" ဒီစာခြောက်ရုပ်က ဘာအဓိပ္ပာယ်လဲ... "
ကျန်းချိုင်တန်က ဘာမှ ထူးခြားမှု မရှိသလို နေနေသည်ကို သတိထားမိ၍ လီယီတောင်းက မေးလိုက်ခြင်း ဖြစ်၏။
" ဒီစာခြောက်ရုပ်တွေကို ဘာလို့ ထားတယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုတော့ ကျွန်တော်လည်း သေချာ မသိဘူးဗျ... ရွာထဲက လူကြီးတွေ ပြောတာကတော့ ငှက်တွေကို ခြောက်ဖို့ သုံးတာတဲ့... "
" ဒီလို ခေါင်တဲ့ နေရာမျိုးမှာ ငှက်တွေ အများကြီး လာပြီး ဆူညံတတ်တယ်လေ... ဒီစာခြောက်ရုပ်တွေက ရွာထိပ်မှာတင် ရှိတာ မဟုတ်ဘူး... နောက်ဘက် တောင်ကုန်းပေါ်က စိုက်ခင်းတွေထဲမှာလည်း ရှိသေးတယ်... "
ကျန်းချိုင်တန်၏ အဖြေက ယုတ္တိရှိပေသည်။
လီယီတောင်းက အပေါ်ယံမျှသာ ခေါင်းညိတ်ပြလိုက်ပြီး ထပ်မမေးတော့ရန် ဆုံးဖြတ်လိုက်၏။ သို့သော်...
သူ၏ စိတ်ထဲတွင်တော့ ပို၍ သတိထားလာမိလေပြီ။
' ငှက်တွေကို ခြောက်ဖို့ ဟုတ်လား... '
' အဲဒါက ဖြစ်နိုင်ခြေ ရှိပါတယ်... '
' ဒါပေမဲ့... '
' ဒီစာခြောက်ရုပ်က အဲဒီအတွက် မဟုတ်တာ သေချာတယ်... '
' ငှက်ခြောက်ဖို့ သုံးတဲ့ စာခြောက်ရုပ်ကို ဘာလို့ ဒီလောက်တောင် အနုစိတ်ပြီး လုပ်ထားရမှာလဲ... '
' မျက်နှာ အသွင်အပြင်တွေတောင် တအား ရှင်းလင်းနေသေးတယ်... '
' ပြီးတော့... '
လီယီတောင်း တစ်ခုကို သတိထားမိလိုက်သည်။ စာခြောက်ရုပ်ကို သူ မည်သည့်ရှုထောင့်က ကြည့်ကြည့် မျက်လုံးများက အသက်ပါလွန်းနေသည်။
ဒါက သေချာပေါက် ပုံမှန် မဟုတ်ဘူး...။
ဒီစာခြောက်ရုပ်ကြီးက အသက်ဝင်နေသလိုပဲ...။
သူ တိတ်တဆိတ် သတိထားနေလိုက်ပြီး သေမင်းဓားသွားကို အချိန်မရွေး အသုံးပြုရန် ပြင်ဆင်ထားလိုက်လေသည်။
သေဘေးနှင့် နီးကပ်လာပြီဟု ခံစားရသည်နှင့် တစ်ပြိုင်နက် သူ အသက်သွင်းလိုက်မည် ဖြစ်၏။
" အစ်ကိုယီတောင်း... ကျွန်တော်တို့ အိမ်က ရှေ့နားလေးတင်ပဲ... အခု သွားကြရအောင်... "
လီယီတောင်း၏ စိုးရိမ်ပူပန်မှုများကို မသိရှာသော ကျန်းချိုင်တန်က ပြောလိုက်၏။
သို့သော် ယခုအချိန်တွင် ကျန်းချိုင်တန် လုပ်ဆောင်သမျှ အရာအားလုံးက ပုံမှန်သာ…။
