ရာသီသစ်အတွက် ကြီးသုံးကြီး၏ အစည်းအဝေးအပြီးတွင် သုံးဦးစလုံး သက်ဆိုင်ရာ လုပ်ငန်းများအား စတင်ကြရတော့သည်။
ဆိုရီယာနို၏ထံတွင် လက်ရှိအလုပ်များသာမက ခြေစမ်းပွဲများအတွက် အခြားကလပ်များနှင့် ချိတ်ဆက် ညှိနှိုင်းရန်တာဝန်အသစ်ပါ ရရှိလာ၏။ လုဖ်မှာသင်း၏ လေ့ကျင့်ရေးကို အားသွန်ခွန်စိုက် စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ရာသီသစ်၏ ရည်မှန်းချက်များမှာ လွယ်ကူမည်မဟုတ်ပေ။ သို့အတွက် ပြိုင်ဘက်များအား ထောက်လှမ်းအကဲဖြတ်ခြင်းကဲ့သို့ အရေးကြီးသည့် တာဝန်များကိုပါ လက်ထောက်နည်းပြထံ လွှဲအပ်ထားရလေသည်။
ဒေးဗစ်မှာကား ……. ယခင်အတိုင်းဖြစ်သည်။
ယခင်အတိုင်းပင် အလုပ်လုပ်သည်ကို မတွေ့ရခြင်းဖြစ်၏။ ဥက္ကဌတဦးအနေဖြင့် ကလပ်၏ စီမံခန့်ခွဲရေးတာဝန်များကို ထမ်းဆောင်ရမည့်အစား နေ့စဉ် လူငယ်အကယ်ဒမီ၌ ကလေးများဖြင့် သွားရောက် အချိန်ဖြုန်းနေသည်ကိုသာ လုဖ်ရော ဆိုရီယာနိုပါ တွေ့ရလေသည်။ အကယ်ဒမီမှ ကလေးများမှာ အသင်း၏ အနာဂတ်လေးများ ဖြစ်ကြသော်လည်း လက်ရှိကာလတွင် ထိုမျှအထိ အရေးထားနေခြင်းမှာ ဒေးဗစ် အလေလိုက်နေခြင်းမဟုတ်ပါက ဘာများဖြစ်နိုင်ဦးမည်နည်း။
အမှန်ပင် ယခုအချိန်၌ ဒေးဗစ်သည် နော့တ်စ်ကောင်တီ လူငယ်အကယ်ဒမီတွင် ကလေးထိန်းဘဝသို့ လုံးလုံးလျားလျား ကူးပြောင်းသွားပြီဖြစ်သည်။ အများ၏အမြင်တွင် ဒေးဗစ်တယောက် ချာတိတ်လေးများနှင့် အချိန်ဖြုန်းနေခြင်းဟု ထင်မြင်ကြမည် ဖြစ်သော်လည်း ဒေးဗစ်သည် သူ၏ရင်ထဲမှ နှစ်နှစ်ကာကာ သဘောကျသော အလုပ်အား လုပ်ကိုင်နေခြင်းပင် ဖြစ်လေသည်။ သူ၏ဆန္ဒမှာ ရိုးရိုးလေးပင်ဖြစ်သည်။ နို့နံ့ပင်မစင်သေးသော နှပ်ချေးတွဲလောင်း ချာတိတ်လေးများ ဘဝမှ တချိန်တွင် စူပါစတားများအဖြစ် သူ၏ မျက်စိအောက်၌ပင် တဖြည်းဖြည်းပြောင်းလဲလာသည်ကို မြင်တွေ့လိုခြင်းသာ။ ဒေးဗစ်အတွက် ထိုမျှ နှစ်သက်စရာ ကောင်းသော အခြားအလုပ်မျိုး စဉ်းစား၍မရချေ။
လူငယ်လေ့ကျင့်ရေးကို အရေးမထားသော အခြားသော အောက်တန်းကလပ်များနှင့် ခြားနားစွာပင် ဒေးဗစ်သည် လူငယ်လေ့ကျင့်ရေးအား ပထမအသင်းကြီးနှင့်တန်းတူ အရေးထားခြင်းဖြစ်သည်။ ဤသည်မှာ အသင်းကြီးအချို့ပင် မစွမ်းဆောင်နိုင်သော အရာဖြစ်၏။
