လုဖ်သည် ဒေးဗစ်၏ မဟာအကြံအစည်များဖြင့် အသားကျနေပြီဖြစ်သည်။ ထိုငတိလေးသည် နော့တ်စ်ကောင်တီ လိဂ်တူးတွင်ရှိစဉ်က ပြည်တွင်းဖလားကို ကြံစည်ခဲ့ပြီး ယခု လိဂ်ဝမ်းသို့ ရောက်သောအခါ ယူအီးအက်ဖ်အေဖလားကို မျက်စောင်းထိုးနေချေပြီ။ အများ အံ့အားသင့်ဖွယ်ရာ တခုခုကိုမှ ကြံစည်မနေပါက ဒေးဗစ်မဟုတ်ဟု ဆိုရပေတော့မည်။
ထို့အပြင် လက်ရှိကစားသမားများ၏ ပါရမီထူးကဲပုံနှင့် ခြေစွမ်းကောင်းမွန်ပုံတို့ကို ခရေစေ့တွင်းကျ သိရှိထားသော လုဖ်သည်လည်း ယူအီးအက်ဖ်အေဖလားအတွက် ကြိတ်၍ အိပ်မက်နေခဲ့ခြင်းဖြစ်သည်။ ဆုဖလား ဂုဏ်သိက္ခာများအတွက် ရည်မှန်းချက်ရှိခြင်းသည် နည်းပြတဦး၏ မူလသဘာဝပင် ဖြစ်၍ လုဖ်အနေဖြင့် တိုက်ပွဲမစမီ၌ပင် စိုးရွံ့နေဖွယ်ရာ အကြောင်းမရှိချေ။
“ယူအီးအက်ဖ်အေဖလားအတွက်ကတော့ စိတ်မပူပါနဲ့ ဒေးဗစ်ရာ၊ ကိုယ့်လူမပြောရင်တောင် ကျုပ်စဉ်းစားထားပြီးသားပါ၊ ကလပ်ရဲ့သမိုင်းတလျှောက် ဂုဏ်သိက္ခာအကြီးဆုံးဖလား ဖြစ်လာမယ့် ယူအီးအက်ဖ်အေဖလားကို ရစေရမယ်လို့ ကျုပ်ကတိပေးတယ်”
လုဖ်က သူ၏ရင်ဘတ်ကိုပုတ်ကာ ခပ်ရဲရဲပင် အာမခံလိုက်သည်။
နော့တ်စ်ကောင်တီသည် လာမည့် ယူအီးအက်ဖ်အေဖလားတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကလပ်အသင်းများအား စတင်ကင်းထောက်နေပြီဖြစ်၏။ လုဖ် အာမခံရဲသည်မှာ ပါဝင်ယှဉ်ပြိုင်ကြမည့် ကလပ်အသင်းများကြောင့်ဟု ဆိုနိုင်ပေသည်။
ယခုရာသီတွင် အစဉ်အလာ အင်အားကြီးအသင်းများမှာ ချန်ပီယံလိဂ်၌ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယူအီးအက်ဖ်အေ ဖလားတွင် ထိပ်တန်းလိဂ်များမှ အလယ်အလတ်အဆင့် အသင်းများနှင့် အခြားသော ဥရောပနိုင်ငံများရှိ လိဂ်များမှ ထိပ်ဆုံးအသင်းများသာ ပါဝင်ကြမည်ဖြစ်သည်။ ထို့အတွက် ခြေစွမ်းချင်း ယှဉ်လျှင် နော့တ်စ်ကောင်တီအနေဖြင့် မည်သည့်အသင်းကိုမျှ ကြောက်ရွံ့နေစရာမရှိပေ။
ယူအီးအက်ဖ်အေဖလား ၃၂ သင်းအဆင့်တွင် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များမှ အုပ်စုအဆင့် ၃ နေရာရရှိသော အသင်း ၈ သင်း ဆင်းလာကြမည်ဖြစ်သော်လည်း လုဖ်အနေဖြင့် များစွာ ပူပန်ခြင်းမရှိ။ ချန်ပီယံလိဂ်တွင် အုပ်စုအဆင့်မှ ထွက်ခွာလာခဲ့ရသော အသင်းများမှာ ယူအီးအက်ဖ်အေဖလားရှိ အသင်းများနှင့် ခြေစွမ်းပိုင်းတွင် များစွာကွာဟနေဖွယ်ရာ မရှိချေ။
