ယနေ့ည၏ ထူးဆန်းသော အဖြစ်အပျက်များကို သိနေသည့်နှယ် လမင်းကြီးမှာ တိမ်တိုက်များအကြား ပုန်းခိုနေ၍ မြေပြင်တခွင်လုံး အမှောင်လွှမ်းနေလေသည်။
လီယီတောင်း တစ်ယောက် ငြိမ်ငြိမ်ကလေး လှဲနေသည်မှာ သုံးနာရီပင် ရှိလေပြီ။
ကျွိ...
ဟောင်းနွမ်းနေသော သစ်သားတံခါးဟောင်းကြီး ဖြည်းညင်းစွာ ပွင့်လာ၏။
မျက်လုံးကို မှိတ်တဝက် ဖွင့်တဝက် လုပ်ထားရင်း တစ်ဖက်လူ လှုပ်ရှားလာမည့် အချိန်ကို စောင့်နေလိုက်၏။ ကျူးကျော် ဝင်ရောက်လာသူ၏ ခြေလှမ်းများက အလွန် ပေါ့ပါးပြီး အုတ်ကြမ်းပြင်ပေါ်တွင် အသံမထွက်သလောက်ပင်။
အကယ်၍ လီယီတောင်းသာ အိပ်မောကျနေခဲ့မည် ဆိုပါက သူ သတိထားမိမည် မဟုတ်ပေ။
ဒါပေမဲ့... သေမင်းရဲ့ အကာအကွယ် စွမ်းရည်ကတော့ ငါ့ကို သေချာပေါက် သတိပေးမှာပဲလေ...။
သို့သော်...
ဒီလူဆီမှာ စနစ်ကို ကျော်လွှားနိုင်တဲ့ တခြား နည်းလမ်းတွေ မရှိဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ...။
ကျူးကျော် ဝင်ရောက်လာသူ ခြေလှမ်း အနည်းငယ် အလှမ်းအပြီး၌ ရပ်တန့်သွားကြောင်း လီယီတောင်း သတိထားမိလိုက်၏။
လီယီတောင်း ရင်တဒိတ်ဒိတ် ခုန်လာပြီး ဆက်လက် ဟန်မဆောင်နိုင်တော့ပေ။
သူ ရုတ်တရက် ထထိုင်လိုက်၏။
ထင်တဲ့အတိုင်းပဲ... ဝင်လာတဲ့သူက လူမှ မဟုတ်တာ...။
ဒီလို ဖြစ်လာနိုင်ခြေကို ကြိုတွေးထားပြီးသားပါ...။
ဒါက လူတစ်ယောက်ရဲ့ အငွေ့အသက် မဟုတ်ဘူး...။
ရှေ့မှ စာခြောက်ရုပ်ကို ကြည့်ရင်း လီယီတောင်း မျက်နှာပေါ်တွင် လှောင်ပြောင်သည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားလေသည်။
" ဘာဖြစ်လို့လဲ... လန့်သွားတာလား... "
လီယီတောင်း ဖြည်းညင်းစွာ ထလိုက်ပြီး မျက်နှာသေကြီး ဖြစ်နေသော စာခြောက်ရုပ် အနားသို့ ချဉ်းကပ်သွားလိုက်၏။
အော်… ဒီကောင်က ငါ ထားခဲ့တဲ့ စက္ကူအရုပ်ကို မြင်လို့ ခုနက ရပ်သွားတာပဲ…။
စာခြောက်ရုပ်က အချိန်အတော်ကြာသည်အထိ စကားမပြောသလို လီယီတောင်းကလည်း လောမနေပေ။
သူ ငြိမ်ငြိမ်လေး ရပ်နေပြီး စာခြောက်ရုပ်ကို အပြုံးဖျော့ဖျော့လေးဖြင့် စိုက်ကြည့်နေလိုက်၏။
' ကျန်းချိုင်တန်... ဒီကောင်လေး တကယ် ပြဿနာ ရှိနေတာပဲ... '
စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး သူ၏ နောက်ဆုံး ကျန်ရှိနေသော သနားစိတ်နှင့် မျှော်လင့်ချက်များ ပျောက်ကွယ်သွားလေပြီ။
ဒီလို ရိုးသားတဲ့ အကြည့်မျိုးကို ဘယ်လိုများ ဟန်ဆောင်နိုင်တာလဲ...။
" ခင်ဗျား ဘယ်လို သိသွားတာလဲ... "
