[ လက်ရှိ Streamerက Live ကို အဆုံးသတ်လိုက်ပါပြီ... အခြား Streamer များကို ကြည့်ရှုပါ... ]
အမည်းရောင် ပြောင်းသွားသော Live စခရင်ကို ကြည့်ရင်း သန်းနှင့်ချီသော ပရိသတ်များ နားမလည်နိုင် ဖြစ်သွားကြလေသည်။
ဘာတွေ ဖြစ်သွားတာလဲ...။
ဘာလို့ အမည်းကြီး ဖြစ်သွားတာလဲ...။
နေပါဦး...။
" အိုး ဘုရားရေ... အခုမှ သဘောပေါက်တော့တယ်... အစ်ကိုယီတောင်း ဝင်ပါလိုက်တာပဲ... အဲဒီ အမှိုက်ကောင်ကို အစ်ကိုယီတောင်း ရှင်းပစ်လိုက်လို့ ပလက်ဖောင်းက Live ကို ပိတ်ချလိုက်တာ ဖြစ်ရမယ်... "
" မဖြစ်နိုင်တာ... အစ်ကိုယီတောင်းက တကယ်ကြီး အဲဒီလောက် ကြမ်းတယ်လား... သူက လူတစ်ယောက်ကို ' သတ် ' မယ်လို့ ပြောတာနဲ့ တကယ်ကြီး သတ်လိုက်တာပဲ... "
" အစ်ကိုယီတောင်းက အမိုက်စားပဲ... ဖက်ခ်... "
" သူ့ကို အစ်ကိုယီတောင်း သတ်လိုက်တာ သေချာတယ်... ဘယ်လိုမှ ပြေးလို့ မလွတ်ပါဘူး... "
" အစ်ကိုယီတောင်းက ဘာလို့ အဲဒီလောက် စွမ်းနေရတာလဲ... သူက တကယ်ပဲ လူတွေကို အဝေးကနေသတ် နိုင်တာလား... မင်းတို့ အားလုံးက ပိုက်ဆံပေးပြီး ငှားထားတဲ့ သူတွေတော့ မဟုတ်ပါဘူးနော်... "
" ဟက်... အပေါ်ကလူက အသစ်မှန်း သိသာတယ်... အစ်ကိုယီတောင်း ရဲ့ အရင်က Live ဗီဒီယိုတွေကို သွားကြည့်လိုက်... အဲဒါဆို မင်း နားလည်သွားလိမ့်မယ်... "
" ဟုတ်တယ်... ငါတို့ကို ပိုက်ဆံပေးပြီး ငှားထားတယ်လို့ စွပ်စွဲနေတာလား... ဟာသပဲ... "
Live ထဲတွင် ပြောဆိုငြင်းခုန်နေကြချိန်တွင် လီယီတောင်း တစ်ယောက် ခြေကုန်လက်ပန်းကျဟန်ဖြင့် ထိုင်ခုံပေါ် မှီနေလေသည်။
သက်တမ်း ၉၆ နှစ်တဲ့လား...။
စောစောက လီယီတောင်း အသက်အန္တရာယ်နှင့် နီးကပ်နေကြောင်း ခံစားလိုက်ရသည်နှင့် တစ်ပြိုင်နက် သေမင်း၏ အကာအကွယ်က အလိုအလျောက် တုံ့ပြန် တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
ထို့ကြောင့် သူ့ သက်တမ်း ၉၆ ကုန်ဆုံးသွားရလေသည်။
ရိုးရိုးသားသား ဆိုရလျှင် လီယီတောင်း ဤမျှလောက်အထိ မျှော်လင့်မထားခဲ့ပေ။ သက်တမ်း ကုန်ဆုံးသွားသည့် ပမာဏကို ကြည့်ခြင်းအားဖြင့် တစ်ဖက်တွင် အနည်းဆုံး လူနှစ်ယောက် ရှိနေကြောင်း ထင်ရှားလှ၏။
သုံးယောက်ပင် ဖြစ်နိုင်လေသည်။
လူအများအပြားက တစ်ပြိုင်နက်တည်း သူ့ကို ကျိန်စာတိုက်ခဲ့ကြခြင်း ဖြစ်၏။
" အစ်ကိုယီတောင်း... ဘယ်လိုနေသေးလဲ... အဆင်ပြေရဲ့လား... "
သူနာပြုမလေးက အစ်ကိုယီတောင်း၏ လက်ရှိ အခြေအနေကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်လေသည်။
လီယီတောင်းက သူ အဆင်ပြေကြောင်း အချက်ပြသည့် အနေဖြင့် လက်ကာပြလိုက်၏။