{၁။ ယူအီးအက်ဖ်အေ ဖလားကို ၁၉၇၁ ၌ စတင်ကျင်းပခဲ့ပြီး ၁၉၇၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ရှုံးထွက်ပွဲစဉ်များဖြင့်သာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
၂။ ၂၀၀၄ ခုနှစ်တွင် ချန်ပီယံလိဂ်ကဲ့သို့ အုပ်စုအဆင့်အား စတင်ထည့်သွင်းခဲ့သော်လည်း အုပ်စုတစုလျှင် အသင်း ၅ သင်းပါဝင်သော စနစ်ဖြစ်ပြီး ထိပ်ဆုံး ၃ သင်းမှာ ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရရှိပါသည်။
၃။ ၂၀၀၉ ခုနှစ်တွင် ယူရိုပါလိဂ်ဟု အမည်ပြောင်းလဲခဲ့ပြီး ချန်ပီယံလိဂ်နှင့် သဘောတရားချင်း ထပ်တူညီသော ပုံစံအား ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ယင်းပုံစံအား ၂၀၂၁ ခုနှစ်အထိ ကျင့်သုံးခဲ့ပါသည်။
၄။ ၂၀၂၂ မှစ၍ ကွန်ဖန့်လိဂ် ပေါ်ပေါက်လာသောကြောင့် ယူရိုပါလိဂ်တွင် ပါဝင်သော အသင်းများ အရေအတွက်အား လျှော့ချပစ်ခဲ့သည်။ သို့သော် အုပ်စုအဆင့် ပါဝင်ဆဲဖြစ်၏။
၅။ ၂၀၂၄ ခုနှစ်မှ စတင်၍ ဆွစ်စ် လိဂ်စနစ် (Swiss League System) ကို ပြောင်းလဲ ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ အုပ်စုအဆင့်မပါဝင်တော့ဘဲ အသင်းပေါင်း ၃၆ သင်း ယှဉ်ပြိုင်ကြခြင်းဖြစ်ပါသည်။ အသင်းတိုင်းသည် မတူညီသော ပြိုင်ဘက် ၈ သင်းအသင်းအား ရင်ဆိုင်ရပြီး ရမှတ်အရ ရှုံးထွက်အဆင့်သို့ ရောက်ရှိခြင်းဖြစ်သည်။
ဘာသာပြန်သူ}
ဒေးဗစ်က ပြုံး၍ လက်ဝှေ့ယမ်းပြလိုက်သည်။
“ကတိပေးစရာမလိုပါဘူး ယိုအာချင်ရာ၊ ခင်ဗျား လုပ်နိုင်သမျှ အကောင်းဆုံးလုပ်ရင် ရပါပြီ၊ ခင်ဗျားသိတဲ့အတိုင်း ဖလားပွဲတွေဆိုတာ မထင်မှတ်တာတွေလဲ ဖြစ်တတ်တာပဲလေ၊ အသင်းကြီးတွေတောင် အမှတ်မထင် ခံလိုက်ရတာတွေ သာဓက အများကြီးရှိတာပဲ၊ ကျနော်ခင်ဗျားကို ဖိအားမပေးပါဘူးဗျာ”
လုဖ်က ဒေးဗစ်အား မည်သို့မျှမတုံ့ပြန်ချေ။ သို့သော် သူ၏မျက်လုံးများတွင် ထင်ဟပ်နေသော ခိုင်မာသည့်ဆုံးဖြတ်ချက်က ဒေးဗစ်အား များစွာ ပျော်ရွှင်ကျေနပ်သွားစေသည်။ နည်းပြချုပ်သည် မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိသူဖြစ်ပြီး အောင်မြင်မှုအား အမြဲတစေ ဆာလောင်နေသူဖြစ်သည်။ သို့ဆိုပါက အသင်းအတွက် စိတ်ပူပန်စရာ မရှိတော့ပေ။
“အခု လက်ရှိ အသင်းအနေအထားအရဆိုရင် စစ်မျက်နှာ သုံးလေးခုအထိ ဖွင့်လို့ရတယ်လို့ ကျနော်ယူဆတယ်ဗျ၊ ဒီတော့ လိဂ်ဖလားနဲ့ အက်ဖ်အေဖလားကိုရော ဘယ်လိုသဘောရလဲ ယိုအာချင်၊ ခင်ဗျားက အသင်းနဲ့ပတ်သက်ရင် အသိဆုံးလူဆိုတော့ ခင်ဗျားရဲ့ ထင်မြင်ယူဆချက်ကိုလည်း သိချင်ပါတယ်ဗျာ”
