" အစ်ကိုယီတောင်း... ဘာဖြစ်လို့လဲ... "
လီယီတောင်း ခဏတာ တိတ်ဆိတ်နေသည်ကို မြင်၍ ကျန်းချိုင်တန်က အံ့အားသင့်မှုနှင့် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စကားစရန် ကြိုးစားလိုက်၏။
' အစ်ကိုယီတောင်းက ဘာလို့ ဒီလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်ရတာလဲ... '
သူ့ရှေ့ရှိ သတ္တုတွင်း အလုပ်သမား အာမောက်၏ ဝိညာဉ်ရိပ်ကို ပါးလွှာသော ချည်မျှင် အမြောက်အမြားက ရစ်ပတ်ထားသည်ကို သူ သတိထားမိလိုက်၏။
ထိုမျှမကသေးပေ။ သူ၏ အနောက်တွင်လည်း စာခြောက်ရုပ် တစ်ရုပ်၏ ဝိညာဉ်ရိပ် ရှိနေသေးသည်။
ထိုစာခြောက်ရုပ်၏ အသွင်အပြင်မှာ ရွာထိပ်ရှိ စာခြောက်ရုပ်နှင့် တစ်ပုံစံတည်းပင်။
စာခြောက်ရုပ်၏ အကြည့်များကတော့... သူ့ကိုပါ စောင့်ကြည့်နေသလိုပင်...။
လီယီတောင်း မျက်နှာ ပြန်လည်တည်ငြိမ်သွား၏။
ဤအခြေအနေတွင် ပြဿနာ တစ်ခုခု ရှိနေကြောင်းကို သူ သိလိုက်ပြီ ဖြစ်သော်လည်း အသေးစိတ် အချက်အလက်များကိုတော့ ရှင်းလင်းစွာ မသိရသေးပေ။
သူ တစ်လှမ်းချင်းစီ သွားပြီးမှသာ ရှာဖွေဖော်ထုတ်နိုင်ပေလိမ့်မည်။
သို့သော် ဤအရာများကို သူ မြင်နေရကြောင်း ဖုံးကွယ်ထားရန်အတွက် လီယီတောင်းက သတ္တုတွင်း အလုပ်သမား အာမောက်၏ ဝိညာဉ်ကို တမင် မကြည့်ဘဲ နေနေသည်။
စောစောက သေမင်းဓားသွားကို သူ စမ်းသုံးကြည့်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် လက်ရှိ သူ မြင်တွေ့နေရသော ဝိညာဉ်ရိပ်များအပေါ် ဤစွမ်းရည်က အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
ထောင့်များရှိ စာခြောက်ရုပ်များကိုသာ သေမင်းဓားသွားဖြင့် တိုက်ခိုက်နိုင်ပြီး သက်တမ်း တစ်နှစ် ကုန်ဆုံးမည် ဖြစ်၏။
၎င်းက သူ ရင်ဆိုင်နေရသော အန္တရာယ်၏ အဓိက အကြောင်းရင်းမှာ ဤစာခြောက်ရုပ်များ မဟုတ်ကြောင်းကို သွယ်ဝိုက်သော နည်းဖြင့် အတည်ပြုပေးလိုက်ခြင်းပင်။
ထို့ကြောင့် လီယီတောင်း အလောတကြီး မလုပ်တော့ပေ။
သူက ကျန်းချိုင်တန်ကို အကြောင်းမပြန်ဘဲ သတ္တုတွင်း အလုပ်သမား အာမောက်၏ အလောင်းအနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားလိုက်၏။
အရိုးကွဲမတတ် ချမ်းစိမ့်စိမ့် အအေးဓာတ်ကြီးက နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်လာသဖြင့် လီယီတောင်း မသိစိတ်မှပင် တုန်ယင်သွားမိလေသည်။
မှန်ပေသည်။ တကယ်ကို အေးစက်လွန်းလှ၏။
ထို့ပြင် သတ္တုတွင်း အလုပ်သမား အာမောက်၏ အလောင်းမှာ အလွန် ကောင်းမွန်စွာ တည်ရှိနေပြီး နာရေး ဝတ်စုံများ ဝတ်ဆင်ကာ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားလေသည်။ ၎င်းမှာ ကျန်းချိုင်တန် ကိုယ်တိုင် လုပ်ဆောင်ထားခြင်း သို့မဟုတ် လူငှား၍ လုပ်ဆောင်ထားခြင်း ဖြစ်နိုင်ပေသည်။
အရာအားလုံးက လောလောဆယ်တွင် အစီအစဉ်တကျ ရှိနေပုံ ရ၏။
" မနက်ဖြန် မြှုပ်နှံဖို့အတွက်... အခေါင်းထမ်းမယ့် သူတွေ ရှိလား... "
လီယီတောင်း ခဏမျှ အကဲခတ်ပြီးနောက် ကျန်းချိုင်တန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
ကျန်းချိုင်တန်က အလျင်အမြန်ပင်...