သူ ထိုင်ခုံကို မှီချလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်လေသည်။
ထိုအချိန်တွင် နံဘေးရှိ ကျန်းချိုင်တန်က အစ်ကိုယီတောင်းကို မသိမသာ ခိုးကြည့်လိုက်၏။
ခဏတာမျှသာ ဖြစ်သော်လည်း သူ့မျက်လုံးများထဲတွင် လေးနက်သည့် အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားလေသည်။
ထိုအခိုက်အတန့် အတိုလေးကိုပင် အာရုံခံစားမှု အလွန် ကောင်းမွန်သော အစ်ကိုယီတောင်းက သတိထားမိဖြစ်အောင် ထားမိလိုက်၏။
သို့သော် မသိဟန်ဆောင်ကာ နေလိုက်သည်။
' ဟက်... ဒီအခြေအနေက ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီပဲ... '
ကျန်းမြို့ရှိ ယီတောင်း နာရေးဝန်ဆောင်မှု ဆိုင်ရှေ့တွင် အဘိုးအို တစ်ဦး ရပ်နေလေသည်။
ပိတ်ထားသော နာရေးဝန်ဆောင်မှု ဆိုင်တံခါးကို ခဏမျှ စိုက်ကြည့်ရင်း သူ့ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်မှုနှင့် ဒေါသ အရိပ်အယောင်လေး ဖြတ်ပြေးသွားလေသည်။
ဤအချိန်တွင် ကျိုးရှုရီနှင့် လီရှင်းထင်တို့က ဆိုင်ကို ပိတ်ပြီး လမ်းလျှောက်ရန် ထွက်လာကြ၏။
အစ်ကိုယီတောင်း အရိပ်တွင် ခိုလှုံခွင့် ရ၍သား မသိ၊ ယခင်လောက် ကြောက်စိတ်တို့ သူတို့တွင် မရှိတော့ပေ။
ယခင်ကသာ ဆိုလျှင် နေ့ရှိသရွေ့ ဆိုင်တွင်းအောင်း၍သာ နေမိပေလိမ့်မည်။
အထူးသဖြင့် အစ်ကိုယီတောင်း၏ ဟောကိန်းများ မည်မျှ တိကျကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံပြီးနောက် အပြင်ထွက်ရမည်ကို ပို၍ပင် စိုးရိမ်လာကြလေသည်။
ယခု သူတို့ နှစ်ယောက်လုံးထံတွင် အစ်ကိုယီတောင်း၏ အဆောင်လက်ဖွဲ့များ ရှိနေသော်လည်း အပြင်ထွက်ရန်ကိုတော့ သတိထားနေကြဆဲပင်။
သူတို့ နှစ်ယောက် တံခါးကို သော့ခတ်ပြီး လှည့်ထွက်ရန် ပြင်လိုက်ချိန်မှာပင် အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။
" တစ်ဆိတ်လောက်ပါ ကလေးတို့... ဒီဆိုင်က ကလေး နှစ်ယောက် ဘယ်သွားကြလဲ မသိဘူး... "
အသံလာရာသို့ ပြိုင်တူကြည့်လိုက်ရာ နူးညံ့စွာ ပြုံးနေသော အဘိုးအို တစ်ဦးကို တွေ့လိုက်ရသည်။ အစပိုင်းတွင် သူတို့ ထိတ်ကနဲ ဖြစ်သွားသော်လည်း ဖော်ရွေပြီး အန္တရာယ်ပေးမည့် ပုံစံ မဟုတ်သောကြောင့် စိတ်အေးသွားရ၏။
" အဘိုးက အစ်ကိုယီတောင်း ကို ရှာနေတာလား... သူ အခု မရှိဘူး... သူ ပြန်လာဖို့ ရက်နည်းနည်းလောက် ကြာမယ် ထင်တယ်... တကယ်လို့ အဘိုးက နာရေး ပစ္စည်းတွေ ဝယ်ချင်လို့ ဆိုရင်တော့ စောင့်လို့ ရပါတယ်... "
" အစ်ကိုယီတောင်း... "
အဘိုးအို ဇဝေဇဝါ ဖြစ်သွားပြီး မျက်မှောင်ကြုတ်ကာ...
