါ ချီယွီချန် ပို၍ပင် စိုးရိမ်လာတော့၏။
အဲဒီ အရူးမကြီးရဲ့ လက်ရှိ အခြေအနေကို ငါ အသိဆုံးပဲလေ...။
ဟိုက စိတ်မရှည်ရင် ငါ့ကို သတ်ပစ်မှာ…။
" အကြီးအကဲလျန်... "
သူက အကြီးအကဲလျန်ကို အလွန် စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် လှမ်းကြည့်လိုက်လေသည်။
ထိုအခါ အကြီးအကဲလျန်က တည်ငြိမ်စွာဖြင့်...
" ဆက်ကြည့်နေ... ချယ်ရီပန်း သေမင်းက သူ့ကို အန္တရာယ် ပေးနိုင်မယ်လို့ မင်း တကယ် ထင်နေတာလား... " ဟု မေးလိုက်၏။
ဤမေးခွန်းကြောင့် ချီယွီချန်နှင့် အခြားသူများ အံ့အားသင့်သွားကြလေသည်။
အခြား အကြီးအကဲ နှစ်ဦးပင် အံ့အားသင့်သွားကြ၏。
ချယ်ရီပန်း သေမင်း...။
သူက တကယ်ကို စွမ်းရည်ရှိတဲ့ လူတစ်ယောက်လေ...။
သူ့ရဲ့ ကျိန်စာတွေက သာမန် မဟုတ်ဘူး... လူပေါင်းများစွာကို ထောင်ချောက်ဆင် ဖမ်းမိခဲ့တာ...။
သူ့ရန်က ကာကွယ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး...။
" လီယီတောင်း ဘာမှ ဖြစ်မှာ မဟုတ်ဘူး... အခု မင်းတို့ အားလုံး စဉ်းစားရမှာက လီယီတောင်းကို ငါတို့ ဘယ်လို ချဉ်းကပ်မလဲ ဆိုတာကိုပဲ... "
" ကံကောင်းတာက အခုအချိန်အထိ ငါတို့ ဘာမှ လွန်လွန်ကျူးကျူး မလုပ်ရသေးဘူး... "
" ငါတို့ ကြားမှာ အဆက်အသွယ်လေးတောင် ရှိနေသေးတယ် ဆိုတော့... ငါတို့ ဘယ်လို ဆုံးဖြတ်ချက်ပဲ ချချ လက်ခံနိုင်လောက်မှာပါ... "
အကြီးအကဲလျန်၏ ရပ်တည်ချက်က ရုတ်တရက် ပြောင်းလဲသွားသဖြင့် အခြား အကြီးအကဲ နှစ်ဦးမှာ တိတ်ဆိတ်သွားကြလေသည်။
အမှန်တော့ ယနေ့ သူတို့ စုဝေးရခြင်း၏ ရည်ရွယ်ချက်မှာ လီယီတောင်း အပေါ် ထားရှိမည့် သူတို့၏ သဘောထားကို ဆွေးနွေးရန် ဖြစ်၏။
အခု အခြေအနေကို ကြည့်ရသလောက်တော့ နည်းလမ်းဟောင်းတွေကို သုံးပြီး သူ့ကို နှိမ်နင်းဖို့ ကြိုးစားတာက လက်တွေ့ မကျတဲ့ ရွေးချယ်မှု တစ်ခုပဲ...။
ဒါပေမဲ့ ရွေးချယ်စရာ နှစ်ခုပဲ ကျန်တော့တယ်...။
တစ်ခုက လီယီတောင်းကို လုံးဝ သူစိမ်း တစ်ယောက်လို သဘောထားပြီး သူ့ကို လုံးဝ အာရုံမစိုက်တော့ဘဲ... ဘာကန့်သတ်ချက်မှ မထားတော့ဘဲ သူ့ဘာသာ လွတ်လွတ်လပ်လပ် ရှင်သန်ခွင့် ပေးလိုက်ဖို့...။
နောက်တစ်ခုကတော့... ပိုပြီး နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တစ်ခုကို တည်ဆောက်ဖို့...။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် အခြား အကြီးအကဲ နှစ်ဦးထဲမှ တစ်ဦးက မေးလိုက်၏။
" အဲဒီ အရူးမကြီးနဲ့ လီယီတောင်း ကြားက ဆက်ဆံရေးက ဘာလဲ... သူမက လီယီတောင်း အတွက်နဲ့ ငါတို့ အဖွဲ့အစည်း တစ်ခုလုံးနဲ့ တကယ်ပဲ အဆက်အသွယ် ဖြတ်နိုင်လို့လား... "
ရိုးရိုးသားသား ဆိုရလျှင် သူ အနည်းငယ် သံသယ ဝင်နေမိသည်။