နောက်ဆုံးတွင် စာခြောက်ရုပ်က မေးလိုက်၏။ ပါးစပ် မလှုပ်သော်လည်း ဘယ်ကလာမှန်း မသိသော ကြက်သီးထဖွယ် အသံကြီးက ကျောချမ်းစရာ ကောင်းလှပေသည်။
လီယီတောင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
" လူတွေက ငါ့ကို ဘာလို့ သေမင်း လို့ ခေါ်ကြလဲ မင်း သိလား... "
စာခြောက်ရုပ်က ပြန်မဖြေ။
လီယီတောင်းက မဲ့ပြုံးပြုံးကာ ဆက်ပြော၏။
" လူတွေက ငါ့ကို သေမင်း လို့ ခေါ်ကြတာက... လူတစ်ယောက်ရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ငါက တကယ် ဆုံးဖြတ်နိုင်လို့ပဲ... "
" ပြီးတော့... ငါက သေမင်း ဖြစ်နေမှတော့ သေသွားတဲ့ လူတွေရဲ့ ဝိညာဉ်တွေကို ငါ သဘာဝကျကျ မြင်နိုင်တာပေါ့... "
" မင်း သဘောပေါက်လား... "
လီယီတောင်း နှုတ်ခမ်းများတွင် အထင်သေးမှုများ ပြည့်နှက်နေလျက်။ သို့သော် သေမင်းဓားသွားကို အချိန်မရွေး အသုံးပြုရန် အသင့်ပြင်ထားလေသည်။
ယခုအချိန်အထိ သူ့အပေါ် တိုက်ခိုက်မှုများနှင့် ထောင်ချောက်များ အားလုံး၏ နောက်ကွယ်တွင် မည်သူ ရှိနေသည်ကို လီယီတောင်း သေချာ မသိသေးပေ။
စာခြောက်ရုပ် ခဏတာ တိတ်ဆိတ်သွားပြီး အတွေးထဲ နစ်မျောနေပုံ ရ၏။ သူ့မျက်နှာထားက အနည်းငယ် အံ့အားသင့်နေသည့် အရိပ်အယောင်ပင် ပြသနေလေသည်။
နောက်ဆုံးတွင် မေးခွန်းတစ်ခုကို သူ မရေမရာမေးလိုက်၏။
" ခင်ဗျား ကျွန်တော့် အဖေ့ကို မြင်ခဲ့တာလား... "
လီယီတောင်း အနည်းငယ် ပြုံးလိုက်ပြီး...
" သူက တကယ်ရော မင်းအဖေ ဟုတ်ရဲ့လား... "
ဤတစ်ကြိမ်တွင် စာခြောက်ရုပ်က တိတ်ဆိတ်မနေတော့ဘဲ ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။
" သူက ကျွန်တော့် အဖေ အရင်းပါ... ဒါပေမဲ့... သူ့ကို ကာကွယ်ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်... သေသွားတဲ့သူတွေအတွက် သူက ဘာလို့ တရားမျှတမှုကို သွားရှာချင်ရတာလဲ... သူ သေရမှာက ရှောင်လွှဲလို့ မရဘူးလေ... တကယ်လို့ သူသာ မသေရင် ကျွန်တော်တို့ တစ်မိသားစုလုံး သေရမှာ... "
" မိသားစုအတွက်... သူ့ကို တွန်းချဖို့ကလွဲပြီး ကျွန်တော့်မှာ တခြား ရွေးချယ်စရာ မရှိခဲ့ဘူး... "
" ဟက်... အဘိုးကြီး တကယ် ပြန်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... သူက ကျွန်တော့်ကို လက်စားချေဖို့ ပြန်လာတာလား... "
နောက်ဆုံး စကားတွင် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်မှုနှင့် ဝမ်းနည်းမှုတို့ ရောယှက်နေလေသည်။ စာခြောက်ရုပ်က သူ့အဖေ အပေါ် အပြစ်ရှိသလို ခံစားနေရကြောင်း ထင်ရှားလှ၏။
ဟင်...