" သမီး ပြောတာ လီယီတောင်း ဆိုတဲ့ ကောင်လေးကို ပြောတာလား... "
" အမ်... "
လီရှင်းထင် ခဏတာ တွေဝေသွားပြီး မည်သို့ ပြန်ဖြေရမည်ကို မသိတော့ပေ။
ဒီအဘိုးကြီးက ဘယ်သူလဲ၊ ဘယ်က လာတာလဲ...။ သူက အစ်ကိုယီတောင်းကို သိနေတာလား...။
" လီယီတောင်းက အပြင်သွားတယ် ဆိုပါတော့... သူ့ညီမလေး လီယီနို ကကော... သူက သူ့အစ်ကိုနဲ့ အတူတူ အပြင်သွားတာလား... "
အဘိုးအိုက ဆက်မေးလေသည်။ အစ်ကိုယီတောင်း အကြောင်းကို မေးရုံသာမက လီယီနို အကြောင်းကိုပါ မေးလာလေပြီ။
ကျိုးရှုရီနှင့် လီရှင်းထင်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။
အဘိုးအို ဈေးလာဝယ်ခြင်း မဟုတ်ကြောင်း သူတို့ သိလိုက်သည်။
ဘာပဲဖြစ်ဖြစ်... လီယီနို အကြောင်းကို အင်တာနက်ပေါ်မှာတောင် သိတဲ့သူ တအား ရှားတာလေ...။
တကယ်လို့ ငါတို့သာ ဒီရက်ပိုင်း ဒီမှာ လာမနေဖြစ်ခဲ့ရင် အစ်ကိုယီတောင်းမှာ လီယီနို လို့ ခေါ်တဲ့ ညီမလေး တစ်ယောက် ရှိမှန်း သိမှာ မဟုတ်ဘူး...။
" အို... အစ်ကိုယီတောင်း ရဲ့ ညီမလေး အကြောင်းကိုတော့ ကျွန်မတို့ သေချာ မသိဘူး... ကျွန်မတို့ ဒီဆိုင်ကို ပြောင်းလာတုန်းက အစ်ကိုယီတောင်း တစ်ယောက်တည်း ရှိတာလေ... "
လီရှင်းထင်က သတိထားပြီး ပြန်ဖြေလိုက်သည်။
" ယီတောင်းက သူ့ညီမလေး အကြောင်း ဘာမှ မပြောပြဖူးဘူး... "
အဘိုးအို မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သို့သော် ချက်ချင်းပင် ပြန်ပြုံးလိုက်ပြီး…
" နှောင့်ယှက်မိတဲ့ အတွက် တောင်းပန်ပါတယ်ကွယ်... သမီးတို့ ပြောတဲ့ အစ်ကိုယီတောင်း ပြန်လာရင် အဘိုးအတွက် စကားလေး တစ်ခွန်းလောက် ပါးပေးပါ... အဘိုးအို ပြန်ရောက်လာပြီလို့ သွားပြောပေးပါ... သူ အဘိုးဆီ လာတွေ့လို့ ရပြီလို့... ကျေးဇူးပါပဲကွယ်... "
ထိုသို့ပြောပြီး အဘိုးအိုက လှည့်ထွက်သွားလေရာ မိန်းကလေး နှစ်ယောက်မှာ ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်ခဲ့လေသည်။
အဘိုးအို ဆယ်မီတာကျော်ခန့် အကွာသို့ ရောက်သွားမှသာ ကျိုးရှုရီက...
