လူငယ်အကယ်ဒမီတွင် အာရုံအပြည့်စိုက်ထားသော ဒေးဗစ်မှာ ပထမအသင်းကြီး၏ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များကိုပင် လစ်လျူရှုမိလာလေသည်။
ကစားသမားများမှာ အနည်းငယ် ထူးထူးဆန်းဆန်း ခံစားနေကြရသည်။ ပြီးခဲ့သော ဘောလုံးရာသီက လေ့ကျင့်ရေးကွင်းဘေး၌ပင် အမြဲလိုလိုတွေ့ရတတ်သော လက်ထောက်နည်းပြ အယောင်ဆောင်ထားသည့် ချစ်လှစွာသော ဥက္ကဌကြီး အဘယ်သို့ ရောက်ရှိနေပါသနည်း။
သို့သော် လေ့ကျင့်ရေးကွင်းသို့ မရောက်ဘဲ အကယ်ဒမီ၌သာ ရေသာခိုနေသော ဒေးဗစ်မှာ အခြားအရာများကိုပါ အာရုံထားနိုင်လာသည်က အမှန်ပင်ဖြစ်လေသည်။ ယခု သူ့တွင် သူ၏ ရင်းနှီးမြှုပ်နှံမှုများကို ဆန်းစစ်ရန် အချိန်ပိုများစွာ ရရှိလာပြီဖြစ်သည်။
တောင်အမေရိက နိုင်ငံများသို့ သွားလာခဲ့စဉ်က အေးဂျင့်များ ဘောလုံးကလပ်များနှင့်သာ ဆက်ဆံခဲ့ရသော်လည်း ထိုနိုင်ငံများ၏ စီးပွားရေး ဆုတ်ယုတ်လာခြင်းအား ဒေးဗစ်ခံစားမိသည်။ အင်္ဂလန်သို့ ပြန်ရောက်လာပြီး အတန်ကြာမှသာ သက္ကရာဇ် ၂၀၀၀ မှစ၍ တောင်အမေရိက နိုင်ငံများ စီးပွားရေး အကြပ်အတည်းကို ဆိုးရွားစွာ ခံစားခဲ့ရသော ဖြစ်စဉ်အား သူအမှတ်ရမိသည်။
ဒေးဗစ်သည် လက်ရှိတွင် ကမ္ဘာ့စီးပွားရေး အခြေအနေများအား မျက်ခြည်မပြတ်စေရန် များစွာ ဂရုထားနေရပြီဖြစ်၏။ သူ၏ ယခင်ဘဝမှ မှတ်မိသလောက် အသိများအား လက်ရှိနှင့် တိုက်ဆိုင်စစ်ဆေး၍ အခွင့်အလမ်းကောင်းများ မပြတ်တမ်းရှာဖွေနေမှသာ သူ့အနေဖြင့် ငွေကြေးပိုင်းဆိုင်ရာ၌ စိတ်ချရနိုင်မည်ဟု ယုံကြည်ထားသည်။ စင်စစ်တွင် အာဂျင်တီးနားသည် ယမန်နှစ်ကတည်းက စီးပွားရေးကြပ်တည်းလာမည့် အရိပ်အယောင်များ စတင်ပြသနေပြီဖြစ်လေသည်။
ယခုအချိန်သည် ဒေးဗစ်မှတ်မိသ၍တောင်အမေရိကတိုက် တခုလုံး စီးပွားရေး အကြပ်အတည်းအတွင်း နစ်မြုပ်မည့်အချိန် မဟုတ်သေးသော်လည်း နိုင်ငံအချို့မှာ ထိုသို့ဖြစ်လာတော့မည့် အခြေအနေများအား စတင်ရင်ဆိုင်နေကြရပြီဖြစ်သည်။ သို့ဖြစ်၍ ထိုအကြပ်အတည်းများကြားမှ အခွင့်အလမ်းရှာဖွေလိုပါက အာဂျင်တီးနားကဲ့သို့ နစ်မြုပ်စပြုနေပြီဖြစ်သော နိုင်ငံအချို့ကို ရှောင်လွှဲကာ အခြားသော ဟန်မပျက်သေးသည့် တောင်အမေရိက နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရပေလိမ့်မည်။ သို့မှသာ တောင်အမေရိကတိုက်တခုလုံး၏ မဟာအကြပ်အတည်းကြီး ပေါက်ကွဲထွက်လာသည့်အခါ အကျိုးအမြတ်များစွာ ရရှိလာနိုင်မည်ဖြစ်သည်။