ဒေးဗစ်၏ အကြည့်များက လုဖ်ထံ ပြန်လည် ရောက်ရှိသွားပြန်သည်။
“တကယ်လို့သာ အသင်းဟာ လက်ရှိလိုင်းအပ်အတိုင်း နှစ်နှစ် ၊ သုံးနှစ်လောက် ကစားပြီးသားဆိုရင်တော့ ဒီလူစာရင်းနဲ့ စစ်မျက်နှာ သုံးလေးခု အထိ ဖွင့်လို့ရမယ်လို့ ကျုပ်ပြောနိုင်တယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ လက်ရှိ အသင်းဟာ အဲ့ဒီလောက် မစွမ်းဆောင်နိုင်သေးဘူး”
လုဖ်က ခေတ္တစဉ်းစားလိုက်ပြီးနောက် အလေးအနက် ပြောလိုက်ခြင်းဖြစ်သည်။ သူကိုယ်တိုင်လည်း ထိုကိစ္စအား အချိန်အတန်အကြာ စဉ်းစားခဲ့ပြီးဖြစ်၏။
ဒေးဗစ်နှင့် ဆိုရီယာနို တို့နှစ်ဦးလုံး စိတ်ဝင်စားဟန် ပြလိုက်ကြသည်။ လုဖ်သည် ခိုင်မာသော အကြောင်းပြချက်များ မရှိဘဲ ထိုသို့မှတ်ချက်ပြုမည့်သူ မဟုတ်ကြောင်း သူတို့နှစ်ဦးစလုံး ယုံကြည်သည်။
“ကျုပ်တို့ကောင်လေးတွေဟာ အရမ်းငယ်သေးတယ်”
လုဖ်က ခေတ္တမျှရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။ “ကျုပ်တို့ရဲ့ ကီးပလေယာ အများစုက အသက်နှစ်ဆယ်တောင် ပြည့်ကြသေးတာမဟုတ်ဘူး။ သူတို့ရဲ့ ဘောလုံးအရည်အသွေးက ထိပ်တန်းအဆင့်ကို ရောက်နေပြီလို့ ပြောမယ်ဆိုရင်တောင် အသက်အရွယ်အရ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ပြည့်ပြည့်စုံစုံ မဖွံ့ဖြိုးသေးဘူး။ သူတို့အနေနဲ့ ပြင်းပြင်းထန်ထန် အားထုတ်ရတဲ့ပွဲမျိုး ကစားနိုင်တာမှန်တယ်၊ ဒါပေမဲ့ တစ်ရာသီလုံး အဲ့ဒီလိုအပြင်းအထန် အားထုတ်မှုမျိုးကို ထိန်းထားဖို့မဖြစ်နိုင်ဘူး၊ အလှည့်အကျစနစ်ကို တစ်ချိန်လုံး ကျယ်ကျယ်ပြန့်ပြန့် သုံးနေမယ်ဆိုရင်တောင် စစ်မျက်နှာ သုံးလေးခုစာကို ရုန်းရမယ်ဆိုရင် ကျုပ်တို့ကောင်လေးတွေရဲ့ ခန္ဓကိုယ်ဖွံ့ဖြိုးမှုက လိုက်နိုင်မှာမဟုတ်ဘူး၊ အဲ့ဒီတော့ လက်ရှိအနေအထားမှာ ရှိသမျှ ချန်ပီယံဆု အားလုံးကိုမှန်းဖို့က မဖြစ်နိုင်တဲ့ ကိစ္စပဲ”
“တကယ်လို့ လက်ရှိကစားသမားတွေ အသင်းမှာနောက်ထပ် နှစ်နှစ်လောက်ဆက်ပြီး ကစားနေဦးမယ်ဆိုရင်တော့ ရှိသမျှ ချန်ပီယံဆု အားလုံးကိုယှဉ်ပြိုင်ဖို့ ကောင်းကောင်းကြီး ဖြစ်နိုင်လိမ့်မယ်”