" ဟုတ်ကဲ့... ရွာထဲက ဦးလေး တချို့က ဒီအတွက် အထူးတလည် ပြန်လာကြတာပါ... မြေနေရာလည်း ရွေးပြီးပါပြီ... "
" တကယ်တော့ မနေ့ကတည်းက မြှုပ်ဖို့ စီစဉ်ထားတာပါ... ဒါပေမဲ့... ဒီလို ဖြစ်သွားလို့... ဒါကြောင့်... "
ကျန်းချိုင်တန် တုံ့ဆိုင်းနေသော်လည်း သူ ဘာပြောချင်သည်ကို လီယီတောင်း နားလည်လိုက်လေသည်။
စောစောက သူ ပြောပြခဲ့သော ထူးဆန်းသည့် အိပ်မက်ကြောင့် လီယီတောင်း၏ အကူအညီကို သူ တောင်းခံခဲ့ခြင်း ဖြစ်ပြီး ယခု အခြေအနေအထိ ရောက်လာခဲ့ခြင်း ဖြစ်ပေမည်။
လီယီတောင်း ဘာမျှ မပြောတော့ဘဲ ခေါင်းညိတ်လိုက်၏။
ရိုးရိုးသားသား ဆိုရလျှင် ကျန်းအာမောက်ကို မြှုပ်နှံရန် မည်သို့ ရှေ့ဆက်ရမည်နှင့် ပတ်သက်၍ သူ့တွင်လည်း အဖြေကောင်းကောင်း မရှိသေးပေ။
ဝိညာဉ် ရှာဖွေခြင်း စွမ်းရည်၏ အစွမ်းအောက်တွင် ထူးဆန်းမှု အချို့ကို သူ သတိထားမိခဲ့သော်လည်း ပဟေဠိကို ဖြေရှင်းရန် နည်းလမ်း မရှိသေးပေ။
ဒီည အပြီးမှာတော့ အရာအားလုံး ရှင်းလင်းသွားလိမ့်မယ်လို့ အလိုလို ခံစားနေရတယ်...။
ဒီအဖွဲ့အစည်း ဒါမှမဟုတ် ဒီလူက ဘာတွေပဲ ပါဝင်ပတ်သက်နေပါစေ... သူတို့ ဘာတွေပဲ ပြင်ဆင်ထားပါစေ... ဒီညတော့ တစ်ခုခု သေချာပေါက် ဖြစ်လာလိမ့်မယ်...။
သို့သော် လီယီတောင်း ရွာထဲသို့ ဝင်လာခဲ့စဉ်က သူ့အနောက်မှ လိုက်ပါလာသူ တစ်ဦး ရှိနေကြောင်းကို မသိခဲ့ပေ။
အကယ်၍သာ ထိုသူကို သူ မြင်တွေ့နိုင်ခဲ့မည် ဆိုပါက... ထိုသူ၏ မျက်နှာသွင်ပြင်မှာ နာရေးဝန်ဆောင်မှု ဆိုင်သို့ လာရောက်ကာ ကျောက်တုံး တစ်တုံး လာပေးပြီး စက္ကူအရုပ် တစ်ရုပ်ကို ယူသွားခဲ့သော အမျိုးသမီးနှင့် အလွန် ဆင်တူကြောင်း သတိထားမိပေလိမ့်မည်။
ထိုသူက ရွာထဲသို့ မဝင်ဘဲ ရွာငယ်လေး အပြင်ဘက်ရှိ တောင်ကုန်းငယ် တစ်ခုပေါ်တွင် ထိုင်နေလေသည်။
သူမက နေရာတစ်ခု ရှာ၍ တင်ပျဉ်ခွေ ထိုင်ကာ မျက်လုံးများကို မှိတ်ထားလိုက်၏။
တောင်ပေါ် ရွာလေး၏ ညချမ်းက အထူးတလည် တိတ်ဆိတ် ငြိမ်သက်နေလေသည်။
ကောင်းကင်ယံတွင် လမင်းကြီး သာနေပြီး တစ်ရွာလုံး အပေါ်သို့ ငွေရောင် အလင်းတန်းများ ဖြာကျနေ၏။
ငွေရောင် လရောင်က ညချမ်းကို အထူးတလည် အေးချမ်းသည့် ခံစားချက်မျိုး ပေးစွမ်းနေလေသည်။
ကျန်းချိုင်တန်က လီယီတောင်းကို အိမ်၏ အဓိက အိပ်ခန်းထဲတွင် တည်းခိုရန် စီစဉ်ပေးခဲ့၏။