ထို့ကြောင့် အမေရိကန်ရှိ သူ၏ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအား သူစီစဉ်ထားသော မဟာဗျူဟာကို ချပြပြီး လမ်းညွှန်မှုပေးကာ ထိုကိစ္စများအား ခေါင်းထဲမှ ထုတ်ပစ်လိုက်တော့သည်။ သူ၏ကုမ္ပဏီမှ ဟားဗတ်ကျောင်းဆင်းများသည် သူချမှတ်ပေးသော မဟာဗျူဟာအပေါ်တွင် နည်းဗျူဟာများစွာ ဖော်ထုတ်၍ ဖြစ်နိုင်သမျှ အမြင့်မားဆုံးသော အကျိုးအမြတ်ကို ရှာဖွေပေးနိုင်ပေလိမ့်မည်။ ထို့အတွက်ပင် ထိုစီးပွားရေး အီလစ်များကို လစာငွေ မြောက်များစွာ ပေးချေထားသည် မဟုတ်ပါလော။
ဒေးဗစ်သည် လောဘကြီးသူတဦးဟူ၍ သူ့ကိုယ်သူ မည်သည့်အခါတွင်မျှ ထင်မှတ်ခဲ့ခြင်းမရှိပေ။ သို့သော် ငွေကို ရသလောက်ရှာထားရမည်ဟူသော အတွေးက သူ့အား စိုးမိုးနေသည်မှာ အမှန်ပင်ဖြစ်လေ၏။ သူ့တွင် စဉ်ဆက်မပြတ် ထောက်ပံ့နေရဦးမည့် နော့တ်စ်ကောင်တီရှိနေသေးသည်။ သူ၏ခန့်မှန်းချက်အရ နော့တ်စ်ကောင်တီသို့ လာမည့် လေး ငါးနှစ်အထိ နှစ်စဉ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လိုအပ်နေသေးသည်။ ထို့နောက်တွင်မှသာ ကလပ်သည် သူ၏အကူအညီမပါဘဲ လည်ပတ်လာနိုင်ပေလိမ့်မည်။
ဒေးဗစ်၏ ငွေကြေးအများစုမှာ အနာဂတ်ကာလတခုတွင် အဆပေါင်းရာထောင်ချီ၍ အကျိုးအမြတ်ရရှိလာမည်ဖြစ်သော အစုရှယ်ယာများတွင် နစ်မြုပ်နေဆဲဖြစ်၏။ ထို့ကြောင့် ကလပ်အတွက် အရေးပေါ်လာပါက လွယ်လင့်တကူ ထုတ်ယူသုံးစွဲနိုင်မည့် အိတ်ဆောင် ငွေကြေးရှာဖွေထားခြင်းမှာ သဘာဝကျသည်ဟု သူသတ်မှတ်ထားလေသည်။
တောင်အမေရိက နိုင်ငံများတွင် သူ၏ရင်းနှီးမြှုပ်နှံမှုများမှာ ထိုနိုင်ငံများ၏ အကြပ်အတည်းများမှ အမြတ်ထုတ်ရန် ဖြစ်သည်။ ထို့ကြောင့် တောင်အမေရိကရှိ သာမန်ပြည်သူများအပေါ်တွင် ရက်စက်ရာကျသော်လည်း သူ့တွင် နိုင်း အလဲဗင်းဖြစ်ရပ် (၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု) ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး မရှိချေ။ လက်ရှိတွင် ထိုနိုင်ငံများကို ဦးဆောင်နေကြသော သူတို့၏ နိုင်ငံသား နိုင်ငံရေးသမားများပင်လျှင် သက်ဆိုင်ရာ နိုင်ငံများရှိ ပြည်သူများအား ထောက်ထား ညှာတာကြသည်မဟုတ်။ ထို့အတွက် ပြင်ပ ရင်းနှီးမြှုပ်နှံသူများက ထောက်ထား ညှာတာကြလိမ့်မည်ဟု တွေးခွင့်မရှိပေ။ ဈေးကွက်စီးပွားရေးတွင် ညှာတာမှုဟူသောစကား မရှိချေ။