ကြည့်ရတာ... နောက်ကွယ်မှာ တခြား ကိစ္စ တစ်ခုခု ရှိနေသေးတဲ့ ပုံပဲ...။
ကျန်းချိုင်တန် လေသံတွင် တစ်ခုခု မှားယွင်းနေကြောင်း လီယီတောင်း ခံစားလိုက်ရသည်။
ကျန်းချိုင်တန် တစ်ခုခုအတွက် ပြင်ဆင်နေသည်ဟု သူ ခံစားလိုက်ရပြီး အသေခံ တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းလည်း ဖြစ်နိုင်ပေသည်။
သို့သော် လီယီတောင်းက သူ လိုချင်သည့် အဖြေများကို မရသေးပေ။
ခဏမျှ စဉ်းစားပြီးနောက် တည်ငြိမ်သော လေသံဖြင့် သူ ဆက်ပြောလိုက်၏။
" မင်းအဖေက ပိတ်မိနေတယ်... အခု မင်း ထိန်းချုပ်နေတဲ့ စာခြောက်ရုပ်က သူ့ကို ထိန်းချုပ်ထားတာလေ... အဲဒါ မင်းရဲ့ အစီအစဉ် မဟုတ်ဘူးလား... "
" ဘာ... "
ကျန်းချိုင်တန်က စာခြောက်ရုပ်မှတစ်ဆင့် အံ့အားသင့်သွားသည့် လေသံဖြင့် ပြန်မေးလိုက်လေသည်။
သူ အံ့အားသင့်သွားပြီး အနည်းငယ် ဒေါသထွက်သွားကြောင်း ထင်ရှားလှပေသည်။ လီယီတောင်းကတော့ သူ့ကို ပြုံးလျက်သာ ဆက်ကြည့်နေလိုက်၏။
သူ ဘာစကားမျှ မပြောပေ။
သူတို့ရှေ့ရှိ စာခြောက်ရုပ်က အစပိုင်းတွင် ထပ်မံ လှုပ်ရှားရန် ပြင်လိုက်သော်လည်း လီယီတောင်း၏ မျက်နှာထားကို မြင်သောအခါ လှုပ်ရှားမှုများကို ရပ်တန့်လိုက်လေသည်။
မကြာမီမှာပင် စာခြောက်ရုပ် လဲကျသွားပြီး နေ့ခင်းက မြင်တွေ့ခဲ့ရသည့် ပုံစံအတိုင်း ပြန်ဖြစ်သွားတော့၏။
ထို့နောက် တံခါး ပွင့်လာသည့် အသံကို တစ်ဖန် ကြားလိုက်ရပြန်သည်။
အေးစက်စက် မျက်နှာထားဖြင့် ကျန်းချိုင်တန် ဝင်လာပြီး ကောက်ရိုးဖြင့် ပြုလုပ်ထားသော အရုပ်ငယ်လေး တစ်ခုကို ကိုင်ဆောင်ထားလေသည်။
ဒီအရုပ်လေးကတစ်ဆင့် သူ စာခြောက်ရုပ်ကို ထိန်းချုပ်နေပုံပဲ...။
ကျန်းချိုင်တန်က လဲကျနေသော စာခြောက်ရုပ်ကိုရော လီယီတောင်း၏ အကြည့်ကိုပါ လုံးဝ ဂရုမစိုက်ပေ။
သူက အေးစက်စက် လေသံဖြင့်... " ကျွန်တော့် အဖေကို စာခြောက်ရုပ် တစ်ရုပ်က ဖမ်းချုပ်ထားတာ ခင်ဗျား တကယ် မြင်ခဲ့တာ သေချာလား... " ဟု မေးလိုက်၏။