လီယီတောင်း ငြင်းဆန်ခြင်း မပြုဘဲ သူ ယူလာခဲ့သော အဝါရောင် စက္ကူအချို့ကို မီးရှို့လိုက်ပြီး နာရေးခန်းမ ပတ်လည်တွင်လည်း ဖယောင်းတိုင် လေးတိုင် ထွန်းညှိလိုက်၏။
ဤဖယောင်းတိုင် လေးတိုင်နှင့် အဝါရောင် စက္ကူများကို လီယီတောင်းက ဝိညာဉ်သွင်းခြင်း စွမ်းရည်မှတစ်ဆင့် ဖန်တီးရယူထားခြင်း ဖြစ်သည်။
၎င်းအတွက် သူ၏ သက်တမ်း ဆယ်နှစ် ကုန်ဆုံးသွားခဲ့ရလေသည်။
၎င်းတို့အပြင် စက္ကူအရုပ် တစ်ရုပ်ကိုလည်း သူ ယူလာခဲ့သေး၏။
သို့သော် ဤစက္ကူအရုပ်မှာ ဝါးအကြမ်းထည် မပါသော အမျိုးအစား ဖြစ်သည်။ ထို့ကြောင့် မနက်ရောက်လျှင် ကောက်ရိုးများ ထည့်ရန် သူ ရည်ရွယ်ထား၏။
အစကတော့ သူ၏ အစီအစဉ်က ဤသို့ပင်။
သို့သော် ယခုတော့ တစ်ခုခု ထူးခြားနေပြီ ဖြစ်ကြောင်းကို သူ ခံစားနေရလေပြီ။
ထို့ကြောင့် မနက်ရောက်သည်အထိ မစောင့်တော့ဘဲ ညဘက်မှာပင် စက္ကူအရုပ်ကို အချောသတ် ပြုလုပ်လိုက်လေသည်။
ထိုမျှမကသေးပေ။ ၎င်းကို တံခါးပေါက်သို့ မျက်နှာမူကာ အခန်းထဲတွင် ထားရှိလိုက်၏။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်သွင်းခြင်း ပြုလုပ်ပြီးနောက် ဤစက္ကူအရုပ်များတွင် ကိုယ်ပိုင် ဝိညာဉ် တစ်စိတ်တစ်ပိုင်း ပါဝင်နေသကဲ့သို့ ခံစားရကြောင်း သူ သတိထားမိခဲ့သောကြောင့်ပင်။
လီယီတောင်း အိပ်မပျော်နိုင်ပေ။
ငါ့မှာ ယုံကြည်မှု ရှိနေရင်တောင်မှ ငါ့အသက်ကို မသေချာ မရေရာတဲ့ အရာတွေဆီ လွယ်လွယ်လေး ပုံအပ်လိုက်လို့ မရဘူးလေ...။
အဲဒါက ယုံကြည်မှု မဟုတ်ဘူး... မိုက်မဲမှု သက်သက်ပဲ...။
သို့သော် အိပ်ပျော်နေဟန်ဆောင်နေလိုက်၏။
အနည်းဆုံးတော့ တစ်ဖက်လူကို လှုပ်ရှားဖို့ အခွင့်အရေး ပေးရမယ်လေ...။
အရာအားလုံးကို သူတို့ ထိန်းချုပ်ထားနိုင်ပြီလို့ ထင်သွားတဲ့ အချိန်ကျမှပဲ... သူတို့ရဲ့ တကယ့် ရည်ရွယ်ချက် အစစ်အမှန်ကို ထုတ်ပြကြမှာ...။
ဒီညကတော့... မုန်တိုင်းထန်တဲ့ ညတစ်ည ဖြစ်ဖို့ ဖန်လာတာပဲ...။
ချယ်ရီပန်း နိုင်ငံ...
စောစောက အဘိုးအိုနှင့် ချယ်ရီပန်း သေမင်းတို့ ဆက်သွယ် စကားပြောခဲ့သော အခန်းထဲတွင်...
ယခုအခါ အထူး ဝတ်စုံများ ဝတ်ဆင်ထားသော လူနှစ်ယောက်က အဘိုးအို၏ ရှေ့တွင် ရပ်နေကြလေသည်။
အတိအကျ ပြောရလျှင်တော့...
အသက်ကင်းမဲ့နေသော အဘိုးအို၏ ရုပ်အလောင်း ရှေ့တွင် သူတို့ ရပ်နေကြခြင်း ဖြစ်ပေသည်။
သူတို့ထဲမှ တစ်ယောက်က နောင်တရသည့် လေသံဖြင့်...