ဆိုရီယာနို၏ လုပ်ငန်းများ မြန်ဆန်တိကျမှုမှာ အံ့မခန်းပင်ဖြစ်သည်။ ကြီးသုံးကြီး အစည်းအဝေးအပြီး ၃ ရက်မြောက်တွင် နော့တ်စ်ကောင်တီ၏ ရာသီကြို ခြေစမ်းပွဲများ အားလုံး အတည်ပြုပြီးဖြစ်လေ၏။
ဖူလ်ဟမ်အသင်းမှာ အင်တာတိုတိုဖလား ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ဖူလ်ဟမ်နှင့် ခြေစမ်းပွဲအား အစောဆုံး ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဂျူလိုင်လ ၁၅ ရက်နေ့တွင် ဖူလ်ဟမ်နှင့် ကစားရန်သတ်မှတ်ထားပြီး နောက်တပတ်အကြာ၌ နော်တင်ဟမ်သို့ လာရောက်မည်ဖြစ်သော ဘယ်လ်ဂျီယံကလပ် ဘီဗီရန်အသင်းအား အိမ်ကွင်းတွင် ဧည့်ခံရပေမည်။
ထိုခြေစမ်းပွဲ နှစ်ပွဲအပြီးတွင် နော့တ်စ်ကောင်တီသည် ပေါ်တူဂီနိုင်ငံ၌ တပတ်ခန့် ထရိန်နင်ပြုလုပ်မည်ဖြစ်ပြီး ထရိန်နင်အပြီးတွင် ပေါ်တိုအသင်းနှင့် ခြေစမ်းရန် စီစဦထားခြင်းဖြစ်သည်။ ဒေးဗစ်၏ တောင်းဆိုမှုအရ ဆိုရီယာနို ကိုယ်တိုင် ပေါ်တိုနှင့် ဆက်သွယ်၍ ခြေစမ်းပွဲ ဖြစ်မြောက်ရန် စီစဉ်ထားခြင်းဖြစ်လေသည်။
ယခုရာသီသည် လူငယ်နည်းပြ ဟိုဆေး မော်ရင်ညို၏ ဦးဆောင်မှုအောက်တွင် ပေါ်တိုတို့ စတင် အမြင့်ပျံကြမည့် ရာသီလည်းဖြစ်သည်။ ဒေးဗစ်၏ ယခင်ဘဝက ပေါ်တိုသည် ယခုနှစ် (၂၀၀၂-၀၃) တွင် ယူအီးအက်ဖ်အေဖလားအား ဆွတ်ခူးနိုင်ခဲ့သည်။ သို့ဖြစ်၍ ယူအီးအက်ဖ်အေဖလားအား ပစ်မှတ်ထားနေသော နော့တ်စ်ကောင်တီအတွက် ပေါ်တိုအသင်းမှာ မဟာပြိုင်ဘက်ကြီး ဖြစ်လာနိုင်ဖွယ်ရာ ရှိနေသည်။ ထို့ကြောင့် ပေါ်တို၏ ကစားဟန်နှင့် ဖြစ်နိုင်သမျှ ရင်းနှီးမှု ရှိထားရန် ထိုခြေစမ်းပွဲအား စီစဉ်ရခြင်းဖြစ်၏။
ထိုပွဲအပြီးတွင် စပိန်သို့ ခရီးဆက်၍ ရီးရဲလ်ဆိုစီဒက် အသင်းနှင့် စတုတ္ထမြောက် ခြေစမ်းပွဲအား ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ထို့နောက် အင်္ဂလန်သို့ ပြန်ရောက်သည့်အချိန်တွင် ဘောလုံးရာသီမစတင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် နော်သမ်ပ်တမ်တောင်း အသင်းနှင့် ယှဉ်ပြိုင်ရန် စီစဉ်ထားလေသည်။ နော့တ်စ်ကောင်တီနှင့် နော်သမ်ပ်တမ် အသင်းတို့မှာ ပြီးခဲ့သည့်ရာသီက သုံးကြိမ် ဆုံတွေ့ခဲ့ပြီး တဖက်နှင့်တဖက် အငြင်းပွားဖွယ်ရာ၊ စိတ်နာစရာများ ရှိခဲ့သည်မဟုတ်ပေ။ သို့ကြောင့် ထိုခြေစမ်းပွဲမှာ နှစ်သင်းလုံး၏ လိုလားချက် ထပ်တူကျခြင်းပင်ဖြစ်သည်။