အသစ်စက်စက်ခန့်အပ်ထားသော လူငယ်လေ့ကျင့်ရေး ဒါရိုက်တာ ရိကယ်ရင့်ခ်နှင့် ဒေးဗစ်တို့မှာ လူငယ်အသင်းများ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ မျက်နှာများနီရဲလာသည်အထိ ငြင်းခုံခဲ့ကြရခြင်းဖြစ်လေသည်။ ဒေးဗစ်သည် လူငယ်များအား ပျိုးထောင်ရာတွင် ရိကယ်ရင့်ခ်ကဲ့သို့ ပရော်ဖက်ရှင်နယ်တဦးနှင့် နှိုင်းယှဉ်၍မရသော်လည်း သူ့တွင် အနာဂတ်အား ကြိုတင်သိရှိထားခြင်းဟူသည့် သူမတူသော အားသာချက် ရှိနေခြင်းကြောင့်ဖြစ်သည်။
လူငယ်လေ့ကျင့်ရေးတွင် အတွေ့အကြုံရင့် နာမည်ကြီး ကလပ်များ၏ မော်ဒယ်လ်များအား အထပ်ထပ် အထပ်ထပ် အခါခါ လေ့လာဆန်းစစ်ပြီးနောက် နော့တ်စ်ကောင်တီ၏ လူငယ်အကယ်ဒမီအား အသက်အရွယ်အပိုင်းအခြား ၈ ခု ဖြင့် ဖွဲ့စည်းလိုက်လေသည်။ အသက်အရွယ်အပိုင်းအခြား တခုတွင် ကစားသမား ၂၅ ဦးမှ ၃၀ အထိ ပါဝင်သော အသင်း ၈ သင်း ဖြစ်၏။
ယူ-၂၃ အသင်းမှာ စင်စစ်တွင် ပထမအသင်းကြီး၏ အရံအသင်းသာဖြစ်သည်။ ကစားသမားတဦးသည် အသက် ၂၃ နှစ်အထိ ပထမအသင်းကြီးတွင် နေရာတနေရာ မရရှိခဲ့ပါက ကလပ်တွင် ၎င်း၏ အနာဂတ်မရှိတော့ပြီဟု ဆိုနိုင်သည်။ ထိုသို့သော ကစားသမားအတွက် အသင့်တော်ဆုံးနည်းလမ်းမှာ အသင်းသစ်ရှာရန် သို့မဟုတ် အောက်တန်းလိဂ် အသင်းများသို့ ဆင်း၍ကစားရန်သာ ဖြစ်သည်။
စင်စစ်အားဖြင့် ဒေးဗစ်သည် အရံအသင်းပင် ထားလိုခြင်းမရှိ။ အက်ဖ်အေ၏ မူဝါဒအရသာ အရံအသင်းအား ထားရှိရခြင်းဖြစ်သည်။ ထိုအရံအသင်းမှာ နော့တ်စ်ကောင်တီတွင် တန်ဖိုးထားခြင်း မခံရဆုံးအသင်းလည်း ဖြစ်လေသည်။ ဥပမာ ပြီးခဲ့သည့်ဘောလုံးရာသီက ယခင် ဂျိုကီစကော့လက်ထက် နော့တ်စ်ကောင်တီ၏ လိုင်းအပ်ဖြစ်ခဲ့သော ကစားသမားများ အားလုံးကို အရံအသင်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်၍ ယခုရာသီတွင် ယင်းကစားသမားများ အသင်းသစ် မရှာဖွေနိုင်ပါက အရံအသင်း၌သာ အရံလိဂ်တွင်ဆက်လက် ကစားရမည် ဖြစ်၏။ တချိန်တည်းမှာပင် ပထမအသင်းကြီးမှ ဒဏ်ရာရ ကစားသမားများ ဒဏ်ရာမှ ပြန်လည်သက်သာလာချိန်၌ အရံလိဂ်တွင် ခေတ္တ ခြေသွေးနိုင်သည် ဖြစ်ရာ အလုံးစုံ အကျိုးမရှိဟူ၍လည်း ဆို၍မရချေ။