ဒေးဗစ် ရုတ်တရက် သဘောပေါက်သွားသည်။ သူ့သည် အသင်းရှိကစားသမားများအား အနာဂတ်ကိုအခြေခံသည့် အမြင်ဖြင့်သာ ရှုမြင်နေခြင်းဖြစ်သည်။ ထိုကစားသမားများ အနာဂတ်တွင် မည်မျှအထိအောင်မြင်လိမ့်မည်ကို သိရှိထားပြီးဖြစ်၍ လက်ရှိအချိန်၌ ခြေစွမ်းမပြနိုင်သေးလျှင်ပင် သူ့အနေဖြင့် စိတ်ပျက်ခြင်းမရှိပေ။ သို့သော် အချို့သော အရေးကြီးသည့် အချက်များကို သူမေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
ကစားသမားများသည် လူငယ်လေးများသာ ဖြစ်ကြသေးသည်။ ၎င်းတို့၏အရည်အသွေးအား လွန်ကဲစွာ ညှစ်ထုတ်သုံးစွဲခြင်းသည် ကစားသမားများအပေါ် မတရား ပြုမူခြင်းသာ ဖြစ်၏။ လုဖ်က ထိုသို့ထုတ်မပြောသော်လည်း သူ၏ဆိုလိုရင်းအား ဒေးဗစ်နားလည်သည်။
“ယိုအာချင် ပြောတဲ့အချက်က အရေးကြီးတယ်ဗျ၊ ချန်ပီယံရှစ် ဂုဏ်သိက္ခာတွေရဲ့နောက်ကို လိုက်တာဟာ မှားတယ်လို့တော့ ပြောလို့မရဘူးပေါ့၊ ဒါပေမဲ့ကျုပ်တို့တွေ အုတ်မြစ်ခိုင်မာဖို့ လိုတာကိုလည်း မေ့ထားလို့မရပြန်ဘူး၊ တစ်နည်းပြောရရင် နော့တ်စ်ကောင်တီမှာ အသင်းကြီးတစ်သင်းရဲ့ ခိုင်မာတဲ့ အုတ်မြစ်မျိုးမရှိသေးဘူး၊ အသင်းရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ဖို့အတွက် ဆုဖလားတွေ အသည်းအသန်လိုအပ်နေတာ မှန်ပေမဲ့ ကျုပ်တို့ကစားသမားတွေရဲ့ အနာဂတ်နဲ့ လောင်းကြေး ထပ်ရမယ်ဆိုရင်တော့ သင့်လျော်မှုမရှိဘူးလို့ ကျုပ်ယူဆပါတယ်”
ဆိုရီယာနိုက ရုတ်တရက် ဖြတ်ပြောလိုက်သည်။
“နောက်ထပ် ရှုထောင့်တစ်ခုက ကြည့်မယ်ဆိုရင် ကျုပ်တို့ဟာ ကိုယ့်ကိုယ်ကို အသင်းကြီးတစ်သင်းလို့ ခံယူပြီး တည်ဆောက်နေကြတာပဲလေ၊ အသင်းကြီတွေအတွက် လိဂ်ဖလားနဲ့ အက်ဖ်အေဖလားက အဲ့ဒီလောက်အရေးပါလို့လား”
“ကျုပ်တို့အသင်းက လိဂ်ဖလားကို ရခဲ့ပြီးသွားပြီ၊ ယူအီးအက်ဖ်အေ ဖလား ဝင်ခွင့်လဲရပြီ၊ ဒါပေမဲ့ လိဂ်ဖလားရခြင်းဟာ ကျုပ်တို့အတွက်အများကြီး အဓိပ္ပါယ်ရှိသွားလို့လား တကယ်လို့ ကျုပ်တို့အသင်းက ကောင်လေးတွေမှာ လက်ခံနိုင်လောက်တဲ့ အတွေ့အကြုံ၊ အရည်အချင်း ကိုယ်ခန္ဓာကြံ့ခိုင်မှုတွေ ပြည်စုံနေမယ်ဆိုရင် ချန်ပီယံရှစ် ဖလားရော တခြားဖလားတွေကိုပါ ယှဉ်ပြိုင်ဖို့ ကျုပ်တကယ်ဆန္ဒရှိပါတယ်၊ လက်ရှိအသင်းရဲ့အခြေအနေအရ အဲ့ဒီလောက်ရည်မှန်းချက်ထားဖို့ မဖြစ်နိုင်ဘူးဗျ၊ ဒီတော့ ကျုပ်တို့ရွေးချယ်မှုတွေလုပ်မှဖြစ်မယ်”
“ကျုပ်ရဲ့အမြင်ကိုပြောရရင် တန်းတက်ဖို့ကိုသေခြာ
အောင်လုပ်ပြီး ယူအီးအက်ဖ်အေ ဖလားကိုပဲ ဖြစ်နိုင်သမျှ
အာရုံစိုက်ချင်တယ်၊ လိဂ်ဖလားနဲ့ အက်ဖ်အေဖလားကိုတော့ ရောက်သလောက်နဲ့ ကျေနပ်ကြတာပေါ့ဗျာ”