နော့တ်စ်ကောင်တီ၏ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ် တိတ်တဆိတ်စတင်နေချိန်၌ပင် ဥရောပ ဘောလုံး အပြောင်းအရွှေ့ဈေးကွက်မှာ ပီပြင်စွာ လှုပ်ရှားနေပြီ ဖြစ်လေသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းတွင် ပြိုင်ပွဲအပြီး၌ ဘောလုံးလောကကို လှုပ်ခတ်သွားစေနိုင်သည့် အပြောင်းအရွှေ့များ ထွက်ပေါ်လာစမြဲဖြစ်သည်။ ယခုနှစ်နွေရာသီသည်လည်း ချွင်းချက်မရှိပေ။
ပထမဦးဆုံး ကြီးကျယ်ခမ်းနားသည့် အပြောင်းအရွှေ့မှာ ဘရာဇီး ဂြိုလ်သား ရော်နယ်လ်ဒို (နာဇာရီယို) ပင် ဖြစ်၏။ ၁၉၉၈ ကမ္ဘာ့ဖလားတွင် ဒူးဒဏ်ရာကြောင့် ကြေကွဲဝမ်းနည်းခဲ့ရသည့် ရော်နယ်လ်ဒိုမှာ ယခု ၂၀၀၂ ကမ္ဘာ့ဖလားတွင် အပြည့်စုံဆုံး အနေအထားဖြင့် ပြန်လာနိုင်ခဲ့ခြင်းဖြစ်သည်။ သူ၏မိခင်နိုင်ငံဖြစ်သော ဘရာဇီးကို ငါးကြိမ်မြောက် ကမ္ဘာ့ဖလား ဆွတ်ခူးပေးနိုင်ခဲ့ပြီး သူကိုယ်တိုင်လည်း ပြိုင်ပွဲတလျှောက် ၈ ဂိုးသွင်း၍ ရွှေဖိနပ်ဆု ရယူနိုင်ခဲ့သည်။ ယခု ကမ္ဘာ့ဖလား အပြီးတွင် ရော်နယ်လ်ဒိုသည် စီးရီးအေ ကလပ် အင်တာမီလန်မှ ကြယ်စင်စုအသင်းအဖြစ်တည်ဆောက်နေသော ပူပူနွေးနွေး ချန်ပီယံလိဂ် ချန်ပီယံ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်ဆီသို့ ပြောင်းရွှေ့သွားခဲ့လေပြီ။ သူ၏ ပြောင်းရွှေ့ကြေးမှာ ယူရို ၄၅ သန်းဖြစ်ပြီး ယင်းမှာ တန်ဖိုးအကြီးဆုံး ပြောင်းရွှေ့ကြေးများထဲမှ တခုအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
ရော်နယ်လ်ဒို၏ အပြောင်းအရွှေ့သည် ဘောလုံးကမ္ဘာကို ငလျင်တခုနှယ် လှုပ်ခတ်သွားစေလေသည်။ မီဒီယာများတွင် သူ၏အပြောင်းအရွှေ့နှင့် ပတ်သက်သော ဝေဖန်သုံးသပ်ချက်များဖြင့် ပလူပျံနေတော့သည်။ ယခင်ကတည်းက ထက်မြက်ရင်းစွဲ ကြယ်စင်စုအသင်းဖြစ်သော ရီးရဲလ်မက်ဒရစ်သည် ယခု ဘောလုံးလောက၏ အတောက်ပဆုံး ကြယ်ပွင့်ကြီးများထဲမှ တခုကို ထပ်မံဖြည့်စွက်ခဲ့လေပြီ။ ရီးရဲလ်မက်ဒရစ်အား ရင်ဆိုင်နိုင်မည့်အသင်းများမှာ လွန်စွာ ရှားပါးလာပေတော့မည်။ ရီးရဲလ်ခေတ်တခုကို ဖြတ်သန်းကြရတော့မည် စသဖြင့် များစွာသော ခန့်မှန်းချက်များ အလုအယက် ထွက်ပေါ်လာကြခြင်းဖြစ်သည်။
သို့သော် ထိုသို့သော သုံးသပ်ချက် ခန့်မှန်းချက်များကို ဒေးဗစ်တယောက် အသာအယာပင် ပြုံး၍ကြည့်နေမိသည်။