နောက်ထပ် အသက်အပိုင်းအခြားတခုမှာ ယူ-၁၉ အသင်းဖြစ်ပြီး လူငယ်ကစားသမားများအတွက် ပထမအသင်းကြီးသို့ မရောက်မီစပ်ကြားတွင် အရေးကြီးသော အသင်းတသင်းဖြစ်သည်။ သို့သော် လက်ရှိ နော့တ်စ်ကောင်တီတွင် ယူ-၁၉ မှာ အမည်သာရှိပြီး သင့်လျော်သော ကစားသမားများ (ဒေးဗစ်၏ အနာဂတ်ကြယ်ပွင့်များ) မရှိပေ။ အကယ်၍သာ တစုံတယောက်က နော့တ်စ်ကောင်တီ၏ ပထမအသင်းကြီးကို စေ့ငုကြည့်မည်ဆိုပါက ယူ-၁၉ အတွက် သင့်လျော်သည့် အသက်အရွယ်ရှိသော ကစားသမားအတော်များများကို တွေ့ရမည်ဖြစ်လေသည်။
ရှနိုက်ဒါ၊ မာရှေယာနို၊ မာတီဆက်ကာ၊ ရစ်ဘာရီ၊ အင်နီယက်စ်တာ၊ ဗက်စ်တာမန်း၊ လေတန် ဘိန်းစ် စသည့် ကစားသမားများမှာ ယူ-၁၉ နှင့် ကိုက်ညီသော အသက်အရွယ်များဖြစ်ကြပြီး နော့တ်စ်ကောင်တီ ပထမအသင်းကြီး၏ လိုင်းအပ်ထက်ဝက်ခန့် ဖြစ်နေကြခြင်းပင် ဖြစ်၏။
ယူ-၁၇ အသင်းမှာ အနာဂတ်ကြယ်ပွင့် အနည်းပါးဆုံးအသင်း ဖြစ်သည်။ တသင်းလုံးတွင် ဒေးဗစ်ရွေးချယ်ထားသည့် လူငယ်များထဲမှ ဂယ်ရီကာဟေးလ် (Gary Cahill)၊ ရာမို့စ် (Sergio Ramos)၊ ဘာဘယ်လ် (Ryan Bable) နှင့် ဂျိုးဟတ် (Joe Hart) သာ ပါဝင်လေသည်။ ကျန်ကစားသမားများမှာ ဒေသတွင်း လူရွေးချယ်ပွဲများ ပြုလုပ်စဉ်က ရွေးချယ်ခံထားရသော ကစားသမားများ ဖြစ်ကြပြီး ဒေးဗစ်၏အမြင်တွင် ထိုကလေးများမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ ဖြစ်လာနိုင်ကြသော်လည်း နော့တ်စ်ကောင်တီ အသင်းကြီးသို့ ရောက်ရှိနိုင်သည့် ခြေစွမ်းမျိုး ကင်းမဲ့နေကြသူများပင်ဖြစ်သည်။
ယူ-၁၆ အသင်းမှာမူ ဒေးဗစ်၏ လက်ရွေးစင် နည်းပါးသော်လည်း အနာဂတ် အရည်အသွေး အလွန်မြင့်မားကြသူများ ဖြစ်ကြသည်။ မက်ဆီ၊ အိုဇေးလ်၊ ဟွမ်မာတာ၊ ဂျာဗီးမာတီနက်ဇ်၊ လီဝန်ဒေါစကီး၊ ဟမ်မ်ဆစ်ခ်၊ လယ်လာနာ စသူတို့မှာ ထိပ်တန်းကစားသမား ဘဝသို့ သေချာပေါက် ရောက်ရှိလာကြမည့် သူများ ဖြစ်လေသည်။ အနာဂတ်တွင် အဆိုပါ ကစားသမားများ အသင်းကြီး၌ စတင်ကစားလာပါက လက်ရှိနော့တ်စ်ကောင်တီထက် မနိမ့်ကျသော လူငယ်မုန်တိုင်းတခု အင်္ဂလန်၌ ပေါ်ပေါက်လာပေဦးမည်။
ယူ-၁၅ အသင်းမှာ ရိကယ်ရင့်ခ်၏ အမြင်တွင် ဖွဲ့စည်းရန်မလိုဟု သတ်မှတ်ထားသော်လည်း ဒေးဗစ်၏ အတင်းအကြပ် တောင်းဆိုမှုကြောင့် ဖွဲ့စည်းခဲ့ရခြင်းဖြစ်သည်။