ဆိုရီယာနိုရော လုဖ်ပါ ဤကိစ္စတွင် သူတို့၏သဘောထားကို ပြတ်သားစွာပြောဆိုလာကြသည်။ နှစ်ဦးလုံးမှာ ဒေးဗစ်မှသာ အတိုက်အခံပြုလုပ်လာပါက အလျှော့ပေးမည့်ပုံမျိုး မရှိချေ။
“နေကြပါဦးဗျ၊ ခင်ဗျားတို့နှစ်ယောက် ဘာလို့အဲ့လောက် အသည်းအသန်ဖြစ်သွားရတာလဲ၊ ကျနော်က ဘောလုံးအကြောင်းကို နားမလည်ဘဲ ခေါင်းမာနေတဲ့ ဥက္ကဌမှမဟုတ်တာကို၊ ပြီးတော့ ကျနော်က တခြားသူတွေရဲ့ အယူအဆကို ဂရုမစိုက်တတ်တဲ့သူမျိုးလည်း မဟုတ်ရပါဘူးဗျာ”
ဒေးဗစ်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သော်လည်း သူ၏စိတ်ထဲတွင် အနည်းငယ်ရှက်ရွံ့သွားမိလေသည်။ သူသည် ကစားသမားများ၏ အနေအထားအား ထည့်သွင်းတွက်ချက်ခြင်း မရှိဘဲ ဖလားအားလုံးအား ယှဉ်ပြိုင်လိုစိတ် အမှန်တကယ် ဖြစ်ပေါ်မိခဲ့ခြင်းဖြစ်သည်။
ဒေးဗစ်၏စကားကို ကြားရသောအခါမှ လုဖ်ရော ဆိုရီယာနိုပါ ကြိတ်၍သက်ပြင်းချလိုက်မိကြလေသည်။ သူတို့နှစ်ဦးသည် ဒေးဗစ်၏ခေါင်းထဲ၌ လက်ရှိအသင်း၏ အခြေအနေအရ ဖြစ်နိုင်ဖွယ်ရာမရှိသော ရည်မှန်းချက်များဖြင့် ပြည့်နှက်နေမည်ကို စိုးရိမ်နေကြခြင်းဖြစ်၏။ ဒေးဗစ်မှာ လူငယ်တဦးဖြစ်သည့်အပြင် အသင်းအား သမိုင်းဝင်အောင်မြင်မှုများ ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သောကြောင့် မီဒီယာများနှင့် ပရိသတ်များ၏ ချီးကျူးဂုဏ်ပြုမှုများ ရရှိခဲ့သူဖြစ်သည်။ သို့ဖြစ်၍ လူငယ်ပီပီ မာန်အပြည့်ဖြင့် အောက်ခြေလွတ်လာမည်ကို စိတ်ပူကြခြင်းဖြစ်လေသည်။
လုဖ်သည် ပထမအသင်းကြီးတွင် အာဏာအပြည့်အဝရရှိထားပြီး ဆိုရီယာနိုမှာ စီမံခန့်ခွဲရေးအပိုင်းတွင် ဩဇာကြီးသူဖြစ်သော်လည်း အသင်းတွင် နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်နှင့် ငြင်းပယ်ပိုင်ခွင့်မှာ ပိုင်ရှင်တဖြစ်လဲ ဥက္ကဌဖြစ်သူ ဒေးဗစ်ထံတွင်သာ ရှိကြောင်း သူတို့နှစ်ဦးလုံး ကောင်းစွာ သဘောပေါက်ကြသည်။
သို့သော် တဖက်မှကြည့်မည်ဆိုပါက ဒေးဗစ်သည် ထိုသို့သောလူမျိုး မဟုတ်သည်ကိုလည်း သူတို့၏စိတ်ထဲ၌ ယုံကြည်မှုရှိနေပြန်သည်။ ဤလူငယ်လေးသည် ဥက္ကဌရာထူး ရယူထားသော်လည်း ဥက္ကဌတဦး၏ လုပ်ငန်းများအား အခြားသူများထံ လွှဲအပ်ကာ ကွင်းဘေး၌သာ နေချင်သူတဦးဖြစ်သည်။ ဥက္ကဌတယောက်အနေဖြင့် ပရော်ဖက်ရှင်နယ်မဟုတ်ဟု သုံးသပ်နိုင်သည်။ သို့ရာတွင် ဒေးဗစ်သည် ကျိန်းသေ အရူးတယောက်မဟုတ်ချေ။ အချို့သော နေရာများတွင် လုဖ်ရော ဆိုရီယာနိုထက်ပါ များစွာထက်မြက်နေပြန်လေသည်။
***