" အဘိုး... အဘိုးရဲ့ နာမည်ကို သိခွင့်ပြုပါလား... မဟုတ်ရင် ကျွန်မတို့ ဘယ်လိုလုပ် စကားပါးပေးလို့ ရမှာလဲ... "
အဘိုးအိုက လှည့်မကြည့်တော့ဘဲ လက်ကာပြရင်း...
" အဘိုးအို ပြန်ရောက်လာပြီ လို့သာ သူ့ကို ပြောလိုက်ပါ... သူ သိပါလိမ့်မယ်... သူ့ခြေထောက်တွေကို ငါ မရိုက်ချိုးပါဘူးလို့... ကြောက်နေစရာ မလိုပါဘူးလို့... "
လီရှင်းထင် ဆွံ့အသွား၏။
ကျိုးရှုရီလည်း ဆွံ့အသွားလေသည်။
' တကယ့်ကို အရှိန်အဝါ ကြီးတဲ့သူပဲ... '
' အစ်ကိုယီတောင်း ရဲ့ ခြေထောက်တွေကို ရိုက်ချိုးမယ် ဟုတ်လား... '
' လခွမ်း... '
' အဲဒါ တကယ်ရော ဖြစ်နိုင်လို့လား... '
' ဒီအဘိုးကြီးက အစ်ကိုယီတောင်း သူ့ကို Follow လိုက်မှာကို မကြောက်ဘူးလား... '
သို့သော် ဖြည်းညင်းစွာ လျှောက်သွားနေသော အဘိုးအိုမှာ သူတို့ ပြန်ကြည့်လိုက်ချိန်တွင် မမြင်ရတော့ပေ။
' အင်း… ထင်တဲ့အတိုင်းပဲ... အစ်ကိုယီတောင်း ဘေးနားက လူတွေက သာမန် မဟုတ်ကြဘူးပဲ... '
တစ်ချိန်တည်းမှာပင် သူ၏ ခြေထောက်များကို ရိုက်ချိုးမည်ဟု ခြိမ်းခြောက်ဖူးသူ ပြန်ရောက်နေပြီ ဖြစ်ကြောင်းကို မသိရှာသော အစ်ကိုယီတောင်း တစ်ယောက် ဆေးရုံတွင် အသေးစား ဆေးကုသမှု ခံယူပြီးနောက် ကျန်းချိုင်တန်၏ အိမ်သို့ သွားရာလမ်းတွင် ရှိနေလေသည်။
ရထား လမ်းချော်သည့် ကိစ္စအတွက်ကတော့ လျော်ကြေး သေချာပေါက် ရမည် ဖြစ်၏။
လီယီတောင်းနှင့် ကျန်းချိုင်တန်တို့က ရဲစခန်းတွင် ထွက်ဆိုချက် ပေးခဲ့ပြီး ဖြစ်ကာ နောက်ထပ် အကြောင်းကြားစာကိုသာ စောင့်ရန် လိုအပ်လေသည်။
သို့သော် ဤအချိန်တွင် သူတို့ ကျန်းချိုင်တန်၏ အိမ်သို့ အမြန်ဆုံး ပြန်ရန် လိုအပ်နေ၏။
ဘာပဲဖြစ်ဖြစ် ကျန်းအာမောက်၏ အလောင်းက အဲဒီမှာ ရှိနေသေးတယ်လေ... ပြီးတော့ နာရေး အခမ်းအနားကိုလည်း အမြန်ဆုံး လုပ်ဖို့ လိုတယ်...။
အေးချမ်းသော ကျေးလက်ဒေသ၏ လတ်ဆတ်သော လေကို ရှူရှိုက်ရင်း လီယီတောင်း တစ်ယောက် တည်ငြိမ်အေးချမ်းမှုကို ခံစားလိုက်ရလေသည်။
" အစ်ကိုယီတောင်း... ကျွန်တော့်အိမ်က နောက်ဘက် တောင်ကုန်းတွေဆီမှာ... ဒီကနေ သုံးကီလိုမီတာလောက် ဝေးတယ်... "