ဘာပဲဖြစ်ဖြစ်... သူ့အဖေရဲ့ အလောင်းက အိမ်မှာ နာရေး အခမ်းအနားအတွက် စောင့်နေတာလေ...။
ဒီတော့ သူ မြန်မြန် ပြန်ချင်နေမှာပေါ့...။
လီယီတောင်း ဘာစကားမျှ မဆိုဘဲ သူ့နောက်မှ ဆက်လက် လိုက်ပါသွား၏။
သို့သော် ရွာထဲကို ဖြတ်သွားချိန်တွင်... လီယီတောင်း သတိထားမိလိုက်သည်မှာ ဤရွာတွင် လူအလွန် နည်းပါးကြောင်းပင်။
ပြီးတော့ လူရွယ်တွေ တစ်ယောက်မှ မရှိဘူး...။
သက်ကြီးရွယ်အို တချို့သာ သူတို့၏ အိမ်အပြင်ဘက်တွင် ရပ်လျက် အပြင်သို့ လှမ်းကြည့်နေကြ၏။ သူတို့ တစ်ယောက်ချင်းစီက လီယီတောင်းကို သတိထားသည့် အကြည့်များဖြင့် ကြည့်နေကြလေသည်။
' သူတို့ မျက်နှာတွေက အကြောက်တရား အရိပ်အယောင်လေးတွေ ပါနေသလိုပဲလား... '
' ဘာလို့ ကြောက်နေရတာလဲ... '
' အဲဒါက အဓိပ္ပာယ် မရှိဘူးလေ... '
နောက်ထပ် ငါးမိနစ် ကုန်ဆုံးသွား၏။
နောက်ဆုံးတွင် ကျန်းချိုင်တန် အိမ်သို့ ရောက်ရှိလာခဲ့လေပြီ။
လီယီတောင်းက ကျန်း မိသားစု၏ အိမ်ကို အကဲခတ် ကြည့်လိုက်သည်။
အုတ်၊ အုတ်ကြွပ်တို့ဖြင့် ဆောက်လုပ်ထားသော အခန်းသုံးခန်းပါ အိမ်တစ်လုံး ဖြစ်၍ ဤရွာအနေအထားနှင့်ဆိုလျှင် အတော်အသင့် ကောင်းမွန်သည်ဟု ဆိုရပေမည်။
သို့သော်... ဤအိမ်၏ ဆောက်လုပ်ပုံ၊ မျက်နှာမူရာ အရပ်တို့က အနည်းငယ် ထူးဆန်းနေသည်။
အဝေးမှ တောင်တန်းကြီးများကို ကျောပေးဆောက်ထားပြီး စာခြောက်ရုပ် ရပ်နေသော ရွာထိပ်ဘက်ကို မျက်နှာမူထားလေသည်။
အထူးဆန်းဆုံး အပိုင်းကတော့ လီယီတောင်း ကျန်း မိသားစု အိမ်၏ အရှေ့ပေါက်တွင် ရပ်ကာ တည့်တည့် ကြည့်လိုက်ချိန်တွင်...
ထောင့်ချိုးများ အစီအစဉ်ကျမှုကြောင့် အိမ်နှင့် အဝေးမှ တောင်တန်းကြီးတို့ ပေါင်းစပ်ပြီး အထူး ပုံသဏ္ဍာန် တစ်ခု ဖြစ်ပေါ်နေကြောင်း သတိထားမိလိုက်ခြင်းပင်။
၎င်းက သင်္ကေတ တစ်ခု၊ သို့မဟုတ် လူပုံသဏ္ဍာန် တစ်ခုနှင့်ပင် တူနေလေသည်။
ဤမြင်ကွင်းကြောင့် လီယီတောင်း မျက်လုံးပြူးသွား၏။
ဒါက... တဖြည်းဖြည်းနဲ့ ပိုပြီး ထူးဆန်းလာနေပြီ...။
လီယီတောင်းက ကျန်းချိုင်တန်၏ မျက်နှာ အမူအရာကို အကဲခတ်လိုစိတ်ကို ထိန်းချုပ်ကာ...