နော့တ်စ်ကောင်တီ၏ လူငယ်အကယ်ဒမီတွင် အကောင်းတကာ့ အကောင်းဆုံး သင်ထောက်ကူပစ္စည်းများ၊ အဆောက်အဦးများနှင့် ပတ်ဝန်းကျင်ကောင်းများကို များစွာအကုန်အကျခံ ဖန်တီးထားသော်လည်း နာမည်ကြီး လူငယ်အကယ်ဒမီများနှင့် နှိုင်းယှဉ်ပါက အတွေ့အကြုံနှင့် စီမံခန့်ခွဲမှု အပိုင်းတွင် ကွာဟချက်များ ကြီးမားနေဆဲပင် ဖြစ်လေသည်။ ထို့အတွက် ဒေးဗစ်အနေဖြင့် အရာအားလုံးကို ခေတ်ရှေ့အပြေးဆုံး ပုံစံဖြင့်သာ တည်ဆောက်သွားရန် ဆုံးဖြတ်ထားခြင်းဖြစ်၏။
ယူ-၁၅ အသင်းတွင် ဒေးဗစ်၏ လက်ရွေးစင်များထဲမှ ပထမတန်းစား ဖြစ်လာကြမည့် ချာတိတ်လေးများ အတော်အသင့်ပါဝင်နေကြသည်။ စတားရစ်ဂ်ျ၊ ဝဲလ်ကော့၊ ဂျာရတ်ဘေးလ်၊ စမောလင်း၊ မာကို ရိုက်စ် (Marco Reus)၊ အက်ဇ်ပီလီကျူတာ၊ ဂျော်ဒီအယ်လ်ဘာ၊ ကီရန်ဂစ်ဘ်စ် (Gibbs)၊ ရွိင်ကာရိုးလ် (Roy Caroll) စသည့်ကစားသမားများ ဖြစ်ကြလေသည်။ အချို့မှာ စူပါစတားဖြစ်လာမည်ဟု ပြော၍မရသော်လည်း မည်သည့်အသင်းတွင်မဆို ပစ်ပယ်၍မရသော ဒေါက်တိုင်များအဖြစ် ထင်ရှားလာကြမည့်သူများ ဖြစ်ကြောင်း အငြင်းပွားဖွယ်မရှိချေ။
ယူ-၁၃ အသင်းတွင် ဒေးဗစ်၏ လက်ရွေးစင်များမှာ ရမ်မ်ဆေး (Aaron Ramsey)၊ ဝဲလ်ဘက် (Danny Welbeck)၊ ဒဟဲယား (David De Gea)၊ ဂရစ်ဇ်မန်း (Griezmann) နှင့် ဒင်းန် ဟန်ဒါဆန် (Dean Henderson) တို့ဖြစ်ကြသည်။ သို့သော် သူအံ့ဩရသည်က အသင်းမှ ပြုလုပ်သော ဒေသတွင်း လူရွေးချယ်ပွဲတွင် ရရှိလာခဲ့သော ယူ-၁၃ ကစားသမားလေးများထဲမှ သူမှတ်မိသော အမည်နှစ်ခု ပါလာခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့မှာ ကိုင်းလ် ဝေါ်လ်ကာ (Kyle Walker) နှင့် ဒန်နီ ရို့စ် (Danny Rose) တို့ ဖြစ်လေသည်။
. ထို့နောက်တွင် ယူ-၁၁ အသင်းဖြစ်သည်။ ကလေးအသင်းဟု ခေါ်လျှင် ပို၍မှန်ပေလိမ့်မည်။ ချာတိတ်ကလေးများမှာ ပီဘိ ကလေးငယ်များသာ ဖြစ်ကြသေးသည်။
ဒီဘရိုင်း (Kevin De Bruyne)၊ ဟာဇက် (Edin Hazard)၊ ဝီလ်ရှိုင်းယား (Jack Wilshire)၊ ဖီးလ်ဂျုန်းစ် (Phil Jones)၊ ဂျက်ဆီလင်းဂတ် (Jesse Lingard)၊ မိုရာတာ (Alvaro Morata)၊ အစ်စ်ကို (Isco)၊ အလာဘာ (David Alaba)၊ ပေါ့ဂ်ဘာ (Paul Pogba)၊ ဗာရက်တီ (Marco Verratti)၊ ချိန်ဘာလိန် (Alex-Oxlade Chamberlain)၊ ရော့စ် ဘာကလေ (Ross Barkley)