ကျန်းချိုင်တန်က သူ၏ ထုံးစံအတိုင်း ရိုးရိုးအေးအေး မျက်နှာထားဖြင့် ပြောလိုက်၏။
လီယီတောင်း ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ... အမြန်ပြန်သွားပြီး မင်းအဖေကို အမြန်ဆုံး သင်္ဂြိုဟ်ပေးကြတာပေါ့... "
" ဟုတ်ကဲ့... ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် အစ်ကိုယီတောင်း... နောက်ကျရင် ကျွန်တော် ပိုက်ဆံရှာနိုင်တဲ့ အခါကျရင် အစ်ကို့ကို သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်... "
ကျန်းချိုင်တန် မျက်လုံးများထဲတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေလေသည်။
လီယီတောင်း ထိုလူငယ်၏ အမူအရာကို ကြည့်ပြီး ဘာမှ မပြောတော့ပေ။
သို့သော် သူ၏ စိတ်ထဲတွင်တော့…
' ဖြစ်နိုင်တာက... ဒီခရီးစဉ်မှာ တကယ့်ကို အံ့သြစရာတွေ ရှိနေနိုင်တယ်... '
သူတို့ နှစ်ယောက် နောက်ထပ် နာရီဝက်ခန့် အတူတူ တိတ်ဆိတ်စွာ ခရီးဆက်ခဲ့ကြသည်။
မကြာမီမှာပင် ရှေ့ရှိ ရွာငယ်လေး တစ်ရွာကို သူတို့ မြင်တွေ့လိုက်ရ၏။
သို့သော် ထိုရွာမှာ အတော်လေး သေးငယ်ပြီး အိမ်ခြေ ဆယ်ဂဏန်းခန့်သာ ရှိကာ အိမ်များကလည်း ဟောင်းနွမ်း ပျက်စီးနေလေသည်။
အချို့အိမ်များဆိုလျှင် ရွှံ့များဖြင့်ပင် ဆောက်လုပ်ထားကြပြီး ယခုခေတ်တွင် တွေ့ရခဲသော မြင်ကွင်းမျိုး ဖြစ်၏။
ရွှံ့သက်သက်ဖြင့် ဆောက်လုပ်ထားသော အိမ်များမှာ သိပ်မခိုင်ခံ့လှသလို ရွှံ့ဆောက်လုပ်ရေး၏ ကန့်သတ်ချက်များကြောင့် အမြင့်ကလည်း အကန့်အသတ် ရှိလေသည်။
သို့သော် လီယီတောင်း၏ အာရုံကို ဖမ်းစားသွားသည်က အိမ်များ မဟုတ်ပေ။ ရွာထိပ်ရှိ အရာတစ်ခုပင်။
သူတို့ အရှေ့ တည့်တည့်မှာတင်...။
ရွာထိပ်တွင် ၃ မီတာခန့် မြင့်သည့် စာခြောက်ရုပ် တစ်ရုပ် ရှိနေလေသည်။
ဤစာခြောက်ရုပ်၏ ပုံပန်းသဏ္ဍာန်က လီယီတောင်း ကျန်းချိုင်တန် အနီးတွင် သေဆုံးမှု စုံစမ်းစစ်ဆေးခြင်းဖြင့် မြင်တွေ့ခဲ့ရသော စာခြောက်ရုပ်နှင့် တစ်ပုံစံတည်း နီးပါး တူနေလေသည်။
ကြက်သီးထဖွယ် အပြုံးကအစ လုံးဝကို တစ်ပုံစံတည်းပင်။
***