" မင်းပဲ ငါ့ကို ပြောခဲ့တာ မဟုတ်ဘူးလား... မင်းအဖေရဲ့ ဝိညာဉ်ကို စာခြောက်ရုပ်ဆီကနေ လွတ်မြောက်အောင် ကူညီပေးဖို့ ငါ့ကို ဒီခေါ်လာတာလေ ဟုတ်တယ် မလား... အခုကျမှ ဘာလို့ ငါ့ကို ပြန်မေးနေတာလဲ... “
ကျန်းချိုင်တန် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ဒေါသကို ကြိုးစား ထိန်းချုပ်လိုက်၏။
" ကျွန်တော့် အဖေကို စာခြောက်ရုပ် တစ်ရုပ်က ဖမ်းချုပ်ထားတာ တကယ် သေချာလား... "
ဤတစ်ကြိမ်တွင်တော့ လီယီတောင်း အကြောင်းမပြန်တော့ဘဲ ကျန်းချိုင်တန်ကိုသာ စိုက်ကြည့်နေလိုက်လေသည်။
ထူးဆန်းတယ်...။
ငါ့ရဲ့ သေမင်းဓားသွားက ဒီကောင်လေး အပေါ် အကျိုးသက်ရောက်မှု မရှိသလိုပဲ...။
ခုနက စာခြောက်ရုပ် အပေါ်မှာပဲ အလုပ်လုပ်တာ...။
ကျန်းချိုင်တန် ဆီမှာ ထူးခြားတဲ့ စွမ်းရည် တချို့ သေချာပေါက် ရှိရမယ်...။
သူတို့ နှစ်ယောက်သား ဆယ်မိနစ် နီးပါးခန့် ဘာစကားမျှ မဆိုဘဲ အချင်းချင်း စိုက်ကြည့်နေခဲ့ကြသည်။
နောက်ဆုံးတွင် ကျန်းချိုင်တန် တစ်ယောက် စိတ်လျော့လိုက်လေသည်။ သူ့မျက်လုံးများထဲတွင် ဝမ်းနည်းမှု အရိပ်အငွေ့တို့က အထင်းသား။ သူ့အသံက ဆို့နင့်နင့်။
" ကျေးဇူးပြုပြီး... ကျွန်တော့် အဖေ တကယ်ပဲ စာခြောက်ရုပ်ရဲ့ ထိန်းချုပ်မှုကို ခံနေရတာလား ဆိုတာ ပြောပြပါ... "
" တကယ်လို့ ခင်ဗျား ပြောပြရင်... ခင်ဗျား သိချင်တဲ့ အချက်အလက် တချို့ကို ကျွန်တော် ပြောပြပါ့မယ်... "
ကျန်းချိုင်တန် အလျှော့ပေးလိုက်ပြီ ဆိုသည်မှာ ထင်ရှားလှပေသည်။
ခဏမျှ စဉ်းစားပြီးနောက် လီယီတောင်းက စကားမပြောဘဲ ညင်သာစွာ ခေါင်းညိတ်ပြလိုက်လေသည်။
သူ၏ အဖြေကြောင့် ကျန်းချိုင်တန်၏ မျက်လုံးများထဲတွင် ပိုမို နက်ရှိုင်းသော ဝမ်းနည်းမှုများ၊ မျှော်လင့်ချက် ကင်းမဲ့သည့် အရိပ်အယောင်လေး ပေါ်လာတော့၏။
သူခပ်တိုးတိုး ရေရွတ်နေလေသည်။
" မဖြစ်နိုင်ဘူး... ကျွန်တော့် အဖေကို လွှတ်ပေးမယ်လို့ သူ ကတိပေးထားတာလေ... သူ ကတိပေးထားတာ... "
" မဖြစ်နိုင်ဘူး... သူပြောတာက... အဖေ့ကို လွှတ်ပေးမယ်တဲ့... "
" ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ... "
***