သို့သော် အကြီးအကဲလျန်က စကားမပြောဘဲ ခေါင်းညိတ်ပြလိုက်၏။
အခန်းမှာ နောက်ထပ် တဖန် တိတ်ဆိတ်သွားပြန်လေသည်။
နောက်ဆုံးတွင်မှ အကြီးအကဲလျန်က ထပ်မံ စကားစလိုက်၏။
" မင်းတို့မှာ တခြား အကြံဉာဏ် မရှိဘူး ဆိုရင်တော့... လောလောဆယ် ဒီအခြေအနေ အတိုင်းပဲ ဆက်သွားကြတာပေါ့... "
" လီယီတောင်း ရဲ့ အန္တရာယ်ရှိမှု အဆင့်ကို S-အဆင့် အဖြစ် လျှော့ချလိုက်... သူက ငါတို့ အဖွဲ့အစည်းရဲ့ ရန်သူ မဟုတ်တော့ဘူး... ဒါပေမဲ့ သူငယ်ချင်းလည်း မဟုတ်သေးဘူး... ငါတို့ အတိုင်းအတာ တစ်ခုအထိ စည်းခြားထားဖို့ လိုတယ်... ဒီဆုံးဖြတ်ချက်ကို ဘယ်လို သဘောရလဲ... "
အခြား နှစ်ဦးက အချင်းချင်း ကြည့်ကာ ခေါင်းညိတ်လိုက်ကြပြီး လောလောဆယ်တွင် ဤဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ကြလေသည်။
နောင် အပြောင်းအလဲများ အတွက်ကိုတော့ နောင်မှ စဉ်းစားကြမည် ဖြစ်၏။
သူတို့ ဆုံးဖြတ်ချက် ချပြီးသည်နှင့် တစ်ပြိုင်နက် သူတို့ရှေ့တွင် ဖွင့်ထားသော Live ထဲ၌ ထိုလူက အရုပ်တစ်ရုပ်ကို ထုတ်ယူလာလေသည်။
ထိုမျှမကသေးပေ။ သေချာ ကြည့်မည် ဆိုပါက အရုပ်၏ ရင်ဘတ်တွင် ဓားပုံစံ သင်္ကေတ တစ်ခုကို အပ်ချည်ဖြင့် ချုပ်ထားသည်ကို တွေ့နိုင်လေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အားလုံး မျက်နှာထား ချက်ချင်း တင်းမာသွားတော့၏။
ဒီလို အရုပ်မျိုးတွေကို ငါတို့ အရင်က မြင်ဖူးတယ်...။
တပ်ဖွဲ့ ၃၆ က အဆင့်မြင့် အရာရှိ တစ်ယောက်တောင် ဒီလိုအရုပ် တစ်ရုပ်ပေါ်က ကျိန်စာကြောင့် သေဆုံးခဲ့ဖူးတယ်...။
ထိုအရုပ်ကို ကြည့်ရင်း ချယ်ရီပန်း သေမင်း ခပ်ဖျော့ဖျော့ ပြုံးကာ ဘာစကားမျှ ထပ်မပြောတော့ဘဲ Live ထဲတွင် အရုပ် တစ်ခုလုံးကို မီးရှို့လိုက်လေသည်။
သူ့မျက်လုံးများထဲတွင် အောင်ပွဲခံနေသော အရိပ်အငွေ့တို့က အထင်းသား။
သို့သော်...
ရုတ်တရက် ချယ်ရီပန်း သေမင်း၏ ပြုံးနေသော မျက်နှာ တည်သွား၏။
သူ့တစ်ကိုယ်လုံး မှင်သက်သွားပြီး နေရာမှာပင် အေးခဲသွားလေသည်...။
ထို့နောက်...
သူ့မျက်လုံးများထဲတွင် အကြောက်တရားများ ပြည့်နှက်လာပြီး မီးလောင်နေသော အရုပ်ကို ငြှိမ်းသတ်ရန် လက်လှမ်းလိုက်လေသည်။
သူ လှုပ်ရှားလိုက်သည်နှင့်... တစ်ကိုယ်လုံး တောင့်တင်းသွားတော့၏။
လှမ်းထားသည့် လက်က လေထဲတွင် ရပ်တန့်သွား၏။
ရုတ်တရက် မျက်လုံးပြူးထွက်လာပြီး အသက်ပါ ထွက်သွားလေတော့သည်။
သူ သေသွားပြီ...။
ဒီလိုပဲ ရှင်းပြလို့မရတဲ့ အကြောင်းရင်းနဲ့ သေသွားခဲ့ပြီ...။
အကြီးအကဲလျန်နှင့် အခြားသူများ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အချင်းချင်း အဓိပ္ပါယ် ပါပါ ကြည့်လိုက်မိကြလေသည်။
အစ်ကိုယီတောင်းက တကယ်ကြီး ဒီလောက်တောင် အစွမ်းထက်နေတာလား...။
***