" မင်း အဖေရဲ့ အလောင်းက ဘယ်မှာလဲ... ငါ့ကို သွားပြပါဦး... " ဟု ခပ်ပေါ့ပေါ့ပင် ပြောလိုက်လေသည်။
" ခြံဝင်းထဲမှာပါ... အဲဒီမှာ နာရေးခန်းမ ပြင်ထားတယ်... "
ကျန်းချိုင်တန်က ခြံတံခါးကို တွန်းဖွင့်ရင်း ပြောလိုက်၏။
သို့သော်... ခြံတံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် လီယီတောင်း မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားတော့သည်။
ခြံဝင်း၏ ထောင့်တစ်နေရာ... မဟုတ်ဘူး... ထောင့်သုံးနေရာစလုံးတွင် စာခြောက်ရုပ် အများအပြားကို ပုံထားလေသည်။
ဤစာခြောက်ရုပ်များက ဖြစ်သလို စီစဉ်ထားပုံ ရ၏။
သို့သော် လီယီတောင်း မည်သို့ပင် ကြည့်ကြည့် ပုံမှန်ဟု မထင်ရပေ။
" အခု လယ်ကွင်းထဲမှာ ခြောက်စရာ ငှက်တွေ မရှိတော့ဘူးလေ... ပြီးတော့ ဒီစာခြောက်ရုပ်တွေ လုပ်ရတာ တော်တော် အချိန်ကုန် လူပန်းခံရတာ... တချို့ အချိန်တွေမှာ လယ်ကွင်းထဲ ထားထားရင် ပျက်စီးသွားတတ်တယ်... ဒါကြောင့် အိမ်ပြန်သယ်လာတာပါ... ဒါပေမဲ့... နောက်ဆိုရင် အဲဒါတွေကို ပြန်ထားဖို့ အခွင့်အရေး ရချင်မှ ရတော့မှာ... "
ကျန်းချိုင်တန် စကားပြောနေရင်း လေသံတွင် ဝမ်းနည်းမှုများ ပါဝင်လာလေသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ သူ၏ ဝမ်းနည်းနေသော အငွေ့အသက်က လီယီတောင်းကို တစ်စက်လေးမျှပင် လွှမ်းမိုးနိုင်စွမ်း မရှိခဲ့ပေ။
၎င်းအစား... လီယီတောင်း တစ်ယောက် တစ်ကိုယ်လုံးကို ချမ်းစိမ့်စိမ့် ခံစားချက်ကြီး တစ်ခု လွှမ်းခြုံလာသည်ကို ခံစားလိုက်ရလေသည်။
ဒီခြံဝင်းကြီးက လုံးဝ ပုံမှန် မဟုတ်ဘူး...။
လီယီတောင်း တစ်ယောက် ယခုအချိန်တွင် သေမင်းဓားသွားကို တကယ် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်၏။
သို့သော်...
ပစ်မှတ်က ကျန်းချိုင်တန် မဟုတ်ပေ။
ထောင့်တွေမှာ ထားထားတဲ့ အဲဒီ စာခြောက်ရုပ်တွေပဲ...။
' ဒီမှာ ဘာတွေ ဖြစ်နေတာလဲ... '
' ဒီစာခြောက်ရုပ်တွေကများ အသက်ဝင်နေတာလား... '
ဤမသက်မသာ ဖြစ်ဖွယ် အတွေးနှင့်အတူ ရုတ်တရက် ဝိညာဉ် စွမ်းအင်များ မိမိကို လွှမ်းခြုံလာသည်ကို လီယီတောင်း ခံစားလိုက်ရလေသည်။
ကျန်းချိုင်တန် မသိအောင် သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။
ထို့နောက် သူ၏ အာရုံကို နာရေးခန်းမဆီသို့ ပြန်လှည့်လိုက်သည်။
သို့သော် နာရေးခန်းမ ပြင်ဆင်ထားပုံကို သူ အကဲခတ်လိုက်ချိန်တွင် မျက်မှောင်ကြုတ်သွားပြီး... " မင်းအဖေရဲ့ အလောင်းကို ဘာလို့ ဒီဘက်ကို လှည့်ထားတာလဲ... " ဟု မေးလိုက်လေသည်။