" အစ်ကိုယီတောင်း မှာ ဒီလို စွမ်းရည်တွေ ရှိနေမယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး... သူက ဒီအဘိုးကြီးကိုတောင် သတ်ပစ်နိုင်ခဲ့တယ်... "
အခြား တစ်ယောက်ကလည်း ဝင်ထောက်ခံလေသည်။
" ဟုတ်တယ်... ဘာပြင်ဆင်မှုမှ မရှိဘဲနဲ့ဆိုရင် မင်းနဲ့ငါတောင် ဒီကျိန်စာကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး... "
" အံ့သြစရာ ကောင်းတာက... ဒီကျိန်စာက အစားထိုးမယ့် သူရဲ့ အသက်ကို ပေးရမယ်လို့ သူ မလုပ်ခင်က ငါ့ကို ပြောခဲ့ပေမဲ့... သူတို့ နှစ်ယောက်လုံး သေသွားလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး... "
အံ့သြစရာ ကောင်းသည်မှာ စကားပြောသူမှာ အမျိုးသမီး တစ်ဦး ဖြစ်နေခြင်းပင်။
" နောက်တစ်ဆင့် အနေနဲ့ ဖူရူဟာရှီ ဆီက သတင်းကို ငါတို့ စောင့်ရမယ်... တကယ်လို့ သူပါ ကျရှုံးသွားခဲ့ရင်... "
အမျိုးသား တစ်ဦးက လေးလေးနက်နက် ပြောလိုက်၏။
အမျိုးသမီးက ဆက်ပြောပြန်သည်။
" တကယ်လို့ ဖူရူဟာရှီ ပါ ကျရှုံးသွားရင်တော့... ငါတို့ ကိုယ်တိုင် အဲဒီကို သွားရလိမ့်မယ်... ဒါပေမဲ့ ဂဲချောင် ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စာခြောက်ရုပ် နည်းစနစ်တောင် ကျရှုံးသွားပြီ ဆိုရင်... ငါတို့ အဲဒီကို သွားတဲ့အခါ အောင်မြင်နိုင်ခြေက... "
ဤအချိန်တွင် အမျိုးသမီး၏ မျက်လုံးများထဲ၌ ကူကယ်ရာမဲ့သည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားလေသည်။
ဆိုလိုရင်းက အတော်လေး ရှင်းလင်းနေပြီ ဖြစ်၏။
ဖူရူဟာရှီ ဟု သူမ ခေါ်သောသူပင် ယခုအချိန်တွင် ကျရှုံးသွားခဲ့ပြီ ဆိုပါက သူတို့၏ ခရီးစဉ်လည်း ကျရှုံးသွားရန် သေချာသလောက်ပင်။
အောင်မြင်နိုင်ခြေက အလွန်အမင်း နည်းပါးလွန်းလှလေသည်။
သို့သော်...
သူတို့ သွားရမည်သာ။
မစ်ရှင်ထဲမှာ ငါတို့ သေသွားနိုင်တယ်...။
ဒါပေမဲ့ တာဝန်ကို ထမ်းဆောင်ဖို့တော့ လုံးဝ ငြင်းဆန်လို့ မရဘူး...။
ဒါက ငါတို့ အဖွဲ့အစည်းရဲ့ စည်းမျဉ်းပဲလေ...။
တကယ်လို့ ငါတို့သာ ငြင်းဆန်ခဲ့ရင်... ငါတို့ကို စောင့်ကြိုနေမှာက သေခြင်းတရားထက် ပိုကြောက်စရာ ကောင်းတဲ့ အရာ တစ်ခုခု ဖြစ်လိမ့်မယ်...။
အဲဒါက ငါတို့ ခံနိုင်ရည် မရှိတဲ့၊ ဒါမှမဟုတ် သည်းမခံနိုင်တဲ့ အရာမျိုးပေါ့...။
ဘာပဲဖြစ်ဖြစ်... ဒီကမ္ဘာပေါ်မှာ သေခြင်းတရားက ကြောက်စရာ မကောင်းတဲ့ အချိန်တွေ အများကြီး ရှိတယ်လေ...။
သေခြင်းတရားထက် ပိုကြောက်စရာ ကောင်းတဲ့ အရာတွေ အများကြီး ရှိတယ်...။
ဒါကြောင့်မို့ တချို့လူတွေက အသက်ရှင်နေရမှာထက် သေရတာကို ပိုသဘောကျကြတာပေါ့...။
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဆိုတာ တကယ့်ကို သတ္တိကောင်းကောင်း လိုတယ်...။
သေခြင်းတရားထက် ပိုကြောက်စရာ ကောင်းတဲ့ အရာတစ်ခုခုနဲ့သာ မကြုံတွေ့ခဲ့ရဘူး ဆိုရင်... ဘယ်သူကများ ကိုယ့်ဘဝကို ကိုယ်တိုင် အဆုံးသတ်ချင်ပါ့မလဲ...။
***