ရီးရဲလ်မက်ဒရစ်၏ ကြယ်ပွင့်များမှာ အလွန်ခြေစွမ်းကောင်းကြသူများ ဖြစ်သည်။ ရော်နယ်လ်ဒို၊ ရာအူး၊ ဇီဒန်း စသော ကစားသမားများ၏ ခြေစွမ်းများမှာ အငြင်းပွားဖွယ်ရာ မရှိချေ။ သို့သော် ထိုကြယ်ပွင့်များမှာ မိမိဘာသာ ထွန်းလင်းချင်ကြသူများ ဖြစ်သည်က ဝမ်းနည်းဖွယ်ရာပင်။ စုစည်းမှု နည်းပါးခြင်းက သူတို့အား ကောင်းစွာ ဒုက္ခပေးလာမည်ဖြစ်၏။
ယခုလာမည့် ဘောလုံးရာသီတွင် ရီးရဲလ်သည် သုံးနှစ်ကြာ လက်လွှတ်ခဲ့ရသော လာလီဂါဖလားအား ကြယ်ပွင့်များ၏ စွမ်းဆောင်ရည်ဖြင့် ပြန်လည် ရယူနိုင်မည်ဖြစ်သော်လည်း ချန်ပီယံလိဂ်မှ ကြေကွဲဖွယ်ရာ ထွက်ခွာရလိမ့်မည်ဖြစ်သည်။ နောက်ပိုင်းနှစ်များတွင် ကြယ်စင်စု အသင်းကြီး၏ စွမ်းဆောင်ရည်မှ တနှစ်ထက်တနှစ် ဆက်တိုက် ကျဆင်းသွားပေလိမ့်မည်။
ရော်နယ်လ်ဒိုသည် ဒေးဗစ်အကြိုက်ဆုံး ဘောလုံးသမားဖြစ်သည်။ ကွင်းတဝက်လောက်မှ ပြိုင်ဘက် ကစားသမားများကို ကျော်ဖြတ်ကာ ဂိုးဆီသို့ ဆွဲယူသွားနိုင်သော ရော်နယ်လ်ဒို၏ ကစားဟန်က သူ့မျက်လုံးထဲမှ မထွက်ချေ။ ယခုဘဝသို့ ရောက်ရှိသော အခါတွင်လည်း ရော်နယ်လ်ဒိုအား ခေါ်ယူနိုင်ရန် စိတ်ကူးယဉ်ခဲ့ဘူးသည်။ သို့သော် ရော်နယ်လ်ဒိုကဲ့သို့ ကစားသမားတဦးသည် နော့တ်စ်ကောင်တီလို အသင်းမျိုးသို့ မည်သည့်အကြောင်းပြချက်နှင့်မှ ပြောင်းရွှေ့မည်မဟုတ်။
ထို့အပြင် လာမည့်ဘောလုံးရာသီသည် ရော်နယ်လ်ဒို၏ ရင်သပ်ရှုမောဖွယ် ခြေစွမ်းများကို တွေ့မြင်ရမည့် နောက်ဆုံးရာသီပင်ဖြစ်ကြောင်း ဒေးဗစ်သဘောပေါက်သည်။ နောက်နှစ်များမှ စ၍ ထို ဘရာဇီး ဂြိုလ်သားကြီး၏ ခြေစွမ်းများ တစတစ ဆုတ်ယုတ်သွားမည်ဖြစ်သည်။ တိုးတက်လာမည့်အရာမှာ သူ၏ ကိုယ်အလေးချိန်နှင့် ဖုံးကွယ်၍မရသော ဗိုက်ရွှဲမှုပင် ဖြစ်လေ၏။
လာလီဂါ၏ အပြောင်းအရွှေ့များမှာ နော့တ်စ်ကောင်တီနှင့် မည်သို့မျှမသက်ဆိုင်ပေ။ အင်္ဂလန်၏ အပြောင်းအရွှေ့များကသာ တနည်းမဟုတ်တနည်း ရိုက်ခတ်မှု ရှိနိုင်ပေလိမ့်မည်။
မန်ချက်စတာ ယူနိုက်တက်သည် လိဒ်စ်အသင်း၏ ဗဟို နောက်ခံလူ ရီယို ဖာဒီနန် (Rio Ferdinand) အား ပေါင်သန်း ၃၀ ဖြင့်ခေါ်ယူခဲ့လေသည်။ ယင်းအပြောင်းအရွှေ့ကြောင့် ဖာဒီနန်သည် ကမ္ဘာ့ ပြောင်းရွှေ့ကြေးအမြင့်မားဆုံး နောက်ခံလူအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