ခြံဝင်းအတွင်းရှိ နာရေးခန်းမများကို ယေဘုယျအားဖြင့် အရှေ့ဘက်တွင် ထားရှိလေ့ ရှိပြီး အဝင်ပေါက်က အနောက်ဘက်သို့ မျက်နှာမူလေ့ ရှိသည်။
သို့သော် ယခု လီယီတောင်း သတိထားမိလိုက်သည်မှာ ကျန်းအာမောက်၏ အလောင်း ထားရှိသည့် အနေအထားကို လှည့်ထားခြင်းပင်။
ထိုမျှမကသေး။ ၎င်းက ရွာထိပ်ရှိ စာခြောက်ရုပ် ရှိရာ အရပ်သို့ မျက်နှာမူထားလေသည်။
ကျန်းချိုင်တန်ကတော့ ဘာမှ မသိနားမလည်သူ တစ်ယောက်ပမာ ဇဝေဇဝါ၊ မျက်လုံးလေး ကလယ်ကလယ် ဖြစ်နေ၏။
" အစ်ကိုယီတောင်း ဘာပြောချင်တာလဲ... ဒီမှာ တစ်ခုခု ထူးခြားနေလို့လား... "
လီယီတောင်း ဘာစကားမျှ ထပ်မပြောတော့ပေ။
သူက ကျန်းချိုင်တန်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီး နာရေးခန်းမ ဘေးသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်လေသည်။
နာရေးခန်းမကို ဝန်းရံနေသော ထူထပ်သည့် အမည်းရောင် အငွေ့အသက်များကို ခံစားမိသဖြင့် လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။
ဝိညာဉ် ရှာဖွေခြင်း...။
အဆင့်မြင့်...။
စနစ်၏ အသိပေးချက်တွင် ပြသနေသော သက်တမ်း ဆယ်နှစ် ကုန်ဆုံးမည်ကို ကြည့်ရင်း လီယီတောင်း မတုံ့ဆိုင်းနေတော့ပေ။
သူ အသုံးပြုလိုက်လေသည်။
သူ၏ သက်တမ်း ဆယ်နှစ် လျော့ကျသွားသည်နှင့်အမျှ အမည်းရောင် မြူခိုးများ တဖြည်းဖြည်း ရှင်းလင်းလာသည်ကို လီယီတောင်း စောင့်ကြည့်နေလိုက်၏။
အမည်းရောင် မြူခိုးများ ကင်းစင်သွားချိန်တွင်တော့ သူ ရုတ်တရက် နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိလေသည်။
" ဟူး... "
လီယီတောင်း ပုံစံကြောင့် အနီးနားတွင် ရပ်နေသော ကျန်းချိုင်တန်ကို လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။
ဤအချိန်တွင် လီယီတောင်းကတော့ အလွန် အံ့အားသင့်နေလေပြီ။ အဘယ်ကြောင့်ဆိုသော် စောစောက အဆင့်မြင့် ဝိညာဉ် ရှာဖွေခြင်း ပြုလုပ်စဉ်အတွင်း သူ လူရိပ်တစ်ခုကို မြင်လိုက်ရသောကြောင့်ပင်။
ကျန်းအာမောက်၏ လူရိပ်...။
သို့သော် ထိုမျှမကသေးပေ။
သူ မြင်လိုက်ရသည်မှာ အမိုးပေါ်မှ ပြုတ်ကျသွားပြီးနောက် လူပုံစံ မပေါက်တော့သော ကျန်းအာမောက်၏ ပုံရိပ်ပင် ဖြစ်လေသည်။
ပုံပျက်နေသော ဦးခေါင်းခွံနှင့် ကြေမွနေသော မျက်နှာ...။
ပြီးတော့ အဲဒီ ခန္ဓာကိုယ်ကြီးက သွေးတွေနဲ့ ရွှဲနစ်နေတာပဲ...။
လီယီတောင်း တစ်ယောက် မအော်ဟစ်မိအောင် မနည်းထိန်းလိုက်ရ၏။
အသက်ကင်းမဲ့နေသည့် ကျန်းအာမောက်က မျက်လုံးပြူးကြောင်ကြောင်ဖြင့် လီယီတောင်းကို စိုက်ကြည့်နေပုံမှာ ကျောချမ်းဖွယ်အတိ။
***