ယူ-၁၁ အဖွဲ့သည် နော့တ်စ်ကောင်တီတွင် အရေအတွက်ရော အရည်အချင်းပါ အကောင်းဆုံး အစုအဖွဲ့ဖြစ်လေသည်။ အနာဂတ်တွင် ထိုချာတိတ်လေးများ အရွယ်ရောက်လာပါက ဘောလုံးလောကကို လွှမ်းမိုးရန် အတော်လေး လွယ်ကူလိမ့်မည်ဟု ဒေးဗစ် စိတ်ကူးယဉ်မိသည်။
အချို့သော ကလပ်အသင်းများတွင် ကလေးများအား အသက်အရွယ်အစားစားအလိုက် အသင်းများ ဖွဲ့စည်းပေးထားကြသော်လည်း နော့တ်စ်ကောင်တီ၌မူ ယူ-၉ အထိသာရှိလေသည်။
ဒေးဗစ်လိုက်လံ စည်းရုံးလာခဲ့သော ကလေးငယ်လေးများထဲမှ မာစီရယ် (Anthony Martial)၊ ချိန်းဘားစ် (Calum Chambers)၊ စတားလင်း (Raheem Sterling)၊ ဂျွန် စတုန်းစ် (John Stones)၊ လုခ်ရှော (Luke Shaw)နှင့် ဒယ်လီ အလီ (Deli Ali) တို့ကိုသာ ယူ-၉ အသင်း၌ ထည့်သွင်း၍ရသည်။ အခြားသော ၇ နှစ် ၈ နှစ်သားလေးများမှာ ဘောလုံးလေ့ကျင့်ခြင်းထက်စာလျှင် ဘောလုံးအား ကစားနေသော အရွယ်များသာ ဖြစ်ကြသည့်အတွက် အသင်းဖွဲ့စည်း၍ တင်းကြပ်စွာ လေ့ကျင့်မှုများ ဒေးဗစ်မပြုလုပ်လိုပေ။ သူတို့အား ပျော်သလို ကစားစေကာ အနည်းငယ်မျှသော လမ်းညွှန်မှုအချို့သာ ပြုလုပ်ပေးရန် ဆုံးဖြတ်ထားခြင်းဖြစ်၏။
ဒေးဗစ်အနေဖြင့် နောင်လာမည့်အချိန်များတွင် သူ၏အနာဂတ်အသိတို့ကို အသုံးပြုကာ အကယ်ဒမီသို့ ကစားသမားခေါ်ဆောင်ခြင်းများ မပြုလုပ်တော့ရန် ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။ လက်ရှိ သူခေါ်ယူထားသော မွန်းစတားလေးများဖြင့်ပင် သူ့အား ဘောလုံးလောကတခုလုံး လေးစားရန် လုံလောက်နေပြီဖြစ်လေသည်။
ထို့အပြင် နော့တ်စ်ကောင်တီ၏ လူငယ်အကယ်ဒမီအား မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်စေလိုပါက သူ၏အနာဂတ်အမြင် တခုတည်းကိုသာ မှီခိုရန် မဖြစ်နိုင်မှန်း ဒေးဗစ်ကောင်းစွာ နားလည်သည်။ ယခု သူခေါ်ယူထားသော ချာတိတ်လေးများအား သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် အကယ်ဒမီသည်လည်း များစွာသော အဖိုးတန်အတွေ့အကြုံများ ရရှိလာပေလိမ့်မည်။ တချိန်တွင် ထိုအတွေ့အကြုံများအား အသုံးချ၍ ပထမတန်းစား ကစားသမားများ မွေးထုတ်ပေးနိုင်လိမ့်မည်ဟု သူယုံကြည်ထားသည်။
***