အာဆင်နယ်အသင်းကမူ ဘရာဇီးကလပ် အက်သလက်တီကို မင်နဲရိုး (Atlético Mineiro) မှ ဂီလ်ဘာတို ဆေးလ်ဗား (Gilberto Silva) အား ပြောင်းရွှေ့ကြေး ပေါင် ၄.၅ သန်းဖြင့် ခေါ်ယူခဲ့လေသည်။ ဆေးလ်ဗားမှာ ကမ္ဘာ့ချန်ပီယံ ဘရာဇီးအသင်း၏ အသင်းသားတဦးလည်းဖြစ်သည်။ ဆေးလ်ဗား၏ အပြောင်းအရွှေ့မှာ ဖာဒီနန်ကဲ့သို့ ကျော်ကြားမှု မရှိသော်လည်း အာဆင်နယ်တို့ ကမ္ဘာ့အဆင့် ကွင်းလယ်လူတဦး ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေးဗစ် ကောင်းစွာ နားလည်လေသည်။ ဆေးလ်ဗားသည် အာဆင်နယ်တွင် ထက်မြက်သော ခြေစွမ်းများ ပြသနိုင်ခဲ့ပြီး အာဆင်နယ်၏ ၂၀၀၃-၂၀၀၄ ရှုံးပွဲမရှိဘောလုံးရာသီတွင် အသင်း၏ အဓိက ထောက်တိုင်အဖြစ် ရပ်တည်ပေးသွားသည့် ကစားသမားတဦးလည်း ဖြစ်၏။
ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းမှာ ၎င်းတို့အသင်းများ၏ လိုအပ်ချက်များကို ဝယ်ယူဖြည့်တင်းလျက်ရှိကြသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ ရာသီကုန်လျှင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူရန်အတွက်ဖြစ်သည်က အထင်အရှားပင်။
တဖက်မှ ကြည့်ပြန်လျှင် ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်း၏ လှုပ်ရှားမှုများကလည်း နော့တ်စ်ကောင်တီနှင့် သက်ဆိုင်မှု မရှိပြန်ပေ။ ထိုနှစ်သင်းမှာ ချန်ပီယံလိဂ်၌ ကစားကြမည်ဖြစ်ပြီး နော့တ်စ်ကောင်တီမှာ ယူအီးအက်ဖ်အေ ဖလားတွင် ကစားရမည် ဖြစ်သည်။ လိဂ်ဖလားနှင့် အက်ဖ်အေဖလားပွဲများကိုလည်း နော့တ်စ်ကောင်တီ၏ မဟာဗျူဟာအရ လက်လွှတ်မည် ဖြစ်သောကြောင့် ထိုနှစ်သင်းနှင့် ကြုံတွေ့ခဲ့ရလျှင်ပင် စိုးရိမ်ဖွယ်ရာ မရှိချေ။
သို့သော် ထိုအသင်းများ၏ လှုပ်ရှားမှုများကို မျက်ချည်မပြတ်ရန် အရေးကြီးသည်ဟု ဒေးဗစ်ယူဆမိသည်။ နော့တ်စ်ကောင်တီသည် လာမည့်ဘောလုံးရာသီပြီးဆုံးပါက ပရီးမီးယားလိဂ်သို့ တန်းတက်ရန် ရည်မှန်းထားသော အသင်းဖြစ်သည်။ ပရီးမီးယားလိဂ်သို့ ရောက်ရှိပါက ထိုအသင်းများနှင့် မလွဲမသွေ ကြုံဆုံရပေတော့မည်။ နော့တ်စ်ကောင်တီအနေဖြင့် အသင်းကြီးတသင်းအဖြစ် တည်ဆောက်လိုပါက မန်ယူနှင့် အာဆင်နယ်တို့အပြင် တဖြည်းဖြည်း ခြေစွမ်းကျဆင်းလာသော အစဉ်အလာ အသင်းကြီး လစ်ဗာပူးလ်ကိုလည်း မေ့လျော့ထား၍ မရချေ။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုများ အကြီးအကျယ်လုပ်ဆောင်လာမည့် ချယ်လ်ဆီးလည်း ရှိနေသေးသည်။
ထိုအသင်းများမှာ နော့တ်စ်ကောင်တီအား စမ်းသပ်ကြမည့် မှတ်ကျောက်များ မလွဲမသွေ ဖြစ်လာပေလိမ့်မည်။ နော့တ်စ်ကောင်တီအတွက် ကြိုတင်ပြင်ဆင်မှုများ မည်မျှများပြားသည်ဖြစ်စေ ပိုသည်ဟူ၍ ရှိမည်မဟုတ်ချေ။
***